မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 18 augustus 2010

အမတ်လောင်း တင်သွင်းရက် တိုးပေးရေး ကော်မရှင်ထံ တောင်းဆို

စိုးမိုး / ၁၈ သြဂုတ် ၂၀၁၀
နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလများ အမတ်လောင်း တင်သွင်းခွင့် သတ်မှတ်ရက် ထပ်တိုးပေးရန် ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ရွေးကောက်ပွဲကော်မရှင်ထံ ကြေညာချက်ထုတ် တောင်းဆိုထားသည်။
ယခုလ (၁၃) ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အမတ်လောင်းတင်သွင်းမှုကို သြဂုတ် (၁၆)ရက်မှ(၃၀)ရက်အတွင်းအပြီးတင်သွင်းကြရန် ရက်သတ်မှတ် ပေးလိုက်ပြီးနောက် နိုင်ငံရေးပါတီများမှာ အမတ်လောင်း တင်သွင်းကြေး၊ အမတ်လောင်း ရှာဖွေရေး အခက်အခဲများ ရင်ဆိုင်နေကြရသည်။
နအဖစစ်အစိုးရက ယခု ရွေးကောက်ပွဲတွင် အရပ်သားများ ပါဝင်ရွေးချယ်ခွင့်ကို နည်းနိုင်သမျှ နည်းအောင် နည်းလမ်း အမျိုးမျိုးဖြင့် တင်းကျပ်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီက ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။
“ဒီမိုကရက်တစ် အင်အားစုတွေဘက်က နည်းနိုင်သမျှ နည်းအောင် လုပ်ချင်တာလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ဒီပုံအတိုင်းဆိုရင်တော့ အများကြီးတော့ ၀င်လို့ မရပါဘူး။ အဲတော့ မဖြစ်မနေ (၃) ယောက်ကတော့ပါတီရပ်တည်ရေးအတွက်ဝင်ရမယ်လို့ဆုံးဖြတ်ချက်ချထားပါတယ်”ဟု ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောသည်။
အမတ်လောင်း (၁)ဦးလျှင် ကျပ်(၅)သိန်းနှင့် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ရမည်ဖြစ်ရာ ပါတီအများစုမှာ ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ပါတီမှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ (၄၀) တွင်လည်း ယနေ့အချိန်ထိ ပါတီဝင် စာရင်းတင်ပြပြီးသော ပါတီ (၁၇) ခုသာ ရှိသေးသည်။ သို့သော် နိုင်ငံရေးပါတီအများစု၏ အခက်အခဲများကို ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးမှု မရှိသေးပေ။
မူလက ရည်ရွယ်ချက်တူ နိုင်ငံရေးပါတီများ စုပေါင်းပြီး ရွေးကောက်ပွဲကို ရင်ဆိုင်သွားရန် စီစဉ်ခဲ့သော်လည်း ယခု နောက်ဆုံး ထွက်လာသည့် အမတ်လောင်း တင်သွင်းရမည့် ရက်သတ်မှတ်ချက်ကြောင့် ပါတီများ စုပေါင်းလုပ်ဆောင်နိုင်စွမ်းလည်း မရှိတော့ဘဲ ဖြစ်နေသည်ဟု သိရသည်။
“ကျနော်တို့က အခု စုပေါင်းပြီးတော့ သွားဖို့ ကြိုးစားနေတဲ့အချိန်မှာ အချိန်က ကုန်မှန်းမသိဘဲ ကုန်သွားနိုင်တယ်။ အဲလို ဖြစ်တဲ့အတွက်ကြောင့် ဒီရတဲ့ အချိန်လေးအတွင်းမှာ ကျနော်တို့ ပါတီ တခုချင်းဆီကနေပြီးတော့ ထိထိရောက်ရောက် သွားထားတာက ပိုကောင်းလိမ့်မယ်လို့ ကျနော်တို့က ယူဆတယ်။ ကျနော်တို့ ပါတီ တခုချင်းကနေ ကော်မတီကို တင်တဲ့ဟာ မှန်သမျှကလည်း စာကြောင်းလေးသာ လွဲချင် လွဲသွားမယ် အဓိပ္ပာယ်ချင်းက အတူတူချည်းပါ” ဟု ဦးသိန်းဌေးက ဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခု တောင်းဆိုထားသည့် အမတ်လောင်း မှတ်ပုံတင်စရိတ် လျှော့ပေးရေး၊ အမတ်လောင်း တင်သွင်းရမည့် ရက်တိုးပေးရေးတို့ကို မလိုက်လျောပါက နိုင်ငံရေးပါတီအများစုက ငွေကြေး လူအင်အား မပြည့်စုံသဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်း လျှော့ချရမည်ဖြစ်သည်။
“ပါတီတွေ စုပေါင်းပြီး တစုတစည်းတည်း သွားမယ်ဆိုတဲ့ လမ်းကြောင်းလည်း ပထမတော့ ရည်ရွယ်ပြီး စတင် ဆွေးနွေးနေကြတဲ့ လိုင်းကို ဖော်လာကြတာကိုး။ ဒါပေမယ့် အခု ရက်ပိုင်းလေးမှာ တဖွဲ့နဲ့ တဖွဲ့ အဲဒီ လမ်းကြောင်းပေါ်ကို စဉ်းစားမယ့်အချိန် သိပ်မပေးနိုင်ဘဲနဲ့ တဖွဲ့ချင်း သွားရမယ့် အနေအထားကို တက်သုတ်ရိုက်နေရတဲ့ အနေအထား ဖြစ်နေတာပေါ့။ အဲဒီပေါ်မှာကို ကျနော်တို့က အားနည်းသွားတာပေါ့ ” ဟု ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခု တောင်းဆိုချက်ကို မလိုက်လျောပါက ပြည်ထောင်စု ဒီမိုကရေစီ ပါတီအနေဖြင့် ပါတီ ဆက်လက် ရပ်တည်ရေးအတွက် မဲဆန္ဒနယ် (၃)နယ်ကိုသာ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာသည်။

Geen opmerkingen: