မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 25 augustus 2010

ဦးသိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်

ရန်ပိုင် Wednesday, August 25, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ခေါင်းဆောင် ဖြစ်သည့် ၀န်ကြီးချုပ် ဦးသိန်းစိန်က လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေး အတွက် စည်းရုံးရေးကို အဓိကထား ဆောင်ရွက်ရန် သာယာဝတီမြို့ရှိ ကြံ့ဖွံ့ပါတီဝင်များကို ယမန်နေ့က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
                                                                                USDP ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်
ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီဝင်များကို မဲဆွယ် စည်းရုံးမှုများ စနစ်တကျ ပြုလုပ်ပြီး အနိုင်ရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်ရန် ပြောကြား ခဲ့ကြောင်း၊ သာယာဝတီ မြို့နယ်မှ ၀င်ရောက် အရွေးခံမည့် မီးသတ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဗိုလ်မှူးကြီး မြင့်ထွန်းကလည်း ကျေးရွာ စာသင် ကျောင်းများသို့ ငွေကျပ် ၃ သိန်းစီ လှူဒါန်းကြောင်း သာယာဝတီ မြို့ခံတဦးက ပြောသည်။
“အစိုးရအဖွဲ့ရဲ့ တရားဝင် ခရီးစဉ်မှာ ကြံ့ဖွံ့ပါတီ နိုင်ရမယ်ဆိုတဲ့ အပြောမျိုး ကတော့ သိပ်မကောင်းဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။
တခြားနိုင်ငံရေး ပါတီများအနေဖြင့် စာသင်ကျောင်းများ၊ လမ်းဖောက်လုပ်မှုများတွင် ငွေလှူဒါန်းမည်ဆိုလျှင် မြို့နယ် အာဏာ ပိုင်အဖွဲ့သို့ အဆင့်ဆင့် တင်ပြရသော်လည်း ကြံ့ဖွံ့ပါတီမှာမူ မည်သည့် ခွင့်တောင်းခြင်းမှ မပြုလုပ်ရကြောင်း အဆိုပါမြို့ခံက ဆိုသည်။
ဦးသိန်းစိန်သည် ပြီးခဲ့သည့် စနေနေ့က ပြည်မြို့သို့ ပြည်-ပေါက်ခေါင်း ရထားလမ်းဖွင့်ပွဲတက်ရန် လာရောက်ခြင်းဖြစ်ပြီး အပြန် တွင် သာယာဝတီမြို့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
ပြည်မြို့တွင်လည်း“အနာဂတ်နိုင်ငံတော်အတွက် လူကောင်း လူတော်များ၊ တိုင်းချစ် ပြည်ချစ်စိတ် ထက်သန်သူများ ပြည်ထောင်စု မပြိုကွဲ မပျက်စီးရအောင် ကာကွယ်စောင့်ရှောက်လိုသူများကို စဉ်းစားရွေးချယ်ရန် လိုသည်”ဟု ဒေသခံများကို ပြောဆိုပြီး သွယ်ဝိုက်၍ စည်းရုံးရေး ဆင်းခဲ့သေးသည်ဟု သိရသည်။
ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ တပ်ဖွဲ့များက ၀န်ကြီးချုပ် ခရီးစဉ် လုံခြုံရေးအတွက် လိုက်ပါ စောင့်ရှောက် ပေးနေရကြောင်း၊ ၀န်ကြီးချုပ်ရာထူးသည် အရပ်ဘက်ဆိုင်ရာ ရာထူးတခုဖြစ်ပြီး ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးမှုလည်း ဖြစ်သောကြောင့် စစ်တပ်နှင့် မပတ်သက်သင့်ကြောင်း စစ်တပ်အတွင်း မကျေမနပ် ပြောဆိုမှုများလည်း ရှိနေသည်ဟု သိရ သည်။
ယခုအခါ ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ မြို့နယ်များတွင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည့် ကိုယ်စားလှယ်များ ပိုမို လှုပ်ရှားလာသည်ဟု ဒေသခံများက ပြောဆိုသည်။
လက်ပံတန်းမြို့နယ်မှ ၀င်ရောက်အရွေးခံမည့် အမှတ် (၂)လျှပ်စစ် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးဝင်းမြင့် သည် လက်ပံတန်းမြို့တွင် တပတ်လျှင် တကြိမ်ခန့် လာရောက်နေထိုင်ပြီး အနီးအနားရှိ ကျေးရွာများသို့ သွားရောက် စည်းရုံး ရေး ဆင်းကြောင်း နယ်ခံတဦးက ဧရာဝတီသို့ ပြောသည်။
“နိုင်ငံရေးစကား၊ မဲဆွယ်တဲ့စကား မပြောဘူး။ အရပ်သားတွေကို လိုတာပြောဆိုပြီး လှူနေတယ်။ လူတွေကလည်း ရှားပါးနေတဲ့ အချိန်ဆိုတော့ ကျေးဇူးတင်တာပေါ့”ဟု ၎င်းက ပြောသည်။
ဒုတိယ ၀န်ကြီး ဦးဝင်းမြင့်သည့် လက်ပံတန်းမြို့ဇာတိဖြစ်ပြီး လျှပ်စစ်မီးနှင့် ပတ်သက်၍ ထရန်စဖော်မာ အသစ်များ လဲလှယ် တပ်ဆင်ပေးခြင်း၊ ကွန်ကရစ်မီးတိုင်များ တပ်ဆင်ပေးခြင်း၊ သက်တမ်းကုန်နေသည့် မီးကြိုးများကို လဲလှယ်ပေးခြင်း၊ မြို့မှ ဆင်းရဲချို့တဲ့သည့် ကလေးငယ်များ ပညာသင်နိုင်ရန်အတွက် ငွေပဒေသာပင် ကျပ်သိန်း ၁၀၀ မ တည်ပေးခြင်းများကို ပြုလုပ်ကြောင်း အဆိုပါ မြို့ခံက ဆိုသည်။
ထိုသို့ ပြုလုပ်ခြင်းကြောင့် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှာ ပိုမိုထိရောက်ကြောင်း၊ ယခုအခါ လက်ပံတန်းမြို့တွင် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖြစ် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး (တစည) ပါတီသာ ရှိကြောင်း ယင်းမြို့ခံက ဆက်လက်ရှင်းပြသည်။
နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီဖြစ်ပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၂ ပါတီကို ခွင့်ပြုပြီး ဖြစ်သည်။ ထို ၄၂ ပါတီအနက် ၂၆ ပါတီက ပါတီဝင်အင်အားစာရင်း တင်ပြပြီးဖြစ် သည်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Geen opmerkingen: