မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 september 2010

၁၅ သိန်းတန်ဖုန်းများ အလကားပေးပြီး ကြံ့ဖွံ့ မဲဆွယ်

ဧရာဝတီ Monday, September 20, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု လွှတ်တော် အမတ်လောင်းများအဖြစ် ရွေးကောက်ပွဲဝင်မည့် စစ်ဗိုလ်ချုပ်ဟောင်းများသည် နေပြည်တော်တွင် မဲဆွယ်စည်းရုံးသည့် အနေဖြင့် ကျပ် ၁၅ သိန်းတန် ဖုန်းများကို အခမဲ့ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
                                                          နေပြည်တော်တွင် ရုံးထိုင်သော ကြံ့ဖွံ့ရုံး အဆောက်အအုံ
နေပြည်တော်ခရိုင်အတွင်းရှိ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်များတွင် စစ်ဗိုလ်ချုပ်ဟောင်း အမတ်လောင်းများက ရပ်ကွက်နှင့် ကျေးရွာများ အပေါ် သြဇာ ညောင်းသော ရပ်မိရပ်ဖများကို ကျပ် ၁၅ သိန်းတန် CDMA450MHzဖုန်းများ အခမဲ့ပေးပြီး ကြံ့ဖွံ့ပါတီကိုသာ မဲပေးကြရန် စည်းရုံးလှုံ့ဆော်နေသည်ဟု သိရသည်။
“၀၉၈၃ နံပါတ်နဲ့စတဲ့ ၁၅ သိန်းတန် CDMA ဖုန်းတွေ ပေးတာပါ။ ၅ သိန်းတန် ဖုန်းတောင်မဟုတ်ဘူး။ ၁၅ သိန်းတန်ဖုန်းတွေကို အလကားပေးတာ”ဟု ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှ ရပ်မိရပ်ဘတဦးက ပြောသည်။
ရပ်ကွက်နှင့် ကျေးရွာ ရပ်မိရပ်ဘများသည် ၁၅ သိန်းတန်ဖုန်းများကို လျှောက်ထားစရာမလိုဘဲ အိမ်တိုင်ရာရောက် သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်တပ်ဆင်ပေးခြင်းဖြစ်ပြီး အဆင်သင့် အသုံးပြုနိုင်ကြောင်း၊ ၁၅ သိန်းတန်ဖုန်း အခမဲ့ရရှိထားသူ အရေအတွက် များပြားကြောင်း စုံစမ်းသိရှိရသည်။
“ဖုန်းကတ်ရယ်၊ Handset ရယ် တခါတည်း ထည့်ပေးထားပြီးသား။ ချက်ချင်း အဆင့်သင့်သုံးရုံပဲ။ ဘာမှ ၀ယ်ထည့်စရာ မလိုဘူး” ဟု ပုဗ္ဗသီရိမြို့နယ်အတွင်းမှ ရပ်မိရပ်ဘတဦးက ဆိုသည်။
ကျပ် ၁၅ သိန်းတန်ဖုန်း အခမဲ့ရရှိကြသူများတွင် ရပ်မိရပ်ဘများအပြင် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများလည်းပါကြောင်း နေပြည်တော်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
၁၅ သိန်းတန်ဖုန်း ပေးအပ်ခြင်းနှင့်အတူ ကြံ့ဖွံ့ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးကြရန်နှင့် မိမိတို့၏ နီးစပ်ရာ အသိုင်းအ၀ိုင်းကိုလည်း ကြံ့ဖွံ့ပါတီကိုသာ မဲပေးရန်အတွက် စည်းရုံးပေးရန် ရပ်မိရပ်ဘများကို မှာကြားသည်ဟု သိရှိရသည်။
နိုင်ငံရေးပါတီတရပ်သည် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲကြောင်း တွေ့ရှိလျှင် ပါတီအဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က-၅) တွင် တရားဝင်ဖော်ပြထားရာ ယခု ကြံ့ဖွံ့ပါတီလုပ်ရပ်သည် ပြဋ္ဌာန်းထားသော ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်လျှက်ရှိသည်။
“ကြံ့ဖွံ့ပါတီက ပြည်သူပိုင် အဆောက်အအုံတွေ၊ ဘဏ္ဍာတွေ၊ မော်တော်ယာဉ်တွေကို ပါတီပိုင်ပစ္စည်းအဖြစ် အလွဲသုံးစား လုပ်တာတွေ တော်တော်များများ တွေ့ရတယ်။ အစိုးရပါတီကိုယ်တိုင် ဥပဒေကို ချိုးဖောက်နေတာ။ ဘယ်လိုနည်းနဲ့မှ ဒီရွေးကောက်ပွဲက လွတ်လပ်မျှတမှု ရှိမှာမဟုတ်ဘူး” ဟု ပြည်တွင်း နိုင်ငံရေးသမားတဦးက ပြောသည်။
အရပ်သားများကို ကြံ့ဖွံ့ပါတီအား မဲပေးရန် နည်းလမ်းမျိုးစုံသုံး၍ မဲဆွယ်သကဲ့သို့ အစိုးရ၀န်ထမ်းများကိုလည်း ကြံ့ဖွံ့ပါတီကိုသာ မဲပေးရမည်ဟူသော ညွှန်ကြားချက်ကို ၀န်ကြီးချုပ် ဦးသိန်းစိန်က တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ခရိုင်အတွင်း မြို့နယ်များတွင် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီ နှစ်ခုသာ အဓိက ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကြံ့ဖွံ့ပါတီက အသာစီးရနေကြောင်း၊ နေပြည်တော် ဒေသခံအများစုမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားခြင်းမရှိသော်လည်း ကျေးရွာနှင့် ရပ်ကွက် အာဏာပိုင်များ၏ တွန်းအားပေးမှုကြောင့် ကြံ့ဖွံ့ပါတီကိုသာ မဲပေးကြဖွယ်ရှိကြောင်း နေပြည်တော် ဒေသခံများက ဆိုသည်။
“ဘာပဲပြောပြော အရင်ထက်စာရင်တော့ နေပြည်တော်တ၀ိုက်က ကျေးရွာ၊ ရပ်ကွက်တွေ တော်တော်လေး ဖွံ့ဖြိုးလာတယ်။ လမ်း၊ လျှပ်စစ်မီး၊ ရေ အဆင်ပြေတယ်။ အာဏာပိုင်တွေရဲ့ အတင်းအကျပ် ဖိအားပေးမှုပါ ရှိတဲ့အတွက် ကြံ့ဖွံ့ပဲ မဲပေးရမယ်”ဟု ပျဉ်းမနားမြို့နယ် အခြေစိုက် သတင်းထောက်တဦးက ပြောကြားသည်။
သူရ ဦးရွှေမန်း ၀င်ရောက်ယှဉ်ပြိုင်မည့် ဇေယျာသီရိမြို့နယ်တွင် တစညပါတီမှ ဦးချစ်စိန်၊ ၀န်ကြီးချုပ် ဦးသိန်းစိန် ၀င်ရောက်ယှဉ်ပြိုင်မည့် ဇမ္ဗူသီရိမြို့နယ်တွင် တစညပါတီမှ ဦးကျော်အေး၊ နအဖ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦး ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် တစညပါတီမှ ဦးလှရွှေ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင် ယှဉ်ပြိုင်မည့် ဒက္ခိဏသီရိမြို့နယ်တွင် တစညပါတီမှ ဦးမြဟန်တို့က အသီးသီး အရွေးခံကြမည် ဖြစ်သည်။
ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်ဟောင်းများသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၃၂ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။
သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ တင်သွင်းမှုအပေါ် မူတည်၍ ဧရာဝတီ၏ တွက်ချက်မှုအရ ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)နှစ်ပါတီသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် နိုင်ငံတ၀န်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကို တွေ့ရှိရသည်။

Geen opmerkingen: