မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 19 augustus 2010

မြန်မာ မူးယစ်ဆေးဝါး လောက၏ နိုင်ငံရေး ပုံစံသစ်

မဇ္ဈိမသတင်းဌာန အထူးအစီရင်ခံစာ
ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၂၀ မိနစ် .
ပြီးခဲ့သည့် ရာစုနှစ်ဝက်တခုလုံး စစ်အစိုးရအတွက် ဒေါ်အောင်ဆန်းစုကြည်အပြင် အကြီးဆုံး အန္တရာယ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပင် ဖြစ်သည်။ စစ်အစိုးရသည် ဆယ်စုနှစ်များစွာ ရန်လိုနေသော ဒေသများတွင် စစ်ရေးတဝက် မဟာမိတ်များ တည်ဆောက်ခြင်းဖြင့် ထိုကျေးလက်ဒေသများ၌ ၎င်း၏ သြဇာစက်ရိပ် တိုးမြှင့်နိုင်ရေး ကြိုးပမ်းခဲ့သည်။ စစ်တပ်၏ အပြည့်အဝ ပူးပေါင်းကူညီမှုဖြင့် ဒေသခံ ပြည်သူ့စစ်များသည် လွတ်လပ်စွာ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ပို့ဆောင်နိုင်ခွင့် ရရှိခဲ့ကာ အပြန်အလှန်အားဖြင့် သူပုန် လှုပ်ရှားမှုများကို နှိမ်နှင်းပေးခဲ့ရသည်။ ဤသို့ အကျိုးဆောင်ပေးရင်း အာဏာ ယစ်မူးလာသော စစ်တပ်သည် မူးယစ် ဆေးဝါးစစ်ပွဲကို လျင်မြန်စွာ ဦးစားပေးလာခဲ့သည်။ ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် အထောက်အပံ့ ရရှိနေသော ရပ်တည်ရေး နည်းဗျုဟာကြောင့် ယခုအခါ စစ်အုပ်စု၏ အင်အားသည် ခါတိုင်းထက် ပိုမို ကြီးထွားလာခဲ့သည်။ PerrySantanachoteက ၎င်းမှ အကျိုးအမြတ် ရရှိသူများ၊ အကာအကွယ် ရသူများနှင့် ၎င်းအတွင်းပိတ်မိ၍ သားကောင်ဖြစ်ရသူများ အကြားမှ ကုန်သွယ် ရောင်းဝယ်မှုအကြောင်း စမ်းသပ်စစ်ဆေးပြသည်။
ရှမ်းပြည် - ဘိန်းဘုရင်ကြီးများ၏ နယ်မြေမှ ကြိုဆိုပါသည်
ရွှေတြိဂံဒေသအနီး လွယ်ဆန်စုမ် တောင်ကြောတလျောက်က ဘိန်းခင်းများကိုဖျက်ဆီးခဲ့စဉ် ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း နိုင်ငံခြား သတင်းထောက်များအား ဘိန်းပန်းပွင့်နှင့် သရုပ်ပြနေသော မြန်မာ စစ်သားတယောက်၏ ပုံဖြစ်သည်။ နိုင်ငံအတွင်း ဘိန်းရောင်းဝယ်မှု ပပျောက်ရမည်ဟူသော စစ်အုပ်စု၏ ၁၉၉၉ ခုနှစ်ကစတင်သည့် ၁၅ နှစ် စီမံကိန်း လှုပ်ရှားမှု၏ အစိတ်အပိုင်းတခုအဖြစ် ကမ္ဘာ့ အကြီးမားဆုံး ဘိန်းစိုက်နယ်မြေ တခုဖြစ်သော ရှမ်းပြည်နယ်တွင် ဘိန်းစိုက် ဧကပေါင်းများစွာကို စစ်အုပ်စု၏ စစ်သားများက ဖျက်ဆီးပစ်ခဲ့ကြသည်။ သို့သော် ယနေ့အချိန်ထိ ဘိန်းဘုရင်ကြီးများ အရေးယူမခံရပဲ ဆက်လက် လုပ်ကိုင်နေကြကာ မြန်မာ စစ်တပ်ကလည်း အမြတ်အစွန်းများသော ဘိန်း ကုန်ကူး လုပ်ငန်းတွင် ဆက်လက် ပါဝင်နေဆဲ၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကိုင်တွယ်ရန်အားတခုအဖြစ် ဆက်လက်အသုံး ပြုနေဆဲ ဖြစ်သည်။ ဓါတ်ပုံ AFP
အောင်မင်းသည် ရန်ကုန်မှ အခြား အောက်ခြေ လူတန်းစား လူငယ်များ ကဲ့သို့ပင် ဆင်းရဲပင်ပန်းစွာ ကြီးပြင်းခဲ့ရသည်။ အသက် ၁၈ နှစ်အရွယ် ၁၉၉၉ ၌ တနေ့ အထက် အရာရှိအဆင့် ရောက်ရမည်ဟူသော ရည်မှန်းချက်ဖြင့် မြန်မာစစ်တပ်သို့ ဝင်ရောက်ခဲ့သည်။ ၂ဝဝ၃ တွင် ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်တွင် ဒုဗိုလ် အဖြစ်ဖြင့် တာဝန်ကျကာ တပ်သား ၂ဝ အုပ်စုကို ဦးစီးခဲ့ရ၍ သူ၏ အိတ်ကပ်သည် ဘိန်းမှရသော ပိုက်ဆံတို့နှင့် ပြည့်နေခဲ့လေသည်။
တိုင်းရင်းသား ပြည်နယ်များ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အာမခံပေးသော ပင်လုံစာချုပ်ကို စစ်ခေါင်းဆောင်များ လိုက်နာရန် ငြင်းဆန်ခဲ့သည့် ၁၉၆ဝ နှောင်းပိုင်းမှစကာ ဘိန်းထုတ်လုပ်မှုသည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများတွင် လူစုလူဝေးနှင့် သရဲမရဲစီး၍ လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းဖြစ်ခဲ့သည်။ သူပုန်တပ်များ၏ ဘိန်းကုန်ကူးမှုက တကမ္ဘာလုံး ပျံ့ နှံ့သွားခဲ့သလို ၎င်းတို့၏ တပ်များသည်လည်း ကြီးထွားလာခဲ့သည်။ ၁၉၈ဝ နှင့် ၁၉၉ဝ ကာလများတလျောက်လုံး တောတောင်ထူထပ်သည့် ထိုင်း၊ မြန်မာ နှင့် လာအိုနိုင်ငံတို့နယ်စပ် အရှေ့ တောင်အာရှမှ နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေတြိဂံ ဒေသကို ရှမ်း စစ်ဘုရင် ခွန်ဆာ၏ ဘိန်းလုပ်ငန်းက လွှမ်းမိုးထားခဲ့သည်။ သူ၏ တော်လှန်ရေး စစ်ပွဲသည် ၁၉၉၆ တွင် ပြီးဆုံးသွားခဲ့သော်လည်း ဘိန်းဘုရင်အသစ်များ ပေါ်ပေါက်လာကာ နည်းပင်နည်းစေကာမူ ရှမ်းပြည်နယ်မှ ဘိန်းထွက် ရပ်မသွားခဲ့ပေ။
အမေရိကန် နိုင်ငံခြားရေး ဌာနက မြန်မာနိုင်ငံ၏ လက်ရှိ ဘိန်းစိုက်ပျိုးမှုသည် ၁၉၉ဝ ပြည့်လွန်နှစ်များ အလယ်က စိုက်ပျိုးမှု၏ ၂ဝ ရာခိုင်နှုန်း အောက်သာ ရှိတော့သည်ဟု အသိအမှတ် ပြုခဲ့သော်လည်း ဘိန်းကုန်သွယ်မှုသည် နှစ်စဉ် ဒေါ်လာဘီလျံချီ၍ ဆက်ဝင်နေဆဲ ဖြစ်သည်။ မြန်မာသည် အာဖဂန် နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကာ ကမ္ဘာ့ ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ ၂ဝ၁ဝ ပြည့် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ မနှစ်က ကမ္ဘာ့ဘိန်းတင်ပို့မှု၏ ၁၇ ရာနှုန်း သို့မဟုတ် မက်ထရစ်တန် ၃၃ဝအထိ မြန်မာပြည်က ထုတ်လုပ်ဆဲ ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှုသည်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
အစီရင်ခံစာ၏အခြားစာမျက်နှာများတွင်မူ မြန်မာသည်အာရှ၏အကြီးမားဆုံးသော အဖက်တမင်းပုံစံ စိတ်ကြွဆေး (ATS)ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်ဟုဖော်ပြထားသည်။ ထိုဆေးတွင် မက်သာဖက်တ မင်း ပါရှိကာ ဒေသတွင်းတွင် ထိုင်းလို ယာဘ (အရူးဆေး)ဟု ပိုမိုလူသိများသော ဈေးပေါသည့်ဓာတု ဗေဒနည်းအရ သန့်စင်မထားသော ဆေးလုံးလေးများအဖြစ်လည်းကောင်း၊ Ice ဟုခေါ်သည့် ပို၍ဈေးကြီး ပိုမိုသန့်စင်သည့်အခဲလေးများအဖြစ်လည်းကောင်း ဖြန့်ချိကြသည်။မြန်မာနိုင်ငံ၏ မက်သာဖက်တမင်းထုတ်လုပ်မှုသည် ဘိန်းထုတ်လုပ်မှုလျော့ကျသွားသည်နှင့် တိုက်ဆိုင်နေသော် လည်း ထုတ်လုပ်သူများ၏ လိုအပ်ချက်ကြောင့် ပြောင်းလဲခဲ့ခြင်းမဟုတ်ပါ။
“စစ်အုပ်စုက ကျောထောက်နောက်ခံ ပေးထားတဲ့ အုပ်စုတွေရဲ့ ပါဝင်ပတ်သက်မှုတွေ တိုးလာတာကြောင့် စိတ်ကြွဆေး မနှစ်ကပိုပြီးထုတ်လာကြတယ်”ဟု လွတ်လပ်သော သတင်းနှင့် သုတေသနအုပ်စု ဖြစ်သည့် ရှမ်းသံတော်ဆင့် သတင်းဌာန မှအယ်ဒီတာ ဦးခွန်ဆိုင်းကပြောသည်။ “စစ်အုပ်စုရဲ့နိုင်ငံရေး မျှော်မှန်းချက်တွေကို ပြည်သူ့စစ်အဖွဲ့တွေက ထောက်ပံ့ပေးတဲ့အခါ သူတို့ရဲ့ဘိန်း လုပ်ငန်းတွေကို စစ်အုပ်စုက ပြန်လည်ပံ့ပိုးပေးပါတယ်” ဟုသူကဆက်ပြောသည်။
“တကယ်လို့ခင်ဗျားသာဘိန်းသူဌေးဖြစ်နေရင်ပိုက်ဆံရမယ့်ဟာ ဘာမဆိုလုပ်မှာပဲလေ။ မက်သာဖက်တမင်း ပိုထုတ်တယ်ဆိုလည်း ဒါဟာဈေးကွက်နဲ့ ဝယ်သူရဲ့လိုအပ်ချက်ကြောင့်ပဲ ဖြစ်မှာပေါ့။ အခု နှစ်နှစ်ဆက်တိုက် ဘိန်းထုတ်လုပ်မှုကျလာတယ်။ ဒါကြောင့် ဟီးရိုး အင်းထုတ်လုပ်မှုဟာ တခြားနှစ်ကထက်နည်းသွားတယ်။ ဒါပါပဲ ရည်ရွယ်ချက်ရှိရှိကြီး ဟီးရိုးအင်း ထုတ်နေရာကနေ မက်သာဖက်တမင်းပြောင်းထုတ်တာတော့ မဟုတ်ပါဘူး” ဟုလည်းသူကထပ်ပြောသည်။
ချင်းမိုင်မှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ဒါရိုက်တာ ဖွန်သစ်အမ်ပရာပိုင်က ဘိန်းနဲ့ဟီးရိုးအင်း အထွက်လျော့သွားတာဟာ ရာသီဥတုအခြေအနေနဲ့ မိုးနည်းတာကြောင့်ဖြစ်ပြီး ဘိန်းတိုက်ဖျက်ရေး ကြောင့်မဟုတ်ပါဟု ပြောသည်။ စီးပွားရေးနှင့် လူမှုရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ထိုင်းတွင်သုံးစွဲသူများ လိုအပ်ချက်မြင့်လာကာ မက်တာဖက်တမင်းက ထိုကွက်လပ်ကို လျင်လျင်မြန်မြန် ဖြည့်ခဲ့သည်ဟု သူကထပ်ပြောသည်။ ထိုင်းလူမျိုးများသည်ဟီးရိုး အင်းကိုမည်သည့်အခါကမှ လွန်ကဲစွာမစွဲလမ်းကြသော်လည်း ယာဘဆေးကိုစွဲလမ်းမှုမှာမူ သတိထားရမည့်နှုန်းအထိဖြစ်လာခဲ့သည်။
“မက်တာဖက်တမင်း ထုတ်ရတာက အများကြီးလည်းပိုလွယ်တယ်လေ။ မက်တာဖက်တမင်း ဒါမှမ ဟုတ် Ice ချက်ဖို့ ဘိန်းပင်စိုက်သလို စိုက်ဖို့မလိုဘူးလေ“ ဟုဖွန်သစ် က ပြောသည်။
ယနေ့ဘိန်းရောင်းဝယ်မှုနှင့် ခွန်ဆာခေတ်ရောင်းဝယ်မှု၏ အဓိကကွာခြားချက်မှာ ယခုအခါအစိုးရက ဘိန်းရောင်းမှုကို ပိုမိုထိန်းချုပ်လာခြင်းပင်ဖြစ်သည်။ ယခင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် ၂ဝဝ၃ ၊၂ဝဝ၄ တွင်အဓိကဘိန်းထုတ်လုပ်သော ပြည်သူ့စစ်များနှင့် အပစ်အခတ်ရပ်စဲမှုများ ဆက်တိုက် ဦးဆောင်ပြုလုပ်ခဲ့ကာ မူးယစ်ဆေးဝါးထုတ်လုပ်ရန်အထောက်အကူပြုသောအခြေအနေများကို ဖန်တီး၍ ၎င်းတို့နှင့် စီးပွားရေး၊ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းစဉ်စသည်တို့တွင် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ အတိတ်က စစ်အုပ်စုသည်ဘိန်းရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယအရှိခံခဲ့ရသော်လည်း ယခု အခါ မည်သည့်အဆင့်တွင်မှမတွေ့ရတော့ပေ။
ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း စစ်အုပ်စုသည် မူးယစ်ဆေးဝါး ကိစ္စ္စကို သိုသိုဝှက်ဝှက်ထားခဲ့ရာမှ စစ်ပွဲဆင်နွှဲသကဲ့သို့ တစခန်းထွက်ပြပြန်သည်။ ၁၉၉၉ တွင်စစ်တပ်မှဘိန်း တိုက်ဖျက်ရေး (၁၅) နှစ်စီမံကိန်းကိုစတင်ခဲ့ကာ ဘိန်းရောင်းဝယ်မှုကို ဖြိုခွဲမည်ဟု အပြည်ပြည်ဆိုင်ရာ ကို ကြီးကြီးမားမားကတိများပေး၍ မူးယစ်ဆေးဝါးရှာဖွေသိမ်းဆည်းမှုပြယုဂ်အနည်းငယ်ကိုလူသိ ရှင်ကြားလုပ်ပြကာ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပြတိုက်တခုပင်ဖွင့်လှစ်ခဲ့သေးသည်။ ထိုလုပ်ဆောင် မှုများသည် အလုပ်ဖြစ်နိုင်သည့်အရာများဖြစ်သော်လည်း အပြည်ပြည် ဆိုင်ရာကို နားလှည့် ဖြားယောင်းမှုများသာ ဖြစ်ခဲ့သည်။
(UNDOC)ကပြီးခဲ့သည့်နှစ်အတွက်ထုတ်သောဘိန်းစိုက်ပျိုးမှုအစီရင်ခံစာတွင်ဘိန်းစိုက်ပျိုးဒေသ သိသာစွာကျဆင်းမှုနှင့် ဘိန်းထုတ်လုပ်ရန်ဖြစ်နိုင်ခြေ များစွာကျဆင်းမှုအတွက် စစ် အုပ်စုအားချီးမွမ်းခဲ့ကာ ၂ဝဝ၄ နှင့် ၂ဝဝ၇ ကြားကာလအတွက် ဘိန်းပပျောက်ရေး စီမံကိန်းကို အမေရိကန်ဒေါ်လာ ၇.၇ သန်းထောက်ပံ့ခဲ့သည်။
“ဒါဟာပုံမှန်ဖွံဖြိုးရေးစီမံကိန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်တွေကိုသုံးရမယ့်အစား အဲ့ဒိနေရာတွေအ တွက်နိုင်ငံတကာကနေပေးလာအောင် ကြိုးပမ်းမှုနောက်တခုပဲ ဖြစ်တယ်“ ဟုချင်းမိုင်တွင်အခြေစိုက် သည့် စာရေးဆရာ ဘာတီးလစ်တနာကပြောသည်။ သူ၏ “BurmainRevolt“နှင့် မကြာခင်ကထွက်သော “Merchants of Madness:The Methamphetamine Explosionin the Golden Triangle” စာအုပ်များ၌ ဒေါ်လာဘီလျံချီတန်သော မက်သာဖက်တမင်း ရောင်းဝယ်ရေးထဲ မြန်မာဘိန်းဘုရင်များပါဝင်နေမှုကို လေ့လာမှတ်တမ်းတင်ထားသည်။
“ပြီးတော့ UNDOCအစီအစဉ်တော်တော်များများဟာ သာမန်ဖွံဖြိုးရေးစီမံကိန်းတွေသာဖြစ်ပြီး မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနဲ့ နည်းနည်း ဒါမှမဟုတ် လုံးဝဆက်စပ်မှုမရှိတာတွေသာဖြစ်ပါတယ်“ ဟု လစ် တနာ ကပြောသည်။
ဖွန်သစ်က ထိုင်းအစိုးရသည် မြန်မာအစိုးရအား ဘိန်းတိုက်ဖျက်ရေးအတွက် နှစ်စဉ် ဘတ်သန်း ၂ဝ (အမေရိကန်ဒေါ်လာ ၆၂၅,ဝဝဝ) ပေးနေသည်ဟုပြောကြားသည်။
“မြန်မာစစ်အစိုးရက သေသေချာချာ လုံလုံလောက်လောက် မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ အရင်းအမြစ်တွေ မရှိလို့ပါပဲ။ ဒါကြောင့် တခြားနိုင်ငံတွေဆီက ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေလိုအပ်ပါတယ်”
နောက်ထပ် ၁၁ နှစ်ကြာလျှင်လည်း မူးယစ်ရာဇာကြီးများသည် အရေးယူခံရခြင်းမရှိပဲ ဆက်လက်လုပ် ကိုင်နေကြမည်ဖြစ်ကာ မြန်မာစစ်တပ်သည်လည်း အကျိုးအမြတ်များသော ဘိန်းစီးပွားရေးကို အပစ်ရပ်အဖွဲ့ များကိုထိန်းညှိရန် အသုံးချကာ နီးကပ်စွာဆက်လက်ပတ်သက်နေဦးမည် ဖြစ်သည်။ နောက်ဆုံးသတ်မှတ်ရက်နီးလာသည်နှင့်အတူ မြန်မာသည်လည်း မူးယစ်ကင်းမဲ့နိုင်ငံအ ဖြစ်မှဝေး၍သာလာနေပါသည်။ ရည်မှန်းထားသော ၅၁ မြို့နယ်မှ ၁၃ မြို့နယ်သာလျှင်ဘိန်းကင်းမဲ့ ပြီဟုကြေညာနိုင်ခဲ့သည်။ ၂ဝဝ၉ ခုရှမ်းမူးယစ်ဆေးဝါးစောင့်ကြည့်ရေးအစီရင်ခံစာအရ အခြားမြို့နယ် များမှာ ဆက်လက်စိုက်ပျိုးနေဆဲဖြစ်ပါသည်။

စစ်ယဉ်ကျေးမှု - အခင်းအကျင်းအရွေ့ 

၂ဝဝ၃ ခုနှစ်က အောင်မင်းသည် သူအုပ်ချုပ်ရသော ဒေသကို ဖြတ်သွားသည့် ဘိန်းကုန်ကူးသူ များထံမှ ကောက်ခံရသော အခွန်များနှင့် အဆင်ပြေနေသည်။ သို့သော် တနေ့တွင် ဘိန်း ကုန်သည် ၁၅ ယောက်ကို ဖမ်းဆီး၍ သတ်ပစ်လိုက်ကာ သူတို့၏ ဟီးရိုးအင်းများကို သိမ်းယူ၍ တရုတ် မှောင်ခိုဈေးကွက်သို့ နှစ်စဉ် အခွန်ကောက်ရာမှရသော ငွေ၏အဆ ၂ဝ ရှိသည့် မြန်မာငွေ သန်း၂ဝဝ (အမေရိကန်ဒေါ်လာ ၂ သိန်း) နှင့် ရောင်းချလိုက်သည်။

၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာ အာဏာပိုင်တို့သည် အပြည်အပြည်ဆိုင်ရာ ရဲအဖွဲ့ (အင်တာပို) နှင့် စာနယ်ဇင်းသမားများကို ခေါ်ဆောင်ကာ ၎င်းတို့၏ မူးယစ်ဆေး တိုက်ဖျက်ရေး လှုပ်ရှားမှု ရလဒ်များကို ပြခဲ့စဉ်က တရုတ် နယ်စပ်နှင့် နီးကပ်သော ရှမ်းပြည်နယ်မြောက်ပိုင်း လွီစန်စုံ တောင်ကြောပေါ်မှ လိုဝီ စွိုင် ရွာပြင်ရှိ စိုက်ခင်းထဲမှ အခြား ဘိန်းပင်များအကြား တိုးထွက်နေသော ဘိန်း ပန်းတပွင့်၏ပုံ ဖြစ်သည်။ ဝေဖန်သူများက ၁၉၉၉ တွင်စတင်ခဲ့သော ဘိန်းတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်းကို စစ်အစိုးရ ကိုယ်တိုင် လုပ်ရမည့် ဖွံဖြိုးရေး ကိစ္စများတွင် UNနှင့် NGOတို့၏ အကူအညီကို ဆွဲဆောင်ရန် ဟန်ပြလုပ်ရပ်ဟု ဝေဖန်ခဲ့ကြသည်။ ဓါတ်ပုံ AFP
မြန်မာကျပ်ငွေကို ပြန်ပြုပြင်၍ မရနိုင်အောင် ဖောင်းပွကာ ဘဏ်တော်တော် များများ ဒေဝါလီ ခံသွားခဲ့ရသည့် ဘဏ်အကျပ်အတည်း ကာလတွင် သူ၏ မိခင်အား ငွေ အတော်များများ ပြန်လွှဲပေးခဲ့ပြီး သူ၏ အောက်ခြေ စစ်သားများလည်း ချက်ချင်းကြီးလိုလို ရွှေ ငွေများနှင့် ဖြစ်ကုန်ကြသည်။ နောက်များ မကြာမီတွင် အောင်မင်းကို စစ်ထောက်လှမ်းရေးမှ စစ်ကြောရေး ဝင်ခဲ့လေသည်။ သူ့တွင် အပြစ်ရှိသည် ဆိုကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။ သို့သော် သူကျုးလွန်ခဲ့သော ရာဇဝတ်မှုမှာ တကယ့်ပြဿနာ မဟုတ်ပဲ သူ့ကို ဒုက္ခရောက်စေခဲ့သော သနားစရာ ဖြစ်ရပ်တခုသာ ဖြစ်သည်။
“ဘိန်းကုန်ကူးတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်တဲ့ စစ်တပ်အရာရှိ ဆိုတာ အများကြီးပါ။ မထူးဆန်းပါဘူး။ အထူးသဖြင့်တော့ ရှမ်းပြည်နယ်လို နေရာမျိုးမှာပေါ့။ လူသတ်တာတွေတောင် ရှိတတ်တယ်”ဟု အောင်မင်း၏သူငယ်ချင်း မြန်မာစစ်တပ် ဗိုလ်ကြီးဟောင်း က ပြောသည်။ “သူတို့တွေ အဖမ်းခံရတယ် ဆိုတာလည်း တော်တော့်ကို ရှားပါတယ်။ အောင်မင်းကတော့ အတွေ့အကြုံ မရှိတော့ ဘယ်လို လူမသိအောင် လုပ်ရမယ်ဆိုတာ သူမသိဘူးလေ”။
ထိုစစ်တပ်အရာရှိဟောင်းသည် အမည်မဖော်ပဲ အောင်မင်းအကြောင်းကို ပြောပြခဲ့သည်။ သူသည် စစ်မှုထမ်းသက် ၁ဝ နှစ်ရှိပြီး မနှစ်က စစ်တပ်မှ ထွက်လာကာ ယခုအခါ ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်တွင် နေထိုင်လျက် ရှိသည်။ အောင်မင်းနှင့် အရာရှိ သင်တန်းကျောင်းတွင် သုံးနှစ်လုံး အတူတူတက်ရောက် ခင်မင်ခဲ့ကြသည်။ နောက်ဆုံး အောင်မင်းကို တွေ့သည့်အချိန်မှာ၂ဝဝ၂ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့က ဖြစ်သည်ဟု ဆိုသည်။
“သူက အရမ်းရိုးသားပါတယ်။ အေးအေးဆေးဆေး နေတတ်သူပါ။ သူ့အကြောင်းကြားတော့ ကျနော် အံ့သြသွားတယ်။ ကျနော်ထင်တာတော့ ပတ်ဝန်းကျင်ကြောင့် အဲ့လို ဖြစ်သွားတာ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူ့ကို အဲ့နေရာကို တာဝန်ပေးလိုက်ပြီး အဲ့လိုခြစားမှုတွေ၊ ပိုက်ဆံယူတာတွေ၊ ဘိန်း ကိစ္စလုပ်တာတွေက သူ့ကို ပြောင်းလဲသွားစေတာ ဖြစ်နိုင်ပါတယ်” ဟုသူကပြောသည်။
မြန်မာစစ်သား တော်တော်များများ၏ လခမှာ မစို့မပို့ဖြစ်သည့်အပြင် အစိုးရကသူတို့အ တွက်ရိက္ခာကိုပါ ဖြတ်လျှော့လိုက်သဖြင့် အကျပ်ကိုင် ငွေညှစ် ခြင်းဖြင့် ရရှိသော ငွေပေါ်တွင်သာ ရပ်တည်နေကြရသည်။ ယနေ့အချိန်တွင် သာမန် တပ်သားလခက ၁၆,ဝဝဝ ဖြစ်ကာ တပ်ကြပ်ကြီးများပင် ၃၅,ဝဝဝ မှ ၄ဝ,ဝဝဝ သာ ရရှိနေချိန်တွင် ဗိုလ်ချုပ်ကြီးတယောက် လစာ ၈ သိန်းအထိ ရကြသည်။
“အထက်ပိုင်းက လူကြီးတွေက အကျိုးအမြတ်တွေ ရလာပြီး ပိုပိုချမ်းသာလာတဲ့ အချိန်မှာ စစ်တပ်ကတော့ တိုက်ခိုက်ရေး စွမ်းရည်၊ စစ်စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် စတဲ့စွမ်းရည်တွေကျ ဆင်းလာနေပါပြီ။ ဒါတွေအားလုံးဟာ မှားယွင်းတဲ့အုပ်ချုပ်မှုကြောင့်ပဲဖြစ်ပါတယ်။”စစ်တပ်အရာရှိ ဟောင်းက တပ်ရင်းတွေကို လျှော့ချပေမယ့် အလုပ်တွေကတော့ အရင်အတိုင်းလုပ်ကြရသည်ဟုရှင်းပြ သည်။ စိန်ခေါ်မှုပြဿနာများနှင့်ရင်ဆိုင်လာရသည့်အခါ ဘိန်းကုန်ကူးသူများကိုတိုက်ရမည့်အစား ညှိ နှိုင်းမှုများလုပ်ကာ ပြသာနာများကိုဖန်တီးဖြေရှင်းလာရသည်။
“ကျနော်တို့ ကရင်သူပုန်တွေကို စစ်သား ၁၂ဝ နဲ့မတိုက်နိုင်ပါဘူး။ စစ်သား ၁၂ဝ ဟာလူ ၅ဝဝ တာဝန်နဲ့ ရှိနေကြရလို့ပါပဲ” ဟုသူကပြောသည်။
၂ဝဝ၅ ခုနှစ်တွင် ဗဟိုမှ သံတောင်မြို့နယ် ကနစိုးပင် ကရင်ရွာရှိ အိမ်ခြေ ၁၈ဝ ကိုမီးရှို့ရန် သူ့အား အ မိန့်ပေးခဲ့သည်။
“ကျနော့အထက်ကသူတွေက ရွာသားတွေကို သူတို့ရွှေ့ခိုင်းတဲ့နေရာဆီ အတင်းရွှေ့ခိုင်းတယ်။ သူတို့ ကရွာသားတွေ သူပုန်နဲ့မဆက်သွယ်နိုင်အောင် ရွာတွေကိုဖျက်ဆီးပြီး ထိန်းချုပ်ထားချင်တယ်။ ကျနော် ကရွာလူကြီးနဲ့ အိမ်သုံးလုံးပဲ မီးရှို့ပစ်ဖို့ သဘောတူညီမှုယူလိုက်ရတယ်။ အဲ့ဒါကိုမှတ်တမ်းတင်ပြီး ဒေသစစ် ဌာနချုပ်ကို သတင်းပို့တယ်။ ဒီနည်းလမ်းက နှစ်ဖက်မနစ်နာတဲ့နည်းပဲလေ”
ထိုအချိန်က နှစ်ဖက်မနစ်နာသောနည်းသည် လာဘ်ပေးလာဘ်ယူမဟုတ်ပဲ လုံခြုံရေးအတွက်ပင်ဖြစ် သည်။ ထိုနေ့က အမဲရောင်နယ်မြေဟုရည်ညွှန်းပြောဆိုသော ကရင်သူပုန်များ သွားလာလှုပ်ရှား နေသောဒေသတွင် သူ့၌စစ်သား ၁၈ ယောက်သာရှိသည်။
“တကယ်လို့ကျနော်တို့ ရွာကိုမီးရှို့ ရင် ကရင်သူပုန်က ကျနော်တို့ကို တိုက်မှာပဲ” ဟုသူကပြောသည်။ ထိုနေရာတွင် သူစစ်တပ်မှထွက်ချင်နေပြီဟု သူသိလိုက်သည်။ “ကျနော်ဒီလို စိတ်အကျပ်အ တည်းမျိုးနဲ့ ဆက်မနေချင်တော့ဘူး။ ဒါမျိုးတွေကိုဆက်ပြီး ကိုင်တွယ်မနေချင်တော့ဘူး”။
သူက ဘိန်းစိုက်သူများ၊ ဘိန်းကုန်ကူးသူများနှင့်လာဘ်ပေးလာဘ်ယူလုပ်ရမည်ဟု တရားဝင်အမိန့်မရှိ သော်လည်း ထိုအလေ့သည် စစ်တပ်ယဉ်ကျေးမှု၏ အဓိကအစိတ်အပိုင်းတခုဖြစ်လာကြောင်း ပြောပြသည်။ လူတိုင်းလာဘ်စားကြပြီး ထိုပိုက်ဆံသည်တဆင့်တဆင့်နှင့် အပေါ်ကိုတက်သွားပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေအထိ နောက်ဆုံးရောက်သွားသည်။ စစ်တပ်၏ပြန်လည်ပြုပြင်သယောင် ပုံစံကြောင့် လုပ်ချင်ရာကိုထင်တိုင်းလုပ်ပိုင်ခွင့်က အဓိကကျနေသည်ဟု အရာရှိက အဓိကထားပြောသွားသည်။ အကယ်၍ စစ်သားတယောက်၏အပြုအမူသည် ဘိန်းအရောင်း အဝယ်တွင် သူတို့ပါဝင်နေမှုကိုထင်ရှားသွားစေမည့် ခြိမ်းခြောက်မှုမျိုးဖြစ်လာပါက ထိုစစ်သားသည် အောင်မင်း ခံစားသွားရသော ကံကြမ္မာမျိုးခံစားသွားရမည်သာဖြစ်သည်။
အောင်မင်း၏ အဖြစ်အပျက်သည် စစ်တပ်က ကမ္ဘာကိုဖော်ပြနေသော ပုံရိပ်နှင့်လုံးဝဆန့်ကျင်စွာပင် ဘိန်း ရောင်းဝယ်မှုတွင် သူတို့နက်ရှိုင်းစွာပါဝင်ပတ်သက်နေမှုကို သရုပ်ဖော်လိုက်ခြင်းဖြစ်သည်။

လှည့်ဖျားတတ်သော သဏ္ဌာန်များ

စစ်အစိုးရက မူးယစ်ဆေးဝါးအား အမှန်တကယ် တိုက်ဖျက်သယောင် ထင်အောင် လုပ်ကိုင်ရာတွင်၎င်း တို့အကြိုက်ဆုံးနည်းမှာ အရာရှိဟောင်းရှင်းပြသည့် ဟီးရိုးအင်း တိုက်ဖျက်ရေးစီမံကိန်းကို အထူးလူ သိရှင်ကြားဖြစ်အောင်လုပ်ကာ ပြင်ဆင် ကျင်းပခြင်းပင် ဖြစ်သည်။
ဒေသဆိုင်ရာစစ်ဌာနချုပ်ဗဟိုက ဘိန်းစိုက်ခင်းများမှ ဘိန်းပင်များကို ဖျက်ဆီးရန်အမိန့်ပေးမည်။ အာဏာပိုင်များက လယ်သမားများနှင့် ကျေးရွာခေါင်းဆောင်များကို အမိန့်မရောက်ခင်ကပင် ခေါ်ကာ အပင်များကိုပြင်ဆင်ထားရန် ပြောမည်။ လယ်သမားများရောက်လာသောအခါ စစ်သားများအားအသုံး မဝင်တော့သော ဘိန်းပင်များ၊ ဟီးရိုးအင်းထုတ်ရန်လိုအပ်သော အစိမထုတ်နိုင်တော့သည့်ဘိန်းပင် များကိုပြကြလိမ့်မည်။ စစ်သားများက ၎င်းအပင်များကို ခုတ်ဖြတ်ဖျက်ဆီးကာ ကောင်းသောအပင်များ ကိုမူအကောင်းအတိုင်းထားခဲ့မည်။ ထို့နောက် ဘိန်းတိုက်ဖျက်မှုကို ဓါတ်ပုံများ၊ မီးရှို့ နေပုံများနှင့် အထောက်အထားပြကြမည်။ နောက်ဆုံး စစ်သားများသည် ရွာက မြန်မာငွေ သိန်းတရာအထိ တောင်းယူကြမည်။ ထို ဖြစ်စဉ်သည်သုံးလလျှင်တကြိမ် အမြဲဖြစ်နေမြဲဟု ဟုပြောပြသည်။
ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် NGOတခုဖြစ်သည့်ပလောင်အမျိုးသမီးအဖွဲ့၏ ၂ဝဝ၉ ခုအစီရင်ခံစာ “အဆိပ်သင့်တောင်ကုန်းများ”၌ပြီးခဲ့သည်ရာသီတွင်ကုလသမဂ္ဂ ဂြိုဟ်တုမှစောင့်ကြည့်နိုင်သည့် မြင်ကွင်းနေ ရာမှဘိန်းခင်းများ-ဘိန်းခင်းအားလုံး၏ ၁၁ ရာခိုင်နှုန်းကိုသာဖျက်ဆီးခဲ့သည်ဟုဖော်ပြထားသည်။ ရဲအစီရင်ခံစာတွင်ကား စိုက်ခင်းအားလုံး၏ ၂၅ ရာနှုန်းကိုဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။
ဘိန်းကုန်ကူးသူများကိုလည်း အခွန်ပိုကောက်ခဲ့ကြသည်။ ဗိုလ်ကြီးဟောင်းက ဒေသဆိုင်ရာ တပ်မှူးများသည် စစ်ဆေးရေးဂိတ်များတွင်ရှာဖွေ ခြင်းကင်းလွတ်ရန်အတွက် မူးယစ်ဆေးဝါးတင်ကားများတွင်ကပ်ရန် ဖြတ်သန်းခွင့်များကိုထုတ် ပေးခဲ့သည် ဟုရှင်းပြသည်။ပြည်နယ်တခုလုံးတွင်ဒေသဆိုင်ရာ တပ်မှူး ၁၃ ယောက်ရှိသည်။ ထိုအထဲ မှအရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် ရွှေတြိဂံဒေသများမှ တပ်မှူးသုံးဦးခန့်မှာဘိန်းရောင်းဝယ်မှုတွင်အထူး တက်ကြွကြသည်။ဝန်ကြီးချုပ်ဦးသိန်းစိန်သည် ၂ဝဝ၇ ခုနှစ်တွင်ရာထူးမတိုးခင်က ၂ဝဝ၁ တွင်တြိဂံ တိုင်းမှုးဖြစ်ခဲ့ကာ ရှမ်းစစ်ဘုရင်များနှင့်ပုံမှန်ဆက်ဆံမှုရှိခဲ့သောကြောင့် ထိုဒေသဆိုင်ရာတပ်မှုးများ ကိုင်ထားသောအာဏာ၏ အခြေခံဥပမာပင်ဖြစ်သည်။

“နိုင်ငံရေးအရ ပြင်ဆင်ခြင်း” ဘိန်းရောင်းဝယ်ခြင်း

ကမ္ဘာ့ဒုတိယ ဟီရိုးအင်း ထုတ်လုပ်သည့်နိုင်ငံ ဖြစ်နေသော်လည်း ၂ဝဝ၈ တွင် မြန်မာနိုင်ငံတွင်းတွင် မူးယစ်ဆေးဝါး ဖမ်းယူသိမ်းဆည်းမှုမှာ တကမ္ဘာလုံး၏ ၁ ရာခိုင်နှုန်း သာရှိ ...
“ကျနော့်ရဲ့စစ်သက် ၁ဝ နှစ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ၊ ကုန်ကူးမှုတွေ၊ လာဘ်ပေးလာဘ်ယူတွေ အဲ့လို ပတ်သက်မှုမျိုးတွေပဲ ရှိခဲ့တာပါ” ဟု ဗိုလ်ကြီးဟောင်းက ပြောသည်။
မူးယစ်ဆေး ကိစ္စများ မြင့်တက်လာရခြင်းသည် ပြည်သူ့စစ်များ၊ အပစ်ရပ်အဖွဲ့များ အရေအတွက် မြင့်တက်လာရခြင်းနှင့်လည်း ဆိုင်သည်။
“အပစ်ရပ်အဖွဲ့တွေနဲ့သဘောတူညီမှုမရခင်ကစစ်တပ်ဟာသူပုန်တွေနဲ့တိုက်နေခဲ့တာဖြစ်ပြီး ဘိန်းရောင်းဝယ်မှုမှာ ပတ်သက်မှုမရှိခဲ့ပါဘူး။ အပစ်ရပ်သဘောတူပြီးတဲ့နောက်ပိုင်းမှာတော့ ရပ်တည်နေနိုင်ဖို့ အပစ်ရပ်တွေဆီ ကနေငွေယူခဲ့ကြရတယ်” ဟုဗိုလ်ကြီးဟောင်းကပြောသည်။
ယခုအခါတွင် တိုင်းရင်းသားသူပုန်များနှင့်ယူထားသော အပစ်ရပ်သဘောတူညီမှုမှာ ခန့်မှန်းခြေ ၁၇ ခု ခန့်ရှိနေပါသည်။ လှုပ်ရှားနေဆဲပြည်သူ့စစ်အရေအတွက်မှာ မသိနိုင်သော်လည်း ရှမ်းသတင်းစာ မှလက်ခံရရှိသော စစ်အစိုးရအထောက်အထားများအရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တခုတည်း တွင်ပင် ၃၉၆ ဖွဲ့ရှိသည်ဟုဖော်ပြထားသည်။ ယခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေ စဉ်တွင် စစ်တပ်သည် အပစ်ရပ်အဖွဲ့များအား နယ်စပ်လုံခြုံရေးတပ်ဖွဲ့အနေနှင့်ဖွဲ့စည်းရန် ဖိအားပေးနေ သည်။ စစ်အစိုးရကိုအညံ့ခံ၍ ၎င်းတို့နိုင်ငံရေးမျှော်မှန်းချက်ကို အထောက်အပံ့ပေးသောအဖွဲ့များ၏ မူးယစ်ဆေးဝါးကိစ္စများကိုပံ့ပိုးပေးခြင်းဖြင့် အတုံ့အပြန်ဆုလာဘ်ချီးမြင့်ကြသည်။ ရှမ်းသတင်းစာအယ်ဒီတာ ဦးခွန်ဆိုင်းက စစ်အစိုးရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးသည် ဆိုင်ရာလူထုကိုလွှမ်းမိုးမှုရှိသော မဲဆွယ် စည်းရုံးပေးမည့်သူလည်း လိုအပ်နေသည်ဟု ဆိုသည်။
“ဒေသတွေမှာ သြဇာအရှိဆုံးသူတွေဟာလည်း ဘိန်းအရောင်းအဝယ်နဲ့ ပတ်သက်နေကြတာလေ။ အထူးသဖြင့်ပြည်သူ့စစ်ခေါင်းဆောင်တွေပေါ့။ သူတို့ကဒီအခြေအနေကို အမြတ်ထုတ်ကြမှာပေါ့” ဟုသူကပြောပြသည်။
ဦးခွန်ဆာက စစ်တပ်သည်အပိုဆွဲဆောင်မှုအနေနှင့် ပြည်သူ့စစ်အဖွဲ့တခုစီအား အနှောင့်အယှက်မရှိပဲ သူတို့လုပ် ချင်ရာလုပ်နိုင်သော လှုပ်ရှားမှုဒေသများကိုပါ သတ်မှတ်ပေးထားသည်ဟုပြောပြသည်။
“ခင်ဗျားနိုင်ငံရေးအရ ပြင်မယ်ဆိုရင် မြန်မာပြည်မှာဘာမဆိုလုပ်နိုင်တယ်“ ဟုသူကဆက်ပြောသည်။
ဥပမာအနေနှင့် သူကယခုနှစ် မြန်မာနိုင်ငံ တပ်မတော်နေ့ ကိုပြောပြသည်။
“တပ်မှူး(ဗိုလ်မှုးကြီးခင်မောင်စိုး)က တာချီလိတ်မှာပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေနဲ့ အလွတ်သ ဘောတွေ့တဲ့အခါ ဒါ ခင်ဗျားတို့အတွက် ရွှေအခွင့်အရေးပဲ။ တခုပဲ အကြံပေးချင်တာက ခင်ဗျားတို့ထုတ်တာတွေကို နယ်စပ်ဖြတ်ပြီးပို့ကြပါ။ မြန်မာပြည် ထဲကိုတော့ (ဒီဘက်ကိုတော့)မပို့နဲ့ပေါ့ လို့ပြောသွားတယ်လေ” ဟုဦးခွန်ဆိုင်းက ပြောသည်။
ပလောင် အမျိုးသမီးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်သည် ရှမ်းသတင်းစာမှ အချက်ဖြစ်သော ပြည်သူ့စစ် အုပ်ချုပ်သော ဒေသမှ မူးယစ်ဆေးဝါး ပိုထွက်သည် ဆိုသောအချက်ကို အတည်ပြု ပေးလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းက အစိုးရက ထိန်းချုပ်ထားသော မန်တုန် နှင့် နမ့်ခမ်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုမှာ ၂ဝဝ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ဟုအစီရင်ခံထား သည်။ ၂ဝဝ၈ နှင့် ၂ဝဝ၉ ရာသီများတွင် ရှမ်းပြည်မြောက်ပိုင်း ၂၃ မြို့နယ်အနက်မှ ထိုနှစ်မြို့နယ်တွင် ပလောင်အမျိုးသမီးအဖွဲ့ (PWO) မှတွေ့ရှိရသော ဘိန်းစိုက်ဧကမှာ UNODCှ၂၃ မြို့နယ်အားလုံးအတွက် စုစုပေါင်းမှတ်တမ်းတင်ထားသော ဧကထက် သုံးဆနီးပါး (၄,၅၄၅ ဟက်တာ)ရှိပါသည်။UNODCက တချိန်ထဲတွင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအားလုံးတွင် ၁ဝဝ ရာခိုင် နှုန်းတက်လာသည်ဟု အစီရင်ခံထားပါသည်။ ၎င်းမှာ ၈ဝဝ ဟက်တာမှ ၁၆ဝဝ ဟက်တာထိဖြစ်ပါ သည်။
ရှမ်းသတင်းစာရော PWOကပါ UNODC၏ စစ်အစိုးရထုတ် တိုက်ဖျက်ရေး အစီရင်ခံစာများနှင့် သင့်တော်သော အတည်ပြုမှုမရှိသည့်ဂြိုလ်တုမှ ရိုက်ထားသောဓာတ်ပုံများမှ ဖော်ပြသည့် အချက်အလက်များပေါ်တွင် မှီငြမ်းသည့်နည်းလမ်းကို ဝေဖန်ထားသည်။
ထိုင်းနိုင်ငံရှိ ONCBကလည်း မြန်မာနိုင်ငံနှင့်ပတ်သက်သော မူးယစ်ဆေးအချက်လက်များကို နအဖ ထံမှ ရယူပါသည်။
“ကျနော်တို့နဲ့သူတို့အပိုင်းတော်တော်များများမှာဆက်ဆံရေးကောင်းကောင်းနားလည်မှုတွေနဲ့ အချက်အလက်တွေကို လဲကြပါတယ်။ သူတို့ဘက်က လိမ်ညာထားတာ မရှိပါဘူး။ ပြီးတော့ သူတို့အချက်အလက်တွေကိုလည်း ပံ့ပိုးပေးနိုင်တာပေါ့။ ဥပမာ ဘိန်းစိုက်ခင်းပုံတွေဆိုရင် UNODC,UN,တရုတ်တို့ကပုံတွေနဲ့အတူတူပါပဲ” ဟုဖွန်သစ်ကပြောပြသည်။
“ကျနော်တို့ဘယ်တုန်းကမှ မြန်မာပြည်က NGO တွေနဲ့မတွေ့ပါဘူး။ အစိုးရ၊ မူးယစ်နှိမ် နှင်းရေးရဲတွေနဲ့ပဲ ဆက်ဆံတာပါ” ဟုလည်း သူကထပ်ပြောသည်။

မရှိသလောက် သိမ်းယူမှုများ

ဦးခွန်ဆိုင်းသည် ရှမ်းပြည်နယ်အတွင်းတွင်ရှိသော တိုင်းရင်းသားသောင်းကျန်းသူများ နအဖ ကိုတိုက်ခိုက်ရန်အဆင်သင့်ရှိစေရေးအတွက် မူးယစ်ဆေးများပိုမိုရောင်းကာ လက်နက်များဝယ်ယူနိုင်ရန် မက်သာဖက်တမင်း ထုတ်လုပ်မှုများ တိုးမြှင့်လုပ်ဆောင်လာသည်ဟု ရေးသားဖော်ပြထားသော UNDOC ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာမှ ထုတ်ပြန်ကြေညာချက် ကိုငြင်းဆိုလိုက်သည်။
“ကိုးကန့်တွေ၊ဝတွေကပုံမှန်အတိုင်းဆက်ပြီးထုတ်လုပ်နေကြတယ်။ပိုလည်းမလာသလိုလျော့ လည်းမသွားဘူး။ တိုးလာတာကတော့ ပြည်သူ့စစ်အဖွဲ့တွေ ပိုပါလာတာပါပဲ။ အခု ကိုးကန့် တွေ ဝ တွေကထုတ်လုပ်နိုင်ပေမယ့် ပြည်သူ့စစ်အုပ်စုတွေရဲ့ပူးပေါင်းမှုမပါပဲနဲ့တော့ တနေရာကတနေရာကို သယ်ဖို့မဖြစ်နိုင်ပါဘူး။ သူတို့ဟာသူတို့ သယ်ရင်လည်း အဖမ်းခံရမှာပါ” ဟုသူကပြောသည်။
လွီစန်စုံ တောင်ကြောတွင် ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ဘိန်းပင်များ ဖျက်ဆီးနေစဉ် မြန်မာ စစ်သားတဦး ဘိန်းပန်းများအကြား လမ်းလျှောက်နေပုံ ဖြစ်သည်။ ၁၉၉၉ တွင် စတင်ခဲ့သည့် စစ်အစိုးရ၏ နိုင်ငံတွင်း ဘိန်းကုန်ကူးမှု ပပျောက်ရေး ကျယ်ပြန့်သော လှုပ်ရှားမှု၏ တစိတ်တဒေသအဖြစ် ကမ္ဘာ့အကြီးဆုံး ဘိန်းစိုက်ဒေသ ရှမ်းပြည်နယ်မှ ဘိန်းခင်းများကို အစိုးရ စစ်သားများနှင့် ရွာသားများက ဖျက်ဆီးခဲ့ကြသည်။ ၁၁ နှစ် ကြာပြီးသည့်အထိလည်း ဘိန်းဘုရင်ကြီးများ အရေးယူမခံရပဲ ဆက်လက် လုပ်ကိုင်နေကြကာ မြန်မာစစ်တပ်ကလည်း အမြတ်အစွန်းများသော ဘိန်း ကုန်ကူးမှု စီးပွားရေးတွင် နီးကပ်စွာ ပါဝင်ပတ်သက်နေဆဲ၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကိုင်တွယ်ရန် အားတခုအဖြစ် ဆက်လက် အသုံးပြုနေဆဲ ဖြစ်သည်။ ဓါတ်ပုံ AFP
UNODC ၏ ဒေသဆိုင်ရာ ကိုယ်စား လှယ် ဂယ်ရီလူးဝစ်က ဘန်ကောက်တွင် ပြုလုပ်သော ၂ဝ၁ဝ ကမ္ဘာ့ မူးယစ်ဆေး အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင်၂ဝဝ၈ က မြန်မာပြည်၌ မက်သာဖီတမင်း ဆေးပြား တသန်း သိမ်းယူရရှိခဲ့ ရာမှ မနှစ်ကမူ ၂၃ သန်းအထိ သိမ်းယူရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ လူးဝစ်က ထိုကိန်းဂဏန်းသည် ဒုစရိုက်မှုကို တားဆီးနိုင်ခြင်းထက် ဆေးထုတ်လုပ်မှု တဟုန်ထိုး တိုးတက်လာခြင်းကို ပြခြင်းပင် ဖြစ်သည် ဟု ဆိုသည်။
ဦးခွန်ဆိုင်းက ပိုမို ဖမ်းဆီးသိမ်းယူ ရရှိမှုများသည် ပိုမို ထုတ်လုပ်ခြင်းကို ပြသည်ဆိုသည်ကို သဘောတူ သော်လည်း ၎င်းသည် တစုံလုံး၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်ဟု ပြောသည်။ စစ်တပ်သည် သိမ်းယူ ဖမ်းဆီးမှုများ၏ ပင်ရင်း နေရာအတိအကျပင် ဖြစ်သည်။ အဓိပ္ပာယ်မှာ သိမ်းယူမှုများသည် လုပ်ကြံမှုများ မ ဟုတ်သလိုပင် ပြည်သူ့စစ်များက ထုတ်လုပ်လိုက်သော မူးယစ် ဆေးဝါးများကိုလည်း နယ်ခြား ဖြတ်ကျော်နိုင်အောင် အမြဲလုပ်ပေးနေသည်ဟု သူက ဆက်ပြောသည်။
ထိုင်းမြန်မာနယ်စပ်တလျှောက် ဘိန်းထုတ်လုပ် ရောင်းဝယ်ခြင်းအတွက် နာမည်ကြီးသောအပစ် ရပ်အဖွဲ့တခုဖြစ်သည့် ကိုးကန့် အဖွဲ့သည် နယ်စပ်လုံခြုံရေးတပ်အသွင်ပြောင်းရန် ငြင်းဆန်သည့်အ တွက် နအဖ ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရကာ သူတို့ပိုင်မူးယစ်ဆေးဝါးအားလုံး အသိမ်းခံခဲ့ရသည်။ စစ်အုပ်စုသည် ကိုးကန့်တို့၏ ဘိန်းနှင့်ပတ်သက်သော လုပ်ဆောင်မှုများကို ကာလရှည်ကြာကတည်းက မျက်စိမှိတ်ထားခဲ့ကာ ဘိန်းတိုက်ဖျက်ရေးလှုပ်ရှားမှုအပြီးတွင် ထိုဒေသသည် မူးယစ်ဆေးကင်း စင်ဒေသ ဖြစ်သည်ဟုပင် လူသိရှင်ကြားကြေညာခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လက စစ်အုပ်စုက ထိုဒေသမှ ဘိန်းအမြောက်အများ သိမ်းယူရရှိခဲ့သည်ဟု ကြေညာခဲ့ပြန်သည်။ ထို တိုက်ခိုက်မှုကြောင့် တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ၃၇,ဝဝဝ ခန့် ထွက်ပြေးခဲ့ကြရသည်။
မကြာသေးခင်က ညီညွတ်သောဝပြည်နယ်စစ်တပ် (UWSA)မှဟုယုံကြည်ရသော များပြားသည့် မက်သာဖက်တမင်း သယ်ယူမှုတော်တော်များများ ထိုင်းနယ်စပ် တာချီလိတ်တွင် အသိမ်းခံခဲ့ရသည်။
“သိမ်းတာတွေက သိပ်တော့မဆိုင်ပါဘူး။ ဒါမျိုးတွေကိုအာဏာပိုင်တွေက ဥပမာ ဝ အဖွဲ့လိုမျိုးကိုပေါ့ နိုင်ငံရေး၊ လုံခြုံရေး နဲ့ ပတ်သက်ပြီးဖိအားပေးချင်ရင်ပဲ လုပ်ကြတာပါ” ဟု လစ်တနာ ကပြောသည်။
တပ်သားအင်အား ၃ဝ,ဝဝဝ ခန့်ရှိသောUWSAသည် စစ်အစိုးရ၏ နယ်စပ်လုံခြုံရေးတပ် အသွင် ပြောင်းရန်ကိစ္စကိုပယ်ချခဲ့သည့် အကြီးဆုံးသောအပစ်ရပ်အဖွဲ့ဖြစ်ကာ စစ်အစိုးရသည်သူတို့ပြုလုပ်မည့် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ တင်းကြပ်စွာပြန်လည်ကိုင်တွယ်လာခြင်းဖြစ်သည်။ မနှစ်ကသိမ်း ယူခဲ့သော မူးယစ်ဆေးဝါးအများစုမှာ ကိုးကန့် နှင့် ဝ အဖွဲ့များမှဟု ယုံကြည်ရကာ ထိုသို့သိမ်းယူမှုမျိုး သည် အယင်က တခါမှမဖြစ်ခဲ့ဘူးပေ။
“မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်ရာကနေရတဲ့ အမြတ်အစွန်းတွေဟာ အပစ်မရပ်ခင်ကရော ရပ်ပြီး မှာရော မြန်မာပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား သူပုန်တပ်တွေရဲ့ အဓိက ငွေဝင်လမ်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ UNODC တို့ဟာ အပစ်ရပ်အဖွဲ့တွေက အစိုးရနဲ့ ဆက်ဆံရေး ကောင်းနေသမျှ အဲ့ဒီ ဘိန်းရောင်းဝယ်နေတာကို မျက်စိပိတ်ထားခဲ့ကြတယ်လေ။ အခု အပစ်ရပ်အဖွဲ့ တွေကို နယ်စပ်လုံခြုံရေး တပ်အဖြစ် အသွင်ပြောင်းခိုင်းတဲ့ အစိုးရရဲ့တောင်းဆိုချက်ကိုတချို့အပစ်ရပ်အဖွဲ့တွေ ကအာခံလာတဲ့အခါကျတော့ သူတို့အစကတည်းကအမြဲလုပ်နေတဲ့ဟာကိုပဲ ချက်ချင်းကြီးမူးယစ်ဆေး ဝါးရောင်းဝယ်ပါတယ်ဆိုပြီး ခုမှစွပ်စွဲတာကိုခံကြရတယ်” ဟု လစ်တနာကပြောသည်။
မက်သာဖီတမင်း ဖမ်းဆီးသိမ်းယူမှုများသည် ဒလကြမ်းထိုးတက်လာခဲ့သော်လည်း ကမ္ဘာ့မူးယစ်ဆေး ဝါးအစီရင်ခံစာက မြန်မာပြည်တွင်းရှိ မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာ နည်းပါးနေသေးသည်ဟု ယူဆပါ သည်။ ကမ္ဘာ့ဒုတိယ ဟီရိုးအင်းထုတ်လုပ်သည့်နိုင်ငံဖြစ်နေသော်လည်း ၂ဝဝ၈ တွင်မြန်မာနိုင်ငံတွင်း တွင်မူးယစ်ဆေးဝါးဖမ်းယူသိမ်းဆည်းမှုမှာ တကမ္ဘာလုံး၏ ၁ ရာခိုင်နှုန်းသာရှိသည်။ ထို့အတူပင် ၂ဝဝ၈ တွင် အရှေ့နှင့် အရှေ့တောင်အာရှ တွင် ဆေးပြားပေါင်း ၃၂ သန်းသိမ်းယူခဲ့မှုတွင်လည်း မြန်မာနိုင်ငံ သည် ၃ ရာခိုင်နှုန်း၊ ဆေးပြား ၁.၁ သန်းသာရှိခဲ့သည်။
အစီရင်ခံစာကဖော်ပြရာတွင် မြန်မာနိုင်ငံတွင် နအဖ ကသူတို့ထိန်းချုပ်မှုအောက်တွင်မရှိသော ရှမ်းပြည်နယ် အရှေ့နှင့်မြောက်ပိုင်းတစိတ်တပိုင်းတို့သို့ အင်အားသုံး၍ဝင်ရောက်ခဲ့စဉ်ကဖမ်းဆီးခဲ့ သောဆေးပြားအရေအတွက်နှင့် ဆေးချက်ရန် ဓာတုဗေဒပစ္စည်းပမာဏ တို့မှာ ပြီးခဲ့သည့်နှစ်တွင် ခုန်တက်လာခဲ့သည်ဟုလည်းဆို၏။

နိုင်ငံရေး အခင်းအကျင်းသစ်

ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုအဖြစ် စစ်အုပ်စုသည် အာဏာအတွက် ကြိုးပမ်းဆောင်ရွက်ကာ တင်း ကြပ်စွာထိန်းချုပ်ရန်ပြုလုပ်နေစဉ်တွင် သူတို့ တည်ဆောက်ထားသော မူးယစ်ဆေးဝါး စီးပွားရေးအ သစ်ကို ပို၍သာဆိုးရွားလာစေသည်။ လစ်တနာက မူးယစ်ဆေးရောင်းဝယ်မှုသည် ၁၉၉ဝ ကျော် ကာလများက မြင်တွေ့ရသကဲ့သို့ပင် မှေးမှိန်သွားလိမ့်မည်ဟု မျှော်လင့်ထားသည်။
“၁၉၉ဝ တုန်းကဘိန်းထုတ်တယ်။ နောက်ဆက်တွဲကတော့ ဟီးရိုးအင်းပေါ့။ ၁၉၉ဝ ကျော်ကာလတွေ မှာတော့ ထုတ်လုပ်မှုဟာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး အခုတော့လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလောက်ပဲ ပြန်ဖြစ်သွားတယ်။ မက်သာဖီတမင်းလည်း အဲ့လိုပဲပေါ့။ လွန်ခဲ့တဲ့အနှစ် ၂ဝ ကဆိုရွှေတြိဂံဒေသမှာ မြန်မာပြည်ဘက်ကဆိုသိတောင် မသိကြဘူးလေ” ဟုသူကပြောသည်။
၁၉၉၇ တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက် ယခုကဲ့သို့ ချက်ကျကျပြောခဲ့ စဉ်ကထဲက မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုသည် မည်သည့်ဘက်သို့ဦးတည်သွားမည်ဆိုသည်ကို သူ ကောင်းကောင်းကြီး သိနေခဲ့သည်။ “တခါက တောလမ်းတွေထဲမှာ လားတန်းကို ဦး ဆောင်သွားရင်း နေ့ရက်တွေ ကုန်ဆုံးခဲ့ရတဲ့ မူးယစ်ဆေးရောင်းသူတွေဟာ အခု မြန်မာနိုင်ငံရဲ့ဈေးကွက်စီးပွားရေးသစ်မှာ ဦးဆောင်အလင်းရောင်တွေနဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်မှာ ဦးဆောင်ဦးရွက်ပြုသူတွေ ဖြစ်နေကြပါပြီ” ဟုဖြစ်သည်။



Geen opmerkingen: