မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 augustus 2010

တပ်တွင်း ရာထူးတိုးမြှင့်မှုများ ပြုလုပ်

ပေါက်ပေါက် / ၃၀ သြဂုတ် ၂၀၁၀
သြဂုတ် (၂၇) ရက် နေ့စွဲဖြင့် နအဖစစ်တပ်အတွင်းရှိ ဗျူဟာမှူး၊ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး၊ ဒေသဆိုင်ရာ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)မှူး၊ တပ်မမှူးနှင့် တိုင်းမှူးတို့အား အဆင့်မြင့် ရာထူးတိုးမြှင့်မှုများ ပြုလုပ်ခဲ့သည်။
ယေဘုယျအားဖြင့် ဗျူဟာမှူးသည် စကခမှူးအဖြစ်လည်းကောင်း၊ စကခမှူး၊ တပ်မမှူးနှင့် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီးများသည် တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုင်းမှူးသည် ကာကွယ်ရေးဝန်ကြီးဌာန အထူး စစ်ဆင်ရေးအဖွဲ့မှူး (ကစထ)အဖြစ်လည်းကောင်း အဆင့်မြင့်ရာထူးတိုးခဲ့သည်ဟု စစ်ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဒီတခေါက် အဆင့်တိုးပြောင်းရွှေ့မှုလုပ်ခဲ့တာက အတော်လေးကြီးတယ်၊ စစ်တိုင်းအားလုံးတော့ မဟုတ်ဘူး။ အချို့တိုင်းဌာနချုပ်က ဗျူဟာမှူးတွေ၊ ဂျီဝမ်းတွေ (စစ်ဦးစီးပထတန်းအရာရှိ) က စကခမှူးအဆင့် တိုးသွားတယ်။တိုင်းမှူး(၆)ယောက်ကကစထမှူး တက်ဖြစ်တယ်။ အရင် ကစထမှူးတွေကို အနားပေးသလား၊ ဘယ်နေရာ ပြန်ပေးသလဲဆိုတာတော့ အခိုင်အမာမသိရဘူး။ သေချာတာက အရင်ရှိနေတဲ့ ကစထမှူးအားလုံး နေရာဖယ်ပေးလိုက်ရတယ်။ တိုင်းမှူးတွေအားလုံး အသစ်ပြောင်းခဲ့တယ်” ဟု ပြောသည်။
ယခင် ကစထမှူးများမှာ ဒု-ဗိုလ်ချုပ်ကြီး ကိုကို၊ မြင့်ဆွေ၊ မင်းအောင်လှိုင်၊ သာအေး၊ အုန်းမြင့်နှင့် ခင်ဇော်တို့ဖြစ်ပြီး ယခု ကစထမှူးဖြစ်လာသူများမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ အလယ်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးတို့ဖြစ်သည်။
ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး မြတ်ထွန်းဦး၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး ညိုစော၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး ကိုကိုနိုင်တို့အား အစားထိုးခန့်အပ်ခဲ့ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇေယျာအောင်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဆန်းဦးအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ထွန်းနေလင်းအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း နေရာပြောင်းရွှေ့ခဲ့သည်။
ယခုကဲ့သို့ စစ်တပ်အတွင်း ရာထူးနေရာအပြောင်းအလဲနှင့် အနားပေးမှုများ ပြုလုပ်ခြင်းသည် ထိပ်ပိုင်း စစ်ရာထူးများတွင်စုပြုံနေသည့်အသက်(၆ဝ)တန်းနှင့်အထက် စစ်ဗိုလ်ချုပ်များကို ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရန်အတွက် အတင်းအကျပ် နေရာဖယ်ရှားခိုင်းလိုက်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာစစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
၎င်းက “သူတို့တပ်က ဖွဲ့စည်းပုံမှာ ပါသလိုပဲ အသက် (၆ဝ)အောက်သာ စစ်မှုထမ်းရမယ်ဆိုတော့ (၆ဝ) အောက်ကိုပဲ လက်ခံမယ့်သဘောပေါ့။ (၆ဝ)အထက် ကျော်တဲ့သူကို ရွေးကောက်ပွဲနဲ့ရောပြီး အတင်းအနားပေးတဲ့ သဘောတွေ ပါပါတယ်။ အဓိကတော့ တပ်အပြင်ရောက်သွားတဲ့သူတွေက ရွေးကောက်ပွဲဝင်ရမယ့်သူ အများစု ဖြစ်တယ်။ အပေါ်မှာက ပိတ်ပြီး အောက်မှာ ဂျန့်ဖြစ်နေတယ်။ အောက်ကလူတွေ တက်မရဖြစ်နေတယ်။ အဲဒါ အားလုံးကို ပေါင်းပြီး ဖြေရှင်းတဲ့သဘောပေါ့”ဟု ပြောသည်။
ယခုကဲ့သို့ စစ်တပ် ရာထူးအပြောင်းအလဲနှင့် အနားပေးမှုများ ပြုလုပ်နေစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည်လည်း စစ်ဘက်ရာထူးမှ အနားယူခဲ့သည့်ဆိုသည့်သတင်းများ အစောပိုင်းက ထွက်ပေါ်ခဲ့သည်။

Geen opmerkingen: