မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 september 2010

တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာအစိုးရ အမြတ်ထွက်တယ်

NEJ / ၂၀ စက်တင်ဘာ ၂၀၁၀
မြန်မာနအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ တရုတ်သမ္မတ ဟူကျင်တောင်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့်အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၇)ရက်နေ့ကနေ (၅) ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်ပြည်ကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်ကနေ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ဘယ်လိုသုံးသပ်နိုင်ပါသလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်မတိုင်ခင် ဒီနှစ်ထဲမှာ ထူးခြားတာရှိလာတယ်။ ပိုပြီးတော့ အပြန်အလှန် မှီခိုရတဲ့ ကိစ္စတွေ၊ အကျိုးစီးပွားတွေ များလာတဲ့အတွက်ကြောင့် အပြန်အလှန် သွားလာဆက်ဆံရတဲ့ အကြိမ်အရေအတွက် ပိုများလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ပြည်က မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှုဟာ ဒီနှစ် မေလနောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏအားလုံးရဲ့ ထိပ်ဆုံးမှာ ဖြစ်လာတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ ဓာတ်ငွေ့၊ ရေနံ၊ သတ္တု ကဏ္ဍတွေမှာ အချိန်တိုအတွင်း အင်မတန်များပြားတဲ့ ငွေတွေနဲ့ ဝင်လာတာ။ အထူးသဖြင့် ဂက်စ်ပိုက်လိုင်းကိစ္စ ပေါ်လာပြီးနောက်ပိုင်း တရုတ်က မြန်မာအပေါ် မှီခိုမှု ပိုကြီးလာတယ်။ ဗိုလ်သန်းရွှေတို့ဘက်ကလည်း တရုတ်ပြည်နဲ့ ပတ်သက်လို့ သူတို့အတွက်ပိုပြီး အရေးကြီးလာတယ်။ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ထောက်ခံမှာက တရုတ်နဲ့ ရုရှ ဖြစ်တာကိုး။ ကုလသမဂ္ဂရဲ့ နောင်လုပ်လာမယ့် အရေးယူမှုကို တရုတ်က ကာကွယ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်။ နောက်တခုက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတွေ၊ စစ်ရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို တရုတ်က ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အချက်အလက်ရှိတွေရှိတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက်စလုံးက အပြန်အလှန်မှီခိုမှု ပိုကြီးလာတယ်။ ပိုမိုပြီးတော့ အသွားအလာတွေ၊ ဆက်ဆံမှုတွေ ကဏ္ဍအသီးသီးမှာ ပိုပြီးများပြားလာတယ်။ သူတို့အပြောနဲ့ ပြောရရင် တရုတ်-မြန်မာဆက်ဆံရေးဟာ အမြင့်ဆုံးအဆင့်ကို ရောက်လာပြီပေါ့။ ဒါပေမယ့် တရုတ်ပြည်က ခေါင်းဆောင်တွေကတော့ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေအတွက် မြန်မာပြည်ကို ဆက်ဆံတာဖြစ်တယ်။ မြန်မာပြည်နဲ့ ဆက်ဆံပြီး သူတို့က အကျိုးရှိတာဖြစ်တယ်။ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေပေါ့။ ဗိုလ်သန်းရွှေကတော့ အဲလို မဟုတ်ဘူး။ သူတို့စစ်အုပ်စု လက်တဆုပ်စာအတွက်ပဲ တရုတ်-မြန်မာ ဆက်ဆံရေးကို တိုးလုပ်တာဖြစ်တယ်။ သူတို့ရဲ့ အာဏာရှင်စနစ်ကို တည်မြဲအောင်၊ သူတို့ တိုင်းပြည်ထဲမှာ မတရားလုပ်ထားတာ မှန်သမျှကာနိုင်အောင် လုပ်တာဖြစ်တယ်။ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားအတွက် ပေါင်းစပ်ထားတဲ့ အကျိုးစီးပွားအပေါ်ကနေ လှမ်းနေတဲ့ ဆက်ဆံရေးဖြစ်တယ်။ ဒါ အိမ်နီးနားချင်းကောင်း နှစ်နိုင်ငံရဲ့ ဆက်ဆံမှုလို့ သတ်မှတ်လို့ မရပါဘူး။ သူအနစ်နာခံ၊ ကိုယ်အနစ်ခံ ဆက်ဆံရေးမဟုတ်ပါဘူး။
မေး။ ။ နှစ်နိုင်ငံ အကျိုးစီးပွားမှာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားက ဘာဖြစ်မလဲ၊ နောက်ပြီး မြန်မာရဲ့ အကျိုးစီးပွားကရော ဘာဖြစ်မလဲ။
ဖြေ။ ။ တရုတ်အကျိုးစီးပွားကတော့ သူ့နိုင်ငံရဲ့ စစ်ရေးနဲ့လုံခြုံရေးကဏ္ဍက playground ဖြစ်လာတာ အမှန်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူရဲ့အနောက်မှာ သူ့ကိုမှီခိုနေတဲ့ မြန်မာနိုင်ငံလိုအစိုးရ ရှိထားတယ်။ တရုတ်က နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံက ကျားကန်ပေးမှု ရမှသာလျှင် ဆက်လက် ရပ်တည်နိုင်မယ့် အစိုးရအဖွဲ့ဖြစ်တယ်။ မြန်မာအစိုးရဟာ တရုတ်က ထောက်ခံမှု မရတော့ရင် ဒီထက်ဆိုးဝါးတဲ့အခြေအနေ၊ မတည်ငြိမ်မှုတွေ ရင်ဆိုင်ရမှာဖြစ်တယ်။ တရုတ်အစိုးရရဲ့ အဓိက အကျိုးစီးပွားက လုံခြုံရေး ဖြစ်သော်ငြားလည်း သူ့ပြည်တွင်းမှာ လိုအပ်တဲ့ သယံဇာတာ၊ ပိုက်လိုင်း (၂)လိုင်းမှာ (၁)လိုင်းက အာရှအလယ်ပိုင်းက ပို့မယ့်ရေနံဆိုရင် တရုတ် တပြည်လုံး သုံးနေတဲ့ (၆ဝ)ရာခိုင်နှုန်းဖြစ်တယ်။ အဲဒီရေနံကို ဒီလမ်းကြောင်းက ဖြတ်သွားမယ်ဆိုတော့ မြန်မာပြည် အကျိုးစီးပွားက ဒါလည်း ပါတယ်။
မေး။ ။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား စာချုပ်တွေချုပ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေချိန်မှာ မြန်မာလူထုအတွက်ရော ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။
ဖြေ။ ။ တရုတ်ပြည်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတာ သူ့အတွက် အကျိုးရှိတာပဲ။ သူတို့စက်ရုံကြီးတွေ၊ သတ္တုတူးဖော်ရေးတွေမှာ သူတို့လူ သူတို့ခေါ်တာ။ ဥပမာ မုံရွာမှာ ကြေးနီတူးနေတယ်၊ ဘယ်မြန်မာမှ ဝင်လို့ မရဘူး။ မြန်မာလူထုထဲက အလုပ်သမားတွေအတွက် လုပ်ငန်း၊ နေရာထိုင်ခင်း ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ပြောမယ်ဆိုရင် စာချုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် မြန်မာပြည်လူထု အကျိုးမရှိဘူး။ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေဟာ မြန်မာပြည်က သယံဇာတပစ္စည်းတွေ တရုတ်ထဲ သွားရေးဖြစ်တယ်။ နှစ်ပေါင်း (၂ဝ၊ ၃ဝ၊ ၄ဝ) မှာ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူဟာ ဒုက္ခလှလှ ရောက်သွားမယ့်အခြေနေမျိုး ဆိုက်လာနိုင်တယ်။ အခုစာချုပ်တွေ ချုပ်ပြီး အကောင်အထည် ဖော်ခဲ့မယ်ဆိုရင်ပေါ့။ ဆိုပါတော့ အခု ဧရာဝတီမြစ်ဖျားမှာ၊ တာပိန်မြစ်ထဲမှာ ရွှေကျင်တာတို့ဟာ အားလုံးမှာ ဒုက္ခရောက်ကြတယ်။ ရေကာတာတွေမှာ ရင်းနှီးမြှုပ်နှံဆောက်တာဟာ ကျနော်တို့ တိုင်းပြည်အတွက် အနာဂတ်အတွက် အင်မတန် ဆိုးဝါးကြီးမားတဲ့ သဘာဝဘေးဒုက္ခတွေ ဖန်တီးမှုဖြစ်တယ်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ သူရဦးရွှေမန်းနဲ့ တရုတ်စစ်ဦးစီးချုပ်တို့ သီးသန့်တွေ့ဆုံကြသေးတယ်ဆိုတော့ တရုတ်-မြန်မာအကြား စစ်ရေးအရ ဆက်ဆံမှုတွေ ဘယ်လို ရှိနိုင်ပါသလဲ။
ဖြေ။ ။ တရုတ်-မြန်မာ စစ်ရေးဆက်ဆံမှုက ကြာလေ ပိုများလေလို့ ယူဆရတယ်။ မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေမှာ၊ အထူးသဖြင့် ရေနဲ့လေမှာ တရုတ်ရဲ့ပစ္စည်းတွေ အများစု အဓိက ဖြစ်လာတယ်။ တရုတ်ရဲ့ပစ္စည်းကို မှီခိုရုန်းကန်နေရတယ်။ အထူးသဖြင့် ရေတပ်ဆိုလို့ရှိရင် ရှိနေတဲ့ ရေယာဉ်အုပ်ရဲ့ သင်္ဘောအများစု၊ ၁၉၈၈ နောက်ပိုင်း တပ်ဆင်တဲ့ ရေယာဉ်အများစုဟာ တရုတ်က ဝယ်ယူတာဖြစ်တယ်။ လေတပ်မှာလည်း အချိုးအစားအရ အများစုဟာ တရုတ်လေယာဉ်တွေဖြစ်တယ်။ ကြည်းတပ်မှာတော့ ကိုယ့်ဘာသာကိုယ် ထုတ်နိုင်တာ တပိုင်းပေါ့။ အတတ်ပညာပိုင်းမှာ မှီခိုမှုများလာတယ်။ မြန်မာနိုင်ငံက ကျွန်းစုတွေမှာ တရုတ်ကျွမ်းကျင်သူတွေ တွေ့နိုင်တယ်။ လေတပ် အခြေစိုက်စခန်း၊ လေယာဉ်ပြုပြင်တဲ့စခန်းတွေမှာ တရုတ်ကျွမ်းကျင်သူတွေ တွေ့ရတယ်။ ဒီလိုအောက်မှာ ဒီထက်မြင့်တဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်ဖို့အထိ တိုးမြင့်ဖို့ အလားအလာတွေ မြင်နေရတယ်။
မေး။ ။ တရုတ်ပြည်မှာ မြန်မာပညာတော်သင် သင်တန်းသားတွေ ရှိတယ်လို့ သိရပါတယ်။ ဘယ်လိုသင်တန်းမျိုးတွေ ပို့ချနေတာပါလဲ။
ဖြေ။ ။ အထက်မှာ ပြောခဲ့သလို ဝယ်ယူထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုသုံးမလဲ၊ ဘယ်လိုပျက်ရင် ဘယ်လိုပြင်မလဲပေါ့။Technicianလိုင်းပေါ့၊ အဲဒါများတယ်။ အဲဒီကြားထဲမှာ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ မြန်မာပြည်ကိုလည်း တရုတ်တပ်က လူတွေ၊ ရဲတွေ လွှတ်ပြီး မြန်မာစာ သင်ခိုင်းတယ်။ မြန်မာကလည်း တပ်နဲ့ ရဲကိုလွှတ်ပြီး တရုတ်စာသင်ခိုင်းတယ်။ မဟာဗျူဟာ၊ သေနင်္ဂဗျူဟာနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ ကျောရိုးဖြစ်တဲ့အခြေခံ Idealogyကို သင်ပြပေးတဲ့ကျောင်းတွေကို သွားတက်တာရှိတယ်၊ ဒါက အနည်းစုပေါ့။ မှတ်မှတ်ရရ (၂) ခါ (၃)ခါ လောက် ရှိမယ်။
မေး။ ။ နယ်စပ်ဒေသများ၌ မြန်မာအစိုးရကို ဆန့်ကျင်မည့် လှုပ်ရှားမှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့်လုပ်ရပ်များကို ပြုလုပ်မည့် မည်သည့်အဖွဲ့အစည်းကိုမျှ လက်ခံ ထောက်ခံမည်မဟုတ်ကြောင်း တရုတ်သမ္မတ ဟူကျင်တောင်းက ပြောတယ်ဆိုပြီး နအဖသတင်းစာတွေက ဖော်ပြတယ်။ ဒီအတွက် နယ်စပ် အဖွဲ့အစည်းတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိစေနိုင်သလဲ။
ဖြေ။ ။ သမ္မတကြီး ဟူကျင်တောင်းက ဒီစကားမပြောပါဘူး။ မပြောခဲ့ဘူး။ သူတို့က နားမလည်တာ၊ သမ္မတ တယောက်ရဲ့အဆင့်မှာ နှစ်နိုင်ငံကိစ္စကို ပြတ်ပြတ်သားသား ပြောမှာ မဟုတ်ဘူး။ မြန်မာအစိုးရရဲ့ သူ့ပြည်တွင်းမှာရှိတဲ့ လူမျိုးစုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းတဲ့ လုပ်ဆောင်မှုမျိုးကို စာနာနားလည် ထောက်ခံပါတယ်။ ဒီစကားပဲ ပြောတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်မှုကို အကောင်အထည်ဖော်တာ မြင်လိုပါတယ်။ အဲလို ဖော်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ဆိုပြီး တရုတ် သမ္မတကြီးက ပြောသွားတယ်။ ဒီစာပိုဒ်က ရည်ရွယ်ချက်ရှိရှိ ဗိုလ်သန်းရွှေ လုပ်ခဲ့တာ။ ဗိုလ်သန်းရွှေ တရုတ်ပြည်သွားတဲ့ ရည်ရွယ်ချက်ကော၊ နယ်စပ်ဒေသမှာ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကိုကော အစီစဉ်ရှိရှိ လုပ်တာ ဖြစ်တယ်။ မြန်မာပြည်သူတွေနဲ့ တရုတ်အစိုးရကြားမှာ၊ တရုတ်အစိုးရနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကြားမှာ သွေးထိုးသပ်လျှိုတာ၊ တရုတ်အစိုးရကို နားလည်မှု လွဲအောင် လုပ်ကိုင်ဆောင်ရွက်လာတဲ့ နည်းဖြစ်တယ်။ သူ တရုတ်က ပြန်လာပြီးတဲ့နောက် လုပ်ချင်ရာ လုပ်မယ်၊ သတ်ချင်ရာ သတ်မယ်၊ ဖျက်ချင်ရာ ဖျက်မယ်၊ အဲဒါ အားလုံးဟာ တရုတ်က အကြံဉာဏ်ပေးလိုက်တာပါမျိုး ဖြစ်အောင် လုပ်မယ်။ တရုတ်အစိုးရဆီသွားပြီး အကြံဉာဏ်ယူတာပါ။ ပြန်လာပြီးတော့ လုပ်တာပါဆိုပြီး မပွင့်တပွင့် ဟိုနားပြောလိုက်၊ ဒီနားပြောလိုက် ပြောပါလိမ့်မယ်။ ဒီစကားဟာ တရုတ် ဟူကျင်တောင်း မပြောခဲ့ဘူး။ မပြောခဲ့ဘူးဆိုတာလည်း တရုတ်နယ်စပ်က အဖွဲ့အစည်းတွေအားလုံး လက်ခံနားလည်တယ်၊ သိထားတယ်။ ဘာကြောင့်လဲဆို ဗိုလ်သန်းရွှေတို့သာ နားမလည်လို့ ပြောတာ။ တရုတ်ပြည်လို နိုင်ငံမျိုးမှာ သမ္မတ အဆင့်က ဒီစကားမျိုး မပြောဘူး။ ဒါပေမယ့် ယူနန်ပြည်နယ်က အုပ်ချုပ်ရေးမှူးတွေ၊ လုံခြုံရေးဆိုင်ရာ အရာရှိကြီးတွေ၊ စစ်တပ်ဘက်က နယ်စပ်ဒေသအရာရှိကြီးတွေက အလားတူ စကားမျိုးပြောတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသမှာနေပြီး နှစ်နိုင်ငံရဲ့ တရားဥပဒေကို ချိုးဖောက်တဲ့ လုပ်ဆောင်မှု၊ လုပ်ဆောင်တဲ့ အဖွဲ့စည်းကို မှန်သမျှ လက်ခံ ထောက်ခံမှာ မဟုတ်ဘူးဆိုပြီး ပြောတာမျိုး ရှိတယ်။ ဒါပေမယ့် သမ္မတ တယောက်အနေနဲ့ ဒီစကားမျိုး ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် မြန်မာအစိုးရက အစီစဉ်ရှိရှိ ဒီဟာကို သုံးလာတာ။ တချက်က နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တယ်၊ တရုတ်ပြည်က သဘောတူပြီ၊ ငါတို့ ချတော့မယ်ဆိုပြီး ဖြစ်အောင်၊ ဒုတိယအချက်ကတော့ တရုတ်အစိုးရနဲ့ နယ်စပ် အဖွဲ့အစည်းတွေအကြားမှာ သွေးထိုးတာ ဖြစ်တယ်။
မေး။ ။ တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် တရုတ်က ဘယ်အခန်းကဏ္ဍကနေ ဝင်ပါမယ်လို့ ယူဆနိုင်ပါသလဲ။
ဖြေ။ ။ တရုတ်ကတော့ သူ့နယ်စပ် လုံခြုံရေးကို ထိန်းသိမ်းမှာပဲ။ ဖြစ်လာရင် ကိုးကန့်တုန်းကလိုပေါ့၊ တစုံတရာ ကာဆီးပြီးတော့ ဝင်လာတဲ့လူတွေ မထိခိုက် မနစ်နာအောင်၊ သူတို့ထဲမှာ လက်နက်ကိုင် လှုပ်ရှားမှုမဖြစ်အောင် လက်နက်တွေ သိမ်းထားတာ၊ လူတွေကို တနေရာမှာ စုစည်းထားတာ ဒါမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာရတဲ့ သူတွေကို ဆေးကုပေးတာ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။ တရုတ်ပြည်အနေနဲ့ နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲ ပြန်ဖြစ်မှာကို လုံးဝ မလိုလားဘူး။ ဘာကြောင့်လည်း ဆိုတော့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးက သူ့အတွက် အရမ်းအရေးကြီးတယ်။ တည်ငြိမ်ချင်လို့လည်း မတရားအစိုးရကို ထောက်ခံထားရတာဖြစ်တယ်။
မေး။ ။ ဟုတ်ကဲ့။ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
ဖြေ။ ။ ချုပ်ပြီးပြောရရင် တရုတ်အစိုးရအနေနဲ့ လုံခြုံရေးအကျိုးစီးပွား၊ လိုအပ်တဲ့ စွမ်းအင် အကျိုးစီးပွား တစုံတရာ ထိုက်ထိုက်တန်တန် ရရှိနိုင်သော်လည်းပဲ မြန်မာပြည်သူတွေနဲ့ ပတ်သက်ရင် နိုင်ငံရေးအရ ကြီးမားစွာ ဆုံးရှုံးတယ်။ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ တရုတ်အစိုးရကို ဘယ်လို မြင်သလဲဆိုတာ ပြောလို့ရတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာအစိုးရ အမြတ်ထွက်တယ်။ မြန်မာအစိုးရက သူ့အာဏာတည်မြဲရေးအတွက် သူလုပ်နေတာ၊ ဘယ်ပြည်သူ့အတွက်မှ မကြည့်ဘူး။ သူ့အာဏာတည်မြဲရေးအတွက် တရုတ်အစိုးရက ထောက်ခံကျားကန် ပေးရသလို ဖြစ်နေတယ်။ ဒါကြောင့် နှစ်နိုင်ငံဆက်ဆံမှုမှာ မြန်မာအစိုးရလိုချင်တဲ့ ခုံမပျောက်ရေး၊ အာဏာကို ဆက်လက် ဆုပ်ကိုင်ရေးအတွက် တရုတ်အစိုးရကို မှီခိုပြီး အောင်အောင်မြင်မြင် အသုံးချနေတာ ဖြစ်တယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဗိုလ်သန်းရွှေတို့အုပ်စုက အကျိုးအမြတ် ပိုရရှိတာ ဖြစ်တယ်။

Geen opmerkingen: