မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 23 augustus 2010

သင်္ကြန်ဗုံး အမှု တရားခံနှင့်ရှေ့နေ အခွင့်အရေးဆုံးရှုံးနေ

မင်းနိုင်သူ Monday, August 23, 2010
.သင်္ကြန်မဏ္ဍပ် ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲခံထားရသော ကိုဖြိုးဝေအောင်အမှုနှင့် ပတ်သက်၍ တရားခံ အခွင့်အရေးနှင့် ရှေ့နေ အခွင့်အရေးများ ဆုံးရှုံးနေရသည်ဟု ၎င်း၏ ရှေ့နေက ပြောကြားလိုက်သည်။
အဆိုပါ အမှုကို အင်းစိန်ထောင် တရားရုံးတွင် ယနေ့ ဆက်လက်စစ်ဆေးရာ တရားသူကြီးက တရားလို ရဲ တင်ပြသော စာရွက်စာတမ်းများသည် လျှို့ဝှက် စာများဖြစ်သောကြောင့် စွပ်စွဲခံရသူ၏ ရှေ့နေအား ကူးယူခွင့် မပေးကြောင်း သိရသည်။
ထို့ပြင် တရားလိုရဲက ကိုဖြိုးဝေအောင်ကို ဧပြီ ၂၃ ရက်နေ့တွင် ရမန်ရယူထားသည်ဟု တရားရုံး၌ ပြောဆိုထားသော်လည်း ရှေ့နေအား ရမန်စာရွက်ကို ကူးယူခွင့်မပေးခဲ့ပေ။
ထိုသို့ ရမန်ကို မိတ္တူကူးယူခွင့် မပြုခြင်း၊ ရှေ့နေနှင့် မိသားစုဝင်များကို အသိမပေးဘဲ စွဲချက်တင်ခြင်း၊ စွဲဆိုမှု စာရွက် စာတမ်း များအား ကူးယူခွင့် မပြုခြင်းများသည် တရားခံအခွင့်အရေးအပြင် ရှေ့နေ အခွင့်အရေးများပါ ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။
“ဒီနေ့ တရားလိုပြ သက်သေ ၂ ဦးကို စစ်တယ်။ နောက်ပြီး ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက တင်ပြထားတဲ့ စာရွက်စာတမ်း ၁၆ မျိုး ကူးယူခွင့်ကို လျှို့ဝှက်အပ်တဲ့အတွက် ကူးယူခွင့်မပေးနိုင်ဘူးဆိုပြီး အမိန့်ချခဲ့ပါတယ်” ဟု သူက ပြောသည်။
ရှေ့နေအား ကူးယူခွင့်မပြုခဲ့သော စာရွက်စာတမ်း များထဲတွင် တရားလို ရဲ တင်ပြသောစာရွက်စာတမ်း ၁၄ မျိုးနှင့် တရားရုံးက ဖော်ပြသော စာရွက်စာတမ်း ၂ မျိုးတို့ ပါဝင်ကြောင်း သိရသည်။
ကိုဖြိုးဝေအောင် ဗုံးဖောက်ခွဲခဲ့သည်ဟု ရဲက စွပ်စွဲထားသော X2Oသင်္ကြန်မဏ္ဍပ်သည် ရန်ကုန် အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ် အပိုင်ဖြစ်သော်လည်း အမှုတင် စစ်ဆေးရာတွင် မြောက်ပိုင်းခရိုင် တရားရုံး၌ တရားသူကြီး ဦးကိုကိုဦးက ကိုင်တွယ်စစ်ဆေး နေသည်။
“လုပ်ထုံးလုပ်နည်းအရ ဆိုရင်တော့ အမှုဖြစ်ပွားတဲ့ နယ်မြေက တရားရုံးမှာပဲ တရားစွဲဆိုရတာပါ။ အခုတော့ တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်အရဆိုပြီး မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်နေပါတယ်”ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
ကိုဖြိုးဝေအောင်ကို ဧပြီ ၁၅ ရက်နေ့ ရန်ကုန် သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု တရားခံအဖြစ် စွပ်စွဲပြီး ဧပြီ ၂၃ ရက်က စတင်ဖမ်းဆီးခဲ့သည်။
၎င်းကို မတရားသင်း အက်ဥပဒေ ၁၇ (၁)၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မ ၁၃ (၁)၊ ဖောက်ခွဲမှုပုဒ်မ ၃ (၄)၊ ပြစ်မှုဆိုင်ရာ အက်ဥပဒေ ၃၂၆ အပြင်းအထန် ထိခိုက်နာကျင်စေမှု၊ ပြစ်မှုဆိုင်ရာ အက်ဥပဒေ ၃၀၄ လူသေစေမှု တို့ဖြင့် ဇွန်လ ၃၀ ရက်နေ့က မိသားစုနှင့် ရှေ့နေအား အသိမပေးဘဲ အမှုစွဲတင်ခဲ့ခြင်းဖြစ်သည်။
သင်္ကြန် ဗုံးကွဲမှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခံထားရသော ကိုဖြိုးဝေအောင်တွင် အပြစ်မရှိကြောင်းနှင့် အာဏာပိုင်တို့က မှားယွင်း ဖမ်းဆီးထားခြင်းသာ ဖြစ်ကြောင်း ဇနီးဖြစ်သူမဌေးဌေးက ဧရာဝတီသို့ ပြောသည်။

Geen opmerkingen: