မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 17 augustus 2010

ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖြစ်ကြောင်း ကချင်ပါတီ ကြေညာ

လင်းနိုင်ဦး / ၁၇ သြဂုတ် ၂၀၁၀
ကချင်ပြည်နယ် ကိုယ်စားပြု စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) သည် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။
မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသားတဦးက “သူတို့ပါတီက ထုတ်ဝေတဲ့ လက်ကမ်းစာစောင်ကို ဖတ်ရတယ်။ အဲဒီမှာ သူတို့ ပါတီ စည်းရုံးရေးမူဝါဒ၊ လမ်းစဉ်၊ ပါတီအလံ၊ တံဆိပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားတာတွေ ပါသလို ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်ဖြစ်ကြောင်း အတိအလင်း ကြေညာထားတယ်။ ဆိုတော့ ဒီ ကချင်ပြည်နယ်မှာ စစ်အစိုးရပါတီနဲ့ သူ့အလိုတော်ရိ ပါတီတွေကပဲ ပြိုင်ဘက်မရှိ နိုင်ငံရေးလုပ်မယ်၊ ရွေးကောက်ပွဲဝင်မယ်၊ ဒါဟာ တရားမျှတမှု မရှိဘူးလို့ ထင်တယ်” ဟု ပြောသည်။
စဒက ပါတီ၏ ကြေညာချက်စာစောင်တွင် “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်အဖြစ် လက်တွဲသွားရန်နှင့် ကျန်နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့်လည်း ဥပဒေဘောင်အတွင်း ပူးပေါင်းဆောင်ရွက်သွားပြီး ပြည်နယ်သူ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းနှင့် ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်အတွင်း ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်” ဟု ဖော်ပြပါရှိသည်။
စဒက ပါတီသည် သြဂုတ် (၂) ရက်တွင် ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးသည့်နောက် သြဂုတ် (၇)ရက်တွင် မြစ်ကြီးနားမြို့၌ ပါတီရုံးချုပ်ဖွင့်ပွဲပြုလုပ်ကာ ဆိုင်းဘုတ်ထောင်ခဲ့ကြောင်း ကေအန်ဂျီသတင်းတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်တွင် ကေအိုင်အေ ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီနှင့် အန်ဒီအေ (ကချင်)ခေါင်းဆောင်ဟောင်း ဦးလယောက်ဇယ်လွန်း ဦးဆောင်သည့် ညီညွတ်သောဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)တို့ ပါတီတည်ထောင်ခွင့်ရရန် လျှောက်ထားခဲ့ကြသော်လည်း ရွေးကောက်ပွဲကော်မရှင်က အဆိုပါ(၂)ပါတီနှင့် ကချင်ပါတီဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတိုးတက်ရေးပါတီ တို့ကို ယနေ့အချိန်ထိ ပါတီတည်ထောင်ခွင့် မပေးသေးပေ။
မှတ်ပုံတင်ခွင့်ပြုခဲ့သည့် စဒက ပါတီကိုမူ နအဖဝန်ကြီး ဦးအောင်သောင်း မြစ်ကြီးနားရောက်စဉ်တွင် ခေါ်ယူတွေ့ဆုံ ပါတီထောင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒူဝါ ခက်ထိန်နန်သည် ကချင်ပြည်နယ် ရိုးရာမနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နာယက ဖြစ်သည့်အပြင် ကြံ့ဖွံ့ပါတီဝင်တဦးလည်း ဖြစ်ကြောင်း သိရသည်။
ဒူဝါ ခက်ထိန်နန် ဦးဆောင်သည့် စဒကပါတီတွင် ကော်မတီဝင် (၂ဝ)ဦးခန့် ပါဝင်ပြီး အများစုမှာ စစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဒေသခံ ကချင်စီးပွားရေးသမားများ ဖြစ်ကြသည်။
ယခုကိစ္စ မြစ်ကြီးနားမြို့ခံ ကချင်လူမျိုး ခေါင်းဆောင်တဦးက “ခုဆို ကချင်ပြည်နယ်မှာ ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ကြံ့ဖွံ့က ဖွဲ့ခိုင်းထားတဲ့ စဒက ပါတီ ဆိုပြီး (၃)ပါတီပဲ ရှိတော့တယ်။ တကယ့် ကချင်လူထု ကိုယ်စားပြုပါတီ ဆိုတာ မရှိတော့ဘူး။ ဒီတော့ ဒီရွေးကောက်ပွဲဟာ ကချင်ပြည်နယ်မှာရော မြန်မာတပြည်လုံးမှာပါ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်တော့ဘူး” ဟု ပြောသည်။
ထို့အပြင် ဝန်ကြီးဦးအောင်သောင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်က ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်တိုးတက်ရေးပါတီကို ထောက်ခံသည့် ကချင်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်များကိုလည်း ကေအိုင်အေနှင့် ဆက်စပ်သည်ကို တွေ့ရှိပါက ထောင်ချပစ်မည်ဟု ခြိမ်းခြောက်သွားကြောင်းလည်း စုံစမ်းသိရသည်။

Geen opmerkingen: