မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 september 2010

ရွေးကောက်ပွဲ ၀င်မည့် အမျိုးသမီးကိုယ်စားလှယ် နည်းပါး

စိုင်းဇွမ်ဆိုင်း Monday, September 20, 2010
.ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်နိုင်မှု နည်းပါးနေကြောင်း နိုင်ငံရေး ပါတီများ၏ စာရင်းများအရ သိရသည်။
ယနေ့အထိ ရွေးကောက်ပွဲဝင်ခွင့် ရှိသည့် နိုင်ငံရေးပါတီ ၃၇ ပါတီသာကျန်ရှိပြီး ယင်းပါတီများ အနက် ဧရာဝတီက ရရှိ သော ၁၄ ပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်းများအရ ကိုယ်စားလှယ်လောင်း ၄၅၄ ဦးရှိသည်။ ၎င်းတို့ အနက် အမျိုးသမီး ကိုယ်စားလှယ်လောင်းများမှာ ၃၆ ဦး (၈ ရာခိုင်နှုန်း)သာ ရှိကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် သြဂုတ်လ၂၂ရက်ကဒီမိုကရက်တစ် ပါတီ(မြန်မာ)သတင်းစာရှင်းလင်းပွဲ၌ အမျိုးသမီး ကိုယ်စားလှယ်များဖြစ်သောဒေါ်ချိုချိုကျော်ငြိမ်း(ဦးသုဝေ၏ဘယ်ဘက်)နှင့်ဒေါ်နေရီဗဆွေ(ဦးသုဝေ ၏ ယာဘက်)တို့ကို တွေ့ရစဉ်(ဓာတ်ပုံ - AP)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး(တစည) အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၅၈ ဦး ရှိသည်ဟု သိရပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၅ ဦး (၅.၅ ရာခိုင်နှုန်း) ပါဝင်သည်။
ယင်း အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၅ ဦးသည် ပြည်သူ့လွှတ်တော်တွင် ၁၃ ဦး၊ အမျိုးသား လွှတ်တော်တွင် ၂ ဦး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် လွှတ်တော်တွင် အမျိုးသားများကသာ လွှမ်းမိုးနေမည် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ကိုယ်စားလှယ်လောင်း ၄၈၅ ဦးအနက် အမျိုးသမီးကိုယ်စားလှယ် ၁၅ ဦးရှိ သည်။ လွှတ်တော်တွင် အမျိုးသမီးများ နေရာရရှိမှုမှာ ၃ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရသည်။ အနိုင်ရရှိခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်အားလုံးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူများဖြစ် သည်။
ရန်ကုန်တိုင်း လှိုင်မြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ယုဇာမော်ထွန်းက “ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော်ထဲကို လက်ညှိုးထောင် ခေါင်းညိတ် လုပ်နေမယ့် သူတွေထက် စာရင် ပြောနိုင် ဆိုနိုင်၊ ပြောရဲဆိုရဲ ရှိတဲ့သူတွေ ပါလာဖို့ပဲ အရေးကြီးပါတယ်။ တကယ်လို့ အမျိုးသမီးတွေအတွက် ပြောဆိုစရာ ကိစ္စ ပေါ်ပေါက်လာရင် သူတို့လို အမျိုးသမီးတွေကပဲ ပြောပေးလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) က ၂၀၀၂ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့်LicensetoRapeအမည်ရှိအစီရင်ခံစာ၌မြန်မာနိုင်ငံမှ တိုင်းရင်းသားနယ်မြေများ၊ အထူးသဖြင့် ရှမ်းပြည်နယ် အတွင်းတွင် ၅ နှစ်အတွင်း၌ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုပေါင်း ၆၀၀ ကျော်ရှိသည် ဟု ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ ဒေါ်ယုဇာမော်ထွန်းက “နိုင်ငံတကာ အမျိုးသမီး အဖွဲ့တွေကနေ ပြီးတော့ အစီရင်ခံစာတွေ ထုတ်နေတယ် ဆိုတာက သူတို့တွေ ထဲထဲဝင်ဝင် စုံစမ်းထားတဲ့ သက်သေတွေလို့ ပြောလို့ရ ပါတယ်။ ဒီလိုမျိုး သက်သေတွေ အစီရင်ခံစာတွေ ထွက်ပေါ်လာရင် အဲဒီ ကိစ္စတွေအပေါ်ကို အရေးယူပေးမယ့် နေရာ ရှိဖို့ လိုအပ်တယ်”ဟု ပြောဆိုသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဝင်ရောက်အရွေးခံမည့် ဒေါ်ချိုချိုကျော်ငြိမ်းက နိုင်ငံရေး အခြေအနေအရ အမျိုးသမီး များ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားခံနေရသည့်ကိစ္စများကို လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စသည် လွှတ်တော် အတွင်းတွင် အဓိကထား ဆွေးနွေးရမည့် အချက်တချက်ဖြစ်ကြောင်း ပြောသည်။
“အခုလက်ရှိ အမျိုးသမီးရေးရာတို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး တို့ဆိုတာက အမျိုးသမီးတွေအတွက် ဘာမှ ထိထိ ရောက်ရောက် မလုပ်ပေးနိုင်ဘူး။ အဲဒါကြောင့် လွှတ်တော်ထဲရောက်မယ့် အမျိုးသမီးအမတ်တွေက စုစု စည်းစည်း နဲ့ မြန်မာအမျိုးသမီးထုအတွက် လုပ်ပေးသွားရမယ်လို့ နားလည်ထားပါတယ်”ဟု ဒေါ်ချိုချိုကျော်ငြိမ်း က ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးကို စိတ်ပါဝင်စားသော အမျိုးသမီးများ ရှိနေသော်လည်း နိုင်ငံရေးထက် မိမိတို့ မိသားစု အရေး၊ သားသမီးများ၏ ပညာရေးနှင့် ကျန်းမာရေးများကို ထိခိုက်မည်စိုးသဖြင့် နိုင်ငံရေး နယ်ပယ်များတွင် မပါဝင်ကြ ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲတွင်NLDကိုယ်စားပြုပြီး မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်ခင်ဌေးကြွယ်က “ကျမက ရှေ့နေဆိုတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဥပဒေတချို့ ပြုချင်ခဲ့တယ်။ အဲဒီတုန်းက အာဏာပိုင်တွေက ဖွဲ့စည်းပေးထားတဲ့ အမျိုးသမီးအဖွဲ့တွေ ရှိပါတယ်။ ဒါပေမယ့် အောက်ခြေပိုင်းမှာ သိပ်ပြီး ထိရောက် မှု မရှိလှဘူး။ အမျိုးသမီးထုကလည်း အဲဒီ အဖွဲ့အစည်းတွေကို သိပ်ပြီး အားကိုးတာမျိုး မရှိဘူး”ဟု ပြောဆိုသည်။
ရှေးရိုးအစွဲအတိုင်း အမျိုးသမီးများကို နေရာမပေးခြင်းသည်လည်း နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးဦးရေကို နည်းပါး စေသည်ဟု ဒေါ်ခင်ဌေးကြွယ်က ထောက်ပြသည်။
ပြည်ပအခြေစိုက် မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) ဥက္ကဋ္ဌ ဒေါ်မိဆူးပွင့်ကမူ လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီး များကို ပါဝင်ယှဉ်ပြိုင်စေခြင်းသည် နအဖအစိုးရ ကိုယ်ကျိုးအတွက် ဖြစ်နေမည်ကို စိုးရိမ်မိကြောင်း ပြောသည်။
“ရွေးကောက်ပွဲအပြီးမှာ ပေါ်လာမယ့် အစိုးရက စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် အစိုးရပဲ ဖြစ်လိမ့်မယ်။ အဲဒီလို အစိုးရလက်ထက်မှာ အမျိုးသမီးအမတ်တွေ အနေနဲ့လည်း မြန်မာအမျိုးသမီးထုအတွက် လွတ်လွတ်လပ်လပ် လုပ်ပေးနိုင်ဦးမှာ မဟုတ်ဘူး”ဟု ဒေါ်မိဆူးပွင့်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၁၈၃ ဦးရှိပြီး ၎င်းတို့အနက် အမျိုးသမီး ၁၇၆ ဦးရှိသည်ဟု သိရှိရသည်။

Geen opmerkingen: