မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 24 september 2010

အိုဘာမား အာဆီယံ ခေါင်းဆောင်များနှင့် မြန်မာ့အရေး ဆွေးနွေးရန်ရှိ

လာလစ် ကေဂျာ့ Friday, September 24, 2010
.အမေရိကန် ပြည်ထောင်စုတွင် သောကြာနေ့၌ ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အစည်း အဝေးတွင် သမ္မတ ဘားရက် အိုဘားမားက မြန်မာ့အရေးကို အလေးပေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ယခုလ နယူးယောက်မြို့တွင် ကျင်းပသော ဒီမိုကရက်တစ်ပါတီ အခမ်းအနားတခုတွင် သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - Reuters)
“သမ္မတက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး လိမ့်မယ် ဆိုတာကို ကျနော် အတိအကျ ပြောနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တခြား နိုင်ငံတွေ ကလည်း ထုတ်ဖော် ပြောဆို လာလိမ့်မယ်လို့ ကျနော် မျှော်လင့် ပါတယ်”ဟု နယူး ယောက် မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ၏ အထူး လက်ထောက်နှင့် အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး ဂျက်ဖ် ဘာဒါက (JeffBadar) သတင်းထောက်များကို ပြောကြားသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ရဲ့ မျှော်မှန်းချက်က နိုင်ငံရေး အကျဉ်းသား အားလုံးနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လိုအပ်ချက် ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေဖို့ပါ။ ကျနော်ပြောတဲ့ မျှော်မှန်းချက်ဆိုတာက ကျနော်တို့ လိုချင်တဲ့ပုံစံကို ပြောတာပါ။ ကျနော်တို့ ကြိုသိ နေတဲ့အရာကို ပြောနေတာမဟုတ်ပါဘူး”ဟု ပြောသည်။
သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် လိုအပ်ကြောင်း အာဆီယံ ခေါင်းဆောင်များကို ထပ်လောင်းပြောကြားလိမ့်မည်ဟု သိရှိရသည်။
သမ္မတ အိုဘားမားအစိုးရက အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အမေရိကန်-အာဆီယံ ဒုတိယအကြိမ် အစည်းအဝေးကို နယူးယောက်မြို့၌ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
ပထမ အကြိမ် အစည်းအဝေးကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည်။
အမေရိကန်-အာဆီယံ ပထမအကြိမ် အစည်းအဝေးသို့ စစ်အစိုးရ ဝန်ကြီးချုပ် ဦသိန်းစိန် တက်ရောက်ခဲ့သော်လည်း ယခုအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဟု သိရသည်။
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက စစ်အစိုးရ ကိုယ်စားလှယ်အဖြစ် ဤအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သော် လည်း ၎င်းနှင့် အိုဘားမားအကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်နိုင်ဖွယ် မရှိဟုလည်း သတင်းရရှိသည်။
အမေရိကန်-အာဆီယံ ပထမအကြိမ် အစည်းအဝေးမှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် အရေးကြီးသည်။ ထို့အပြင် နိုင်ငံတကာ မိသားစုမှ ယုံကြည် လက်ခံလာနိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ်၌ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ် တရားမျှတရန် လိုအပ်သည့် အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ရှင်းရှင်းလင်းလင်း ချမှတ်ဆောင်ရွက်ရန်လိုသည်ဟု ကျွန်ုပ် တို့ မီးမောင်းထိုးပြလိုပါသည်”ဟု ကြေညာချက်၌ ဖေါ်ပြထားသည်။
“ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးအတွက် မြန်မာအစိုးရအနေနှင့် အတိုက်အခံအင်အားစုများနှင့် ဆွေးနွေးခြင်း အပါအဝင် သင့်လျော်သည့် အခြေအနေများ ဖန်တီးပါရန်”ဟုလည်း ကြေညာချက်၌ တိုက်တွန်းထားသည်။
သို့ရာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါ အဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်အား ရွေးကောက်ပွဲ၌ ပါဝင်ခွင့်မရရန် စစ်အစိုးရက နည်းလမ်းပေါင်းစုံသုံး၍ ဟန့်တားခဲ့သည်။
ထို့အပြင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆိုသော လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများနှင့် အဆက် အသွယ် ရှိသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တခြားအရေးပါသည့် နိုင်ငံရေး အင်အားစုများကိုလည်း ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်းမှ ဖယ်ထုတ်ထားခဲ့သည်။
မစ္စတာ ဘာဒါက “လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အာဆီယံဒေသအနေနဲ့ ထိုက်ထိုက်တန်တန် အာရုံစိုက်ခံရမှု မရခဲ့ ဘူး လို့ ကျနော်တို့ ခံစားမိပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်ရဲ့ ပထမဦးဆုံး ဒေသတွင်း ခရီး စဉ် မှာ ဂျကာတာကို သွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင် သင့်တယ်လို့ သမ္မတက ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ တခါမှ မခန့်အပ်ခဲ့ဘူးသေးတဲ့ အာဆီယံရေးရာ ဌာနေ သံအမတ်ကို ကျနော်တို့ ခန့်အပ်လိုက်ပါပြီ။ သူက ဂျကာတာမှာ အခြေစိုက်မှာဖြစ်ပါတယ်”ဟု ပြောသည်။
“သောကြာနေ့ ကျင်းပမယ့် အစည်းအဝေးမှာ ဒေသတွင်းက နိုင်ငံပေါင်းစုံ အဖွဲ့အစည်းတွေရဲ့ အနာဂတ်နဲ့ ပတ်သက် လို့လည်း အကြိတ်အနယ် ဆွေးနွေးကြမယ်လို့ ကျနော်ထင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ သွားရောက်၍ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်း ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံ နိုင်ငံများအပြင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အိန္ဒိယနိုင်ငံတို့ တက်ရောက်လေ့ရှိသော်လည်း အမေရိကန်နှင့် ရုရှနိုင်ငံတို့က ပထမဆုံးအကြိမ် တက်ရောက်မည်ဟု သိရသည်။
“ဒီတကြိမ်က အမေရိကန် ပြည်ထောင်စုနဲ့ ရုရှနိုင်ငံတွေအတွက်တော့ ပထမဦးဆုံးအကြိမ် ပါဝင်တက်ရောက်ခြင်းပါ။ သမ္မတ အိုဘာမားကတော့ ရှေ့နှစ် ထိပ်သီး အစည်းအဝေးကျမှ သူကိုယ်တိုင် တက်ရောက်ပါလိမ့်မယ်”ဟု ဘာဒါ က ဖြည့်စွက်ပြောကြားသည်။
ယင်း ထိပ်သီးဆွေနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လက်နက်မပြန့်ပွားရေး၊ မြောက်ကိုရီးယားနှင့် အီရန်တို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်သည့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရေး၊ အမေရိကန်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု စာချုပ် ချုပ်ဆိုရေး စသည်တို့ကို အဓိကထား ဆွေးနွေးမည်ဟု သိရသည်။

Geen opmerkingen: