မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 30 september 2010

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

မြတ်ခိုင်ဦး / ၃၀ စက်တင်ဘာ ၂၀၁၀
သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူစံတော်ချိန် (၃) နာရီတွင်TanTockSeng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။
ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက်ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။
ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင်(၄-၅)ရက်ခန့် ကြာဦးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့အတွက် လိုအပ်သော ခွဲစိတ်ကုသမှုများပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။
ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီးဂျပန်နိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ)မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂)ဦး ကွဲကွာနေရသည်မှာ (၁၈)နှစ်ရှိပြီဟု သိရသည်။
ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။
ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံတဦးဖြစ်သူ ကိုခင်အောင်က “အခုဆေးရုံမှာ ခွဲစိတ်တာ မျက်စိအထူးကုဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန်ဆရာမများလည်း လိုက်ပါလာကြသည်ဟု သိရသည်။
ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။
သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအဖြစ် တပ်မတော်သားများ၏ ချစ်ခင်လေးစားမှုကို ခံယူရသော တပ်ချုပ်တဦးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူတဦး ဖြစ်သည်။

တိုင်းရင်းသားပါတီများ မဲဆွယ်စည်းရုံးမှု အာဏာပိုင်များ နှောင့်ယှက်

ခင်ဦးသာ Thursday, September 30, 2010
.ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးရေး လုပ်ဆောင် နေကြသော တိုင်းရင်းသား နိုင်ငံရေး ပါတီများမှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ တားမြစ် နှောင့်ယှက်မှုများနှင့် ကြုံတွေ့နေ ကြရကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ခေါင်းဆောင်တဦးက“စည်းရုံးတာတွေကို နှောင့်ယှက်နေတဲ့အပြင် တရား ၀င် မှတ်ပုံတင်ခွင့် ရထားတဲ့ ပါတီစာစောင်တွေကိုပါ မဖြန့်ဝေရတော့ဘူးလို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်တယ်၊ ဥပဒေကို နားမလည်လို့လား၊ တမင်ညစ်တာလား တော့မသိတော့ဘူး”ဟု ပြောသည်။
ရှမ်းပြည်နယ်အလယ်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် SNDP၏ (နသ)လိုင်စင်ရရှိပြီး တရားဝင်ထုတ်ဝေခွင့်ပြုထားသည့် မူဝါဒရေးရာ စာစောင်များကို ဖြန့်ချိခွင့် မပြုရဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ယခုရက်ပိုင်းတွင် တားဆီးလိုက်ကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြသည်။
SNDP ခေါ် ကျားဖြူပါတီ၏ စာစောင်များ မဖြန့်ဝေရဟု ကန့်သတ်ထားသော နယ်မြေတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည) တို့၏ စာစောင်များကို အကန့်အသတ်မရှိ ဖြန့်ဝေခွင့်ပေးထားကြောင်း သိရသည်။
“ရိုးရိုးသားသား ဒီမိုကရေစီ နည်းနဲ့သာ ပြိုင်ကြမယ်ဆိုရင် ကျနော်တို့ပါတီ နိုင်မှာသေချာပါတယ်”ဟု SNDP ပါတီ ခေါင်းဆောင် က ဆိုသည်။
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ရှိ အခြေအနေအရ ဆိုပါက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလုံးဝ မဖြစ်နိုင်ကြောင်းလည်း ရှမ်းခေါင်းဆောင်က ဆိုသည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့သော ကုလသမဂ္ဂ၏ ၆၅ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု ပြောဆိုသွားသည်။
“သူတို့ပြောတာကို ပြည်မကပြည်သူတွေရော တိုင်းရင်းသားတွေကပါ ဘယ်သူကမှ မယုံပါဘူး၊ ဒါပေမယ့် ပြည်မမှာက သူတို့ပါတီတွေကပဲ နိုင်မှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကြံ့ဖွံ့နဲ့တစည ၂ ခုပေါင်းက ကိုယ်စားလှယ် ၂၀၀၀ ကျော်ရှိနေတယ်”ဟုမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။
အတိုက်အခံပါတီ(သို့မဟုတ်)ဒီမိုကရက်တစ်ပါတီများ၊ တိုင်းရင်းသားပါတီများ အားလုံး၏ ကိုယ်စားလှယ် စုစုပေါင်းမှာ ၅၀၀၀န်းကျင်သာ ရှိကြောင်းလည်း နိုင်ငွေသိန်းက ပြောသည်။
မွန်ပါတီ၏ စည်းရုံးရေး လုပ်ဆောင်နေမှုများကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များအပြင် ကြံ့ဖွံ့ပါတီဝင်များကပါ လိုက်လံစောင့်ကြည့်ခြင်း၊ ဓာတ်ပုံရိုက် မှတ်တမ်း တင်ခြင်း တို့ကို လုပ်ဆောင်နေကြောင်း၊ ယင်း လုပ်ရပ်ကြောင့် ဒေသခံများက ကြောက်လန့်နေခဲ့ကြသော်လည်း နောက်ပိုင်းတွင် အလေးအနက် မထားတော့ကြောင်း သိရသည်။
“ရယကဥက္ကဌတွေကသူတို့(ကြံဖွံ့ပါတီ)ကိုပဲမဲပေးကြဖို့၊ထောက်ခံကြဖို့ခြောက်ပြောတာ၊ မက်လုံးပေးပြောတာတွေရှိ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ နောင်လည်း သူတို့ကပဲ ဆက်အုပ်ချုပ်မှာသွားမှာမို့လို့ဖြစ်တယ် ဆိုပြီး စည်းရုံးနေတယ်” ဟု မွန်ပြည်နယ် ကျိုက်မရော မြို့ခံ တဦးက ပြောပြသည်။
ထိုသို့ အနှောင့်အယှက် အမျိုးမျိုး ရှိနေသော်လည်း တရားသောနည်းလမ်းဖြင့် ရိုးရိုးသားသား ရင်ဆိုင်၍ တိုင်းရင်းသား အရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငွေသိန်းက ပြောသည်။
ရွေးကောက်ပွဲ၌ မဲမပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြောဆိုထားခြင်းကြောင့် မည်သူ့ကို မဲပေးရမှန်း မသိ ဖြစ်နေသော ပြည်သူများကို မဲပေးကြရန်အတွက် စည်းရုံးရေး ပြန်ဆင်းနေရကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။
“သိက္ခာရှိရှိပဲပြိုင်မယ်၊ ဘာပေးမယ်၊ ညာပေးမယ်ဆိုပြီးတော့လည်း လိမ်ပြောပြီးတော့ မစည်းရုံးဘူး၊ လုပ်ပေးနိုင်တာပဲပြောတယ်”ဟု နိုင်ငွေသိန်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)သည်လည်း မဲဆွယ်စည်းရုံးရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၏ နှောင့်ယှက်မှုအမျိုးမျိုးကို ရခိုင်ပြည်နယ်၏ နေရာ အများစုတွင် ကြုံတွေ့နေရကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
“စည်းရုံးရေး လုပ်နေတဲ့ နေရာနဲ့နီးတဲ့ နေရာတွေကနေ ဓာတ်ပုံရိုက်တာတို့၊ ရဲစခန်းမှူး ကိုယ်တိုင်လာပြီး နားထောင်တာတို့၊SB တွေက ရှေ့က ဆိုင်ကယ်နဲ့ ဖြတ်သွားတာ တို့တွေ လုပ်နေတော့ ပြည်သူတွေက ကြောက်ပြီးတော့ မလာရဲကြတော့ဘူး” ဟု RNDP ပါတီ၏ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။
ပါတီစည်းရုံးရေး လုပ်ခါစတွင် အမျိုးသမီးများနှင့်ကလေးများ၊ ကျောင်းသားလူငယ်များသာ လာရောက်နားထောင်ကြသော်လည်း ယခုအခါ အရွယ်မျိုးစုံလာရောက်နားထောင် အားပေးမှုရှိလာကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
စစ်တွေမြို့နယ်အပြင် တခြားသော မြို့နယ်၊ ကျေးရွာများတွင်လည်း အာဏာပိုင်များ၏ နှောင့်ယှက်မှုများ ဆက်တိုက်ရှိခဲ့ပြီးယခုရက်ပိုင်းတွင် အဝေးမှ စောင့်ကြည့်ခြင်းကိုသာ တွေ့နေရကြောင်း ၎င်းကဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် မဲဆွယ်ရာ၌ သာသနာ့နယ်မြေ များအား အသုံးမပြုရဟု ပါဝင်သော်လည်းကြံ့ဖွံ့ပါတီသည် စစ်တွေမြို့နယ်ရှိ ကြက်တောပြင်ဘုန်းကြီးကျောင်း၊ တသီးစုရပ်ကွက်ဓမ္မာရုံ၊ မိဇံရပ်ကွက်မှဓမ္မာရုံ စသည်တို့ကိုအသုံးပြု၍ မဲဆွယ်စည်းရုံးနေကြောင်း ဒေသခံများ၏ ပြောပြချက် အရသိရသည်။
ချင်းတိုင်းရင်းသားများ ကိုယ်စားပြု တည်ထောင်ထားသည့် ချင်း တိုးတက်ရေး ပါတီ၏ ဥက္ကဌ ဦးလုံစီ ကမူ ၎င်းတို့ပါတီ အနေ ဖြင့် ယခင်က အနှောင့်အယှက်အနည်းငယ်ရှိခဲ့ပြီး လက်ရှိတွင် ကြီးကြီးမားမားနှောင့်ယှက်မှုမျိုး မကြုံရသေးကြောင်း ပြောဆို သည်။
စည်းရုံးမှု လုပ်ဆောင်ရာတွင် လူစုလူဝေးဖြင့် မလုပ်ဆောင်ဘဲ တအိမ်တက် တအိမ်ဆင်း စနစ်ဖြင့်၊ တဆင့်စကားဖြင့် လုပ်ဆောင် နေရာ ဒေသခံပြည်သူများ၏ ထောက်ခံမှု ရရှိကြောင်း ရှင်းပြသည်။
ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ ကိုယ်စားပြုထားသည့် ကချင် တိုင်းရင်းသား ပါတီသာ ရှိ၍ အနှောင့်အယှက် တစုံတရာ မတွေ့ရ ကြောင်း မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။
စစ်အစိုးရက ရွေးကောက်ပွဲအား ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေး ပါတီ ၃၇ ခုမှ ကိုယ်စား လှယ်လောင်း ၃၀၀၀ ကျော်ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

KNU နှင့် နအဖတပ် ထပ်မံ တိုက်ပွဲဖြစ်

သန်းထိုက်ဦး Thursday, September 30, 2010
.နအဖတပ်ဖွဲ့များကိုကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ် ဘက်မှ ၁ ဦး ကျဆုံးကြောင်း သိရသည်။
ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အနီးတ၀ိုက်တွင် KNU တပ်ရင်း (၁၆) မှ တပ်ဖွဲ့များနှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၃)မှ ခြေလျင်တပ်ရင်း (ခလရ)၂၈၃ နှင့် ခလရ ၄၀၅ တပ်ရင်းတို့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နအဖ တပ်များက ယင်းဒေသ၌ တပ်အပြောင်းအလဲ ပြုလုပ်နေစဉ် KNU ပြောက်ကျားတပ်များက ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်ကြောင်း KNUတပ်မဟာ (၆)မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေက ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၂၀၀ ခန့် ရှိပြီး အစီအစဉ် တခုခုကြောင့် တပ်ပြောင်းလာခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သော တပတ်ကလည်း လှိုင်းဘွဲ့မြို့နယ် သရီးဖိုးကွီး ကျေးရွာအနီး၌ နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ)၁၉ လက်အောက်ခံခြေမြန်တပ်ရင်း(ခမရ)၃၄၃နှင့်KNUတိုက်ပွဲဖြစ်ပွားရာ နအဖတပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA၊ အပစ် အခတ်ရပ်စဲထားသော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှား လျက် ရှိကြောင်း သိရသည်။
ယင်း တိုက်ပွဲနှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာများတွင် ယနေ့အထိ ဖော်ပြခြင်း မရှိသေးပေ။

သီရိလင်္ကာရောက် ကလေးများကို ပြန်ခေါ်ရန် သီတဂူဆရာတော် အကူအညီလို

ရန်ပိုင် Thursday, September 30, 2010
.သီရိလင်္ကာ နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ကလေး ၁၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရန် သီတဂူ ဆရာတော်ကြီးက ကြိုးစားလျက်ရှိရာ အလှူငွေ လိုအပ်နေကြောင်း သတင်းရရှိသည်။
                                        သီရိလင်္ကာရောက်မြန်မာသီလရှင်ကလေးများ။(ဓာတ်ပုံ-wanna23.com)
ယင်းကလေးများသည် နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများမှ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လာရောက် လုပ်နေသည့် သီရိလင်္ကာနိုင်ငံသား ရဟန်းတော် ဒေါက်တာ စန္ဒိမာထေရ်က ပညာသင်ကြား ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် နှစ် အတွင်း က ခေါ်ယူသွားခြင်း ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့သာသနာပြုအဖွဲ့မှ ဆရာတော် ဦးပညာသီဟက ဧရာဝတီသို့ ပြောသည်။
“ကလေးတွေက မိဘမဲ့တွေရော ပါတယ်။ ဟိုရောက်တော့ ညီအစ်ကိုတွေဆိုလည်း တနေရာစီခွဲထားတာ၊ အခုအထိမတွေ့ရ ဘူး။ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ သင်ပေးမယ်ဆိုပြီး ခေါ်တာ”ဟု ဆရာတော်က ဆိုသည်။
ကလေးများကို ပညာသင်ကြားပေးခြင်း မရှိဘဲ လူခွဲပြီး ထားကြောင်း၊ သီရိလင်္ကာနိုင်ငံတွင် စာသင်ကြားနေသည့် မြန်မာ သံဃာတော်များကို ကလေးငယ်များက ဆက်သွယ်၍ အိမ်ပြန်ပို့ပေးရန် အကူအညီတောင်းကြောင်း၊ စာသင်သားများမှာလည်း ငွေကြေး မတတ်နိုင်သည့်အတွက် သီတဂူဆရာတော်ကြီးက ဦးစီး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆရာတော် ဦးပညာသီဟက ဆက်လက် ရှင်းပြသည်။
ကလေးများ၏ မိဘများကလည်း ပြန်လည် ခေါ်ယူရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း လေယာဉ်စရိတ်မှာ တဦးလျှင် အမေရိ ကန် ဒေါ်လာ ၃၅၀ နှုန်းရှိသည့်အတွက် ပြန်လည်ခေါ်ယူရန် ငွေကြေးမတတ်နိုင်ကြောင်း သိရသည်။
ကလေးများသည် ရန်ကုန်တိုင်းမှ ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များမှလည်း ပါဝင် ပြီး ဟိန္ဒူလူမျိုး ကလေးများလည်း ပါဝင်ကြောင်း၊ အသက်၁၀ နှစ်မှ ၁၄ နှစ်သားအရွယ်အထိ ပါဝင်သည်ဟု ဆရာတော် ဦးပညာသီဟ က ဆိုသည်။
ကလေးငယ်များကို စောင့်ရှောက်ရန် သီရိလင်္ကာ ဆရာတော်က ထိုင်ဝမ်နိုင်ငံရှိ တရုတ်လူမျိုးများကို ကလေးတဦးလျှင် အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာနှုန်းဖြင့် အလှူငွေ ကောက်ခံခဲ့ကြောင်း၊ ၎င်း၏ အင်တာနက် ၀က်ဘ်ဆိုက်တွင်လည်း ကလေး ငယ်များ၏ ဓာတ်ပုံများဖြင့် အလှူခံနေကြောင်း သိရသည်။
သီတဂူ ဆရာတော်မှ ဆရာတော် ဒေါက်တာ စန္ဒိမာကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိဟု သိရသည်။
ဒေါက်တာ စန္ဒိမာကမူ “တချို့ကလေးတွေက စာမသင်ချင်ဘူး။ မြန်မာပြည်ပြန်ချင်တယ်။ ပြန်ပို့ဖို့လည်း သံရုံးနဲ့ စီစဉ်နေတယ်။ မြန်မာ သံအမတ်ကြီးလည်း ကလေးတွေကို လာတွေ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ စန္ဒိမာသည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် မေတ္တာကျေးရွာကို တည်ထောင်ခဲ့ကြောင်း သိရသည်။
ယင်းကျေးရွာဖွင့်ပွဲကို သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု ၂၀၀၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက သွားရောက်ခဲ့သည့် သီရိလင်္ကာ ခရီးစဉ်တွင် ဒေါက်တာ စန္ဒိမာနှင့် တွေ့ဆုံခဲ့သေးသည်။
သီရိလင်္ကာတွင် ပညာသင်ကြားနေသည့် စာသင်သား ရဟန်းတပါးက “ကလေးတွေ သူတို့ ခံစားချက်လေးတွေကို စာရေးပြီး ဆက်သွယ်ကြတယ်။ သီလရှင်လေးတွေ အပါး ၂၀ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သီတဂူ ဆရာတော်ကြီးအနေဖြင့် သီရိလင်္ကာသို့ လာရောက်စဉ် စာသင်သား ရဟန်းတော်များနှင့် သီရိလင်္ကာရှိ မြန်မာသံရုံးမှ ၀န်ထမ်းများက လျှောက်ထားသည့်အတွက် ယခုကိစ္စကို ဖြေရှင်းပေးခြင်းဖြစ်သည်ဟု သိရသည်။
ယင်းကလေးများကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက စာရေး အကြောင်းကြားခဲ့သော်လည်း အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဟု သီရိလင်္ကာရှိ မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
ယင်းကလေးများကို ဒေါက်တာ စန္ဒိမာက ပြည်ထဲရေး ၀န်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူ သွားခြင်းဖြစ်သည်ဟု သိရသည်။
သီရိလင်္ကာနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီ က ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားမည်

သန်းထိုက်ဦး Thursday, September 30, 2010
.ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာပြည်သို့ ၁ ရက်ကြာ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
မစ္စတာ အဖိဆစ်၏ ခရီးစဉ်တွင် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ အစီအစဉ်များကို မေးမြန်းမည်ဖြစ်ကြောင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် တိုင်းရင်းသားများ အရေးကိုလည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် အင်တာနက် သတင်းစာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
                                                              ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖိဆစ်ဝေ့ချာချီဝ(ဓာတ်ပုံ-အေပီ)
ထို့အပြင် စစ်အစိုးရဘက်က ကာလကြာရှည်စွာ ပိတ်ထားခဲ့သော နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရေး အတွက်လည်း မစ္စတာ အဖိဆစ်က စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု သိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ထိုင်းအစိုးရက ငွေမတည် စိုက်ထုတ်ပေးထားသော လမ်းဖောက်လုပ်ရေး စီမံချက် အပါအဝင် လမ်းပန်းဆက်သွယ်ရေးနှင့် လမ်းတံတား ဆောက်လုပ်ရေးများကိုလည်း ဆွေးနွေးရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းကို ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
မစ္စတာ ကဆစ်က “ထိုင်းအစိုးရ အနေနဲ့ မြန်မာအစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပြုခြင်းနဲ့ မြန်မာနိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေး မှုဝါဒကို လေ့လာချင်တယ်။ ကျနော်တို့ အနေနဲ့ ထိုင်းပုဂ္ဂလိက လုပ်ငန်းတွေအတွက် ဘယ်လို ကဏ္ဍတွေက အကျိုးစီးပွား ဖြစ်မလဲဆိုတာရယ် စီးပွားရေး မျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ် မဖြစ် ဆိုတာတွေကို လေ့လာဖို့ စိတ်ဝင်စားပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သော တပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတခု၌ မစ္စတာ အဖိဆစ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည် ယခုထက် ပိုမို၍ အားလုံးပါဝင်နိုင်သော နိုင်ငံရေး စနစ်တခုဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပါဝင်ခွင့် ပြုသင့်သည်ဟု ပြောကြားခဲ့သည်။
ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ခရီးစဉ် အချိန်ဇယားဆွဲရန် အခက်အခဲ ရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။
အလားတူပင် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ သွားရန် စီစဉ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယံ ယက်ထောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရဖူးသည်။
လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များက ဆက်တိုက်ပိတ် ထားသောကြောင့် ကုန်စည်စီးဆင်းမှုမရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သတင်းများအရ သိရသည်။
ထိုင်းသတင်း ဖော်ပြချက်များအရ တံတားပိတ်ထားမှုကြောင့် တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိသည်ဟု ဆိုသည်။
မြန်မာက ထိုင်းသို့တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် သတင်း ဖော်ပြခွင့်မရ

ဧရာဝတီ Thursday, September 30, 2010
.မဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမည်ကို တရားဝင် ထည့်သွင်း ထုတ်ပြန်ခဲ့ သော်လည်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အဆိုပါသတင်းကို ပြည်တွင်း မီဒီယာများ၌ ဖော်ပြခွင့်မပြုကြောင်း သတင်းရရှိသည်။
ဟောင်ကောင်တွင် ရွှေဝါရောင် တော်လှန်ရေး ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဟောင်ကောင် CoalitionforFreeBurmaအဖွဲ့ဝင်တဦး ဒေါ်အောင်ဆန်းစုကြည် ပိုစတာကိုကိုင်၍ ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ -AP)
ပြီးခဲ့သည့် တပတ်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား အမှတ် (၁)ရပ်ကွက်ရှိ ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၊ အတူနေသူများ ဖြစ်သည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ကို မဲပေးနိုင်သူများ စာရင်းတွင် ထည့်သွင်း ဖော်ပြထား ခြင်းကြောင့် ပြည်တွင်း မီဒီယာများက ရပ်ကွက်ရုံးသို့ သွားရောက် သတင်းယူ ကြကြောင်း၊ သို့သော် စာပေ စိစစ်ရေးက ယင်းသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် မပြုဘဲ ဖြုတ်ပယ်ခြင်း ဖြစ်ကြောင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။
“စာပေစိစစ်ရေးက ဒေါ်အောင်ဆန်း စုကြည်ဆိုတဲ့ နာမည်ကို သတင်း မီဒီယာ တွေပေါ်မှာ မမြင်ချင်လို့ ပိတ်တာပဲ။ လူတယောက် မဲပေးလို့ ရတယ်ဆိုတာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ သတင်းမျိုး မဟုတ်ဘူး” ဟု အဆိုပါ အယ်ဒီတာက ပြောသည်။
မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အမည် ပါဝင်ခြင်းမရှိဘဲ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းအချိန်တွင်မှ ဒေါ်အောင်ဆန်းစုကြည် အမည်ပါသည့် စာရွက်ကို ရပ်ကွက်ရုံးတွင် ပြောင်းလဲကပ်ခြင်းဖြစ်ကြောင်း သိရသည်။
စာပေစိစစ်ရေးသည် ဒေါ်အောင်ဆန်းစုကြည်၏အမည်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် NLD နှင့် ဆက်နွှယ်သော သတင်းမှန်သမျှ ပိတ်ပင်ထားသည့်အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်ရေးသားမှုများ၊ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သတင်းများ ဖော်ပြခွင့်ကိုလည်း ပိတ်ပင်ထားသည်။
“အခုထက်ထိ သတင်းလွတ်လပ်ခွင့် မရသေးဘူး။ ပြည်တွင်း ပုဂ္ဂလိကမီဒီယာတွေ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုနည်းနဲ့မှ သတင်းလွတ်လပ်ခွင့် ရမှာမဟုတ်ဘူး” ဟု ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက ပြောသည်။
ပြည်တွင်း သတင်းမီဒီယာများအနေနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ဆက်စပ်သော သတင်းများ ရေးသားရာတွင် သတိပြုကြရန်၊ ဝေဖန်ခြင်း၊ မှားယွင်းရေးသားခြင်းများရှိလျှင် ဂျာနယ်ထုတ်ဝေခွင့်ကို ထာဝရ ပိတ်ပင်သည်အထိ အရေးယူမည်ဖြစ်ကြောင်း စာပေစိစစ်ရေးက ညွှန်ကြားချက်တရပ်ကို ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ပြည်တွင်း နိုင်ငံရေးသမား တဦးကမူ သတင်းလွတ်လပ်ခွင့်မရှိဘဲ လာမည့် ရွေးကောက်ပွဲသည် တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ရွေးကောက်ပွဲကို သပိတ်မှောက် ခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ အရ ထောင်ဒဏ် တနှစ်နှင့် ငွေဒဏ် တသိန်း ချမှတ်နိုင်သည်ဟု ရေးသားထားသည့် အစိုးရဝါဒဖြန့် ဆောင်းပါးများကို သတင်းဂျာနယ်များတွင် ဖော်ပြရန် စာပေစိစစ်ရေးက ဖိအားပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)၏ ရပ်ကွက်များတွင် လမ်းခင်းပေးခြင်း၊ ငွေချေးငှားပေးခြင်း ကဲ့သို့သော နိုင်ငံတော်ပိုင် ဘဏ္ဍာငွေဖြင့် မဲဆွယ်စည်းရုံးသည့် သတင်းများ၊ ကြံ့ဖွံ့ပါတီကို အမာခံမဲပေးမည့်သူများစာရင်းနှင့် ကြိုတင် မဲစာရင်း ကောက်ခံမှုများနှင့် ပတ်သက်သော သတင်းများကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပါတီများမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်က လွှတ်တော် သုံး ရပ်တွင် နေရာ ၁၁၇၁ နေရာအတွက် ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။

စင်မြင့် ဖျော်ဖြေပွဲ လက်မှတ်အတုများ ပေါ်ထွက်

နရီလင်းလက် Thursday, September 30, 2010
.တေးဂီတ စင်မြင့် ဖျော်ဖြေပွဲများတွင် ပွဲကြည့်လက်မှတ် အတုများ ထွက်ပေါ်မှုကြောင့် ပရိသတ်များ အပါအ၀င် ပွဲစီစဉ်သူများပါ အခက်အခဲ ကြုံတွေ့ နေရကြောင်း သိရှိရသည်။
လက်မှတ်အစစ် အရေအတွက် ၁၀၀၀ တွင် အတု အရေအတွက် ၂၀၀ ခန့် ထွက်ပေါ်တတ်ပြီး နာမည်ကြီး အဆိုတော်များ ပါဝင် သည့် ပွဲမျိုးတွင် ရောင်းချသည့် လက်မှတ်အရေအတွက်၏ ထက်ဝက်နီးပါးခန့် အတုများ ထွက်ပေါ်လာကြောင်း၊ လက်မှတ် အတု တစောင်လျှင် လက်မှတ် အစစ်ဈေးနှုန်းအတိုင်း ကျပ် ၄၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ အထိ ရောင်းချနိုင်သောကြောင့်လက်မှတ် အတုလုပ်ခြင်းကို စီးပွားဖြစ် လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
                                 စက်တင်ဘာလ၄ရက်နေ့ကSedonaHotelတွင်ပြုလုပ်ခဲ့သောICအဖွဲ့၏ဖျော်ဖြေမှု
“ရှိုးပွဲတွေက များသော အားဖြင့် ညနေ ၅ နာရီ၊ ၆ နာရီလောက် စကြတာ များတယ်။ ပွဲလုပ်တဲ့ အချိန်က ညဘက် ဆိုတော့ ဒါကို အခွင့်ကောင်း ယူပြီး အတုတွေနဲ့ ၀င်လာတာလည်း ရှိတယ်။ တချို့က ၀ယ်ထားမိတာ အတုမှန်းတောင် မသိကြဘူး။ နောက်လ လုပ်မယ့်ပွဲမှာ အတုလုပ်လို့ မရအောင်၊ လက်မှတ်မှာ ဘားကုတ်တွေ ထည့်ထားပြီး စစ်ဆေးတာ လုပ်လို့ရအောင် လုပ်ဖို့ စီစဉ် နေတယ်”ဟု Bo Bo Entertainment မှ ကိုဘိုစန်းက ပြောသည်။
ကိုဘိုစန်းက ဆက်လက်ပြီး “ပွဲတခုနဲ့ တခု ထုတ်တဲ့ လက်မှတ် ပုံစံမတူဘူး။ ဒီလို မတူတဲ့ ဟာကိုပဲ အတု လိုက်လုပ်တာ။ မြန်မာ ပြည်မှာကလည်း ရောင်ပြန် ဟိုလိုဂရမ်တွေက ပေါနေတော့ လက်မှတ် အစစ်မှာပါတဲ့ အတိုင်း ၀ယ်ကပ်လည်း ရတယ်။ အရင် လုပ်ခဲ့တဲ့ပွဲက ဟိုလိုဂရမ်တွေ ခွာပြီး ဒီအတိုင်း တူအောင် အတု ပြန်လုပ်တာလည်း ရှိတယ်”ဟုလည်း ပြောဆိုသည်။
ယခုကဲ့သို့ လက်မှတ်အတုများ ထွက်ပေါ်နေသည့်အပြင် မှောင်ခိုရောင်းချမှုများကို မတားဆီးနိုင်သေးကြောင်း ပွဲစီစဉ်သူ တဦး ကလည်း ပြောသည်။
“လက်မှတ်အတုတွေ ပေါ်နေတဲ့ကိစ္စက ပွဲ တော်တော်များများမှာ ဖြစ်နေတာ။ အတုလိုက်မလုပ်နိုင်အောင် ဘယ်လိုလုပ်ရ မလဲ ဆိုတာကို စီစဉ်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်ဌာနကို သွားတိုင်ရမယ်ဆိုတာလည်း မရှိသလို၊ ဒီလို လုပ်ရင် ဥပဒေ အရ ဘယ်လိုဖြစ်မယ်ဆိုတာ သတ်မှတ်ပေးထားတာ မရှိတော့ ပွဲစီစဉ်သူတွေက ကိုယ့်ဘာသာကိုယ်ဖြေရှင်းရတာပဲ”ဟု ၎င်းက ပြောပြသည်။
“ရှိုးပွဲတခု လုပ်မယ်ဆိုရင် ဘယ်နေရာတွေမှာ ၀ယ်လို့ရတယ်ဆိုတာ သတ်မှတ်ပေးတာ။ တချို့က သတ်မှတ်ပေးထား တဲ့ နေရာမှာ မ၀ယ်ဘူး။ တချို့ကျတော့ အနားနီးမှ သိလို့ မှောင်ခိုဈေးကွက်မှာ ၀ယ်တယ်။ ဒီတော့ အတုတွေ မိတယ်။ အတုမိရင် ပရိသတ်ဘက်က စိတ် အနှောင့်အယှက်ဖြစ်ရသလို၊ ပွဲစီစဉ်သူတွေ ဘက်ကလည်း စိတ်ညစ် ရတယ်”ဟု အထက်ပါ ပွဲစီစဉ်သူ က ဆိုသည်။
ပြင်ပပေါက်ဈေးနှုန်းအတိုင်း ပေးပြီး ၀ယ်ယူနေရသော်လည်း လူကြည့်များသည့် ပွဲမျိုးတွင် လက်မှတ် အတုအစစ် မခွဲခြားတတ် သောကြောင့် အတုများဝယ်မိတတ်ကြောင်း လူငယ် ပရိသတ်တဦးက ပြောသည်။
“မျှော်စင်ကျွန်းမှာလုပ်ခဲ့တဲ့ အဆိုတော် အဲလက်စ်နဲ့ Woodstock ပွဲ လက်မှတ်ကြိုမ၀ယ်ထားမိလို့ ပွဲလုပ်မယ့် နေရာနား ရောက် တော့မှ လာရောင်းတဲ့ သူတွေဆီက ၀ယ်လိုက်တယ်။ အားလုံးပေါင်း ကျနော်တို့ သူငယ်ချင်း ၁၀ ယောက်လောက် ရှိတယ်။ ဟိုရောက်တော့ လူတွေ ကအရမ်းများနေပြီ။ ၄ ယောက်လောက်က အထဲ ရောက်သွားတယ်။ ကျန်တဲ့ ၆ ယောက်က အပြင်မှာ ကျန်ခဲ့တယ် စစ်တော့ လက်မှတ်က အတုကြီးဖြစ်နေတယ်တဲ့ ကျနော်တို့တန်ရာတန်ကြေးပေးပြီး ၀င်တာပဲ။ ဒီလို စစ်တာ မခံ ချင် ဘူး။ ပျော်ချင်လို့ လာကြည့်ပါတယ်ဆို အတုမိပြီးမ၀င်ရဘူး”ဟု ထိုလူငယ်က ပြောပြသည်။
BoBoEntertainment မှ စီစဉ် ပြုလုပ်မည့် Hip Hop ပွဲကို လာမည့် အောက်တိုဘာ၂၃ ရက် သီတင်းကျွတ် လပြည့်နေ့ ယုဇန ဂါးဒင်းတွင် ကျင်းပမည်ဟု သိရသည်။
လက်မှတ်အတုများ ထွက်ပေါ်မလာစေရန် ရောင်ပြန် ဟိုလိုဂရမ် ကပ်ခြင်း၊ ဘားကုတ်ထည့်ခြင်း၊ UV(ခရမ်းလွန်ရောင်ခြည်)အလင်းဖြင့်စစ်ဆေးခြင်းစသည့်နည်းလမ်းများအသုံးပြုစီစဉ်ရန် ကြိုးစားထားသော်လည်း အားနည်းချက်များ ရှိနေသော ကြောင့် လက်မှတ်အတုများ ထွက်ပေါ်မူကို ထိန်းချုပ်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

woensdag 29 september 2010

ကြံ့ဖွံ့နှင့် တစည မဲရုံကိုယ်စားလှယ် နေ့စားနှင့်ခေါ်

ခိုင်သွယ် Thursday, September 30, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီ တို့သည် ရွေးကောက်ပွဲ နေ့အတွက် မဲရုံကိုယ်စားလှယ်များ ထားရှိရန် အခကြေးငွေ ပေး၍ ခေါ်ယူ လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာ၂၂ရက်ကတစညပါတီတည်ထောင်ခြင်း၂၂ပြည့်အခမ်းအနား၌ပါတီဥက္ကဌဦးထွန်းရီ အမှာစကားပြောကြားနေစဉ်(ဓာတ်ပုံ-Reuters)
ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မဲရုံများတွင် ကိုယ်စားလှယ် အဖြစ် ထားရှိရန် တဦးလျှင် ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၇၀၀၀ ၊ တစညပါတီက ထမင်းကျွေးပြီး နေ့တွက်ခ ကျပ် ၅၀၀၀ နှုန်းဖြင့် အသီးသီး ခေါ်ယူလျက် ရှိကြောင်း သတင်းရရှိသည်။
“ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီကတော့ ကျနော်တို့ ရပ်ကွက် တွေထဲမှာ အပြိုင် အဆိုင်ကို ခေါ်နေကြတာပဲ။ လူတွေက ကြံ့ဖွံ့ပါတီ ဆိုရင်တော့ အန္တရာယ် မရှိနိုင်ဘူးပေါ့။ ပိုက်ဆံလည်း ပိုရမယ်ပေါ့။ အဲဒီလို ဖြစ်နေတယ်”ဟု အင်းစိန် မြို့နယ်တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ပါတီအများစုသည် ငွေကြေး အခက်အခဲနှင့် လူထု၏ အကြောက် တရားများကြောင့် မဲရုံကိုယ်စားလှယ် အဖြစ် လုပ်ပေးမည့် သူများ ရှာဖွေရန် ခက်ခဲနေချိန်တွင် အဆိုပါ အင်အားကြီး ပါတီနှစ်ခုက ငွေအင်အားသုံး၍ ခေါ်ယူနေခြင်း ဖြစ်ကြောင်း နိုင်ငံရေး ပါတီများထံမှ သိရှိရသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှအထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက “ပါတီရဲ့ မဲရုံကိုယ်စားလှယ် လုပ်ပေးမယ့် သူက ရှိပါတယ်။ အားလုံး အပြည့်ထားနိုင်ဖို့တော့ ခက်နေတယ်။ လူတွေက ကြောက်ကြတယ်၊၊ နောက်တချက်က ဘတ်ဂျက် အရလည်း ကျမတို့က မဲရုံကိုယ်စားလှယ် တယောက်ကို ဘယ်လောက်ဆိုပြီး ပေးနိုင်မှာ မဟုတ်ဘူး”ဟု ပြောသည်။
နိုင်ငံရေးပါတီ တချို့အတွက် မဲရုံကိုယ်စားလှယ်လောင်းများအဖြစ် အခမဲ့လုပ်ပေးမည့်သူများ ရှိသော်လည်း ကြံ့ဖွံ့ပါတီဝင်များ ကို စိုးရွံ့နေကြကြောင်း ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ကလည်း ဆိုသည်။
“လူတွေက ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့နဲ့ ပြဿနာဖြစ်မှာ စိုးရိမ်ကြတယ်။ ကျနော်တို့ကတော့ စပြီး စုဆောင်းနေပြီ။ ရသလောက် တော့ ထားမှာပါ။ အားလုံး အပြည့်အစုံထားနိုင်ဖို့ကတော့ မပြောနိုင်သေးပါဘူး”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
ရွေးကောက်ပွဲဝင်မည့် ပါတီပေါင်း ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
သို့သော်လည်း နိုင်ငံရေးပါတီအများစုမှာ အကြောင်းကြောင်းကြောင့် မဲရုံကိုယ်စားလှယ် ထားနိုင်ကြမည် မဟုတ်ဘဲ ကြံ့ဖွံ့ပါတီ နှင့် တစညပါတီတို့ကသာ မဲရုံကိုယ်စားလှယ် လိုသလောက်ထားနိုင်မည့် အနေအထားမျိုးဖြစ်ကြောင်း သိရသည်။
“ကြံ့ဖွံ့ပါတီက မဲရုံကိုယ်စားလှယ်လောင်းတင်မကဘူး၊ သူတို့ပါတီဝင်တွေကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ပါတီရုံး လာတဲ့သူတွေကို တနေ့ ကျပ် ၂၀၀၀ နှုန်းနဲ့ စပေးနေပြီ။ ပြီးတော့ မဲရုံနဲ့ပတ်သက်တဲ့ သင်တန်းလည်း စပေးနေပြီ”ဟု မရမ်းကုန်း မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးတာဝန်ခံ ဦးသာဝင်းက ၄င်းတို့ပါတီအနေဖြင့် မဲရုံကိုယ်စားလှယ် ထားရှိရန်အတွက် စီစဉ် ပြီးဖြစ်ကြောင်း၊ စားရေးသောက်ရေးအတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

မူးယစ်ဆေးဝါး မှောင်ခိုများ ရွေးကောက်ပွဲ ၀င်မည်

ဧရာဝတီ Wednesday, September 29, 2010
.တရုတ်၊ထိုင်း-မြန်မာနယ်စပ်ဒေသများတွင်မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်နေသူများကို ရွေးကောက်ပွဲတွင် အမတ်များ အဖြစ် ၀င်ရောက် အရွေးခံရန် စစ်အစိုးရက ထောက်ခံမှု ပေးထားကြောင်း ကချင်နှင့် ရှမ်း သုတေသီများက ပြောဆိုသည်။
     ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးမိထားသော ဘိန်းများကို မီးမရှို့မီ ဓာတ်ပုံရိုက်ယူနေစဉ် (ဓာတ်ပုံ - MNA)
စစ်အစိုးရ နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများ အဖြစ် ၀င်ရောက် အရွေးခံမည့် ဦးမြင့်လွင်နှင့် ဦးကျော်မြင့် တို့သည် ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုများတွင် ပါဝင် ပတ်သက် နေကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်း ( FCCT) ၌ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သုတေသီများက ဆိုသည်။
“ဘိန်းကုန်သည်၊ ဘိန်းရာဇာ တွေထဲက ဦးကျော်မြင့်က နမ့်ခမ်းမှာ၊ ဦးမြင့်လွင်နဲ့ ဦးထီခွန်မြတ်က ကွတ်ခိုင်မှာ၊ ဦးကျင်မိုင်က မူဆယ်မှာ၊ သူတို့ အားလုံး ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲဝင်ကြမယ်။ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးနေတဲ့ ဒေသ အတော် များများဟာ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတွေပါပဲ” ဟု ရှမ်း သုတေသီနှင့် သတင်းစာသမား တဦးဖြစ်သူ ဦးခွန်စိုင်းက ပြောသည်။
ယခင်က ဘိန်းကို ရှမ်းပြည်နယ်တွင် ၀တပ်ဖွဲ့ ဝင်များနှင့် ငြိမ်းချမ်းရေးအဖွဲ့ များက အဓိက စိုက်ပျိုးထုတ်လုပ် ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်အစိုးရ ဖွဲ့ စည်းပေးထားသော ပြည်သူ့စစ်များက ပိုမို စိုက်ပျိုးထုတ်လုပ်လာကြကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပါဝင်ပတ်သက်မှုထက် ၂ ဆ ပိုများကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးခွန်စိုင်းက မူးယစ်ဆေးဝါးများသည် ၀ ဒေသမှ ၀င်ရောက် လာသည့် ပုံစံမျိုး အထင်မှားစေရန် မူးယစ်ဆေးဝါး ရောင်းဝယ်သူ များက ဟန်ဆောင်ကြကြောင်း၊ UWSA၏ တုံ့ပြန်မှုကို ကြောက်ရွံ့သည့်အတွက် ယင်းရောင်းဝယ်ဖောက်ကားသူများက အခက်အခဲ အတားအဆီးများကို အလွယ်တကူ ဖြတ်ကျော်နိုင်ကြကြောင်း ပြောသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး၏ အထောက်အပံ့ဖြင့် ၁၀ စုနှစ် တခုကြာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုသည် ပြည်နယ်အတွင်း ပိုမို များပြား လာကြောင်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါးစောင့်ကြည့်ရေး ပြုလုပ်နေသည့် စာစောင်တစောင်က ဆိုသည်။
ရှမ်းပြည်နယ်တွင် တပ်ရင်းပေါင်း ၁၅၀ အထိ ထပ်မံတိုးချဲ့ထားသော်လည်း ပြည်နယ်ရှိ မြို့နယ် ၅၅ ခုအနက် ၄၆ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးပွားလာကြောင်း၊ တလ လစာ ၂၀၀၀၀ ကျပ်ခန့် ၀င်ငွေရှိသော မြန်မာစစ်သားများအနေဖြင့် ဘိန်း စိုက်ပျိုးရေးလုပ်ငန်းမှ အကောက်အခွန်များ ရယူပြီး ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ တင်သွင်းသည့် လုပ်ငန်းများတွင် ပါဝင် ပတ်သက်မှုရှိနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့က ဆိုသည်။
“ပလောင် အမျိုးသား ၈၀ ရာခိုင်နှုန်းလောက် ဘိန်းကို သုံးစွဲတယ်။ ၁၄ နှစ် ၁၅ နှစ်အထက် လူငယ်အားလုံးလိုလို စွဲနေတယ်” ဟု ပလောင်အမျိုးသမီး အစည်းအရုံးမှ လွေးအေးနန်းက ဆိုသည်။
ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါးကုန်ကူးမှုများတွင် စစ်တပ်မှ ပါဝင် ပတ်သက်မှုများနှင့် ပတ်သက်၍ မကြာသေးမီက ပလောင် အမျိုးသမီး အဖွဲ့က ထုတ်ဝေသည့် သတင်းမှတ်တမ်းတွင် ထောက်ပြထားသည်။
ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDAK)၏ ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန်ယိန်း ကလည်း ကချင်ပြည်နယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်သည် ဘိန်းသုံးစွဲမှု အမြင့်မားဆုံး ပြည်နယ်ဖြစ်ကြောင်း ကချင် သတင်းဌာန၏ အယ်ဒီတာ လဖိုင် နော်ဒင်းက ဆိုသည်။
“ရွှေမှော်၊ ကျောက်မှော် သစ်ထုတ်လုပ်ရေးမှာ လုပ်တဲ့လူတိုင်းက ဘိန်းကို သုံးစွဲကြတယ်။ ဘိန်းစားတာက အောက်ပြည်မှာ ကွမ်းဝါးသလိုပဲ ယဉ်ကျေးမှု တရပ်လို ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
၂၀၀၄ ခုနှစ် နောက်ပိုင်း ကချင်ပြည်နယ်၏ ပညာတတ်များ မွေးထုတ်ရာ မြစ်ကြီးနား တက္ကသိုလ်တွင် ဘိန်းကို လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း၊ မူးယစ်ဆေးစွဲနေသည့် ကျောင်းသား ၃၀၀၀ ခန့် ရှိနေကြောင်း ကချင်ပြည်နယ်ရှိ ဘာသာရေး အဖွဲ့အစည်းများက ခန့်မှန်းထားသည်ဟု သိရသည်။
“၂၀၀၄ခုနှစ်နောက်ပိုင်းမှာပြင်သစ်နိုင်ငံအခြေစိုက်နယ်စည်းမခြားဆရာဝန်များအဖွဲ့က မြစ်ကြီးနားတက္ကသိုလ်ရဲ့ အိမ်သာတွေထဲမှာ ဘိန်းထိုးပြီးတဲ့ ဆေးထိုးအပ်တွေကို ထည့်ဖို့ နေရာလေးတွေ စီစဉ်ပေးတယ်။ အဲဒီလောက်အထိ အခြေအနေ ဆိုးရွား လာတယ်” ဟု လဖိုင် နော်ဒင်းက ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် စစ်အစိုးရကို ပြန်လည်တိုက်ခိုက်ရန်အတွက် လက်နက်များ ၀ယ်ယူနိုင်ရန် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွင် ပါဝင်လာကြောင်းလည်း သိရသည်။
ဧရာဝတီ သတင်းထောက် ဘစောတင်နှင့် ဆိုင်မွန်ရောက်ဂ်နင်း တို့ပူးပေါင်းပေးပို့သည်။

အားလုံးပါဝင်မှုရှိသည့် ရွေးကောက်ပွဲဟု နိုင်ငံခြားရေးဝန်ကြီးပြော

ခင်ဦးသာ Wednesday, September 29, 2010
.နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။
စက်တင်ဘာ၂၈ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့တွင်ကျင်းပသော၆၅ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံသို့တက်ရောက်လာသည့်မြန်မာကိုယ်စားလှယ်အဖွဲ့ကိုဤသို့တွေ့ရသည်(ဓာတ်ပုံ-GettyImages)
စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသော ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ၁၃ မိနစ်ကြာ ပြောဆိုခဲ့သည့် ၎င်း၏မိန့်ခွန်းထဲတွင် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ ကိုယ်စားပြုထားသည့် နိုင်ငံရေးပါတီများအပြင် ပါတီ ၃၇ ခုမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များအတွက် နေရာ စုစုပေါင်း ၁၁၇၁ နေရာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
ရွေးကောက်ပွဲ၌ အားလုံးပါဝင်သည်မှာ ထင်ရှားနေကြောင်း မြန်မာ ကိုယ်စားလှယ်က ပြောဆိုသော်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍မူ တစုံတရာ ပြောဆိုသွားခြင်း မရှိပေ။
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောဆိုမှုသည် အခြေအမြစ် မခိုင်လုံသော အကြောင်းပြချက် တရပ်သာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက တုန့်ပြန် ပြောဆိုသည်။
“ပါတီ၃၇ခုကကိုယ်စားလှယ်သုံးထောင်ကျော်ပြိုင်မယ်လို့ပြောတာဟာအရည်အချင်းမရှိတဲ့အရေအတွက် တွေကိုသာဖတ်ပြတာ ဖြစ်တယ်” ဟုလည်း NLD ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
လာမည့် ရွေးကောက်ပွဲသည် ပြည်သူ့အကျိုး ဖော်ဆောင်ပေး နိုင်မည့် ရွေးကောက်ပွဲ တခုဖြစ်မလာ နိုင်ကြောင်းလည်း သူက ဆက်ပြောသည်။
ရွေးကောက်ပွဲကို နိုင်ငံတကာမှ ယုံကြည်လက်ခံမှု ရှိလာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များအားလုံး လွှတ်ပေးရန် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပသော မြန်မာ့ မိတ်ဆွေများ အဖွဲ့ အစည်းအဝေး၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုခဲ့သည်။
မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့တွင် တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံများနှင့် ဥရောပ နိုင်ငံတချို့ပါဝင်သည်။
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာ နိုင်ငံတွင် ယခင်ကလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများ ရှိခဲ့၍ ယခုရွေးကောက်ပွဲကို အစီအစဉ်တကျ အောင်မြင်စွာ ကျင်းပနိုင်မည် ဖြစ်ပြီး ပြည်သူများ အနေဖြင့် မိမိတို့ စိတ်ကြိုက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်မည်ဖြစ်၍ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိနိုင်မည်ဟုလည်း ဆိုသည်။ ၎င်းက ဆက်လက်၍ မြန်မာ စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟုလည်း ပြောသည်။
ဦးဉာဏ်ဝင်း၏ ပြောဆိုမှုနှင့် ပတ်သက်၍ သံတမန်ဟောင်း တဦးဖြစ်သူ နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “မြန်မာအစိုးရ ကိုယ်စားလှယ် ပြောတာကို ကမ္ဘာ့နိုင်ငံတွေကလည်း စစ်ဗိုလ်တွေ သူတို့ပြောချင်တာ လျှောက်ပြောနေ တယ်လို့ပဲ သတ်မှတ်မှာပါ။ ကမ္ဘာ့ ဥပဒေကိုလည်း လိုက်နာတဲ့ လူတွေမဟုတ်ဘူး” ဟု ဝေဖန်သည်။
နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များ၊ ပြည်တွင်း ပြည်ပ မီဒီယာများကို လွတ်လပ်စွာ လေ့လာခွင့်ပေးမည် ဆိုပါက တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက လက်ခံမည်ဟု ယူဆကြောင်း သခင်ချန်ထွန်းက ဧရာဝတီ ကိုပြောသည်။
မြန်မာစစ်အစိုးရက လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်မည်ဟု ကမ္ဘာကို ပြောဆိုနေသော်လည်း နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများကမူ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟုပြောဆိုနေကြသည်။

နိုင်ငံရေးသမား စစ်စစ်ကို မဲပေးပါ

ဧရာဝတီ Wednesday, September 29, 2010
.“ပြည်သူတွေရဲ့ ဒုက္ခဟာ ကျနော့် ဒုက္ခပါ” ဆိုသည့် ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်ကို အ၀ါရောင် နောက်ခံ ပိုစတာပေါ်တွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ခေါင်းဆောင် ဦးသုဝေ၏ ဓာတ်ပုံနှင့်အတူ လမ်းမပေါ် ရပ်ထားသော ကားတစီး၏ ဘော်ဒီဘေးတွင် ချိတ်ဆွဲထားသည်ကို တွေ့ရမည် ဖြစ်သည်။
       “ပြည်သူတွေရဲ့ ဒုက္ခဟာ ကျနော့် ဒုက္ခပါ” စာတမ်းကို ကားတွင် ကပ်နေစဉ်။ (ဓာတ်ပုံ - မြတ်မိုးမောင်)
၁၉၉၀ ရွေးကောက်ပွဲကာလ နောက်ပိုင်းတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးသည် မြန်မာပြည်သူများအတွက် ထူးထူးခြားခြား ဖြစ်နေမည်မှာ အမှန်ပင်။ မကြာသေးခင်မှစပြီး နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများသည် ပြည်သူများအကြား လမ်းမများပေါ်တွင် ပို၍ မြင်တွေ့လာရသည်။
ပါလီမန် ဒီမိုကရေစီခေတ်မှ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၏ သမီး ၃ ဦး ခေါင်းဆောင်ပါဝင်သော ဒီမိုကရက်တစ် ပါတီ (မြန်မာ)သည် ပြည်သူလူထု၏ အာရုံစိုက်မှုကို အထိုက်အလျောက်ရရှိနေသော ပါတီဖြစ်ပြီး ပါတီမှ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင် အရွေးချယ်ခံမည့် မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေသည်။
မကြာသေးခင်က စစ်အစိုးရသည် နိုင်ငံရေးပါတီအားလုံးကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများတွင် ၎င်းတို့၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်များကို ကြေညာခွင့်ပေးခဲ့သည်။ ဦးသုဝေသည် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ မဲဆွယ်စည်းရုံးရေး ဟောပြောချက်ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရုပ်သံအစီအစဉ်မှ ဟောပြောသွားသည်။
ဤသို့ ဟောပြောခွင့်ရသည်မှာ ဦးသုဝေအတွက် နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအကြိမ် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလက ဒီမိုကရေစီပါတီ အနေဖြင့် ပထမအကြိမ် ဟောပြောခဲ့ဖူးသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)အထွေထွေအတွင်းရေးမှူးချုပ်ဒေါ်သန်းသန်းနုက “၁၉၉၀ ရွေးကောက်ပွဲတုန်းက နိုင်ငံရေး ပါတီတွေအနေနဲ့ ရေဒီယိုတို့ ရုပ်မြင်သံကြားတို့မှာ အခုထက်ပိုပြီး လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လေ့လာသူများက နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ စည်းရုံးခြင်းက ပို၍ထိရောက်သော မဲဆွယ်နည်း ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသည်။
မကြာသေးခင်က စစ်အစိုးရ ဗိုလ်ချုပ်ကြီးများသည် စစ်ယူနီဖောင်များကို ချွတ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ကို ထူထောင်ပြီး ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ရန် ကြိုးစားလာသော အခြေအနေတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ)၏ နောက်ဆောင်ပုဒ်တခုမှာ “ဒီမိုကရေစီစစ်စစ်ကို လိုချင်ရင်၊ နိုင်ငံရေးသမား စစ်စစ်ကို မဲပေးပါ” ဟူ၍ ဖြစ်သည်။

မဲမပေးရေး စာဖြန့်သည့် ကျောင်းသားများကို ဖမ်း

ဧရာဝတီ Wednesday, September 29, 2010
.ရွေးကောက်ပွဲ မဲမပေးရေး ဆိုင်ရာ စာရွက် စာတမ်းများ ဖြန့်ဝေခဲ့ကြသော ကျောင်းသား ၁၁ ဦးကို နအဖ စစ်အစိုးရက ဖမ်းဆီး ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) က ယနေ့ ပြောဆိုလိုက်သည်။
ပြီးခဲ့သော တပတ်က ရွေးကောက်ပွဲတွင် မပေးဘဲ နေခွင့်ရှိသည်ဆိုသော စာတမ်းများ ဖြန့်ဝေမှုကြောင့် စစ်အစိုးရက ဒဂုံ တက္ကသိုလ်နှင့် မှော်ဘီ နည်းပညာ တက္ကသိုလ်တို့မှ ကျောင်းသားများကို ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဗကသများ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က ဧရာဝတီသို့ ပြောသည်။
“ပထမ ၅ ယောက် ဖမ်းတယ်။ နောက်ထပ် ၃ ရက်လောက်မှာ ၆ ယောက် ထပ်ဖမ်းတယ်။ ပထမ ၅ ယောက်ထဲက ၁ ယောက်၊ ဒုတိယအသုတ် ၆ ယောက်ထဲက ၄ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ကိုဇာနည်က ဆိုသည်။
ကျောင်းသားများ ဖမ်းဆီးခံရမှုနှင့် စပ်လျဉ်း၍ ၄င်းအနေဖြင့် မသိပါဟူ၍ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဦးစန်းက ပြောဆိုခဲ့ သော်လည်း ဒဂုံတက္ကသိုလ်မှ ဆရာတဦးကမူ ကျောင်းသားများကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး တချို့ကို မကြာမီက ပြန်လွှတ်ပေးခဲ့သည်ဟု ပြောသည်။
ကိုဇာနည်က “ကြံ့ဖွံ့ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ၊ ကြံ့ဖွံ့ကို မဲပေးရင် ပြည်သူတွေကို သတ်ဦးမှာပဲ အစရှိတဲ့ စာတွေပါတယ်။ အဲဒါမျိုးတွေရယ် နောက်ပြီး မဲမပေးဘဲလည်း နေနိုင်တယ် စတဲ့ အဓိက မဲမပေးရေးကို ဇောင်းပေးတဲ့ စာသားမျိုးတွေပါတဲ့ လက်ကမ်းစာစောင်တွေ ဝေတာပါ”ဟု ဆိုသည်။
ယနေ့ ထုတ်ပြန်လိုက်သော ဗကသများအဖွဲ့ချုပ်၏ ကြေညာချက်တွင် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေ အခန်း ၁၊ အပိုဒ် ၃ (ဎ)ဥပဒေပါ “ရွေးကောက်ပွဲတွင် မဲမပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲ နေနိုင်သောအခွင့်အရေးကိုဆိုသည်”ဟူသော ပြဌာန်းချက်ကို ပြန်လည်ထောက်ပြထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေနိုင်ကြောင်း စာရွက် ဖြန့်ဝေခဲ့သည့် ကျောင်းသားများကို မတရား ဖမ်းဆီးထားသည့်အပေါ် အပြင်းအထန် ရှုတ်ချကြောင်းနှင့် ကျောင်းသား လူငယ် များက တိုးမြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက် အဖမ်းခံထားရသူမှာ သာထူးအောင်၊ ဇင်မင်းထက်၊ ကျော်သီဟ၊ ဇာနည်လင်း၊ ကျော်သူစိုးနှင့် ရဲလင်းဖြိုးတို့ ဖြစ်ပြီး အသက် ၁၉ နှစ်မှ ၂၄ နှစ် အရွယ်များရှိ၍ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ ပုဒ်မ ၃ အရ တားမြစ်ချက်များကို မည်သူမဆို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အနှစ်၂၀ အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့ထုတ် အစိုးရသတင်းစာ ဆောင်းပါးတပုဒ်တွင် ရေးသားထားသည်။
ယင်း ဥပဒေ ပုဒ်မ ၃ သည် နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေး၊ အမျိုးသား ညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သော ဥပဒေတရပ်ဖြစ်ကြောင်း ဥပဒေ လေ့လာသူတဦး အမည်ခံ ဆောင်းပါးရှင်က ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ စာရင်းများ အရ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း ကျောင်းသား အကျဉ်းသားပေါင်း ၂၈၂ ဦး ရှိနေသေးကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးနှင့် မင်းနိုင်သူ ပူးပေါင်း ရေးသားသည်။

အရမ်းအရမ်းကို စိုးရိမ်တာပဲ စိုးရိမ်သူကြီးရယ်

ရန်ကုန်သားတာတေ Wednesday, September 29, 2010 ထွေရာလေးပါး
.ဦးရုက္ခစိုး … စိုးရိမ်နေသည်။ဖိုးရှုပ်တယောက် ဘီယာကို ရေသောက်သလို ကမူးရှုးထိုးသောက်ပြီး သီးတာကို ကြည့်၍ စိုးရိမ်သည်၊ ကြွက်စုတ် ချင်းမိုင်သူလေးများ အငမ်းလွန်ပြီး အုန်းလွဲသွားတာကို စိုးရိမ်သည်။ အခုတလော ဘာကိုပဲ ကြည့်ကြည့်၊ ဘာပဲ ကြားကြား …ဘယ်ကိုပဲ သွားသွား စိုးရိမ်၍သာ နေတော့သည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး …ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စိုးရိမ်နေတာလဲ။ နှလုံးရောဂါများ ရနေလို့လား။ နတ်က နှလုံးရောဂါ ရတယ်လို့လည်း မကြားဖူးပါဘူး။
ရုက္ခစိုး။ ။ ခေတ်မီအောင် စိုးရိမ်ကြည့်နေတာပါ။ အင်တာနေရှင်နယ်မှာ စိုးရိမ်တယ် တခွန်းပြောတတ်ရင် အလုပ်ဖြစ် တယ်လေ။ အမေရိကန် သမ္မတ လုပ်မလား၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးပဲ လုပ်မလား၊ စိုးရိမ်တယ်လို့တော့ ပြောတတ်ရမယ်။
ကြွက်စုတ်။ ။ သြော် ဒီလိုလား ...။ ဖိုးရှုပ်ရေ … ငါလည်း ဦးရုက္ခစိုးကို စိုးရိမ်လာပြီ။ အခုရလာတဲ့ ရောဂါက အဆန်းပဲ။
ရုက္ခစိုး။ ။ မဆန်းပါဘူးကွာ … ခေတ်မီသူတိုင်း စိုးရိမ်ကြသည်တဲ့။ မယုံရင် မင်းလည်း နည်းနည်းလောက် စိုးရိမ် ကြည့်ပါလား။
ဖိုးရှုပ်။ ။ ဟုတ်ပါ့ ကျနော်တောင် နည်းနည်း စိုးရိမ်ချင်သလို ဖြစ်လာပြီ။
ကြွက်စုတ်။ ။ မင်းက ဘာတွေ စိုးရိမ်ပြန်ရတာလဲ။ ဦးရုက္ခစိုးဆီက ရောဂါကူးတာ ထင်တယ်။
ဖိုးရှုပ်။ ။ လစာ မှန်မှန်မရမှာတို့၊ ရည်းစားတယောက်မှ မရလိုက်ဘဲ သေသွားမှာတို့ကို စိုးရိမ်တာပေါ့။
ရုက္ခစိုး။ ။ မဆိုးဘူး ဖိုးရှုပ်လည်း ခေတ်မီလာပြီ။
ထိုစဉ် သူတို့ ရှိရာနေရာသို့ အိပဲ့ အိပဲ့နှင့် လူတဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကြွက်စုတ်။ ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ ချင်းမိုင်ကို ဘာလာလုပ်တာလဲ။
ချိုကုပ်။ ။ ရွေးကောက်ပွဲက နီးပြီဆိုတော့ အိမ်နီးချင်းတွေကို လိုက်ဖားရမယ်လေ။ ဒီကနေတဆင့် လာအိုကိုသွားမယ်၊ အဲဒီက ပြန်ရင် ဘင်္ဂလားဒေ့ရှ်ကို ဝင်မယ်၊ ပြီးရင် ဖိလစ်ပိုင်ကို သွားပြီး ဗီယက်နမ်ကို သွားမယ်၊ ဗီယက်နမ်က ပြန်ရင် ကမ္ဘောဒီးယား ပြီးရင် အိန္ဒိယကို တခေါက်ပြန်ကျော့ပြီး စင်ကာပူကိုပတ် ပြီးရင် တရုတ်မှာ ဂိတ်ဆုံးမယ်။
ရုက္ခစိုး။ ။ အာရှ တခွင်ပတ်တဲ့ ဘတ်စ်ကား စပယ်ယာလုပ်မလို့ ကျင့်နေတာလားဟင်။
ချိုကုပ်။ ။ မဟုတ်ပါဘူး။ အဲဒီနိုင်ငံတခုချင်းစီကို လိုက်ပြောရမယ် ...မစိုးရိမ်ပါနဲ့ ဆိုတဲ့အကြောင်း။ မဟုတ်ရင် အလကားနေရင်း အစည်းအဝေးတွေလုပ်လုပ်ပြီး စိုးရိမ်နေမှာစိုးလို့။ အခုလောက်ဆို ကုလသမဂ္ဂမှာလည်း ထပ်ဆင့် စိုးရိမ် နေလောက်ပြီ။ သူတို့ စိုးရိမ်တယ်လို့ ပြောမှာကို ကျုပ်ကလည်း စိုးရိမ်ပါတယ်။
ကြွက်စုတ်။ ။ ဘာဖြစ်လို့ သူတို့ စိုးရိမ်တယ် ပြောတာကို စိုးရိမ်တာလဲ။
ချိုကုပ်။ ။ စိုးရိမ်ရတာပေါ့။ သူတို့က စိုးရိမ်တယ်ပြောလိုက် ပြည်ပက မီဒီယာတွေက ရေးလိုက် ...။ အဲဒါတွေကို ဖတ်ဖတ်ပြီး ကွိုင်ကွိုင်က စိုးရိမ်လိုက်နဲ့ ...။ အဲဒါနဲ့ အခု ကျုပ်လည်း ပိုက်ဆံတွေ သောက်သောက် လဲ ကုန်ပါရောလား။
ဖိုးရှုပ်။ ။ ဘာဆိုင်လို့လဲ။
ချိုကုပ်။ ။ ဆိုင်တယ်လေ …ဆိုက်ဘာအတက် ဆိုလား စနိုက်ပါ အတက်ဆိုလား … အတက်တော့ အတက်ပဲ အဲဒီအတက် လုပ်ရတာနဲ့ သောက်သောက်လဲ ကုန်တာ။ ဟက်ကာတွေက ဒေဝါလီ မဂ္ဂဇင်းကို ပစ်မှတ်ထားပြီး တိုက်မယ်ဆိုပြီး ပိုက်ဆံတွေ တောင်းသွားတာလေ။ ကျုပ်ကတော့ ထိရင်ပြီးရောဆိုပြီး ပုံပေးလိုက်တာပဲ။
ရုက္ခစိုး။ ။ စိုးရိမ်လိုက်တာနော်။
ချိုကုပ်။ ။ နေဦး ဦးရုက္ခစိုး … မစိုးရိမ်နဲ့ဦး။
ရုက္ခစိုး။ ။ ကျုပ်က တာဝန်ကျေအောင် စိုးရိမ်တယ်လို့ ပြောပေးတာပါ။ ဒေဝါလီ မဂ္ဂဇင်းလောက် အတွက်တော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စိုးရိမ်တယ်လို့ ပြောမှာ မဟုတ်ဘူးလေ။
ချိုကုပ်။ ။ ကျုပ်လည်း အခု စိုးရိမ်တဲ့ရောဂါ ကွိုင်ကွိုင့်ဆီက ကူးနေပြီဗျ။
ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးက ဘာတွေများ စိုးရိမ်စရာ ရှိလို့လဲ။ ရွေးကောက်ပွဲ နိုင်ဖို့ကိုလည်း ရှိသမျှ အောက်လမ်းနည်း အကုန် သုံးပြီးပြီ မဟုတ်ဘူးလား။
ချိုကုပ်။ ။ ဟုတ်တယ်လေ။ သုံးတာတော့ သုံးတာပေါ့ ...။ ဒါပေမယ့် ယိုပေါက် ဟာပေါက် မရှိမှ ဖြစ်မယ်လေ။ အခု နောက်ဆုံး ဖမ်းမိတဲ့ ဆင်ဖြူတော်က အထီးလား၊ အမလား အခုထိ မသိသေးဘူးတဲ့။ အဲဒါ စိုးရိမ်စရာပေါ့။ တော်ကြာ လိင်တူချစ်သူ ဆင်ဖြူတော် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒါ စိုးရိမ်တယ်။
ကြွက်စုတ်။ ။ ဟုတ်သားပဲ ...။ အဲဒါ စိုးရိမ်စရာပဲ။
ချိုကုပ်။ ။ စိုးရိမ်တာတွေ ရှိသေးတယ်။ အခု နိုဗဲလ် ဆုပေးခါနီးပြီမဟုတ်လား။ တော်ကြာ မြန်မာအဖွဲ့တခုခုကို ငြိမ်းချမ်းရေးဆု ပေးလိုက်မှာကို အရမ်း အရမ်း စိုးရိမ်နေတယ်။ တော်ကြာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ရတုန်းကလို အတိုက်အခံတွေက ဝိုင်းအော်၊ အမေရိကန်က တခုခု ထအော်မှာကို ထပ်တခါ စိုးရိမ်နေရလိမ့်မယ်။
ဖိုးရှုပ်။ ။ အတိုက်အခံတွေနဲ့ အမေရိကန်ကလည်း စိုးရိမ်တယ်လို့ပဲ အော်မှာပါ။
ချိုကုပ်။ ။ အဲဒါကိုပဲ ကျုပ်က စိုးရိမ်နေတာလေ။ ဒါနဲ့ စိုးရိမ်ရတာတွေက ကုန်ကို မကုန်နိုင်သေးဘူး သိလား။ အခု ချင်းမိုင်အထိ လာပြီး အမေရိကန်ကို ရောက်နေတဲ့ ဉာဏ်ပျင်းတို့ အတွက် စိုးရိမ်နေတာ။ ညာမှ ချရဲကြပါ့မလား၊ ပြောလိုက်တဲ့အတိုင်း အလွတ်ကျက်သွားရဲ့လား ဆိုတာတွေ အရမ်း စိုးရိမ်တယ်။ နေပူတော်ကနေ စိုးရိမ်ရတာ အားမရတာနဲ့ ချင်းမိုင်အထိ လာစိုးရိမ်တာ။
ကြွက်စုတ်။ ။ ဘာလို့ အမေရိကန်အထိ သွားမစိုးရိမ်တာလဲ။
ချိုကုပ်။ ။ အမေရိကန်က ကမ်ပိန်းအဖွဲ့တွေ ဆန္ဒပြမှာ စိုးရိမ်လို့ပါ။ နာမည်လေးလုံးနဲ့ မင်းသမီးလေးတောင် စတိတ်ရှိုး ဆိုမရအောင် ဆန္ဒပြတာ ကျုပ်သာသွားလို့ကတော့ အမှုန့်ကြိတ်လိမ့်မယ်။
ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီး စိုးရိမ်စရာ ကျန်သေးလားဟင်။
ချိုကုပ်။ ။ အမေရိကန် သမ္မတ အိုဘားမားနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအတွက် စိုးရိမ်တယ်ဗျာ။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့ပါလိမ့်။ သူတို့ဘာသာ သူတို့ ဟိုလူ့အတွက် စိုးရိမ်လိုက်၊ ဒီနိုင်ငံအတွက် စိုးရိမ်လိုက်နဲ့ အဆင်ပြေ နေသားပဲ။
ချိုကုပ်။ ။ တခြားသူတွေအတွက် စိုးရိမ်တာက အကြောင်းမဟုတ်ဘူးလေ၊ ကျုပ်အတွက် စိုးရိမ်တာက အကြောင်းဗျ။ မြန်မာနိုင်ငံအတွက် စိုးရိမ်ရင်း စိုးရိမ်ရင်းနဲ့ ရူးသွားမှာကို ကျုပ် အရမ်း အရမ်းကို စိုးရိမ်တယ်လို့ ပြောပြလိုက်စမ်းပါ ဦးရုက္ခစိုးရယ်။
ထိုစဉ် “မောင်တော် … မောင်တော် … ဆေးသောက်ဖို့ အချိန်ကျပြီ။ ဘယ်တွေလျှောက်သွား နေတာလဲ။ စိတ်ပူလိုက်ရတာ” ဟု ပြောရင်း ဒေါ်ကွိုင်ကွိုင် ပျာယီးပျာယာဖြင့် ရောက်လာသည်။
ရုက္ခစိုး။ ။ ဒေါ်ကွိုင်ကွိုင်ပါလား။ ဘယ်လိုဖြစ်တာလဲဗျ။
ဒေါ်ကွိုင်ကွိုင်က သူ့ခေါင်းကို လက်ညှိုးထိုးကာ လက်ကို ခါပြရင်း “သိပ်မမှန်တော့လို့ ရွာသာကြီးမှာ ဆေးရုံတင်ထားတာ။ လစ်တုန်းမှာ အဲဇလုံနဲ့ လိုက်သွားတာထင်တယ်။ ချင်းမိုင်ကို ဘယ်လိုရောက်လာလဲမသိပါဘူး။ စိတ်ပူအောင် သိပ်လုပ်တာပဲ။ စိတ်ပူလိုက်တာ မောင်တော်ရယ်”ဟု ပြန်ဖြေသည်။
ထိုအခါ ချိုကုပ်ဒူးကြီးက မျက်လုံးကြီးကို ပြူးရင်း “စိတ်ပူတယ်လို့မပြောနဲ့ … စိုးရိမ်တယ်လို့ပြောစမ်း” ဟု ဝမ်းခေါင်း သံကြီးဖြင့် အမိန့်ပေးလိုက်ရာ ဦးရုက္ခစိုးက “ကဲ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ …ငါတို့လည်း ဒီအရူးဆီကနေ ရောဂါကူးမှာစိုးရိမ်တယ်ဟေ့လစ်ရအောင်”ဟု ပြောရင်း တချိုးတည်း လစ်ပြေးကြလေတော့ သတည်း။
မှတ်ချက်။ ။ ဤစာကိုရေးရင်း ရန်ကုန်သားတာတေလည်း မြန်မာပြည်အရေး၊ ကမ္ဘာ့အရေး၊ စကြဝဠာအရေး၊ ရှိသများ အရေးများနှင့် ပတ်သက်၍ အရမ်းအရမ်းကို မတရားသဖြင့် စိုးရိမ်နေပါကြောင်း … အကြိမ်တသန်း ကြိမ်တွယ် ပြောဆိုပါသည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

နိုင်ငံတကာကျောင်းများ ရွေးကောက်ပွဲအတွင်း ပိတ်ထားရမည်

ဆက်လင်း Wednesday, September 29, 2010
.မြန်မာပြည်ရှိ နိုင်ငံတကာ ကျောင်းများ (InternationalSchool)များ အားလုံးကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်း ပိတ်ထားရမည်ဟု ညွှန်ကြား ထားကြောင်း သိရသည်။
                                                                   ရန်ကုန် ကျိုက်က္ကဆံရှိ ILBC နိုင်ငံတကာကျောင်း
နိုင်ငံတကာ စာသင်ကျောင်းများ အတွက် ပြည်ပမှ ဆရာများခေါ်ယူ ငှားရမ်းမှုကိုလည်း ရွေးကောက်ပွဲ ကာလတွင် ပိတ်ပင် တားမြစ် ထားသည်ဟု ယင်းညွှန်ကြားချက်တွင် ပါဝင်ကြောင်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ MyanmarInternationalSchool မှ မမီးမီးက ပြောသည်။
ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံမြို့ကြီးများရှိ နိုင်ငံတကာ စာသင်ကျောင်းများကို ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ ၂ ပတ်အလို၊ အောက်တိုဘာ နောက်ဆုံးပတ် ကတည်းက စတင်ပိတ်ထားရန် ညွှန်ကြားထားသည်ဟု မမီးမီးက ဆိုသည်။
“InternationalSchool တွေက အောက်တိုဘာ လလယ်လောက်မှာ ပထမနှစ်ဝက် စာမေးပွဲ ဖြေပြီး တပတ်လောက် ကျောင်းပိတ်လေ့ရှိတယ်။ တချို့ မပိတ်တဲ့ ကျောင်းတွေလည်း ရှိတယ်။ ဒီနှစ်တော့ အောက်တိုဘာ လလယ်မှာ ပိတ်တဲ့ ကျောင်းတွေကို ရွေးကောက်ပွဲပြီးမှ ပြန်ဖွင့်ခိုင်းတယ်။ မပိတ်တဲ့ ကျောင်းတွေကို အောက်တိုဘာ နောက်ဆုံးအပတ်မှာ ပိတ်ခိုင်းတယ်” ဟု မမီးမီးက ပြောသည်။
နိုင်ငံခြားသား ဆရာများနှင့် ပတ်သက်၍မူ လက်ရှိ ရှိပြီးသား ဆရာများအတွက် ပြဿနာမရှိသော်လည်း ဆရာအသစ်များ ထပ်မံခေါ်ယူမည် ဆိုပါက ရွေးကောက်ပွဲပြီးမှသာ ခေါ်နိုင်တော့မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
နိုင်ငံတကာ ကျောင်းများသည် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများအတိုင်း အချိန်ကိုက်ရေးဆွဲထား ခြင်းဖြစ်သောကြောင့် ယင်းကဲ့သို့ နှစ်ပတ်ခန့် ကျောင်းပိတ်ရသဖြင့် ကလေးများ စာသင်ကြားရေးကို အနှောင့် အယှက်ဖြစ်စေသည်ဟု Horizon နိုင်ငံတကာ ကျောင်းမှ ဆရာမတဦးက ပြောသည်။
“သင်ရိုးတွေက ဘယ်လမှာ ဘာတွေသင်ရမယ်ဆိုတာ သူ့ဘာသာသူ ရှိပြီးသား။ နိုင်ငံခြားမှာ စာမေးပွဲ ဖြေမယ့်ကလေးတွေလည်း အချိန်ကိုက်ဖြစ်အောင် သင်ရိုးကို ရေးထားတာ။ နှစ်စ ကတည်းက ကြိုပြောရင်တော့ ကြိုပြီးပြင်ဆင်လို့ ရတာပေါ့။ အနားနီးမှ ဆိုတော့ ကလေးတွေ ကသိကအောက်ဖြစ်ကုန်တယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စတင်ေ ခတ်စားလာခဲ့သော နိုင်ငံတကာကျောင်းများသည် ယခုအခါ ပိုမို ရေပန်းစားလာခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများတွင် စုစုပေါင်း ကျောင်း ၅၀ နီးပါးရှိလာပြီဖြစ်သည်။
ILBC၊Horizonနှင့်InternationalSchoolYangonတို့သည်မြန်မာနိုင်ငံတွင်ဈေးအကြီးဆုံး ကျောင်းများဖြစ်ကြပြီး ကျောင်းသား တယောက်အတွက် ကျောင်းစရိတ် ၁ နှစ်လျင် ကျပ်သိန်း ၃၀ ၀န်းကျင် ကုန်ကျသည်ဟု သိရသည်။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှစတင်ပြီး တလလျင် ကျောင်းစရိတ် ကျပ် ၁ သိန်းဝန်းကျင်သာ ကုန်ကျသော ဈေးနှုန်းသက်သာသည့် ကျောင်းများလည်း ပေါ်ပေါက်လာခဲ့သည်။
သာမန်ထက် ၀င်ငွေရှိပြီး အစိုးရကျောင်းများ၏ ပညာသင်ကြားမှု အခြေအနေကို နားလည်သဘော ပေါက်သော မိဘများမှာ ဈေးနှုန်းသက် သာသည့် နိုင်ငံတကာကျောင်းများကို ရွေးချယ်လာကြသည်။

ဝတပ်က ပစ်ခတ်၍ ထိုင်းစစ်သား တဦး သေဆုံး

သန်းထိုက်ဦး Wednesday, September 29, 2010
.ထိုင်း-မြန်မာ နယ်စပ်တွင် ပြီးခဲ့သော တနင်္လာနေ့က “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးသွားကြောင်း ထိုင်းစစ်တပ် သတင်းရပ်ကွက်မှ သိရသည်။
                    UWSA တပ်သားများ အခမ်းအနားတခုတွင်စစ်ရေးပြနေစဉ်(ဓာတ်ပုံ-mongloi.org)
ထိုင်း စစ်တပ် သတင်းအရ ချင်းမိုင် ခရိုင် မယ့်အိုင် မြို့နယ်အတွင်း ထိုင်း တပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးအတွက် တာဝန် ထမ်းဆောင်နေစဉ် UWSAတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်း ပစ်ခတ်မှုသည် ည ကိုးနာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သားများက မူးယစ်ဆေးဝါးများ ထည့်သွင်းလာသည်ဟု ယူဆရ သည့် ကျောပိုးအိတ်များကို သယ်ဆောင်ထားaom“ဝ”တပ်သားများထံမှ စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းခြင်းမှ စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဆွန်ဆက် နိုင်ဥဘွန် ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ယမန်နေ့က ဖော်ပြ ထားသည်။
ထိုပစ်ခတ်မှုတွင်လည်း UWSAတပ်သား ၂ ဦး ကျဆုံးခဲ့ပြီး တပ်သား တချို့လည်း မြန်မာဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင် သွားကြောင်း ၎င်း ဆွန်ဆက် နိုင်ဥဘွန်က ဆိုသည်။ သို့သော် အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရ မိခြင်းမရှိကြောင်း သိရသည်။
မယ့်အိုင်မြို့နယ်ရှိ အစိုးရ ၀န်ထမ်းများနှင့် ဒေသခံများထံ စုံစမ်းမေးမြန်းခဲ့ရာ ပစ်ခတ်မှု အသေးစိတ်ကို မသိရှိရသော်လည်း ထိုင်း စစ်သားတဦး သေဆုံးသွားကြောင်း ပြောဆိုသည်။ ယင်း ပစ်ခတ်သောနေ့တွင်လည်း မိုးရွာသွန်းမှုများပြား ခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောပြသည်။
စင်တင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသား တဦးကိုလည်း စိတ်ကြွဆေးပြား ၇ သောင်း ၆ ထောင်နှင့်အတူ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်အတွင်း ထိုင်းစစ်တပ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာသူသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲရှိ နားကောင်းမူးဒေသခံ ရွာသားဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဧပြီလအတွင်းကလည်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်းစစ်တပ်တို့ ထိုင်း-မြန်မာ နယ်စပ်တွင် ပစ် ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်းဆီး မိခဲ့သည်။
မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေ ကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင်ရောင်းချမှုများရှိကြောင်း သတင်းဖော်ပြချက်များအရ သိရ သည်။
ယခု ပစ်ခတ်မှုသည် မြန်မာ စစ်အစိုးရက နယ်စပ်တလျှောက်ရှိ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့ အစည်းများ ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အရှင်ပညာစာရကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

မင်းနိုင်သူ Wednesday, September 29, 2010
.စစ်တွေမြို့ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၁၀၀၀၀ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။
“အမှုစစ်ဆေးရာမှာ ဥပဒေနဲ့ မလျော်ညီဘူး ၊ ရဲက တရားပြိုင်ပြသက်သေတွေကို ဖိအားပေးတာတွေရှိတယ် ၊ အခု စီရင်ချက်ဟာ လည်း တရားမျှတမှုမရှိတဲ့အတွက် ဆရာတော်ရဲ့ ရှေ့နေက တရားရုံးချုပ်အထိ ပြင်ဆင်ခွင့်တင်သွားမယ်လို့ သိရတယ်"ဟု အရှင်ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။
အရှင်ပညာစာရကို နိုင်ငံခြားငွေကိုင်ဆောင်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ၊ ညစ်ညမ်းမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ လ ၊ သာသနာညိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ၊ ပစ္စည်းအလွဲသုံးစားလုပ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် နှင့် စည်ပင်အက် ဥပဒေ အရ ဒဏ်ငွေကျပ် ၁၀၀၀၀ သီးခြားစီကျခံစေရန် ဒုတိယခရိုင်တရားသူကြီး ဒေါ်ဝါ၀ါထွန်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမှုစွဲတင်စဉ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅ (ခ) နှင့် လိမ်လည်မှု ပုဒ်မ ၄၂၀ တို့ကိုပါ ထည့် သွင်း ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပုဒ်မများကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။
အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့သည်။ ထို့နောက် ဆရာတော် ထိန်းသိမ်းစောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကိုလည်း အစိုးရပိုင် လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့သည်။
အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ကြောင်း မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေ စုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ၊ နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ရာ အာဏာပိုင်များက သဘောမတွေ့သဖြင့် အမှုရှာဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆနေကြသည်။
အရှင်ပညာစာရ၏ တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့သည့်အပြင် တရားလိုပြသက်သေများကို တရားလို ရဲရှိရာ ရဲစခန်းအတွင်း ခေါ်ယူထားခြင်း ၊ တရားပြိုင်ပြ သက်သေများကို ရဲက ဖိအားပေးနှောင့်ယှက်ခြင်းများ ရှိခဲ့ကြောင်း အမှုကို စောင့်ကြည့်နေသူများက ပြောဆိုသည်။
ရခိုင်ပြည်နယ်မှကျောင်းထိုင်ဆရာတော်၁၄ပါးကလည်းအရှင်ပညာစာရအမှုကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးရန် အနောက်ပိုင်းတိုင်း တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်းမရှိခဲ့ပေ။
လတ်တလောတွင်ရခိုင်ပြည်နယ်ရှိစာသင်သားသံဃာများက ဆရာတော်လွတ်မြောက်ရေးထပ်မံတောင်းဆိုရန် ပြင်ဆင်နေကြ ကြောင်း သိရသည်။
မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။





ကြံ့ဖွံ့က နေပြည်တော် မဲရုံမှူးများကို ဖုန်း အခမဲ့ပေးနေ

ဧရာဝတီ Wednesday, September 29, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲတွင် နေပြည်တော်ရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ရာထူး အပါအ၀င် မဲရုံ ၀န်ထမ်းများ အဖြစ် တာဝန် ထမ်းဆောင်မည့် ပညာရေး ၀န်ထမ်းများနှင့် ရပ်ကွက်အာဏာပိုင်များကို ကျပ် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ ချထားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နေပြည်တော် ခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် ကြံ့ဖွံ့ပါတီက မဲဆွယ်သည့်အနေဖြင့် ရပ်မိ၊ ရပ်ဘများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို ကျပ်၁၅ သိန်းတန်CDMA450MHzဖုန်းများ အခမဲ့ချထားပေးခဲ့ပြီး ယခုအခါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး အပါအ၀င် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်မည့် သူများကိုပါ အဆိုပါ ဖုန်းများ ချထားပေးခြင်းဖြစ်ကြောင်း စုံစမ်း သိရှိသည်။
“မဲရုံးဝန်ထမ်းတွေအကုန်လုံး ၀၉၈၃ နံပါတ်နဲ့ စတဲ့ ၁၅ သိန်းတန် ဖုန်းတွေ ထုတ်ခွင့်ရတယ်။ ဖုန်းအတွက် ပိုက်ဆံ သွင်းစရာမလိုဘူး။ အခမဲ့ ရတာ။ ဖုန်းပြောခအတွက် ကျပ် ၅ သောင်းကြိုသွင်းရတယ်”ဟု မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ တာဝန်ရှိသူတဦးကပြောသည်။
မဲရုံဝန်ထမ်းများအဖြစ် တာဝန်ယူရမည့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင် များသည် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပို့ချပေးလျက်ရှိသော သင်တန်းများ တက်ရောက်ရသည့်အပြင် ကြံ့ဖွံ့ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့်၏ စစ်ဗိုလ်ချုပ်ကြီးများ လာရောက်ချိန်တွင်လည်း ကြိုဆိုရကြောင်း သိရသည်။
“မဲရုံမှူး လုပ်ရမယ်ဆိုပေမယ့် ပြည်ခိုင်ဖြိုးပါတီက ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အထက်လူကြီးတွေ ဖြစ်နေတော့ သူတို့လာရင်ကို အရိုအသေပေးနေရတယ်” ဟု နေပြည်တော်မှ ပညာရေးဝန်ထမ်း တဦးကပြောသည်။
နေပြည်တော်တွင် ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စစ်ဗိုလ်ချုပ်များနှင့်အတူ ယှဉ်ပြိုင် အရွေးချယ်ခံမည့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် မဲရုံတိုင်းတွင် မဲမသမာမှုများကို စောင့်ကြည့်မည့် မဲရုံ ကိုယ်စားလှယ် ထားရှိရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကြားသိရသည်။
“နေပြည်တော်ခရိုင် မြို့နယ် ၈ မြို့နယ်မှာလည်း မဲရုံပေါင်း ရာချီရှိတယ်။ မဲရုံတိုင်းမှာ ကိုယ်စားလှယ်ထားဖို့ လူရှာမရဘူး။
မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ မဲရုံတွေမှာ မဲမသာမှုတွေဖြစ်နိုင်တယ်။ ရှိလည်း ရှိလာနိုင်တယ်” ဟု တစည ပါတီ တာဝန်ရှိသူ တဦးက ဆိုသည်။
နိုင်ငံရေးပါတီကြီး တခုမှ တာဝန်ရှိသူတဦးကလည်း ပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်မဲဆန္ဒနယ်ရှိ မဲရုံတိုင်းတွင်
မဲရုံကိုယ်စားလှယ် ထားရှိရေးမှာ မဖြစ်နိုင်ကြောင်း၊ ရပ်ကွက် ၁ ခုတွင် အနည်းဆုံး မဲရုံ ၃၀ ခန့်ရှိပြီး မြို့နယ်တမြို့နယ်တွင်မဲရုံအရေအတွက်ရာဂဏန်းရှိသည့်အတွက်မဲရုံတိုင်းကို စောင့်ကြည့်ရန်မဖြစ်နိုင်ကြောင်း ပြောသည်။
“မဲရုံမှူးတွေက သမာသမတ်ကျကျလုပ်ဖို့ မျှော်လင့်တယ်။ မဲရုံမှူးရဲ့ ဂုဏ်သိက္ခာကိုပဲ ယုံကြည်ရတော့မယ်။ မဲရုံမှူးတွေ မမှန်မကန် လုပ်ရင်တော့ မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ပါတီတွေ ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ မဲရုံမှူးများကို လာဘ်ထိုးသည့် အနေဖြင့် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ပေးခြင်းသည် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ရန် လာဘ်ထိုးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
နေပြည်တော်ခရိုင်တွင် ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊
ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ဟူ၍ စုစုပေါင်း ၈ မြို့နယ်ရှိသည်။
စစ်ရာထူးများမှ အငြိမ်းစားယူထားသော စစ်ဗိုလ်ချုပ်ဟောင်းကြီးများက နေပြည်တော်ခရိုင် မဲဆန္ဒနယ်များမှ ကြံ့ဖွံ့ ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ရာ သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ်မှ လည်းကောင်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် က ဇမ္ဗူသီရိမြို့နယ်မှ လည်းကောင်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်မှလည်းကောင်း၊ ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ်မှ လည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အရွေးချယ်ခံကြမည်ဖြစ်သည်။

ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့် လူထုအဆုံးအဖြတ်

ဇင်လင်း / ၂၉ စက်တင်ဘာ ၂၀၁၀
‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ အပိုဒ် (၂၁) အရ “ရွေးကောက်ပွဲ” ဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်းတခု၊ ရွေးကောက်ပွဲသည် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်ဆိုသည်ကို ယနေ့ပြည်သူတို့ ယေဘုယျမျှဖြစ်စေ သိမြင်လာပြီ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။
(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာ လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။
(၂)လူတိုင်းသည်မိမိတို့နိုင်ငံ၏အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုညီမျှစွာ ရယူခံစားပိုင်ခွင့်ရှိစေရမည်။
(၃) ပြည်သူအများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန်အပိုင်းအခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။
‘အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း’ သည် လူ့အခွင့်အရေးဆိုင်ရာ စံပြုသတ်မှတ်ထားသော အခြေခံ ကတိက၀တ်များလည်းဖြစ်သည်။ ထို့ပြင် ‘ကုလသမဂ္ဂ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်’ (UNInternationalConvenantonCivil andPoliticalRights-ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း “နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’ ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်” ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ၁၉၆၀ ဖေဖော်ဝါရီလ (၆) ရက်တွင် ကျင်းပခဲ့သော တတိယအကြိမ် ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြီးသည့်နောက် ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်များနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်း (၅၀)ခန့်ရှိခဲ့ပြီ။ ဗိုလ်နေ၀င်း ဦးဆောင်ရေးဆွဲသော ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ငြင်းပယ်ဖျက်သိမ်းသည့် ရွေးကောက်ပွဲများဟု သမိုင်းတွင်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံက ယှဉ်ပြိုင်သူမရှိ တဦးတည်းပြေးကာ ပထမရရှိသော (မဆလ) တပါတီအာဏာရှင်စနစ်ကို မွေးထုတ်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲဥပဒေတွင်လည်း အားနည်းချက် (သို့မဟုတ်)ညစ်ကွက်တခု တွေ့ရသည်။ ယင်းညစ်ကွက်မှာ ‘ရွေးကောက်ပွဲရလဒ်များ’ ထွက်ပေါ်လာပြီးနောက် အချိန်ကာလမည်မျှ အတောအတွင်း မည်သို့မည်ပုံ ပြည်သူ့လွှတ်တော်ကို အသက်ဝင်စေမည်ဟု ဖော်ပြမထားခြင်းဖြစ်သည်။ ဤအချက်သည် ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲကျင်းပပေးခြင်း၏ ပဓာနကိစ္စလည်းဖြစ်သည်။ ယင်းအချက်ကို ထည့်သွင်းမထားခြင်းသည် “အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုရမည်။ ̏ မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့်အာဏာကို အပ်နှင်းရမည်˝ဆိုသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအား လျစ်လျူရှုထားကြောင်း ထင်ရှားစေသည်။
နိုင်ငံတကာ အနက်ဖွင့်ဆိုချက်များအရ ‘ရွေးကောက်ပွဲစနစ်’ဆိုသည်မှာ နိုင်ငံတခုအတွင်း ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးပဋိပက္ခများကို လျှော့ကျအောင်လုပ်သည့် ကိရိယာဟု ဆိုထားသည်။ (မဆလ) တပါတီစနစ်သည် “ငါနှင့်မတူ ငါ့ရန်သူ” သဘောထားဖြင့် ရွေးကောက်ပွဲများကို တဖက်သတ် ပြုလုပ်ခဲ့ရာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုပ်ရမည့်အစား တိုးပွားအောင်လုပ်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ဒီမိုကရေစီလိုလားသော၊ ပြည်သူများနှင့် တန်းတူအခွင့်အရေး လိုလားသော တိုင်းရင်းသားများ၏ ဆန့်ကျင်မှုကို အဆက်မပြတ် ရင်ဆိုင်ခဲ့ရပြီးနောက် ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကာလ၌ ချုပ်ငြိမ်းခဲ့ရသည်။ စင်စစ် ရွေးကောက်ပွဲစနစ်နှင့် ဖြစ်စဉ်တို့ကို ဖြစ်ပေါ်စေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် တိုင်းပြည်တပြည်၏ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခရာကျပေသည်။
ရွေးကောက်ပွဲစနစ်တခုသည် နိုင်ငံတခု၏ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် စေ့စပ်ပေးနိုင်သကဲ့သို့ ပြည်တွင်းစစ် အသစ်တခုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေသည်ပင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တဖက်စောင်းနင်း ဖြစ်နေမှုများကြောင့် အကျဉ်းအကျပ် တွေ့နေသည်။ အမှန်ကိုဆိုရလျှင် ၂၀၀၈ ဖွဲ့စည်းပုံ၏ ရည်ရွယ်ချက်မှာလည်း ၁၉၇၄ ဖွဲ့စည်းပုံနှင့် တထပ်တည်း ဖြစ်နေသည်။ ထို့ကြောင့် ဤဖွဲ့စည်းပုံ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် ထွက်ပေါ်လာသည့် “၂၀၁၀ ရွေးကောက်ပွဲဥပဒေ” ဆိုသည်မှာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုံးဝ လုပ်ပေးနိုင်မည်မဟုတ်။ တိုးပွားလာဖို့သာမြင်ရသည်။
နိုင်ငံတကာနှုန်းစံတို့အလိုအရ ပြောရလျှင် ရွေးကောက်ပွဲ ကျင်းပသည့် အဓိကရည်ရွယ်ချက်မှာ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့် လူထုကိုယ်စားလှယ်များ ပေါ်ထွက်လာရေး၊ လူထုကိုယ်စားပြု ပါလီမန်လွှတ်တော်နှင့် လူထုကိုယ်စားပြု အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရေးဖြစ်သည်။ ပြည်သူများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်ဟူသော အနှစ်သာရမပျက်ဖို့ အလွန်အရေးကြီးသည်။ ရွေးကောက်ပွဲများတွင် လူတိုင်းမခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။ ဤအချက်ကို လက်ရှိ ရွေးကောက်ပွဲ ကျင်းပပေးမည့် အာဏာပိုင်အဖွဲ့အစည်းက တာဝန်ခံရမည်ဖြစ်သည်။
ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဟုတ် မဟုတ်ဆိုသည်ကို အာဏာပိုင်အဖွဲ့အစည်းက ခိုင်ခိုင်မာမာ တာဝန်ခံကြီးကြပ်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိဖို့လိုခြင်းဖြစ်သည်။
သို့သော် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်၏ မေလခရီးစဉ်အတောအတွင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအား နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ခွင့်ပြုပါမည်လားဟု မေးခဲ့ရာတွင် ခွင့်ပြုမည်မဟုတ်ကြောင်း၊ သူတို့တွင် ရွေးကောက်ပွဲ အတွေ့အကြုံ ပြည့်ပြည့်စုံစုံ ရှိသည်ဟု အရှက်မဲ့စွာ ပြန်ကြားခဲ့သည်။ ယခုရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာ (၇) ရောက်ရန် တလခွဲခန့်အလိုတွင် စောင့်ကြည့်အဖွဲ့များကို ဘာကြောင့် ငြင်းပယ်ခဲ့သနည်းဆိုသော မေးခွန်းအတွက် အဖြေများ ထွက်ပေါ်နေပေပြီ။ အမြင်သာဆုံး အချက်မှာ နိုင်ငံတကာသဘောတူစာချုပ်များတွင် တည်ဆဲအစိုးရများအနေဖြင့် အောက်ပါအချက်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။
●နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။
●ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိသည့် (၅) ပါတီကို မှတ်ပုံအသစ် ထပ်မတင်၍ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁၄) တွင် တရားမ၀င်ပါတီများဟု ကြေညာခဲ့သည်။ တဖန် အသစ်ထူထောင်သည့် ပါတီများအနက်မှလည်း ပြည်ထောင်စုကရင်အမျိုးသားမျာအဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်၊ မြိုတိုင်းရင်းသားပါတီ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)များကိုလည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၃) ဦး မ၀င်နိုင်၍ဆိုကာ ပယ်ဖျက်လိုက်သည်။
ပိုဆိုးသည်မှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDP)၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ကို အကြောင်းပြချက် ခိုင်ခိုင်မာမာမပြဘဲ ပါတီထူထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။ ဤအချက်မှာ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်မပြုခြင်း၊ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများ မပေးခြင်းကို ပေါ်လွင်စေသည်။ ထိုမျှမက ယင်းပါတီများမှ ကချင်တိုင်းရင်းသားကိုယ်စားလှယ်များက ပါတီထောင်ခွင့်မရသဖြင့် တသီးပုဂ္ဂလအနေဖြင့် ပါဝင်ရန် လျှောက်ထားခြင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပြန်သည်။ ထိုလုပ်ရပ်မှာလည်း “လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။”ဆိုသော ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ ပါ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။
ထို့ပြင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့်မှာလည်း နိုင်ငံရေးပါတီများအဖို့ အထူးအရေးကြီးသော ကိစ္စပင်ဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် နိုင်ငံရေးရာသီဥတုကို သာယာမျှတအောင် ဖန်တီးထားရှိနိုင်ဖို့ လိုသည်။ ထိုအထဲတွင် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရမည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ကို မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိချေ။ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးလျှင် နိုင်ငံရေးပါတီများအဖို့ မိမိတို့ နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့် ဆုံးရှုံးရမည်ဖြစ်သည်။
လက်ရှိအခင်းအကျင်းအရ ကြံ့ဖွံ့ပါတီက အာဏာလက်ရှိ စစ်တပ်ပါတီဖြစ်၍ နိုင်ငံ့ငွေကြေးဘဏ္ဍာများနှင့် နိုင်ငံပိုင် ဆက်သွယ်ရေးယန္တရားများကို အကန့်အသတ်မရှိ ရယူသုံးစွဲကာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးဟောပြောခွင့်ရနေသည်။ ယခုကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ မဲဆွယ်စာစောင်ကို ရောင်စုံ (၈)မျက်နှာ စောင်ရေ (၁) သိန်း ရိုက်နှိပ်၍ အခမဲ့ ဖြန့်ဝေနေသည်။ ကာလပေါက်ဈေးထက် တ၀က်လျှော့တွက်လျှင်ပင် ကျပ်ငွေ (၅) သန်းလောက်ရှိမည်။ စိစစ်ဖြတ်တောက်မှာလည်း မပူရ။ အခြားပါတီများမှာ စာပေစိစစ်ရေး၏ စည်းကမ်းများကို ကြောက်နေရသည်။ စာစောင်ထုတ်ဝေခွင့် မှတ်ပုံတင်ရန် ငွေကြေးမတတ်နိုင်သည့် ပါတီက အများစု။ သို့ဖြင့် သတင်းမီဒီယာကို အကန့်အသတ်ခံရသည်။ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်မရ။ ရေဒီယို၊ တီဗွီကျပြန်တော့လည်း ပါတီတခု (၁၅)မိနစ်သာ ပေးသည်။ အကန့်အသတ် စည်းမျဉ်းက အတန်တန်။ (၁၅)မိနစ်မျှနှင့် ကိုယ့်ပါတီမူဝါဒကို လူထုနားလည်အောင် ပြောခိုင်းသည်မှာ မည်ကာမတ္တပေးသည့် မဲဆွယ်ခွင့်သာဖြစ်သည်။
ထို့ကြာင့် ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်ဆိုသော သဘောတူညီချက်ကိုလည်း စစ်အစိုးရက လုံးဝလိုက်နာခြင်းမရှိကြောင်း ထင်ရှားသည်။ စစ်တပ်၏ ကြံ့ဖွံ့ပါတီ အသာစီးရရှိရေးအတွက် အစိုးရအာဏာကိုသုံး၍လည်းကောင်း၊ ငွေကြေးအင်အား အသုံးပြု၍လည်းကောင်း၊ အခြားပါတီ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်၍လည်းကောင်း လုပ်ဆောင်ချက် အများအပြား တွေ့ရသည်။ ထို့ကြောင့် အခြားပါတီများ လွတ်လပ်စွာ စည်းရုံးခွင့်မရရှိကြ။
ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် (၁၆၈)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈)ဦးအတွက် ပါတီများ ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး (၅)သိန်း တင်ရမည်ဟု စစ်အာဏာပိုင်တို့က ညစ်ပတ်လိုက်သည်။ ဤငွေကြေး အဟန့်အတားကြောင့် အခြားအတိုက်အခံပါတီများထဲမှ ကိုယ်စားလှယ် (၂၀၀) ပြည့်အောင် ၀င်ပြိုင်နိုင်သည့် ပါတီမရှိ။ ကြံ့ဖွံ့က နေရာအားလုံးပြိုင်သည်။ တစညက နေရာ (၉၈၀) ကျော်ပြိုင်သည်။ ရွေးကောက်ပွဲ မလုပ်ခင်ကပင် အဖြေက ထွက်နှင့်နေပြီ။ အတိုက်အခံအတွက် နေရာမရှိသည့် လွှတ်တော်၊ ကက်ဘိနက်ဖွဲ့ခွင့် မရှိသည့် လွှတ်တော်၊ ရွေးကောက်ခံ ကိုယ်စားလှယ်မဟုတ်သည့် စစ်ဗိုလ်သမ္မတက ပြဋ္ဌာန်းလိုသည့် ဥပဒေများကို အတည်ပြုပေးရမည့် ရုပ်သေးလွှတ်တော် မျှသာဖြစ်သည့် အချက်ကို မျက်ကွယ်ပြုလျက် လွှတ်တော်တက်ရန် စိတ်ကူးယဉ်ကြသူများ ရှိနေသည်။
မဲစာရင်းများလည်း တပြည်လုံးတွင် စနစ်တကျ ထုတ်ပြန်ပေးခြင်းမရှိ။ မဲစာရင်း ကူးယူလိုသည့် ပါတီများကိုလည်း တမျက်နှာ (၂၀၀) ကျပ် ပေးရမည်ဟု ငွေကြေးနှင့် ပိတ်ဆို့လိုက်ပြန်သည်။ ရွေးကောက်ပွဲ မသမာမှုကို ကန့်ကွက်ဖို့က ပို၍ပင် ခက်ခဲသေးသည်။ ငွေကျပ် (၁၀)သိန်းတင်မှ ကန့်ကွက်ခွင့်ရမည်ဆိုသည်။ ဤမျှ မတော်မတရား ညစ်ပတ်ထားသည့် ရွေးကောက်ပွဲအစီအစဉ်များမှာ ယခုမှ အစပျိုးကာစသာရှိသေးသည်။ နိုဝင်ဘာ (၇)ရက်နီးလာလေ ညစ်ပတ်ကောက်ကျစ်မှုများ ပို၍ ပို၍ များလာလေဖြစ်ဖို့ သေချာသည်။ အညစ်ပတ်ဆုံးကိစ္စကိုလည်း မျက်ဝါးထင်ထင် မြင်နေရပြီးဖြစ်သည်။ စစ်တပ် (၄) ပုံ (၁) ပုံ ယူပါရစေဆိုသည်ကို သဘောတူလိုက်သဖြင့် ယခု ကြံ့ဖွံ့စစ်တပ်ပါတီ ထပ်ဖွဲ့ကာ စစ်တပ်က လွှတ်တော်များတွင် (၄) ပုံ (၃) ပုံ မက အပိုင်စီးတော့မည်။ လွှတ်တော်ထဲတွင် political space ရှာမည်ဆိုသူများ ယခုထိ သဘောမပေါက်သေး၊ အရှည်ကို မမြင်နိုင်သေးသည်မှာ အံ့စရာဟု ဆိုရတော့မည်။
စင်စစ် စစ်အုပ်စု မလျော်မကန် ကြံစည်နေသော ၂၀၁၀ ရွေးကောက်ပွဲ၏ အဓိက ပစ်မှတ်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ၂၀၁၀ ရွေးကောက်ပွဲအသစ်ဖြင့် စစ်အုပ်စုက ချေဖျက်ရန် လုပ်နေခြင်းဖြစ်သည်။ ထိုသို့ မူလရည်ရွယ်ချက် ကိုယ်၌က မရိုးသားသည့်အလျောက် စစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနှင့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ” စသည်တို့သည် ‘ဒီမိုကရေစီဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး စီမံချက်’ဖြစ်နေကြောင်း ထင်ရှားသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များက ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဟု အကဲဖြတ်ကြခြင်းဖြစ်သည်။ အဓိက အတိုက်အခံ NLDကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလို မပေးရဲသည့် သဘော၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုက ထပ်မံရွေးချယ်မည်ကို ကြောက်လန့်နေသည့် သဘောက ပေါ်လွင်လွန်းသည်။
သို့တစေ NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLDပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ်မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်သည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (CivilDisobedience) ဖြစ်သည်။ NLD၏ အမြင့်ဆုံး သပိတ်တိုက်ပွဲ ပုံသဏ္ဍာန်လည်းဖြစ်သည်။ NLDသည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ စစ်အာဏာကို သိဒ္ဓိတင်ပေးရမည့် ရွေးကောက်ပွဲမှန်းသိသိနှင့် ရွေးကောက်ပွဲဝင်ကြသူများသာ ဒီမိုကရေစီတိုက်ပွဲ စည်းအပြင်၌ ရောက်နေကြခြင်းဖြစ်သည်။
ပြည်သူအများကမူ ထိုမျှလောက် မေ၀၀ါးကြ။ တပ်ဦးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP)တို့၏ သပိတ်တိုက်ပွဲခေါ်သံကို စတင်ထောက်ခံလာနေကြပြီ။ ယနေ့ပြည်သူသည် နိုင်ငံရေးစိတ်မ၀င်စားသော ပြည်သူမဟုတ်။ စစ်အာဏာရှင်သည် ပြည်သူကို နိုင်ငံရေးစိတ်မ၀င်စားရဲအောင် အကြီးအကျယ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည်။ မအောင်မြင်ခဲ့။
ယနေ့ သတင်းနည်းပညာခေတ်တွင် ပြည်သူလူထုဘက်၌ လူထုဆက်သွယ်ရေးနည်းပညာ၊ အင်တာနက်ကွန်ရက်၊ သတင်းမီဒီယာစသည်တို့ ရှိနေသည်။ လူထုနားမျက်စိ အပျော်တမ်း သတင်းသမားလူငယ်များ၊ ဘလော့ဂါများလည်း ရှိနေပြီ။ ထို့ကြောင့် စစ်အာဏာရှင်တို့ ၀ါဒဖြန့်ချိသလို ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထုအဖို့ တခုတည်းသော ရွေးချယ်စရာ ထွက်ရပ်လမ်းဆိုခြင်းကို မျက်ကန်းရမ်းဆ လက်ခံကြလိမ့်မည်လည်းမဟုတ်။
လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား။ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ် ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ နေကြမည်လည်းမဟုတ်။ ယခု ရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခများကို လျော့ကျစေခြင်းထက် ပြည်တွင်းစစ်အသစ်တခုဆီ ဦးတည်နေသည်ကို လူထုက မမြင်ဘဲ နေမည်မဟုတ်။ လူထုသည် အချိန်ကျလျှင် နိုင်ငံရေးတာဝန်ကျေပွန်ကြသူများ ဖြစ်ကြောင်း သမိုင်းတွင် အထပ်ထပ်အဖန်ဖန် တွေ့ခဲ့ရပြီးဖြစ်သည်။
သို့ဖြစ်၍ ယခု ၂၀၁၀ နိုင်ငံရေးလမ်းဆုံတွင်လည်း လူထုသည် စစ်အာဏာရှင်တို့ ဆင်ထားသော သေတွင်းထောင်ချောက် လမ်းမှားသို့ လိုက်ကြမည်မဟုတ်သည်မှာ သေချာသည်။ အဆုံးအဖြတ်ကာလရောက်လျှင် လူထုကပင် ဆုံးဖြတ်ပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် လူထုအသံကို နာခံရန် နိုင်ငံရေးသမားတို့ ပြင်ထားကြပါကုန်။ ။

dinsdag 28 september 2010

ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်

မျိုးဝင်းဇော် / ၂၈ စက်တင်ဘာ ၂၀၁၀
စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းပြုစုပုံ မမှန်ကန်ခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခွင့် မရခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်ပင် မဲပေးခွင့်မရသူ သိန်းချီ ကျန်ရစ်နိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံရေးသတင်းအယ်ဒီတာများက ပြောသည်။
ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်သူတဦးက “အလုံမြို့နယ်က ဘီယာဆိုင်ကြီးတဆိုင် ဆိုပါတော့၊ သူ့မှာ နယ်က အလုပ်လာလုပ်နေတဲ့ အလုပ်သမားပေါင်း (၆ဝ) ကျော်ရှိတယ်။ စားပွဲထိုး၊ မီးဖိုချောင်၊ သန့်ရှင်းရေး၊ လုံခြုံရေး အားလုံးပါတယ်။ အဲဒီလူတွေက ဧည့်စာရင်းနဲ့ နေကြတယ်။ သူတို့တွေအားလုံး တယောက်မှ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ မပါဘူး။ ဒီမှာရောက်နေတော့ သူတို့ ရပ်ရွာ မဲစာရင်းမှာလည်း မပါဘူး။ ပိုင်ရှင် သူဌေးကလည်း စီးပွားရေး လုပ်နေသူဆိုတော့ အဲဒီကိစ္စ ကော်မရှင်မှာ သွားပြောရကောင်းမှန်း မသိဘူး။ သိလည်း သွားမပြောရဲဘူး။ အလားတူ စားသောက်ဆိုင်တွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ ရန်ကုန်ဧရိယာမှာ အများကြီးရှိတယ်။ ကျနော်တို့ စုံစမ်းလို့ ရသမျှ နယ်က အလုပ်လာလုပ်တဲ့ အဲဒီ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲစာရင်းထဲမှာ မပါဘူး” ဟု ပြောသည်။
စစ်အစိုးရက စက်တင်ဘာ(၂ဝ)ရက်နေ့၌ မဲစာရင်း ထုတ်ပြန်ပေးခဲ့ပြီး မဲစာရင်းတွင် မပါသည့် ပြည်သူများအနေဖြင့် လူကိုယ်တိုင် သက်ဆိုင်ရာ ကော်မရှင်ထံသွားပြီး ပုံစံ (၃) ဖြင့် လျှောက်ထားရမည် ဖြစ်သည်။
မဲစာရင်းထဲတွင် ထည့်သွင်းပေးရန် အချိန်ကာလကို စက်တင်ဘာ (၂၆)ရက်နေ့ နောက်ဆုံး အချိန်ပေးထားသော်လည်း အမြို့မြို့ အနယ်နယ်ရှိ ရပ်ကွက် ကော်မရှင်ရုံးတို့တွင် လာရောက်လျှောက်ထားသူ မရှိသလောက်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက “အရင်ခေတ်တုန်းကဆို မဲစာရင်း မှန်မမှန် နိုင်ငံရေးပါတီတွေက စစ်ဆေးခွင့် ရှိကြတယ်။ အခု ရွေးကောက်ပွဲ နည်းဥပဒေမှာ အဲလို ပြဋ္ဌာန်းတာမျိုး မပါဘူး။ ဒါကြောင့် ဘာလုပ်မလဲလို့ နိုင်ငံရေးပါတီတွေကို မေးတဲ့အခါ ပါတီ (၃)ခု လောက်က မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ထံကနေ အခမဲ့ တောင်းတယ်လို့ ဖြေတယ်။ ဒါပေမယ့် ဘယ်သူမှ မရကြဘူး။ မဲစာရင်းကို ကိုယ့်ဘာသာကိုယ် ကူးပြီး စာရင်းတိုက်ဖို့ဟာလည်း လူ (၁)သိန်းလောက်ရှိတဲ့ မဲဆန္ဒနယ်မြေ တခုတည်းတင် ငွေကျပ် သိန်း (၂ဝ) လောက် ကုန်မှာမို့ ဘယ်ပါတီမှ မလုပ်နိုင်ကြဘူး”ဟု ပြောသည်။
ထို့အပြင် မဲစာရင်းတွင် မပါသည့် ပြည်သူများက မဲစာရင်းပါစေရန် အကူအညီ လာတောင်းပါက လုပ်ပေးမည်ဟု နိုင်ငံရေးပါတီများက ကြေညာထားသော်လည်း (၂၆)ရက်နေ့ ကျော်သွားသည်အထိ အကူအညီ သွားတောင်းသည့်ပြည်သူ တယောက်မှ မရှိကြောင်း၊ မဲရုံတို့တွင် ကိုယ့်နာမည် ပါမပါ သွားကြည့်သည့် ပြည်သူ အလွန်နည်းကြောင်းလည်း ၎င်းက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ကလည်း တိုင်းနှင့်ပြည်နယ်အလိုက် မဲပေးပိုင်ခွင့်ရှိသူ စာရင်း၊ တနိုင်ငံလုံး အတိုင်းအတာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မလုပ်သည့်အပြင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခြင်း မရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ၎င်းတို့အမည် မဲစာရင်းထဲ ပါမပါ လာရောက်ကြည့်ရှုသူ အလွန်နည်းခြင်းကြောင့် ယခု ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှု မရှိသည်ကို ဖော်ပြနေကြောင်း ရန်ကုန်မြို့ခံ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြသည်။

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ဘန်ကီမွန်း တိုက်တွန်း

NEJ / ၂၈ စက်တင်ဘာ ၂၀၁၀
လာမည့်နိုဝင်ဘာ (၇)ရက်တွင် နအဖစစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။
မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့မှ ၀န်ကြီးများနှင့် ပြုလုပ်သည့် ယမန်နေ့ အစည်းအဝေးအပြီးတွင် မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အများယုံကြည်လေးစားသည့် ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ထွန်းသည်ကိုသာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် လိုလားကြကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂနိုင်ငံများ ပါဝင်ကြသည်။
“မြန်မာ့မိတ်ဆွေ နိုင်ငံတွေ အားလုံးက မြန်မာနိုင်ငံမှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူတိုင်းပါဝင်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ထပ်လောင်း ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ လိုအပ်တယ်လို့လည်း အားလုံးက တောင်းဆိုကြပါတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံမှု ရရှိစေဖို့နဲ့ မြန်မာနိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေပါ”ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃)နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။
ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁)နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃)ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။ ယခု ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရက် မတိုင်မီ တပတ်အလို နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါရွေးကောက်ပွဲအတွက် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အန်အယ်လ်ဒီက ပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိဘဲ ရွေးကောက်ပွဲမ၀င်ရန် ပြီးခဲ့သည့် မတ် (၂၉) တွင် ဆုံးဖြတ်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ကလည်း သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်း မရှိသည့်အတွက် အန်အယ်လ်ဒီပါတီအား ဥပဒေအရ ဖျက်သိမ်းလိုက်ကြောင်း ပြီးခဲ့သည့်စက်တင်ဘာ (၁၄) ရက်တွင် ကြေညာခဲ့သည်။

ပြိုင်ဘက်ကို ဆန့်ကျင်ပုတ်ခတ်ပြီး မဲဆွယ်

မျိုးဝင်းဇော် / ၂၈ စက်တင်ဘာ ၂၀၁၀
ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ပြီး တသီးပုဂ္ဂလ အမတ်လောင်းအနေဖြင့် အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၄)(အင်ဂျန်းယန်မြို့နယ်၊ချီဖွေမြို့နယ်၊ဆော့လော်မြို့နယ်)ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ယခင် အန်ဒီအေ ကချင် တပ်ဖွဲ့ခေါင်းဆောင်ဟောင်း ဦးဆခုံတိန့်ယိန်းသည် ပြိုင်ဘက်လောင်းများအပေါ် ဆန့်ကျင်ပုတ်ခတ်သည့်စာများ ဖြန့်ဝေပြီး မဲဆွယ်စည်းရုံးနေကြောင်း စုံစမ်းသိရသည်။
ခေတ်ပြိုင်က လက်ခံရရှိသည့် ဦးဆခုံတိန့်ယိန်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် အဆိုပါ ဖြန့်ဝေစာထဲတွင် “နိုင်ငံတော်အစိုးရကို ဆန့်ကျင်သော လှုပ်ရှားမှုမှန်သမျှကို ဖော်ထုတ်ရှင်းလင်းပစ်ကြရမည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ၎င်းပါတီ၏ မဟာမိတ်ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲမပေးရန် စည်းရုံးလှုပ်ရှားမှုများကို ဖော်ထုတ် ဆန့်ကျင် ဖယ်ရှားကြရမည်။ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင်သည့် စည်းရုံးလှုပ်ရှားမှုများကို ဖော်ထုတ်ဖယ်ရှားကာ အနိုင်ယူကြရမည်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့အလွဲသုံးစားပြုသောပါတီ အဖွဲ့အစည်းများကို အောင်နိုင်ကြရမည်” ဟု ဖော်ပြထားသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်းက တရားဟောဆရာများကို ရည်ညွှန်းပြီး “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၎င်းတို့၏ မဟာမိတ်ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များကို မဲမပေးရန် လှုံ့ဆော်စည်းရုံးသည့် ဘာသာရေးအယောင်ဆောင် အဖျက်သမား တရားဟောဆရာများကို ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးရမည်” ဟုလည်း ဖော်ပြထားသည်။
အဆိုပါကိစ္စ ကချင်ပြည်နယ်အတွင်း တစညပါတီမှ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမည့် ကချင် နိုင်ငံရေးသမား တဦးက “ဦးဆခုံတိန့်ယိန်းဟာ အခြားပြိုင်ဘက် အမတ်လောင်းတွေကို ခုလို စွပ်စွဲ ပုတ်ခတ်ပြီး ဝါဒဖြန့်နေတာ မကောင်းပါဘူး။ နောက် ဒီ ဝါဒဖြန့်ချက်တွေ ဖြန့်ဝေနေတာဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ နည်းဥပဒေတွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ဦးဆခုံတိန့်ယိန်းအနေနဲ့ ဝါဒဖြန့်စာစောင် ထုတ်ချင်ရင် သက်ဆိုင်ရာ စာပေစိစစ်ရေးမှာ တင်ပြပြီး နသ မှတ်ပုံတင် ခွင့်ပြုချက်ရမှ ဖြန့်ချိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ် ဖြစ်နေတာကြောင့် ဘယ်ရွေးကောက်ပွဲ ကော်မရှင်ကမှ အရေးယူမယ့်ပုံတော့ မပေါ်ဘူး” ဟု ပြောသည်။
အခြား ကချင်နိုင်ငံရေးသမား တဦးကမူ “ဦးဆခုံတိန့်ယိန်းဟာ တသီးပုဂ္ဂလ အမတ်လောင်းလို့ ဆိုတယ်။ သူ့ ဖြန့်ဝေစာထဲ ဖတ်ကြည့်တော့ ‘အနာဂတ် နိုင်ငံတော်ကို ဦးဆောင်သွားမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုများ၏ တခဲနက်ထောက်ခံသော ဆန္ဒမဲများဖြင့် ရွေးကောက်တင်မြှောက် ရရှိရေးအတွက် အဖွဲ့အစည်းနှင့်ပြည်သူလူထု အလွှာပေါင်းစုံနှင့် လူမျိုးမရွေး၊ ဘာသာမရွေး စည်းလုံးညီညွတ်မှုကြီး တည်ဆောက်ရာတွင် ဦးထမ်းပဲ့ထမ်း ပါဝင်နေကြပြီ ဖြစ်ပါသည်’ဆိုတာမျိုး ထည့်ရေးထားတယ်။ ဒါက သူ့ကိုသူ စစ်အစိုးရနဲ့ တကြိတ်တည်း တဉာဏ်တည်း၊ ကြံ့ဖွံ့နဲ့ အလိုတူ အလိုပါ ဆိုတာ ကြော်ငြာလိုက်သလို ဖြစ်သွားတော့ ပြည်သူတွေ သိသွားတာ ကောင်းပါတယ်” ဟု ပြောသည်။
ဦးဆခုံတိန့်ယိန်းသည် ၎င်း၏ မဲဆန္ဒနယ်မြေတွင် တစညပါတီ အမတ်လောင်း ဦးမဂျီဇော်တောင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဦးမဂျီဇော်တောင်ဟာလည်း အန်ဒီအေ ကချင်တပ်ဖွဲ့၏ ခေါင်းဆောင်ဟောင်းတဦး ဖြစ်သည်။
ဦးဆခုံတိန့်ယိန်းသည် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားခြင်းကြောင့် အဆိုပါ နယ်မြေတွင် ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။ အလားတူ ဦးဆခုံတိန့်ယိန်း၏ သားတဦးဖြတ်သည့် ဆခုံယိန်းဆောင်သည်လည်း ကြံ့ဖွံ့နှင့် မဟာမိတ် ဖွဲ့ထားသည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ဒစက) မှတဆင့် ပြည်နယ်အဆင့် လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရသည်။