မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 september 2010

မယ်လ ဒုက္ခသည်စခန်းတွင် ၀က်တုပ်ကွေး ကူးစက်သူ ၂ ဦးတွေ့

သန်းထိုက်ဦး Tuesday, September 28, 2010
.ထိုင်း-မြန်မာနယ်စပ်မယ်လဒုက္ခသည်စခန်းတွင်(H1N1) ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်ခံသူ ကလေးငယ်၂ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့က စမ်းသပ် တွေ့ရှိခဲ့ကြောင်း ဒုက္ခသည် စခန်းရှိ ဆေးရုံတာဝန်ခံ စောနေဆဲက ဧရာဝတီသို့ ပြောသည်။
H1N1 ရောဂါပိုး ကူးစက်ခံရသူသည် အသက် ၃ လသား တဦးနှင့် ၁ နှစ် ၄ လ အရွယ်ရှိ ကလေးငယ် ၂ ဦးတို့ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ရောဂါဖြစ်ပွားသူ ကလေးငယ်များသည် ဆေးရုံသို့ ရောက်ရှိလာချိန်တွင် ချောင်းဆိုး၊ ရင်ကြပ်၊ အဆုပ်ရောဂါ စသည့် လက္ခဏာ များကို တွေ့ရှိခဲ့သောကြောင့် ကလေးငယ်များ၏ နှာရည်တချို့ကို ယခုလ ၁၄ ရက်နေ့က မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်၍ စမ်းသပ်ပြီးနောက်ပိုင်း ရောဂါကို အတည်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ သက်ဆိုင်ရာ ကျန်းမာရေး ဌာနများနှင့် စခန်းတာဝန် ရှိသူများက ရောဂါ မပြန့်ပွားရေးအတွက် ရက်ကွက်များတွင် ကာကွယ်ရမည့် နည်းလမ်းများကို ပညာပေးရေး သင်တန်းများ ပေးထားကြောင်း၊ ထို့အပြင် ရောဂါ ကူးစက်ခံရသည့် ကလေး ငယ် ၂ ဦးသည် ကျန်းမာရေး ကောင်းမွန်၍ နေအိမ်သို့ ပြန်ရောက် နေ ပြီ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ် သြဂုတ်လတွင်လည်း မယ်လ ဒုက္ခသည် စခန်းတွင် H1N1 ရောဂါ ကူးစက်ခံရသူများ ၂၆ ဦးအထိ ရှိခဲ့ပြီး ယခု ဒုတိယ အကြိမ်ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စောနေဆဲက ပြောသည်။
မယ်လ ဒုက္ခသည် စခန်းရှိ ဆေးရုံ တာဝန်ခံများက ပြင်သစ် အခြေစိုက် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း တခုဖြစ် သော AideMedicalInternational(AMI)နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးတွဲ လုပ်ဆောင်နေကြောင်း သိရသည်။
မယ်လ ဒုက္ခသည်စခန်းတွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခု ရှိသည်။ ထို ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှု ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။
ထိုင်းနိုင်ငံ၌ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောH1N1၀က်တုတ်ကွေး ရောဂါ ပြန်လည်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ယခုလဆန်းပိုင်းတွင် ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားကြောင်း စက်တင်ဘာ ၆ ရက်နေ့ ထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။
လွတ်ဘူရီ နှင့်နွန်ထပ်ဘူရီခရိုင်၂ ခုတွင်H1N1၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၂ ဦး သြဂုတ်လကုန်ပိုင်းက သေဆုံး ပြီးနောက် ထိုင်း ကျန်းမာရေး ၀န်ကြီးဌာနက ယင်းသို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်း ရောဂါ လက္ခဏာ တွေ့ရှိရသူ ၂၆၀ ခန့်ရှိပြီး ယခုနှစ်အတွင်း ရောဂါ ကူးစက်ခံရသူ ၈၄၄၂ ဦးရှိ ကြောင်းနှင့် ရောဂါကြောင့် လူ ၅၇ ဦး သေဆုံးမှုရှိကြောင်းလည်း TheNation သတင်းတွင် ပါရှိသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှ ၂၈ ရက် အတွင်း ဘန်ကောက်၊ နွန်ထပ်ဘူရီ၊ လွတ်ဘူရီ၊ ပထုန် ဌာနီ၊ အယုဒ္ဒယ အပါအ၀င် ခရိုင်ပေါင်း ၂၀ တွင် ရောဂါဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုင်း နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင်လည်း ရောဂါပိုး ကူးစက်မှုများကို ဆက်လက်တွေ့ရှိရကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကူးစက် ရောဂါ တိုက်ဖျက်ရေးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ မနစ် ထီရထန်ထီကနွန် ကို ကိုးကား၍ TheNationသတင်းက ဖော်ပြသည်။
ထိုင်း ကျန်းမာရေး ၀န်ကြီးဌာနက ယခုနှစ်ဆန်းမှ စတင်၍ အများပြည်သူကို H1N1၀က်တုပ်ကွေး ရောဂါ ကာကွယ် ဆေးများ ထိုးပေးမှုပြုလုပ်နေကြောင်း သတင်းများအရ သိရှိရသည်။
ယင်း ၀က်တုပ်ကွေး ကူးစက်ရောဂါသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက မက္ကဆီကို နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့ပြီး ကမ္ဘာတ၀န်းသို့ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

Geen opmerkingen: