မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 24 augustus 2010

တသီးပုဂ္ဂလ အမတ်လောင်းများ အခက်အခဲ တွေ့နိုင်

မျိုးဝင်းဇော် / ၂၄ သြဂုတ် ၂၀၁၀

နအဖ ရွေးကောက်ပွဲကော်မရှင်က သြဂုတ် (၁၈) ရက်၌ ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၉၁/၂ဝ၁ဝ အရ တသီးပုဂ္ဂလ လွှတ်တော်အမတ်များသည် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ရေးသားပုံနှိပ် ထုတ်ဝေတင်ပြခွင့်နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများနည်းတူ ဆောင်ရွက်ရမည် ဖြစ်ခြင်းကြောင့် အခက်အခဲများ ကြုံလာနိုင်ကြောင်း တသီးပုဂ္ဂလ အမတ်အဖြစ် ဝင်ရောက်အရွေးခံရန် စဉ်းစားနေသည့် နိုင်ငံရေးသမားဟောင်းကြီးတဦးက ပြောသည်။
၎င်းက “ကြေညာချက်ထဲမှာ နိုင်ငံရေးပါတီက အမတ်တွေ၊ တသီးပုဂ္ဂလ အမတ်တွေ အပါအဝင် အမတ်တွေအားလုံး စုဝေးခွင့်၊ မဲဆွယ်စည်းရုံးခွင့်နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေဟာ နိုင်ငံရေးပါတီတွေနဲ့ အတူတူပဲ။ တသီးပုဂ္ဂလ အမတ်လောင်းပင် ဖြစ်ပါစေ မဲဆွယ်စည်းရုံးရေးနဲ့ ဆိုင်တဲ့ စာရွက်စာတမ်း၊ စာအုပ်နဲ့ လက်ကမ်းစာစောင်တွေ ထုတ်ဝေချင်တယ်ဆိုရင် အရင်ဦးဆုံး စာပေစိစစ်ရေးမှာ ထုတ်ဝေခွင့်နဲ့ မှတ်ပုံတင်ခွင့် စုစုပေါင်း ကျပ် (၆)သိန်းသွင်းပြီး လျှောက်ထား၊ ခွင့်ပြုချက်ရမှ ထုတ်ဝေခွင့်ရမယ်။ ဒါ့အပြင် စာရွက်စာတမ်း ရိုက်နှိပ်မယ့်အတွက် ငွေကုန်ကြေးကျကလည်း ရှိဦးမယ်။ ဒီတော့ ဒီကိစ္စဟာ ငွေကြေး သိပ်မတတ်နိုင်တဲ့ တသီးပုဂ္ဂလ အမတ်တွေအတွက် ကောင်းကောင်းကြီး အခက်အခဲ တွေ့စေနိုင်တယ်” ဟု ရှင်းပြသည်။
ရန်ကုန်အခြေစိုက် ဂျာနယ်တခုမှ နိုင်ငံရေးသတင်းအယ်ဒီတာ တဦးကလည်း မှတ်ပုံတင် ခွင့်ပြုချက်ရပြီးသည့် နိုင်ငံရေးပါတီများအနက် ပါတီ (၂ဝ)နီးပါး နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့် လျှောက်ထား ရရှိပြီဖြစ်ကြောင်း၊ သို့သော် ငွေကြေး မလုံလောက်ခြင်း၊ စာရွက်၊ စာစောင်၊ စာအုပ်ထုတ်လုပ်ငန်း မကျွမ်းကျင်ခြင်း၊ စစ်အစိုးရလက်အောက် ဝါဒဖြန့်လုပ်ငန်း မည်သို့ လုပ်ကိုင်ဆောင်ရွက်သင့်သည်ကို မရင်းနှီးခြင်း စသည့် အခြေအနေတို့ကြောင့် ပါတီစာစောင် ထုတ်ဝေနိုင်မှု မရှိသလောက် ရှားပါးနေခြင်းဖြစ်ကြောင်း၊ ယခုကိစ္စ တသီးပုဂ္ဂလ အမတ်လောင်းများအတွက် ပိုဆိုးမည်ဖြစ်ကြောင်း ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ၉၁/၂ဝ၁ဝ၊ ရေးသားပုံနှိပ်ထုတ်ဝေတင်ပြခွင့် (၉)တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည့်တို့ကို ပြည်သူအများ သိရှိစေရန် စာအုပ်စာရွက်၊ စာအုပ်နှင့် လက်ကမ်းစာစောင်များ ရေးသား၊ ပုံနှိပ် ထုတ်ဝေ ဖြန့်ချိလိုပါက ၁၉၆၂ ခုနှစ်၊ ပုံနှိပ်မှုများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့က ၁၇-၃-၂ဝ၁ဝ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၄၂)ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု ဖော်ပြသည်။
ညွှန်ကြားချက် အမှတ် (၄၂) တွင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်မှုများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ထံသို့ ဦးစွာ နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင် လျှောက်ထားကြရမည်ဟု ပါရှိသည်။
ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “အခုဆို ပါတီတွေ ဖွဲ့စည်းခွင့်ပြုထားတာ အတော်ကြာပြီဖြစ်တယ်။ ပါတီသတင်းတွေ ဂျာနယ်တချို့မှာ နည်းနည်းစီ ဖတ်ရပေမယ့် ဘယ်ပါတီမှာ ဘယ်သူတွေ ပါဝင်တယ်၊ ဘယ်မူဝါဒ ချမှတ်ထားတယ် စသဖြင့် မသိရသေးဘူး။ နယ်က ပြည်သူတွေလည်း အခုလို ဖြစ်မယ်ထင်တယ်” ဟု ပြောသည်။
နအဖစစ်အစိုးရသည် မကြာမီ ရွေးကောက်ပွဲ ကျင်းပပေးတော့မည်ဆိုသော်လည်း ပြည်တွင်းမီဒီယာများကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားမှု၊ နိုင်ငံရေးပါတီများ၏ ဝါဒဖြန့်ချိမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှု၊ နိုင်ငံရေးပါတီများဘက်က ငွေကြေး မပြည့်စုံမှု၊ ပြည်တွင်း မီဒီယာလုပ်ငန်း မကျွမ်းကျင်မှု စသည်တို့ကြောင့် ဝါဒဖြန့်ချိမှုကို ပြည်သူများအကြား ပျံ့နှံ့အောင် ပြုလုပ်နိုင်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။

Geen opmerkingen: