မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 30 september 2010

တိုင်းရင်းသားပါတီများ မဲဆွယ်စည်းရုံးမှု အာဏာပိုင်များ နှောင့်ယှက်

ခင်ဦးသာ Thursday, September 30, 2010
.ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် မဲဆွယ်စည်းရုံးရေး လုပ်ဆောင် နေကြသော တိုင်းရင်းသား နိုင်ငံရေး ပါတီများမှာ ဒေသဆိုင်ရာ အာဏာပိုင်များ၏ တားမြစ် နှောင့်ယှက်မှုများနှင့် ကြုံတွေ့နေ ကြရကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ခေါင်းဆောင်တဦးက“စည်းရုံးတာတွေကို နှောင့်ယှက်နေတဲ့အပြင် တရား ၀င် မှတ်ပုံတင်ခွင့် ရထားတဲ့ ပါတီစာစောင်တွေကိုပါ မဖြန့်ဝေရတော့ဘူးလို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်တယ်၊ ဥပဒေကို နားမလည်လို့လား၊ တမင်ညစ်တာလား တော့မသိတော့ဘူး”ဟု ပြောသည်။
ရှမ်းပြည်နယ်အလယ်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် SNDP၏ (နသ)လိုင်စင်ရရှိပြီး တရားဝင်ထုတ်ဝေခွင့်ပြုထားသည့် မူဝါဒရေးရာ စာစောင်များကို ဖြန့်ချိခွင့် မပြုရဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ယခုရက်ပိုင်းတွင် တားဆီးလိုက်ကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြသည်။
SNDP ခေါ် ကျားဖြူပါတီ၏ စာစောင်များ မဖြန့်ဝေရဟု ကန့်သတ်ထားသော နယ်မြေတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည) တို့၏ စာစောင်များကို အကန့်အသတ်မရှိ ဖြန့်ဝေခွင့်ပေးထားကြောင်း သိရသည်။
“ရိုးရိုးသားသား ဒီမိုကရေစီ နည်းနဲ့သာ ပြိုင်ကြမယ်ဆိုရင် ကျနော်တို့ပါတီ နိုင်မှာသေချာပါတယ်”ဟု SNDP ပါတီ ခေါင်းဆောင် က ဆိုသည်။
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ရှိ အခြေအနေအရ ဆိုပါက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလုံးဝ မဖြစ်နိုင်ကြောင်းလည်း ရှမ်းခေါင်းဆောင်က ဆိုသည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့သော ကုလသမဂ္ဂ၏ ၆၅ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု ပြောဆိုသွားသည်။
“သူတို့ပြောတာကို ပြည်မကပြည်သူတွေရော တိုင်းရင်းသားတွေကပါ ဘယ်သူကမှ မယုံပါဘူး၊ ဒါပေမယ့် ပြည်မမှာက သူတို့ပါတီတွေကပဲ နိုင်မှာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကြံ့ဖွံ့နဲ့တစည ၂ ခုပေါင်းက ကိုယ်စားလှယ် ၂၀၀၀ ကျော်ရှိနေတယ်”ဟုမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။
အတိုက်အခံပါတီ(သို့မဟုတ်)ဒီမိုကရက်တစ်ပါတီများ၊ တိုင်းရင်းသားပါတီများ အားလုံး၏ ကိုယ်စားလှယ် စုစုပေါင်းမှာ ၅၀၀၀န်းကျင်သာ ရှိကြောင်းလည်း နိုင်ငွေသိန်းက ပြောသည်။
မွန်ပါတီ၏ စည်းရုံးရေး လုပ်ဆောင်နေမှုများကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်များအပြင် ကြံ့ဖွံ့ပါတီဝင်များကပါ လိုက်လံစောင့်ကြည့်ခြင်း၊ ဓာတ်ပုံရိုက် မှတ်တမ်း တင်ခြင်း တို့ကို လုပ်ဆောင်နေကြောင်း၊ ယင်း လုပ်ရပ်ကြောင့် ဒေသခံများက ကြောက်လန့်နေခဲ့ကြသော်လည်း နောက်ပိုင်းတွင် အလေးအနက် မထားတော့ကြောင်း သိရသည်။
“ရယကဥက္ကဌတွေကသူတို့(ကြံဖွံ့ပါတီ)ကိုပဲမဲပေးကြဖို့၊ထောက်ခံကြဖို့ခြောက်ပြောတာ၊ မက်လုံးပေးပြောတာတွေရှိ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ နောင်လည်း သူတို့ကပဲ ဆက်အုပ်ချုပ်မှာသွားမှာမို့လို့ဖြစ်တယ် ဆိုပြီး စည်းရုံးနေတယ်” ဟု မွန်ပြည်နယ် ကျိုက်မရော မြို့ခံ တဦးက ပြောပြသည်။
ထိုသို့ အနှောင့်အယှက် အမျိုးမျိုး ရှိနေသော်လည်း တရားသောနည်းလမ်းဖြင့် ရိုးရိုးသားသား ရင်ဆိုင်၍ တိုင်းရင်းသား အရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငွေသိန်းက ပြောသည်။
ရွေးကောက်ပွဲ၌ မဲမပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြောဆိုထားခြင်းကြောင့် မည်သူ့ကို မဲပေးရမှန်း မသိ ဖြစ်နေသော ပြည်သူများကို မဲပေးကြရန်အတွက် စည်းရုံးရေး ပြန်ဆင်းနေရကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။
“သိက္ခာရှိရှိပဲပြိုင်မယ်၊ ဘာပေးမယ်၊ ညာပေးမယ်ဆိုပြီးတော့လည်း လိမ်ပြောပြီးတော့ မစည်းရုံးဘူး၊ လုပ်ပေးနိုင်တာပဲပြောတယ်”ဟု နိုင်ငွေသိန်းက ဆိုသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)သည်လည်း မဲဆွယ်စည်းရုံးရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၏ နှောင့်ယှက်မှုအမျိုးမျိုးကို ရခိုင်ပြည်နယ်၏ နေရာ အများစုတွင် ကြုံတွေ့နေရကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
“စည်းရုံးရေး လုပ်နေတဲ့ နေရာနဲ့နီးတဲ့ နေရာတွေကနေ ဓာတ်ပုံရိုက်တာတို့၊ ရဲစခန်းမှူး ကိုယ်တိုင်လာပြီး နားထောင်တာတို့၊SB တွေက ရှေ့က ဆိုင်ကယ်နဲ့ ဖြတ်သွားတာ တို့တွေ လုပ်နေတော့ ပြည်သူတွေက ကြောက်ပြီးတော့ မလာရဲကြတော့ဘူး” ဟု RNDP ပါတီ၏ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။
ပါတီစည်းရုံးရေး လုပ်ခါစတွင် အမျိုးသမီးများနှင့်ကလေးများ၊ ကျောင်းသားလူငယ်များသာ လာရောက်နားထောင်ကြသော်လည်း ယခုအခါ အရွယ်မျိုးစုံလာရောက်နားထောင် အားပေးမှုရှိလာကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
စစ်တွေမြို့နယ်အပြင် တခြားသော မြို့နယ်၊ ကျေးရွာများတွင်လည်း အာဏာပိုင်များ၏ နှောင့်ယှက်မှုများ ဆက်တိုက်ရှိခဲ့ပြီးယခုရက်ပိုင်းတွင် အဝေးမှ စောင့်ကြည့်ခြင်းကိုသာ တွေ့နေရကြောင်း ၎င်းကဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် မဲဆွယ်ရာ၌ သာသနာ့နယ်မြေ များအား အသုံးမပြုရဟု ပါဝင်သော်လည်းကြံ့ဖွံ့ပါတီသည် စစ်တွေမြို့နယ်ရှိ ကြက်တောပြင်ဘုန်းကြီးကျောင်း၊ တသီးစုရပ်ကွက်ဓမ္မာရုံ၊ မိဇံရပ်ကွက်မှဓမ္မာရုံ စသည်တို့ကိုအသုံးပြု၍ မဲဆွယ်စည်းရုံးနေကြောင်း ဒေသခံများ၏ ပြောပြချက် အရသိရသည်။
ချင်းတိုင်းရင်းသားများ ကိုယ်စားပြု တည်ထောင်ထားသည့် ချင်း တိုးတက်ရေး ပါတီ၏ ဥက္ကဌ ဦးလုံစီ ကမူ ၎င်းတို့ပါတီ အနေ ဖြင့် ယခင်က အနှောင့်အယှက်အနည်းငယ်ရှိခဲ့ပြီး လက်ရှိတွင် ကြီးကြီးမားမားနှောင့်ယှက်မှုမျိုး မကြုံရသေးကြောင်း ပြောဆို သည်။
စည်းရုံးမှု လုပ်ဆောင်ရာတွင် လူစုလူဝေးဖြင့် မလုပ်ဆောင်ဘဲ တအိမ်တက် တအိမ်ဆင်း စနစ်ဖြင့်၊ တဆင့်စကားဖြင့် လုပ်ဆောင် နေရာ ဒေသခံပြည်သူများ၏ ထောက်ခံမှု ရရှိကြောင်း ရှင်းပြသည်။
ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ ကိုယ်စားပြုထားသည့် ကချင် တိုင်းရင်းသား ပါတီသာ ရှိ၍ အနှောင့်အယှက် တစုံတရာ မတွေ့ရ ကြောင်း မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။
စစ်အစိုးရက ရွေးကောက်ပွဲအား ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေး ပါတီ ၃၇ ခုမှ ကိုယ်စား လှယ်လောင်း ၃၀၀၀ ကျော်ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: