မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 september 2010

ကြံ့ဖွံ့နှင့် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အန်ဒီအက်ဖ် ကြေညာ

မျိုးချစ်သူ / ၂၇ စက်တင်ဘာ ၂၀၁၀
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၇) ဦး ပါဝင်ကြောင်း သိရသည်။
၎င်းတို့မှာ တောင်ဥက္ကလာပမြို့နယ်တွင် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် အန်ဒီအက်ဖ်မှ ဒေါ်ကမ်းခန့်ဒိမ်း၊ ခရမ်းမြို့နယ်တွင် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်းနှင့် အန်ဒီအက်ဖ်မှ ဦးကျော်သူရ၊ စမ်းချောင်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပိုင်စိုးနှင့် အန်ဒီအက်ဖ်မှ ဦးစိုးဝင်း၊ ဆိပ်ကြီးခနောင်တိုတွင် ဒု-မြို့တော်ဝန် ဦးမောင်ပါနှင့် အန်ဒီအက်ဖ်မှ ဦးထက်အောင်ကျော်၊ သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဦးအုန်းမြင့်နှင့် အန်ဒီအက်ဖ်မှ ဦးခင်မောင်ရည်၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီနှင့် ဦးတင်လင်း၊ အမျိုးသားဒီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာနှင့် အန်ဒီအက်ဖ်မှ ဒေါ်သော်တာဆိုင်တို့ ဖြစ်ကြသည်ဟု အန်ဒီအက်ဖ်မှ ယနေ့တရားဝင် ကြေညာသည်။
ယနေ့ နံနက် (၉)နာရီခန့်က တာမွေမြို့နယ် ကျိုက္ကစံလမ်း၊ အလုပ်သမားဆေးရုံရှေ့တွင် ဖွင့်လှစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်)၏ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေး ရုံးခန်းဖွင့်ပွဲတွင် အဆိုပါ ကိုယ်စားလှယ်လောင်းများကို ပါတီဝင်တဦးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက တရားဝင် မိတ်ဆက် ကြေညာပေးခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာမြတ်ဉာဏစိုးသည် အန်ဒီအက်ဖ် ပါတီ၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် (၄) တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည်စက်တင်ဘာ(၁၀)ရက်နေ့ကရန်ကုန်တိုင်း ဒေသကြီးစည်းရုံးရေးကော်မတီကိုအဖွဲ့ဝင်(၂၀)နှင့်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ယှဉ်ပြိုင်ရမည့် အန်ဒီအက်ဖ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ချင်းအမျိုးသမီး ဒေါ်ကမ်းခန့်ဒိမ်းက မိမိအနေဖြင့် ပြည်သူများအပေါ် ယုံကြည်မှုရှိကြောင်းနှင့် တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူတို့ကလည်း မည်သူ့ကို မဲပေးရမည်၊ မည်သူ့ကို မဲမပေးရဆိုသည်ကို နားလည်ကြကြောင်း ပြောကြားသည်။
၎င်းက “ကျမက အန်ဒီအက်ဖ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အဓိက ဆောင်ရွက်ရမယ့်သူ ဖြစ်တယ်။ ကျမနဲ့ပြိုင်ဘက်ကိုလည်း ကျမက စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားဘူး။ ကျမစိတ်ထဲမှာ ပြည်သူတွေကို ကျမ ဘယ်လောက်ပေးဆပ်မလဲ ဆိုတာပဲရှိတယ်၊ ကျမကို ရွေးလိမ့်မယ်လို့ မျှော်လင့်မိတယ်” ဟု ဆိုသည်။
စမ်းချောင်းမြို့နယ်တွင် ကျန်းမာရေး ဒု-၀န်ကြီး ဒေါက်တာပိုင်စိုးက ရပ်ကွက်အတွင်းတွင် ဆေးများ လာရောက် အခမဲ့ကုသမှုများ ပြုလုပ်ကာ မဲဆွယ်နေသည်ဟု စမ်းချောင်းမြို့နယ် ပြည်သူတို့က ပြောသည်။
၎င်းနှင့်ပြိုင်ရမည့် အန်ဒီအက်ဖ်မှ ဦးစိုးဝင်းက “စမ်းချောင်းမြို့နယ်ဟာ အစဉ်အလာကောင်းရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ ဘယ်သူက ဘာလဲ ဆိုတာပေါ့။ နိုဝင်ဘာ (၇) ရက်နေ့မှာ အဲဒါတွေကို သိရတော့မှာပါ” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် မြန်မာတနိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၃၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော်တွင် (၂၂) ဦး၊ စုစုပေါင်း (၁၆၃) ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပါတီ၏အဓိက ရည်ရွယ်ချက်မှာ အခြေခံပြည်သူ့ရေးရာ ၀န်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်မည့် ပြည်သူ့ရေးရာဝါဒကောင်းများ ပေါ်ထွက်လာရေး၊ ပြဋ္ဌာန်းပေးနိုင်ရေး ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ရွေးကောက်ပွဲအောင်နိုင်ရေး ရုံးခန်းဖွင့်ပွဲတွင် ဝေငှသော ပြည်သူသို့ပန်ကြားလွှာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Geen opmerkingen: