မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 19 augustus 2010

နိုင်ငံတဝန်း ကြံ့ဖွံ့ပါတီရုံးများ မနက်ဖြန် ဖွင့်မည်

ဧရာဝတီ Thursday, August 19, 2010
.၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရုံးများကို မနက်ဖြန် မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီမှတာဝန်ရှိသူတဦးက ပြောသည်။
                                                                နေပြည်တော်တွင် ရုံးထိုင်သော ကြံ့ဖွံ့ရုံး အဆောက်အအုံ
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း အပါအ၀င် မြို့ကြီးများနှင့် နယ်ဒေသများရှိ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရန် ယနေ့မနက်ပိုင်းတွင် တရားဝင် ညွှန်ကြားစာ ရရှိထားပြီဖြစ်ကြောင်း သိရသည်။
“မနက်ဖြန် တိုင်းရုံးတွေ၊ မြို့နယ်ရုံးတွေ ဖွင့်ဖို့ညွှန်ကြားချက် ရထားပါပြီ။ မနက် ၈ နာရီ ၄၅ မိနစ်မှာ ဖွင့်မယ်” ဟု ကြံ့ဖွံ့ပါတီ ၏ တိုင်းအဆင့် ပါတီအကြီးအကဲတဦးက ပြောသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားများအတွက် ပါတီဝင်များအားလုံးကို ဖိတ်ကြားထားပြီးဖြစ်သော်လည်း မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အပါအ၀င် အာဏာပိုင်များ တက်ရောက်မည်မဟုတ်ဟု မြို့နယ်အဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူတဦးက ရှင်းပြသည်။
“လူတွေအမြင်မှာ ပါတီနဲ့ အာဏာပိုင် ရောထွေးမှာစိုးလို့ပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ပါတီရုံးများဖွင့်ပွဲတွင် ပါတီဆိုင်းဘုတ်တင်ခြင်း၊ ခြင်္သေ့အလံများ လွှင့်ထူခြင်းနှင့် တက်ရောက်လာသူများကို အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းများ စီစဉ်ထားကြောင်းလည်း သိရှိရသည်။
နေပြည်တော်ရှိ ကြံ့ဖွံ့ပါတီဌာနချုပ်ကိုလည်း မနက်ဖြန်တွင် တရားဝင်ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။
မန္တလေးတိုင်း ကြံ့ဖွံ့ပါတီရုံးခန်းကို စက်မှု (၁)၀န်ကြီးဌာနမှ ၀န်ကြီး ဦးအောင်သောင်း တက်ရောက် ဖွင့်လှစ်နိုင်ချေရှိကြောင်း၊ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို သတင်းထောက်များအား တက်ရောက်သတင်းယူရန် ဖိတ်ကြားထားခြင်းမရှိကြောင်း မန္တလေး အခြေစိုက် သတင်းထောက်များက ဆိုသည်။
“နေရာတော့ အတိအကျ မသိဘူး။ ၇၃ လမ်းပေါ်မှာတော့ တိုင်းရုံးလုပ်မယ် ကြားတယ်။ မနက်ဖြန် မနက် ၉ နာရီ ၄၅ မှာ ဖွင့်မယ်” ဟု မန္တလေးအခြေစိုက် သတင်းထောက်တဦးက ပြောသည်။
မန္တလေးတိုင်းအတွင်း ကြံ့ဖွံ့ပါတီဝင် အစိုးရ၀န်ကြီးများဖြစ်သော ဦးအောင်သောင်းနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်တို့ကို ပါတီဝင်အင်အား အများအပြားရရှိစေရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။
မန္တလေးမြို့ဝန်းကျင်ရှိ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများတွင် ကြံ့ဖွံ့က စည်းရုံးရေးဆင်းရာ၌ ဆွမ်းလောင်းလှူ၍ ရွာလုံးကျွတ်ကျွေးမွေးခြင်း၊ သက်ကြီးရွယ်အိုများကို မျက်မှန်ကိုင်းများ တပ်ဆင်ပေးခြင်း၊ အင်္ကျီ၊ ဦးထုပ်၊ စာအုပ်နှင့် ဘောလ်ပင်များဝေခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်ရုံးများ၌လည်း ဧည့်စာရင်းတိုင်ရာတွင် ကြံ့ဖွံ့ပါတီဝင် လျှောက်လွှာပုံစံကို ဖြည့်သွင်းစေ၍ ပါတီဝင်အင်အားကို စုဆောင်းနေကြောင်း ချမ်းမြသာစည်မြို့နယ်မှ ဒေသခံတဦးက ဆိုသည်။
လူမှုရေးအသင်းအမည်ခံပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့အသင်း)ကို အသွင်ပြောင်းထားသော ကြံ့ဖွံ့ပါတီတွင် အမာခံ ပါတီဝင်အင်အား ၈ သန်းကျော်ရှိကြောင်း ကြံ့ဖွံ့ပါတီ အကြီးအကဲတဦးက ထုတ်ဖော် ပြောဆိုထားပြီးဖြစ်သည်။
ကြံ့ဖွံ့အသင်းသည် ပြီးခဲ့သည့် ဧပြီလ အတွင်း လူမှုရေး အသင်းမှ ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး အသင်းပိုင်ပစ္စည်းနှင့် ငွေကြေး များကိုလည်း လွှဲပြောင်းယူခဲ့သည်။
ကြံ့ဖွံ့ပါတီရုံးခွဲများ တရားဝင် ဖွင့်လှစ်ပြီးပါက မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေချေးခြင်းကဲ့သို့သော လူမှုရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ကြံ့ဖွံ့ပါတီ သတင်းရပ်ကွက်မှ သိရသည်။
ကြံ့ဖွံ့ပါတီရုံးခွဲများ ဖွင့်လှစ်ပြီးသည်နှင့် အစိုးရအဖွဲ့ အပြောင်းအလဲနှင့် စစ်တိုင်းမှူးရာထူး အပြောင်းအလဲများ ပြုလုပ်မည်ဟုနေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းမှ သိရသည်။
ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး ယနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အား တင်ပြခဲ့သည်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Geen opmerkingen: