မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 september 2010

ပြည်ပရောက် မြန်မာများအတွက် မဲပေးခွင့်စာရင်း မကြေညာသေး

ခိုင်စု
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၀ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ ကော်မရှင်က မြန်မာနိုင်ငံတဝန်းတွင် မဲပေးနိုင်သော လူဦးရေ စာရင်းများကို ကြေညာနေသော်လည်း ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
“ကျနော်တို့ကို သံရုံးက ခုထိရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှမပြောသေးဘူးဗျ” မလေးရှားနိုင်ငံ Joho Baru မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတဦးက မဇ္ဈိမကိုပြောသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်ပြန်ပြီး မဲထည့်နိုင်အောင် သံရုံးကတဆင့် စီစဉ်နေသည်ဟု နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံမှ အလုပ်သမားအများစု သွားရောက်လုပ်ကိုင်နေကြသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အချို့မှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိသဖြင့် မဲပေးလိုစိတ်မရှိဟုဆိုသည်။
“နယ်စပ်ထိလည်း သွားဖြစ်မယ်မထင်ဘူး။ သွားရေးလာရေးလည်း ခက်တယ်၊ မသွားဖြစ်တာများမယ်”ဟု ချင်းမိုင်မြို့ ညဈေးမှ ရွှေ့ပြောင်း အလုပ်သမား ကိုရာဂျားက မဇ္ဈိမကို ပြောသည်။
မလေးရှားရောက်ရောက် မြန်မာအလုပ်သမား အချို့ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှုမရှိကြောင်း၊ မဲပေးရန်လည်း ဆန္ဒမရှိကြောင်း ပြောဆိုသည်။
ပြည်ပရောက် အလုပ်သမားများ ယခုကဲ့သို့ မဲပေးရန်စိတ်မဝင်စား ဖြစ်နေကြသော်လည်း ပြည်ပရောက် အလုပ်သမားများကို မဲပေးစေလိုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပြန်ကြားရေး ဗဟို ကော်မတီဝင် ဦးကြည်မြင့်က ပြောသည်။
“တချို့ကပျင်းလို့ တချို့ကမှိုင်းတိုက်ခံရလို့၊ တချို့ကအပျော်မက်လို့ လာမပေးချင်ကြဘူးပေါ့ဗျာ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မဲပေးကြဖို့ပြောချင်ပါတယ်” ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
“ကျနော်တို့က စီးပွားလာရှာတာ၊ နိုင်ငံရေးကို စိတ်မဝင်စားဘူးဗျာ။ မဲထည့်ဖို့ သံရုံးက အကြောင်းမကြားရင် မထည့်ဘူး၊ အကြောင်းကြားရင် ထည့်လိုက်မယ်”မလေးရှားနိုင်ငံ JohoBaruရှိ လုပ်သားတဦးက ပြောသည်။ အခြား အလုပ်သမားတဦးကလည်း မဲသွားထည့်ရန် ဆန္ဒမရှိကြောင်း မဇ္ဈိမကို ပြောပြသည်။
မဲပေးနိုင်သော လူဦးရေ စာရင်းများကို ကြေညာနေသော်လည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကြေညာခြင်းမရှိသေးကြောင်း သိရသည်။
“ဦးလေးတို့ မကြေညာသေးဘူး၊ ရပ်ကွက်ရုံးမှာလည်း စာရွက်မကပ်သေးဘူး” ဟုလှိုင်မြို့နယ်တွင် နေထိုင်သူ အမျိုးသား တဦးက မဇ္ဈိမကို ပြောသည်။
မဲပေးခွင့်ရှိသူများစာရင်းများကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် ယခုလ တတိယပတ်ကတည်းက ကြေညာခဲ့ပြီး ၂ဝ ရက်နေ့တွင်မှ ရပ်ကွက် ကျေးရွာအဆင့်ထိ လိုက်လံထုတ်ပြန်ကြေညာခြင်း ဖြစ်သည်ဟု သိရသည်။
“အသံချဲ့စက်နဲ့ အော်တယ်။ ကိုယ့်မဲစာရင်းကို ရပ်ကွက်ရုံးမှာ လာကြည့်ဖို့ မဲစာရင်းမှာ နာမည်မပါရင်လည်း အကြောင်းကြားဖို့ ပြီးတော့ မဲစာရင်းမှာပါပြီးမဲပေးခွင့်မရှိသူလို့ ယူဆရင်လည်း ကော်မရှင်ရုံးကို အကြောင်းကြား ဖို့ပေါ့” ဟု ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။
မဲပေးရန်စိတ်ဝင်စားသည့် မဲပေးခွင့် ရှိသူများအတွက် နစ်နာမှုကို ဦးကြည်မြင့်က ယခုလို ဆက်ပြောသည် “လူတွေကနိုင်ငံရေးကိုကြောက်နေတဲ့ အချိန်မှာမဲစာရင်း ကြေညာတာ တခုနဲ့တခု မညီအောင်လုပ်ထားတာ ကြိုတင်ပြင်ဆင်ထားတာလား၊ ဒါမှမဟုတ် မတော်တဆလားဆိုတာ အတိအကျ မပြောတတ်တော့ဘူး။ သူတို့ကတော့ ပြောထားတာပေါ့ မဲစာရင်းမှာ မပါလာတဲ့ လူတွေ အကြောင်းကြားလို့တယ် နောက်တိုး အနေနဲ့ ထည့်ပေးမယ်လို့၊ ဒါပေမယ့် နိုင်ငံရေးကိုလည်း စိတ်ဝင်စားတယ် မဲစာရင်းမှာလည်း မပါလာရင် နစ်နာတာပေါ့”
ဆက်လက်၍ ပြည်ပမှထည့်တဲ့ မဲတွေ စိတ်မချရပုံကို ခုလိုဆက်ပြောပါတယ်။ “ပြည်ပရောက်နေတဲ့မဲက မြန်မာပြည်ဘက်မှာလိုမျိုး ရွေးကောက်ပွဲကော်မရှင်ရှေ့မှာ ရေတွက်ရတာတွေ ဘာတွေမဟုတ်ဘူးလေဗျာ၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကို မဲထည့်သွားရင်တောင်မှ ကျနော်တို့ဆီကို ရောက်တဲ့အခါမှာ ဒီမဲတွေက ဘယ်လိုဖြစ်သွားမလဲ။ နောက်ပြီး ပြည်ပရောက် အဖွဲ့အစည်းတွေကလည် မဲမထည့်ဖို့ လမ်းကြောင်းတွေ ပြောထားတော့ မဲလျော့သွားနိုင်တယ်လေ” ဦးလှမြင့်က မဇ္ဈိမကို ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား ၂ သန်းခန့် နှင့် မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာလုပ်သား ၂ သိန်းကျော်နှင့် တရားမဝင် လုပ်သား ၃ သိန်းကျော်ခန့် ရှိသည်ဟု အလုပ်သမား အဖွဲ့များက ခန့်မှန်းထားကြသည်။
ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြသူများ မဲထည့်နိုင်ငံခွင့်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဥပေဒတွင် သက်ဆိုင်ရာ သံရုံးများတွင် မဲထည့်နိုင်ကြောင်း ယေဘုယျ ဖော်ပြထားသော်လည်း အသေးစိတ်ကို ရွေးကောက်ပွဲ ကော်မရှင်မှ ထပ်မံကြေညာမည်ဟု မျှော်လင့်ရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ပြန်ကြားရေး ဗဟိုကော်မတီဝင် ဦးကြည်မြင့် (လသာ)က ဆိုသည်။



Geen opmerkingen: