မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 augustus 2010

စာနယ်ဇင်းသမားများ ရွေးကောက်ပွဲ ဝင်မည်

နရီလင်းလက် Monday, August 30, 2010
.မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရာထူးများမှ နုတ်ထွက် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းနှင့်ရွေးကောက်ပွဲဝင်မည့်ဒေါက်တာတင်ထွန်းဦးတို့ကို၂၀၁၀မေလက ကျင်းပသော စာပေနှင့် စာနယ်ဇင်း ပဉ္စမအကြိမ် ညီလာခံတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - MWJA)
စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးတင်ခ (တက္ကသိုလ် တင်ခ)၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ တင်ထွန်းဦး၊ ဗဟိုကော်မတီဝင် ဦးအောင်ငြိမ်းနှင့် ညွှန်ကြားရေးမှူးဟောင်း အငြိမ်းစားဗိုလ်မှူး ဦးလှထွန်း (လှထွန်း-တွံတေး)တို့ အသီးသီး နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
“နုတ်ထွက်လိုက်တဲ့သူတွေ အကုန်လုံး တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ၀င်ဖြစ်မယ်လို့ ပြောနေတယ်။ ဒေါက်တာ တင်ထွန်းဦးက ပုဇွန်တောင်မြို့နယ်က ၀င်မယ်”ဟု အဆိုပါ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
လစ်လပ်သွားသည့် နေရာတွင် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)စာရေးဆရာ ဦးတင်လှိုင် (လယ် တွင်းသားစောချစ်) အား ခေတ္တ ဥက္ကဌ ရာထူး တာဝန်ပေးလိုက်သည်ဟု သိရသည်။
မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း (ဗဟို)အလုပ်အမှုဆောင် အဖွဲ့ကို ပြီးခဲ့သည့် မေလလယ်က ပြန်လည်ဖွဲ့စည်းခဲ့ပြီးတက္ကသိုလ်တင်ခ၊ဒေါက်တာတင်ထွန်းဦး၊YangonTimesဂျာနယ်မှဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) နှင့် လျှပ်တပြက် ဂျာနယ်မှ ဦးမြတ်ခိုင် တို့အပါအ၀င် ကော်မတီဝင် ၃၁ ဦးပါဝင်သည်။
ဒေါက်တာ တင်ထွန်းဦးသည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းများကို ထုတ်ဝေနေသည့် သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင်နှင့် လက်ရှိတွင် MyanmarTimes ဂျာနယ်ကို အမည်ခံ ထုတ်ဝေခွင့် ရထားသူဖြစ်သည်။
“ဒေါက်တာ တင်ထွန်းဦးက နိုင်ငံရေးစိတ်ဝင်စားတဲ့သူ မဟုတ်သလို ရွေးကောက်ပွဲဝင်ချင်တဲ့သူ မဟုတ်ဘူး။ အခု ၀င်ဖြစ်သွား တယ်ဆိုတာက ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက ၀င်ဖို့ ပြောတော့ သူအနေနဲ့ မငြင်းရဲဘူးဆိုတဲ့ ပုံစံမျိုးဖြစ်သွားတာ။ အာဏာပိုင်တွေကို ကြောက်တာလည်း ပါတာပေါ့”ဟု ဒေါက်တာ တင်ထွန်းဦးနှင့် နီးစပ်သူတဦးက ပြောသည်။
စစ်အစိုးရသည် ယင်းကဲ့သို အာဏာသုံးကာ နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို ရွေးကောက်ပွဲ ၀င်စေသကဲ့သို့ အငြိမ်းစား စစ်အရာရှိဟောင်းများကိုလည်း ရွေးကာက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားထားကြောင်း စစ်အသိုင်းအ၀န်းမှ သိရသည်။
“ကိုယ်စားလှယ်လောင်းနေရာမှာ စစ်တပ်က အငြိမ်းစား၊ ပင်စင်စားတွေ များများပါလည်း မနည်းဘူးဆိုတဲ့ ပုံစံမျိုး။ ပင်စင်ယူထားပြီးလို့ အေးအေးနေရမလားဆိုပြီး မဟုတ်ပြန်ဘူး။ နဂိုကတည်းက ပင်စင်ယူထားတဲ့ သူတွေတင်မကဘူး၊ လက်ရှိလည်း ဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနမှူးတွေ၊ ညွှန်ချုပ်တွေကို ရာထူးက ပင်စင်ပေးပြီး ရွေးကောက်ပွဲ ၀င်ခိုင်းတာတွေ ရှိသေးတယ်” ဟု အငြိမ်းစား ဗိုလ်မှူးဟောင်းတဦးက ဆိုသည်။
စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများအပြင် သတင်းမီဒီယာလောကမှ သတင်းထောက်များလည်း ရွေးကောက်ပွဲ ၀င်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
“TheVoiceWeekly ဂျာနယ်ရဲ့ မန္တလေးရုံးခွဲက သတင်းထောက် ကိုတင်လင်း ရွေးကောက်ပွဲဝင်မယ် ပြောတယ်။ အခုလောလောဆယ် ကိုတင်လင်းက နယ်ကို စည်းရုံးရေးဆင်းသွားတယ်” ဟု ပြည်တွင်းသတင်း ဂျာနယ်တခုမှ အယ်ဒီတာက ပြောသည်။
ကိုတင်လင်း ရွေးကောက်ပွဲ ၀င်ရောက်နိုင်ရန် ဦးနေ၀င်းမောင်မှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး မည်သည့်ပါတီအတွက် ယှဉ်ပြိုင်မည်ကို အတည်မပြုနိုင်သေးပေ။ နောက်ဆုံးထုတ်TheVoiceWeeeklyဂျာနယ်မှ စတင်ကာ သတင်းထောက် ကိုတင်လင်း နာမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။
LivingColorမဂ္ဂဇင်း၊TheVoiceWeeklyဂျာနယ်နှင့်ForeignAffairဂျာနယ်တို့ကိုထုတ်ဝေနေသူ ဦးနေဝင်းမောင်သည် စစ်အရာရှိကြီးများ၏ သားသမီးများ၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ရဲအထူးသတင်းတပ်ဖွဲ့ စသည့် အစိုးရဌာနများနှင့် အဆက်အဆံရှိနေသူ တဦးဖြစ်သည်။

Geen opmerkingen: