မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 september 2010

ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့် လယ်ဝေး ဦးတင်အေး

မျိုးသိဏ်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၂ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ လယ်သိမ်းခံရရာမှ ရရှိခဲ့သည့် လျော်ကြေးငွေ ကျပ် ၄၆ သိန်းကို ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့် အနေဖြင့် ရွေးကောက်ပွဲဝင်ရာ၌ အသုံးပြုသွားမည်ဟု ၆၇ နှစ်အရွယ် အငြိမ်းစား အလယ်တန်း ကျောင်းအုပ်ဆရာ ဦးတင်အေးက ဆိုသည်။
သူသည် လယ်ဝေးမြို့နယ်ကို ကိုယ်စားပြု၍ တသီးပုဂ္ဂလအဖြစ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည့်သူ ဖြစ်သည်။
ကျောင်းဆရာဘဝမှ အငြိမ်းစားယူပြီးနောက် လယ်သမားအဖြစ် လုပ်ကိုင်ခဲ့သူ ဦးတင်အေးက စစ်အစိုးရ၏ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများတွင် သူပိုင်လယ်မြေ ဧကအများအပြား အသိမ်းခံခဲ့ရကာ၊ အချို့လယ်မြေများအတွက် လျော်ကြေး မရခဲ့ကြောင်း ပြောသည်။
ထိုသို့ ”ငါကြင်းဆီနဲ့ ငါကြင်းပြန်ကြော်” ခဲ့သော် အရွေးခံရလျှင် အမတ်၊ အရွေးမခံရလျှင် ကျန်ရှိသော လယ် ၂ ဧကနှင့် လယ်ပြန်လုပ်မည်ဟုဆိုသည့် လယ်ဝေးမြို့နယ်တွင် ၃၈ နှစ်ကျော် ကျောင်းဆရာ လုပ်ခဲ့သူလည်းဖြစ်၊ အနိုင်ရရန် အခွင့်အရေး ရှိနေသည်ဟု ယုံကြည်နေသူ ဦးတင်အေးကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားသည်။
                                         လယ်မသိမ်းခင်ကတည်းက ဦးတင်အေး ကိုယ်ရေးအကျဉ်း
အမည်ရင်း ဦးတင်အေး
မွေးသက္ကရာဇ် ၁၈-၉-၁၉၄၃
အဘအမည် ဦးထွန်းဖေ
ပညာအရည်အချင်း ၁၉၆ဝ-၆၃ ရန်ကုန် ဝိဇ္ဖာသိပ္ပံ ISCA အောင်၊ B.A (JAT)
အလုပ်အကိုင် အငြိမ်းစားကျောင်းဆရာ၊လယ်လုပ်သူ။ လယ်အုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူး။ ၁၉၈၈ ခုနှစ်တွင် ပျဉ်းမနားအချုပ်၊ လယ်ဝေး အချုပ်တို့တွင် ၁၈ လအချုပ်ခံခဲ့ရ။ တသီးပုဂ္ဂလ အမှတ်တံဆိပ် LOGO မျက်မှန် (သာမန်မျက်စိဖြင့် ကြည့်ရာ၌ ဝေဝါးပါက အနီးအဝေးဖြင့် ကြည့်နိုင်သည့် မျက်မှန်ကို ရွေးချယ်ခြင်း ဖြစ်)
ရွေးကောက်ပွဲဖြစ်ရင် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလား။ ဒီဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဖြစ်လာတာလား။
’’မဟုတ်ပါဘူး။ နဂိုကတည်းက လယ်မြေကိုရောင်းပြီး ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတာပါ။ ၁၉၉ဝ တုန်းက အချုပ်ခံနေရတယ်။ မပြိုင်ခဲ့ရဘူး။ အခု ၂ဝ၁ဝ မှာ အပြင်ရောက်ပါပြီ။ အဲ့တာကြောင့် ဝင်ပြိုင်တာပါ’’
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ မဟာမိတ် ကွန်ယက်ဖွဲ့တဲ့အထဲ ဘယ်လိုပါလာတာလဲ။
’’ဂျာနယ်ထဲမှာ ဦးရန်ကျော်တို့အကြောင်း သိရလို့ ဂျာနယ်တိုက်ကတဆင့် ဆက်သွယ်တယ်။ နောက် စကားပြောကြည့်ပြီး မဟာမိတ်သဘောမျိုး ဖွဲ့လိုက်တာပါ။ ဘယ်သူနဲ့မှ မတွဲချင်တဲ့သူ အချင်းချင်း ကွန်ယက်ကလေး သဘောမျိုး စုစည်းလိုက်တာပါ။ ခေါင်းဆောင်၊ ဥက္ကဋ္ဌ သဘောမျိုး မထားဘူးဆိုတာလည်း သဘောကျတယ်။ ဒီအဖွဲ့ထဲကပဲ ၈ ယောက်က ဦးသုဝေတို့နဲ့ လက်တွဲဖြစ်သွားတယ်။ အခု ၁၄ ယောက်ပဲ ကျန်တယ်’’

ကိုယ်တိုင် လယ်အသိမ်းခံခဲ့ရတော့ လွှတ်တော်အမတ်တွေအဖြစ် အရွေးခံခဲ့ရရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ။
’’တကယ်တော့ ဒီကိစ္စတွေက လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိတဲ့အတွက် ခံရတာပဲ။ လယ်မပိုင်ဘူး။ လုပ်ပိုင်ခွင့်ပဲ ရှိကြတယ်။ ကွန်မြူနစ်စနစ်မှာတောင် လယ်လုပ်သူ လယ်ပိုင်ခွင့် ရှိသေးတယ်။ ဆိုရှယ်လစ်စနစ်မှာ ပြောင်းလိုက်တဲ့ ဥပဒေကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လယ်သမားများ လယ်ပိုင်ခွင့်ကိစ္စတွေကို နောင်မှ ဆက်လက်ဆွေးနွေးမည်လို့ ရေးထားတယ်။ အဲဒီတော့ တောင်သူလယ်သမားတွေအတွက် ဒီကိစ္စတွေကို လွှတ်တော်ထဲ ရောက်ခဲ့ရင် ပြောကို ပြောမှာပါ။ စိတ်ချပါ’’
မြန်မာပြည် ပညာရေးစနစ်က ဝေဖန်စရာတွေ ဖြစ်နေတာကို ကျောင်းဆရာဟောင်း တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
’’ပညာရေးဝန်ကြီး ဦးသန်းအောင် သူလည်း လယ်ဝေးသားပါပဲ။ သူ့လက်ထက်မှာ မအောင်မရှိ ငါ့တပည့်ဆိုပြီး လုပ်လိုက်တာ ပညာရေးစနစ်ကြီး ပျက်သွားတယ်။ ပထမအစမ်း၊ ဒုတိယအစမ်း၊ ဖိုင်နယ်စာမေးပွဲတွေ မရှိတော့ဘူး။ နောက်တခါ စာမေးပွဲမှာ အမှတ်ကောင်းမှ၊ ဂုဏ်ထူးရမှ ကောင်းတဲ့ လိုင်းတွေကို ရမှာဖြစ်တဲ့အတွက် ကျောင်းသားတွေက တရားသော နည်းနဲ့ဖြစ်ဖြစ်၊ မတရားသော နည်းနဲ့ဖြစ်ဖြစ် အောင်ဖို့ ကြိုးစားလာကြတယ်။ ခိုးချပြီး ဒီလိုရသွားတဲ့သူက နောင်မှာလည်း သူခိုးစိတ်ပဲ ဝင်သွားမှာပဲ’’
’’အခုက ဘာဖြစ်သွားလဲဆိုတော့ ပညာရွှေအိုး ဖြစ်နေတယ်။ လူမခိုးတာကို ပြောတာမဟုတ်ဘူးနော်။ ပညာက ရွှေအိုးနဲ့ ဆက်ပြီး ယူရတယ်။ အဲဒီတော့ ပညာရေးစနစ်ကတော့ လုံးဝမှားယွင်းသွားပြီ။ မိဘတွေကလည်း ဆရာဝန် ဆရာဝန်၊ အင်ဂျင်နီယာ အင်ဂျင်နီယာ။ ဆရာ ပြောနေကျစကား ရှိတယ်။ အင်ဂျင်နီယာက သူခိုး။ ကျောက် ခိုးတယ်၊ သံ ခိုးတယ်၊ ဘိလပ်မြေ ခိုးတယ်။ ဆရာဝန်က ဓားပြ။ ဓားပြပြီးတော့ ခွဲပေးတယ်။ အဲတာက ဘာလို့ဖြစ်တာလဲ။ စောစောကပြောသလို ပညာရေးအတွက် ဆုံးရှုံးခဲ့တဲ့ ငွေကြေးကို သူတို့ပြန်ရှာသလိုပဲ။ ပညာရေးစနစ်က ငွေနဲ့ဝယ်နေရတဲ့ စနစ်ကြီးဖြစ်နေတာ လုံးဝ မှားနေတယ်’’
၁ဝ တန်း အောင်ရင် ကျောင်းပြီးပြီလို့ လူတွေ နောက်ပြောင်ပြီး ပြောနေတာကိုရောခင်ဗျ။
’’ဒါကလည်းဟာသအနေနဲ့ပြောကြတာပေါ့နော်။ ဟုတ်ပြီ၊ ဘွဲ့ရလို့တောင် အလုပ်ရကြလို့လား။ ပိုက်ဆံမရှိလို့ အလုပ်လုပ်ပါလားလို့ ပြောရင် အလုပ်လုပ်ဖို့တောင် ပိုက်ဆံမရှိဘူးလို့ ပြောကြတယ်။ ပိုက်ဆံပေးမှ အလုပ်ရတဲ့ ခေတ်၊ ပိုက်ဆံပေးမှ ပညာရတဲ့ ခေတ်မှာ ၁ဝ တန်းအောင်ရင် ပြီးပြီဆိုတာ ဟာသတခု ဖြစ်လာတဲ့သဘောပါ’’
လယ်ဝေး မဲဆန္ဒနယ်ထဲမှာ ကြံ့ဖွံ့ရှိမယ်၊ တစညပါမယ်။ အဲဒီပါတီတွေရဲ့ အနေအထားကရော။ ဒါတွေကို ကြိုတင်လေ့လာ ပြင်ဆင်ထားပြီးပြီလားခင်ဗျ။
’’ဒီနေရာမှာ ဆရာကြီးပြောချင်တာက မဆလပါတီကို ဖြိုခဲ့တာ မဆလပါတီဝင်တွေပဲ။ ပြည်ခိုင်ဖြိုးကို ဖြိုမှာက ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တွေပဲ။ ဆိုလိုတာက နောက်မှ အတွင်းရေးမှူး ဖြစ်ပြီးတော့ ငွေရတယ်။ အရင်ကတည်းက လုပ်နေတဲ့ ကိုယ်စားလှယ်တွေက လုံးဝမကျေနပ်ဘူး။ အဲဒီလိုတွေနဲ့ သူတို့ထဲမှာကို မကျေနပ်ချက်တွေ ဖြစ်နေတယ်။ တစညကိုတော့ ပြည်သူတွေက မဲပေးလိမ့်မယ် မထင်ပါဘူး’’
ကြံ့ဖွံ့ကို ဖြိုမှာ ကြံ့ဖွံ့ပဲ ဆိုတာ လယ်ဝေးနယ်ထဲက အခြေအနေလား။ တခြားနေရာတွေကိုကော ရည်ညွှန်းပါသလား။
’’တပြည်လုံးပါပဲ။ လယ်ဝေးတင် မကပါဘူး၊ တပြည်လုံး အနေအထားပါပဲ’’
အခု တသီးပုဂ္ဂလ ပြိုင်မယ်ဆိုတော့ သူတို့ဘက်က လာစည်းရုံးတာ၊ အနှောင့်အယှက်ပေးတာမျိုး ရှိလား။
’’မရှိပါဘူး။ မရှိဘူးဆိုတာက ဆရာက ဆရာဖြစ်နေလို့ပါ။ အဲတာ သဘောပေါက်လား မသိဘူး။ ဆရာက ဆရာဖြစ်နေလို့ပါ။ သူတို့ရဲ့ စာသင်တဲ့ ဆရာဖြစ်နေလို့ပါ။ ဥပမာတခုပြောပြမယ်-လယ်ဝေးမှာ မဲရုံ ၁၂ဝ ရှိမယ်။ ဆရာ့ရဲ့ မဲစောင့် ကိုယ်စားလှယ် မထားဘူးလားလို့ မေးကြတယ်။ မထားပါဘူး။ ဘာလို့လဲဆိုတော့ ရယကရော၊ ကော်မရှင်ဝင်တွေရော ဆရာ့တပည့်ဖြစ်ဖူးတဲ့ သူတွေချည်းပါပဲ။ အဲဒီတော့ ဆရာဖြစ်တဲ့အတွက် သူတို့က လုံးဝမနှောင့်ယှက်ပါဘူး’’
လွှတ်တော်အမတ်ဖြစ်ခဲ့ရင် လယ်ဝေးနယ်သားတွေအတွက် ဆရာကြီး ပထမဆုံးလုပ်ပေးမယ့် အလုပ်က ဘာဖြစ်မလဲ။
’’၃ ချက် ရှိတယ်။ ငွေစက္ကူ အဟောင်းအနွမ်းတွေကိစ္စ ပြောပါမယ်။ နောက် စိတ်ဆင်းရဲစရာကောင်းတဲ့ ငွေပမာဏရနေတဲ့ ပင်စင်စားတွေနဲ့ ပတ်သက်ပြီး ပြောပါမယ်။ ဆရာကိုယ်တိုင် ၃၂ဝ၂ ကျပ်နဲ့ ၅၈ ပြား ရပါတယ်။ တတိယကတော့ လယ်သမားတွေ အရေးကိစ္စပါ။ ဒါတွေလက်ခံရင် တခြားဟာတွေ တဖြည်းဖြည်း တောင်းဆိုသွားဖို့ အစီအစဉ်ရှိပါတယ်’’
အဲလိုတောင်းဆိုချက်တွေ တကယ်ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်လို့ ထင်ပါသလား။
’’သိပ်ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ဟိုဘက်က ၁၂ဝ သော တပ်က တပ်မှူးတွေက တောင်သူလယ်သမား သားသမီးတွေ၊ ကျောင်းဆရာ သားသမီးတွေ အများကြီး ပါမှာပဲ။ သူတို့ကိုယ်တိုင်လည်း ခံစားချက်ရှိမှာပဲ။ သူတို့အဖေတွေ၊ အမေတွေ၊ သူတို့ဆရာသမားတွေ ပင်စင်လေး ၅ဝဝ၊ ၁ဝဝဝ နဲ့ နေရတဲ့ ဘဝကို သူတို့မြင်မှာပဲ။ ဆိုလိုတာက သူတို့ မပြောရဲဘူး။ ဒါပေမဲ့ ပြောရဲတဲ့သူရှိရင် ထောက်ခံမှာပဲ။ အဲဒီလို ယုံကြည်ပါတယ်’’
ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး အမြင်က။
’’၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့ ပြောနေကြတယ်။ ကိုယ်ဘာမှ မဟုတ်သေးခင်မှာ ပြင်ဖို့ မကြိုးစားသေးတာက ဆရာ့ဝါဒပဲ။ ဆရာတို့ ၉ဝ တုန်းက မပါနိုင်အောင် အထဲမှာ ထည့်ခံထားခဲ့ရတယ်။ အခုဆိုရင် လွတ်လွတ်လပ်လပ် ဝင်ခွင့်ရပြီ။ နှောင့်လည်း နှောင့်ယှက်မှာ မဟုတ်ဘူး။ အဲဒီတော့ တခြားပုဂ္ဂိုလ်တွေက သူတို့အမြင်နဲ့ ရွေးကောက်ပွဲ မဝင်သင့်ဘူး၊ ရွေးကောက်ပွဲဝင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ လွှတ်တော်ထဲရောက်လည်း လက်ညှိုးထောင် ခေါင်းညိတ်ပဲ ဖြစ်လာမှာပဲလို့ ပြောတာက စစ်မရောက်ခင် မြားကုန်တဲ့ သဘောမျိုး ဖြစ်နေမယ်ထင်တယ်’’

Geen opmerkingen: