မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 september 2010

ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် ကွယ်လွန်

ရန်ပိုင် Friday, September 17, 2010
.၀ါရင့် နိုင်ငံရေး သမားကြီး သခင်အုန်းမြင့် (၉၃ နှစ်) သည် ယနေ့ နံနက် ၄ နာရီခွဲ အချိန်က ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
                                                          ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့်။ (ဓာတ်ပုံ - မိုးမခ)
သခင်အုန်းမြင့်၏ သားဖြစ်သူ ဦးဌေးအောင် ခေါ် ဦးနီက “အဖေက မသေခင်အထိ သူလုပ်ရမယ့် အလုပ်တွေကို စိုက်လိုက်မတ်တပ် လုပ်သွားတယ်။ လူမှုရေး၊ နိုင်ငံရေး အားလုံးပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
သခင်အုန်းမြင့်၏ ကျွင်းကျန်ရစ်သော ရုပ်ကလာပ်ကို တနင်္ဂနွေနေ့ ညနေ ၄နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဟု သိရ သည်။
သခင်အုန်းမြင့် ကွယ်လွန်ရာ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး၊ သုခ၀တီလမ်းရှိ နေအိမ်သို့ နိုင်ငံရေးလောကမှ ၀ါရင့်နိုင်ငံရေး သမားကြီးများ၊အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဒု ဥက္ကဋ္ဌ သူရ ဦးတင်ဦး၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နှင့် NLD လူမှု အထောက်အကူပြုအဖွဲ့မှ လူငယ်ခေါင်းဆောင် မဖြူဖြူသင်းနှင့် လူငယ်များ၊ ဦးအုန်းမောင် (ဘဏ်)၊ သတင်းစာဆရာကြီး ဦးသာဘန်း၊ ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီ ဥက္ကဋ္ဌဟောင်း ကိုဖြိုးမင်းသိန်း စသူတို့လာရောက် သတင်းမေးကြကြောင်း သိရသည်။
သခင် အုန်းမြင့်သည် NLD လူမှုအထောက်အကူပြု အဖွဲ့တွင် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။
သခင်အုန်းမြင့်မှာ ဗိုလ်ချုပ် အောင်ဆန်း၊ အိုးဝေ ဦးညိုမြ၊ သံအမတ်ကြီး ဦးအုန်းတို့နှင့် ရင်းနှီးသူတဦးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ဖြစ်သူ သခင် သန်းထွန်းနှင့်လည်း နီးစပ်သူဖြစ်သည်ဟု သိရသည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်နှင့် သခင်တင်မြ တို့နှင့်လည်း ရင်းနှီးသူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က သခင်အုန်းမြင့်ကို ဦးလေးသားချင်းတဦးကဲ့သို့ သဘောထားကြောင်း သားဖြစ်သူ ဦးဌေးအောင်က ပြောသည်။
ယနေ့အချိန်တွင် လွတ်လပ်ရေး ကြိုးပမ်းမှု၌ ပါဝင်ခဲ့သည့် နိုင်ငံရေးသမားကြီးများ အနည်းငယ်သာ ကျန်တော့သည်။
နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ဦးအုန်းမောင်(ဘဏ်)က “အဘနဲ့ နှစ်ပေါင်း ၆၀ လောက် လက်တွဲပြီး အလုပ်လုပ် တဲ့သူ ဆုံးသွားတော့ စိတ်မကောင်းဘူး။ အဲဒီအချိန်က လက်ဝဲစာပေနဲ့ ပတ်သက်လို့ ဘယ်သူမှ မရိုက်နှိပ်ရဲတဲ့ အချိန်မှာ သူ့ရဲ့ စပယ်ဖြူ ပုံနှိပ်တိုက်က ရိုက်ပြီး ထုတ်ခဲ့တာ”ဟု ဆိုသည်။
၁၉၄၈-၄၉ ခုနှစ် ပါလီမန် ဒီမိုကရေစီခေတ် ဖဆပလ အစိုးရ လက်ထက်တွင် “ကျော်လင်းစာပေ” အမည်ဖြင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး လက်ဝဲစာပေနှင့် ပတ်သက်သည့် စာအုပ်များ ထုတ်ဝေဖြန့်ချိခဲ့သည်။
ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌဟောင်း ကိုဖြိုးမင်းသိန်းကလည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးလောက အတွက် အများဆုံး အကျိုးပြုသွားသူတဦး ဆုံးရှုံးသွားသောကြောင့် ၀မ်းနည်းကြောင်း ပြောသည်။
သခင်အုန်းမြင့်သည် ပဲခူးတိုင်း၊ လက်ပံတန်းမြို့ဇာတိဖြစ်သည်။ ၁၉၃၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးဝင် ဖြစ်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် တိုးတက်ရေး သတင်းစာ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးနှင့် စစ်ပြီးကာလ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်။
၁၉၅၈ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရ လက်ထက်တွင် နိုင်ငံရေး ပုဒ်မ (၅) ဖြင့် ထိန်းသိမ်းခံခဲ့ရပြီး ကိုကိုးကျွန်းတွင် ၂ နှစ် နေခဲ့ရသည်။
၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်တွင် နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရပြီး ထောင်တွင်းတွင် ၃ နှစ်ခွဲခန့် နေခဲ့ရသည်။
၁၉၉၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂသမိုင်း ပြုစုသည့် ကိုအောင်ထွန်း၏ အမှုနှင့် ပတ်သက်ပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသေးသည်။
သခင်အုန်းမြင့် ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦး ကျန်ရစ်သည်။

Geen opmerkingen: