မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 augustus 2010

မဲမပေးရေး ပဲခူးတွင် NLD လှုပ်ရှား

မင်းနိုင်သူ Monday, August 30, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းပါတီဝင်များကို တွေ့ဆုံပြီး ပါတီရပ်တည်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယနေ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
“မြို့နယ် ၄ မြို့နယ်က စည်းရုံးရေး အဖွဲ့ဝင်တွေအပြင် စိတ်ဝင်စားတဲ့ အရပ်သားတွေလည်း ဆွေးနွေးပွဲကို လာရောက်ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးချင်ရင် ပေးလို့ရသလို မဲမပေးလိုက မပေးဘဲလည်း နေနိုင်တယ်ဆိုတာကို ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲဥပဒေပါ အချက်အလက်တွေနဲ့ ရှင်းပြပါတယ်”ဟု တောင်ငူမြို့နယ် NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုးမြင့်က ပြောသည်။
NLD ရုံးချုပ်မှ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးစိုးဝင်း၊ ဒေါ်ခင်ညွန့်မူနှင့် ကိုကျော်ဝင်းတို့က ဖြူး၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များနှင့် အုတ်ကျင်းစု ရွာများမှ စည်းရုံးရေးအဖွဲ့ဝင်များကို တောင်ငူမြို့နယ်ရှိ ဦးအောင်စိုးမြင့် နေအိမ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
NLD ဗဟိုကော်မတီဝင် ဦးစိုးဝင်းက “အကျဉ်းကျမိသားစုတွေ စောင့်ရှောက်ရေး၊ မြို့နယ်အတွင်းက လူမှုရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ရေး၊ အဓမ္မ လုပ်အားပေးမှု ပပျောက်ရေး ဆိုတာတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒေသခံလူထုကလည်း စိတ်ဝင်စားမှုရှိတယ်။ အရင်ကထက်ကို တရင်းတနှီး ဆက်ဆံလာတာကို တွေ့ရတယ်” ဟု ပြောသည်။
ဗဟို အလုပ်အမှုဆောင် ဦးညွန့်ဝေကလည်း NLD သည် ပါတီအဖြစ် ဆက်လည်တည်ရှိနေသေးကြောင်းကို မြို့နယ်ပါတီဝင်များအား အတိအလင်း အသိပေးခဲ့ကြောင်း သိရသည်။
NLD ဗဟိုမှ အဖွဲ့ဝင်များနှင့် ပဲခူးတိုင်းပါတီဝင်များ ယခုလ ၅ ရက်နေ့က ပဲခူးမြို့နယ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့တွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။
NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအဖွဲ့ဝင်များသည်လည်း ၂၈ ရက်နေ့မှစတင်ကာ ဧရာဝတီတိုင်းမှ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုလ ၁၉ ရက်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Geen opmerkingen: