မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 19 september 2010

ဝင်းမော်ဦးနေ့ သတ်မှတ်

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၀၈ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၈၈ စစ်အာဏာသိမ်းစဉ်က ၁၆ နှစ်သမီး ဆန္ဒပြကျောင်းသူ မဝင်းမော်ဦးကို စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ရသည့် ယနေ့ကို ဝင်းမော်ဦးနေ့ သို့မဟုတ် မြန်မာနိုင်ငံ သူရဲကောင်းများနေ့ဟု နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက သတ်မှတ်လိုက်ကြသည်။
၁၉၈၈ စက်တင်ဘာ ၁၉ က ရန်ကုန်၌ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကိုင်ရင်း ဒီမိုကရေစီရေး ဆန္ဒပြစဉ် စစ်တပ် ပစ်ခတ်သဖြင့် မဝင်းမော်ဦး သေဆုံးခဲ့သည့် ၂၂ နှစ်မြောက် ဂုဏ်ပြုဆန္ဒပြပွဲ နယူးဒေလီ၌ ကျင်းပစဉ် သတ်မှတ်ခဲ့သည်။
’’ဝင်းမော်ဦးလိုပဲ ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ စစ်အာဏာရှင်ဝါဒကို လက်နက်မဲ့တိုက်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေကို အောက်မေ့တဲ့အနေနဲ့ ဒီနေ့ ဆန္ဒပြတာ ဖြစ်တယ်။ အဲဒီလိုပဲ ဝင်းမော်ဦးဆိုတဲ့ ကျောင်းသူလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ကိုလည်း ကျမတို့က ဝင်းမော်ဦးနေ့ သို့မဟုတ် မြန်မာနိုင်ငံရဲ့ သူရဲကောင်းများနေ့လို့ သတ်မှတ်ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်’’ဟု WLBသဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်က ပြောသည်။
ယနေ့ ကျင်းပသည့် ဆန္ဒပြပွဲတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ၃ဝ နီးပါးက မိုးရွာထဲတွင် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
စစ်တပ်အာဏာသိမ်းပြီး နောက်တရက် တောင်းဆိုဆန္ဒပြပွဲများ ပြုလုပ်စဉ် ၈ တန်းကျောင်းသူ မဝင်းမော်ဦး ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ် ခံခဲ့ရသည်။

“စပြီး ပစ်တယ်ဆိုတာနဲ့ ကျောင်းသားတွေ ဖရိုဖရဲဖြစ်ပြီးတော့ ကျတဲ့သူက ကျ။ အဲဒီအချိန် မဝင်းမော်ဦးက ဗိုလ်ချုပ် အောင်ဆန်းဓာတ်ပုံကို ကိုင်ပြီးတော့ လုံးဝ ဒူးထောက်ပြီး နေတယ်။ ဘယ်ဘက်ပေါင်ကို မှန်တယ်၊ ခြေသလုံးကို မှန်တယ်။ ခွေကျသွားတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံကို မလွှတ်ဘဲနဲ့ ဆက်ကိုင်ထားတယ်။ ကုန်းရုန်းပြီး ထဖို့ သူကြိုးစားခဲ့သေးတယ်”ဟု ထိုစဉ်က အတူ ဆန္ဒပြခဲ့သူ မသင်းသင်းအောင်က ရှင်းပြသည်။
ဒဏ်ရာရနေသည့် မဝင်းမော်ဦးကို ဆရာဝန်လောင်း ကိုမင်းသိန်းနှင့် ကိုစောလွင်တို့က နေ့လည် ၁ နာရီခန့်တွင် ချီမကာ ရန်ကုန်ဆေးရုံကြီး ပို့ပေးခဲ့သော်လည်း ညနေ ၅ နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲ့သည်။ ဆန္ဒပြသူများကို နိုင်ငံတဝှမ်း ပစ်ခတ်ဖြိုခွဲသဖြင့် ၃,ဝဝဝ ကျော် သေဆုံးခဲ့ရသည်။
မဝင်းမော်ဦးကို ဦးဝင်းကြူ-ဒေါ်ခင်ဌေးဝင်းတို့က ၁၉၇၂ နိုဝင်ဘာလ ၁၉ ရက်တွင် မွေးပြီး မွေးချင်း ၆ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် နေခဲ့သည်။ ကြည့်မြင်တိုင် အမှတ် (၄)အလယ်တန်းကျောင်းသူဘဝ ၁၉၈၈ တွင် ဖွဲ့သည့် ကျောင်းသားသမဂ္ဂတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
ယနေ့ မဝင်းမော်ဦး၏ ကျန်ရစ်သူ မိသားစုက လှိုင်သာယာမြို့သစ်နေအိမ်၌ သံဃာတော်များကို ဆွမ်းကပ်လှူခဲ့သည်။
၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေး၊ နိုင်ငံရေး အကျဉ်းသား ၂,၁ဝဝ ကျော်ကို မလွှတ်ဘဲနှင့် နိုဝင်ဘာ ၇ တွင် စစ်အစိုးရက ရွေးကောက်ပွဲ ထပ်ကျင်းပဦးမည်ဟု နယူးဒေလီ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ ကြေညာချက်က ဆိုသည်။
လွှတ်တော်နေရာများ၌ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါမည့်အပြင် နအဖ အစိုးရဝန်ကြီးများ၊ စစ်တပ်နောက်ခံပြု စီးပွားရေးသမားများ၊ အငြိမ်းစား စစ်အရာရှိများ အမတ်လောင်းအဖြစ် ပါဝင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရန် မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကြေညာထားသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် ရွေးကောက်ပွဲ မဟုတ်သည့် စစ်တပ်ရွေးချယ်ပွဲသာ ဖြစ်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်း လွှတ်ပေးပြီး တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် နယ်ပယ်စုံမှ ပုဂ္ဂိုလ်အားလုံးကို ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်တွင်း ပူးပေါင်းပါဝင်ခွင့် ပြုရမည်ဟု တောင်းဆိုထားသည်။



Geen opmerkingen: