မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 24 september 2010

နေပြည်တော်-ရန်ကုန် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရန် ပြင်ဆင်

အောင်ထက် / ၂၄ စက်တင်ဘာ ၂၀၁၀
တရုတ်၏နည်းပညာအကူအညီဖြင့် နေပြည်တော်-ရန်ကုန် မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း ဖောက်လုပ်မည်ဖြစ်ပြီး လမ်းပိုင်းမြေသား စတင်ပြုပြင်နေပြီဖြစ်ကြောင်း နေပြည်တော် မီးရထားဝန်ကြီးဌာနမှ အရာထမ်းတဦးက ပြောကြားသည်။
အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းသည် နေပြည်တော်-ရန်ကုန်ခရီးအား ကြာမြင့်ချိန် (၃)နာရီဖြင့် မောင်းနှင်မည်ဖြစ်ပြီး ရထားတွဲဆိုင်းများကိုလည်း တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် လာရောက်တပ်ဆင်ပေးမည်ဟု သိရသည်။
၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)အမီ ဖောက်လုပ်ဖွင့်လှစ်မည်ဟု မီးရထားဝန်ကြီးဌာနမှ မီးရထား အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “မြန်မာ့မီးရထားဆိုက်က အင်ဂျင်နီယာတွေ ရောက်နေတယ်။ တရုတ်နည်းပညာရှင်တွေနဲ့ စက်တင်ဘာ (၂၂) ရက်နေ့က မီးရထားဝန်ကြီးဌာနမှာ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်” ဟု ပြောသည်။
လျှပ်စစ်ရထားလမ်း အစီအစဉ်ကို ၂၀၁၅ တွင် အပြီးတည်ဆောက်မည်ဟုလည်းကောင်း၊ ဂျပန်နည်းပညာ၊ တရုတ်နည်းပညာ၊ ကိုယ်ပိုင်နည်းပညာတခုခုဖြင့် ဖောက်လုပ်မည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ယခုဖောက်လုပ်မည့် နေပြည်တော်-ရန်ကုန် မြန်နှုန်းမြင့် ရထားလမ်းအရှည်မှာ (၂၂၆)မိုင်ဖြစ်ပြီး လက်ရှိပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် နေရာအတော်များများ၌ ယှဉ်လျက် ဖောက်လုပ်မည်ဖြစ်ကာ နေပြည်တော်-ရန်ကုန် ခြောက်လမ်းသွား ယာဉ်ကြောနှင့်မူ ဝေးကွာပြီး သီးသန့်လမ်းကြောင်းအဖြစ် ဖောက်လုပ်မည်ဖြစ်သည်ဟု မီးရထားအင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာဌာန တာဝန်ရှိသူတဦးက ပြောကြားသည်။
၎င်းက “ရထားလမ်းတလျှောက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးရမယ်။ သံလမ်းတွေကို standard အဆင့် သုံးရမယ်။ ဆီးဂိမ်းအမီ ၂၀၁၃ မှာ အပြီးတည်ဆောက်ရမှာ ဖြစ်လို့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်” ဟု ဆိုသည်။
ရန်ကုန်မြို့လမ်းပိုင်း မြေသားပြုပြင်မှုကို မည်သည့်နေရာမှ စတင်လုပ်ဆောင်နေသည်ကို အတိအကျမသိရသော်လည်း ရွာသာကြီးဘူတာ ၀န်းကျင်အပိုင်းမှ စတင်ဆောင်ရွက်နိုင်သည်ဟု မီးရထားဝန်ထမ်းတို့က ပြောဆိုသည်။
နေပြည်တော်ဗဟိုပြု အမျိုးသားမီးရထား ကွန်ရက်စီမံကိန်းတွင် ရထားလမ်းစီမံကိန်း (၁၃)ခုရှိပြီး စုစုပေါင်းခရီး (၂၂၆၅)မိုင်အကွာအဝေးအတွက် ဖောက်လုပ်ပြီး ရထားလမ်းပိုင်းမှာ (၃၂၁) မိုင်သာရှိသေးကြောင်း၊ ယခု မြန်နှုန်းမြင့် လျှပ်စစ်ရထားစီမံကိန်းသည် (၁၄)ခုမြောက် ဖြစ်ကြောင်း ဌာနဆိုင်ရာသတင်းများအရ သိရသည်။
အဆိုပါ စီမံကိန်းအတွက် တရုတ်-မြန်မာ ပူးပေါင်းချစ်ကြည်ရေး နားလည်မှုစာချွန်လွှာ (MOU)ကိုမူ လက်မှတ်ရေးထိုးခြင်း မပြုရသေးပေ။
လတ်တလော ပြေးဆွဲလျက်ရှိသည် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းသည် (၂၃၄) မိုင် ရှည်လျားပြီး တနာရီ ပျမ်းမျှ (၄၀) မိုင်နှုန်းဖြင့် ပုံမှန်မောင်းနှင်ချိန် (၈) နာရီ မိနစ် (၄၀) ကြာမြင့်သည်။

Geen opmerkingen: