မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 september 2010

မဲမပေးရေး စည်းရုံးမှု NLD ဆက်လုပ်မည်

ရန်ပိုင် Monday, September 20, 2010
.မဲမပေးရေး လှုံ့ဆော်မှုများကို အရေးယူနိုင်သည်ဟု စစ်အစိုးရက သတင်းစာမှ အတိအလင်း ခြိမ်းခြောက် ရေးသား ထား သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဗဟိုကော်မတီဝင်များက မဲမပေးရေးအတွက် စည်းရုံးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

NLDလှုပ်ရှားမှုများနှင့်ပတ်သက်ပြီးဒုဥက္ကဋ္ဌ ဦးတင်ဦးက ရုံးချုပ်၌ သတင်းထောက်များကို ရှင်းလင်းပြောကြား နေစဉ်(ဓာတ်ပုံ - Reuters)
NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့်က“ထောင်ဒဏ်တွေ ဘာတွေနဲ့ ခြိမ်းခြောက်လည်း လှုပ်ရှားမှုကို လျှော့ချဖို့၊ ရပ်သွားဖို့ အစီအစဉ် မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော မကွေးတိုင်းအတွင်း စည်းရုံးလှုပ်ရှားမှုတွင် ဦးဟံသာမြင့် ဦးဆောင်ပြီး ပဲခူးတိုင်း မင်းလှမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုး၊ လူမှု အထောက်အကူပြု အဖွဲ့မှ မဖြူဖြူသင်းတို့ ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရွေးကောက်ပွဲကို ပျက်ပြားရန် လုပ်ဆောင်မှုများသည် ဥပဒေအရ အရေးယူခြင်း ခံရနိုင်သည်ဟု ရေးသားထားသည်။
သတင်းစာများတွင် ပါရှိသည့် ဆောင်းပါး၌ မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေး၊ မဲပေးခြင်း မပြုဘဲနေနိုင်သည့် အခွင့်အရေး များ ရှိသည်ဆိုသော်လည်း ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဃ) အရ ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်၊ ရွေးကောက်ပွဲ ပျက်ပြား စေရန် စည်းဝေး ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်း များဖြင့် အားထုတ်ကြိုးပမ်းခြင်း ပြုလုပ်လျှင် ထိုသူအား တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မည်ဟု ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။
NLD ပါတီမှ ဥပဒေပြု ရှေ့နေကြီး ဦးအောင်သိန်းကမူ NLD ပါတီသည် စစ်အစိုးရ စွပ်စွဲနေသကဲ့သို့ ရွေးကောက်ပွဲ ပျက်ပြား စေရန် လိုက်လံ လှုံ့ဆော်နေခြင်း မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရသည့် NLDပါတီ၏ သဘောထားကို ပါတီဝင်များနှင့် ပါတီလိုလားသူများကို ရှင်းပြနေခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
“NLDကိုမှ မဲပေးချင်တဲ့ ပြည်သူကိုတွေ NLD မပါရင် မပေးနဲ့လို့ပြောတာ ဥပဒေနဲ့ ငြိစွန်းစရာ ဘာအကြောင်းမှ မရှိဘူး”ဟု ဦးအောင်သိန်းက ပြောသည်။
စစ်အစိုးရ၏ ဥပဒေများတွင်လည်း နိုင်ငံသားတဦး၏ မဲမပေးဘဲ နေပိုင်ခွင့်ရှိမှုကို အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ မဲမပေး လိုသည့် ပြည်သူများကို မဲမပေးဘဲ နေရန်ပြောဆိုခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း၊ စစ်အစိုးရက ခြိမ်းခြောက် ပြောဆိုနေသော်လည်း NLDပါတီအနေနှင့် ယခုကဲ့သို့ လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးအောင်သိန်းက ဆက်လက် ပြောသည်။
NLD ၏ ဆုံးဖြတ်ချက်အတိုင်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန်၊ ပြည်သူလူထု အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခွင့်အရေးများကို သိရှိစေရန်၊ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာမည့် မသမာမှုများကို စောင့်ကြည့်ရန်၊ တိုင်ကြားရန်၊ ထောက်ပြ ပြောဆိုနိုင်သည့် အခွင့်အရေးများ ရှိသည့်အကြောင်းကို ရှင်းလင်းခြင်း ဖြစ်သည်ဟု ဦးဟံသာမြင့်ကလည်း ဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့က စတင်သည့် NLDအဖွဲ့ဝင်များ၏ စည်းရုံးရေးခရီးစဉ်တွင် အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက် စသည့် မြို့နယ်များကို ၀င်ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
NLDဒုဥက္ကဋ္ဌဦးတင်ဦးကတနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်နေသည့်မဲမပေးရေး ဆောင်ရွက်ချက်များသည် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးချက်ကို အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
မကွေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးကလည်း မိမိတို့ NLDပါတီဝင်များအနေဖြင့် စစ်အစိုးရ၏ ခြိမ်းခြောက်မှုများ မည်သို့ပင် ရှိနေစေကာမူ မဲမပေးလိုသူများ မဲမပေးရေး စည်းရုံးလှုံ့ဆော်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆို သည်။
မဲမပေးရေး လှုပ်ရှားစည်းရုံးမှုများကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက နိုင်ငံတ၀န်းလုံးတွင် သွားရောက် လုပ်ဆောင်နေကြရာ ဦးအုန်းကြိုင်နှင့် ဒေါက်တာ ဒေါ်မေ၀င်းမြင့် ဦးဆောင်သည့် အဖွဲ့သည်လည်း ရှမ်းပြည်မြောက်ပိုင်း ဒေသများမှ ယမန်နေ့က ပြန်ရောက်လာသည် ဟု သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က NLDပါတီအပါအ၀င် နိုင်ငံရေးပါတီဟောင်းနှင့် ပါတီသစ် ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။
စစ်အစိုးရက ယနေ့ထုတ်ပြန်လိုက်သော မဲဆန္ဒပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမရှိကြောင်းလည်း သိရှိရသည်။

Geen opmerkingen: