မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 augustus 2010

တစည ကိုယ်စားလှယ် ၈၀၀ ကျော် ရွေးကောက်ပွဲ ဝင်မည်

စိုင်းဇွမ်ဆိုင်း Monday, August 30, 2010
.နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ကျော်တို့၏ အမည်စာရင်းကို တင်သွင်းလိုက်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ အဓိက ပြိုင်ဘက်ပါတီတခု ဖြစ်လာနိုင်ကြောင်း သိရသည်။
တစည ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးချစ်လှိုင်က“USDP(ကြံ့ဖွံ့ပါတီ)က မဲဆန္ဒနယ် အတော်များများမှာ ယှဉ်ပြိုင်မယ့်အတွက် ကျနော်တို့ပါတီ အဓိက ယှဉ်ပြိုင်ရမှာက USDP ပဲဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယှဉ်ပြိုင်ခြင်းသည်စစ်မှန်သောဒီမိုကရေစီကိုအဓိပ္ပာယ်ပြည့်စုံစေမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမည်ဟု မျှော်လင့်ကြောင်း၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများကိုလည်း အားပေးကြောင်း တစည ပါတီမှ ဦးချစ်လှိုင်က ဆက်လက်ပြောဆိုသည်။
စစ်အာဏာရှင် ဦးနေဝင်း တည်ထောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တစည ဟု အမည်ပြောင်းခဲ့ပြီး မဲဆန္ဒနယ် ၄၃၁ ခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ် အရေအတွက် ၁၀ နေရာသာ အနိုင်ရခဲ့သည်။ လာမည့် ရွေးကောက်ပွဲအတွက် တစညပါတီသည် ကြံ့ဖွံ့ပါတီ ပြီးလျှင် ဒုတိယ အင်အားအကြီးဆုံး ပါတီအဖြစ် ရပ်တည်လျှက်ရှိသည်။
ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ကြံ့ဖွံ့ပါတီသည် အာဏာရပါတီ ပုံစံမျိုးဖြစ်နေပြီး တခြား နိုင်ငံရေးပါတီများထက် အနိုင်ရရန် အခွင့်အလမ်း ပိုများနေကြောင်း သုံးသပ်ပြောဆိုသည်။
“တစည ကတော့ လတ်တလောမှာ သူက အာဏာလက်မဲ့လေ။ ဟိုတုန်းက ရခဲ့တဲ့ အရှိန်အဝါတွေနဲ့ဆိုရင်တော့ သူ့ကို ဒုတိယ ဦးစားပေး အဆင့်ထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါပေမယ့် စည်းရုံးရေးအား ပိုကောင်းနေတဲ့ USDPက ရမယ့် မဲ အရေအတွက် ပိုများမယ်လို့ ထင်ပါတယ်”ဟု သခင်ချန်ထွန်းက ဆိုသည်။
ပါတီများမှ အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်များသည် လွှတ်တော်သုံးရပ်မှ နေရာ ၁၁၈၇ နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် ၃၃၀ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၆၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၆၈၉ နေရာတို့ ဖြစ်ကြသည်။
ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တင်သွင်းသော ကိုယ်စားလှယ်များမှာ မဲဆန္ဒနယ် ၆၀ ခန့်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်နေရီဗဆွေသည် စမ်းချောင်းမြို့နယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းသည် ကြို့ပင်ကောက်မြို့နယ်နှင့် ဒေါ်သန်းသန်းနုက မန္တလေးတိုင်း အောင်မြေသာဇံ မြို့နယ်တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဦးသုဝေက “ကိုယ်စားလှယ်တွေအတွက် အဓိက ပြဿနာက ငွေရေးကြေးရေး အခက်အခဲဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်ချင်တဲ့ တချို့ ကိုယ်စားလှယ်ဆိုရင် ကျနော်တို့ပါတီရုံးချုပ်ကို ဖုန်းဆက်ပြီးတော့ သူတို့အတွက် ငွေသွင်းပေးဖို့ ပြောဆို လာတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူးလေ” ဟု ဆိုသည်။
ရွေးကောက်ပွဲ မဝင်နိုင်သော ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့အနေဖြင့် ပြည်သူလူထုထံမှ ထောက်ခံမှုကို ရရှိနေသော်လည်း ငွေကြေး မတတ်နိုင်သဖြင့် ရွေးကောက်ပွဲ မဝင်နိုင်တော့သောကြောင့် မခံချိမခံသာ ဖြစ်နေသည်ဟုလည်း ဦးသုဝေက ပြောသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် လွှတ်တော်အမတ်လောင်း တဦးလျှင် ကျပ်ငွေ ၅ သိန်း ပေးဆောင်ရမည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)မှ တင်သွင်းမည့် ကိုယ်စားလှယ်များမှာ ၁၅၀ ရှိမည်ဖြစ်ကြောင်း၊ အပြီးသတ် စာရင်းမချုပ်ရသေးကြောင်းလည်း ပါတီဌာနချုပ်မှ တာဝန်ရှိသူ တဦးက ဖြေကြားသွားသည်။
ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ (UDP)မှ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ နှင့် အထွေထွေ အတွင်းရေးမှူးတို့သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် ရန်ကုန်တိုင်း တာမွေ မြို့နယ်တို့မှ ဖြစ်ကြောင်း သိရှိရသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP) ကမူ ကိုယ်စားလှယ်ဦးရေ ၇ ဦး စာရင်းတင်သွင်းထားပြီး ၎င်းတို့အနက် ၄ ဦးမှာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှလည်းကောင်း၊ ကျန်သုံးဦးမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့မှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ပါတီ၏ ဒု ဥက္ကဋ္ဌဖြစ်သူ ကိုတင်မောင်အေး မှာ ငွေကြေးခက်ခဲမှုကြောင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ၎င်းကိုယ်တိုင်က ပြောဆိုသည်။
နိုင်ငံရေးပါတီများအတွက် ကိုယ်စာလှယ်များစာရင်း တင်သွင်းရန်သတ်မှတ်ပေးထားသည့်အချိန်သည် တိုတောင်းလွန်းလှ သည်ဟု အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်မှ ဦးကြည်ဝင်းက ပြောသည်။
“ကျနော်တို့ပါတီကကိုယ်စားလှယ်ဦးရေ၂၀လောက်ကိုစာရင်းတင်သွင်းမယ်လို့မှန်းထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သွင်းရမယ့် တယောက်ကို ၅ သိန်းဆိုတာကလည်း ဒီမှာပဲ ပြီးသွားဦးမှာမဟုတ်ဘူး။ စည်းရုံးရေးဆင်းရင် ထပ်ပြီး ကုန်ကျရဦးမယ်”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ် ၁၆ ရက်မှ စတင်သွင်းရန် ကြေညာထားပြီး ယနေ့မှာ နောက်ဆုံးရက်ဖြစ်သည်။

Geen opmerkingen: