မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 29 september 2010

ကြံ့ဖွံ့က နေပြည်တော် မဲရုံမှူးများကို ဖုန်း အခမဲ့ပေးနေ

ဧရာဝတီ Wednesday, September 29, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲတွင် နေပြည်တော်ရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ရာထူး အပါအ၀င် မဲရုံ ၀န်ထမ်းများ အဖြစ် တာဝန် ထမ်းဆောင်မည့် ပညာရေး ၀န်ထမ်းများနှင့် ရပ်ကွက်အာဏာပိုင်များကို ကျပ် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ ချထားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နေပြည်တော် ခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် ကြံ့ဖွံ့ပါတီက မဲဆွယ်သည့်အနေဖြင့် ရပ်မိ၊ ရပ်ဘများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို ကျပ်၁၅ သိန်းတန်CDMA450MHzဖုန်းများ အခမဲ့ချထားပေးခဲ့ပြီး ယခုအခါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး အပါအ၀င် မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်မည့် သူများကိုပါ အဆိုပါ ဖုန်းများ ချထားပေးခြင်းဖြစ်ကြောင်း စုံစမ်း သိရှိသည်။
“မဲရုံးဝန်ထမ်းတွေအကုန်လုံး ၀၉၈၃ နံပါတ်နဲ့ စတဲ့ ၁၅ သိန်းတန် ဖုန်းတွေ ထုတ်ခွင့်ရတယ်။ ဖုန်းအတွက် ပိုက်ဆံ သွင်းစရာမလိုဘူး။ အခမဲ့ ရတာ။ ဖုန်းပြောခအတွက် ကျပ် ၅ သောင်းကြိုသွင်းရတယ်”ဟု မဲရုံဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည့် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ တာဝန်ရှိသူတဦးကပြောသည်။
မဲရုံဝန်ထမ်းများအဖြစ် တာဝန်ယူရမည့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင် များသည် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ပို့ချပေးလျက်ရှိသော သင်တန်းများ တက်ရောက်ရသည့်အပြင် ကြံ့ဖွံ့ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့်၏ စစ်ဗိုလ်ချုပ်ကြီးများ လာရောက်ချိန်တွင်လည်း ကြိုဆိုရကြောင်း သိရသည်။
“မဲရုံမှူး လုပ်ရမယ်ဆိုပေမယ့် ပြည်ခိုင်ဖြိုးပါတီက ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အထက်လူကြီးတွေ ဖြစ်နေတော့ သူတို့လာရင်ကို အရိုအသေပေးနေရတယ်” ဟု နေပြည်တော်မှ ပညာရေးဝန်ထမ်း တဦးကပြောသည်။
နေပြည်တော်တွင် ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စစ်ဗိုလ်ချုပ်များနှင့်အတူ ယှဉ်ပြိုင် အရွေးချယ်ခံမည့်
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည် မဲရုံတိုင်းတွင် မဲမသမာမှုများကို စောင့်ကြည့်မည့် မဲရုံ ကိုယ်စားလှယ် ထားရှိရန် အခက်အခဲ ဖြစ်နေသည်ဟုလည်း ကြားသိရသည်။
“နေပြည်တော်ခရိုင် မြို့နယ် ၈ မြို့နယ်မှာလည်း မဲရုံပေါင်း ရာချီရှိတယ်။ မဲရုံတိုင်းမှာ ကိုယ်စားလှယ်ထားဖို့ လူရှာမရဘူး။
မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ မဲရုံတွေမှာ မဲမသာမှုတွေဖြစ်နိုင်တယ်။ ရှိလည်း ရှိလာနိုင်တယ်” ဟု တစည ပါတီ တာဝန်ရှိသူ တဦးက ဆိုသည်။
နိုင်ငံရေးပါတီကြီး တခုမှ တာဝန်ရှိသူတဦးကလည်း ပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်မဲဆန္ဒနယ်ရှိ မဲရုံတိုင်းတွင်
မဲရုံကိုယ်စားလှယ် ထားရှိရေးမှာ မဖြစ်နိုင်ကြောင်း၊ ရပ်ကွက် ၁ ခုတွင် အနည်းဆုံး မဲရုံ ၃၀ ခန့်ရှိပြီး မြို့နယ်တမြို့နယ်တွင်မဲရုံအရေအတွက်ရာဂဏန်းရှိသည့်အတွက်မဲရုံတိုင်းကို စောင့်ကြည့်ရန်မဖြစ်နိုင်ကြောင်း ပြောသည်။
“မဲရုံမှူးတွေက သမာသမတ်ကျကျလုပ်ဖို့ မျှော်လင့်တယ်။ မဲရုံမှူးရဲ့ ဂုဏ်သိက္ခာကိုပဲ ယုံကြည်ရတော့မယ်။ မဲရုံမှူးတွေ မမှန်မကန် လုပ်ရင်တော့ မဲရုံကိုယ်စားလှယ် မထားနိုင်တဲ့ပါတီတွေ ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ မဲရုံမှူးများကို လာဘ်ထိုးသည့် အနေဖြင့် ၁၅ သိန်းတန် ဖုန်းများ အခမဲ့ပေးခြင်းသည် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ရန် လာဘ်ထိုးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
နေပြည်တော်ခရိုင်တွင် ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊
ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ဟူ၍ စုစုပေါင်း ၈ မြို့နယ်ရှိသည်။
စစ်ရာထူးများမှ အငြိမ်းစားယူထားသော စစ်ဗိုလ်ချုပ်ဟောင်းကြီးများက နေပြည်တော်ခရိုင် မဲဆန္ဒနယ်များမှ ကြံ့ဖွံ့ ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ရာ သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ်မှ လည်းကောင်း၊ လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် က ဇမ္ဗူသီရိမြို့နယ်မှ လည်းကောင်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်မှလည်းကောင်း၊ ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ်မှ လည်းကောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အရွေးချယ်ခံကြမည်ဖြစ်သည်။

Geen opmerkingen: