မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 18 september 2010

မွန် ပါတီ စည်းရုံးရေး ပညာပေးရေး မွန်ဒေသတွင် ပြုလုပ်နေ

ဘစောတင် Saturday, September 18, 2010
.မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AllMonRegionsDemocracyParty) က မွန်ပြည်နယ် အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ မှန်ကန်စွာ မဲထည့်တတ် စေရန်အတွက် ကျေးလက် ဒေသများအထိ သွားရောက်၍ စည်းရုံးရေး ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
မကြာသေးမီက မွန်ပြည်နယ် ရေးမြို့နယ်တွင် မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ရုံး ဖွင့်ပွဲ ပြုလုပ်စဉ်(ဓာတ်ပုံ - ဧရာဝတီ)
နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မသမာမှုများကို စောင့်ကြည့် ဖော်ထုတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒမဲများ အလေအလွင့် မဖြစ်စေရန် အတွက် တမြို့နယ်လျှင် စည်းရုံးရေး သမား ၃၀ စီရွေးချယ်ကာ စည်းရုံးရေး ပညာပေး ရေးများကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ဧရာဝတီသို့ ပြောသည်။
“မွန်ပြည်နယ် အတွင်းက မဲဆန္ဒနယ် အသီးသီး အထွက် မသမာမှုတွေ မဲလိမ်မှုတွေ မရှိရအောင် စောင့်ကြည့်ဖို့နဲ့ ပြည်သူလူထုက ကိုယ်ရွေးချယ် လိုတဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် မဲထည့် နိုင်အောင် ပညာပေးရေးနဲ့ စည်းရုံးရေးတွေ လုပ်နေတယ်။ မြို့နယ် အသီးသီးက စည်းရုံးရေးမှူးတွေ ဆောင်ရွက် နေကြပါတယ်”ဟု ၎င်းက ပြောဆိုသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ သည် မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့နယ်၊ ကျိုက်မရောမြို့ နယ်၊ ပေါင်မြို့ နယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္သာရီတိုင်းမှ ရေဖြူ မြို့နယ်တွင်လည်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျိုက်မရောမြို့ နယ်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးမှူး တဦးက“ရွာတွေမှာ စည်းရုံး ပညာပေးရေး လုပ်တဲ့အခါ လူစုလူဝေး ပုံစံမဖြစ်ရအောင် သတိထားရပါတယ်။ လူစုလူဝေး တရားပွဲပုံစံဆိုရင် ခွင့်ပြုချက်ရဖို့ ၇ ရက် ကြိုတင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်လေ။ ဒါကြောင့် နီးစပ်ရာတွေကို သင့်တော် တဲ့ အိမ်တအိမ် ဒါမှမဟုတ် အဆောက်အအုံ တခုမှာ လူစုပြီး ရှင်းပြတယ်။ မဲထည့်ပုံထည့်နည်း။ မဲလိမ်တာ မဲခိုးတာ ရှိ မရှိ ဘယ်လို စောင့်ကြည့်ရမယ်။ မဲတပြားဆိုတာ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်လူမျိုးအတွက် ဘယ်လောက်အရေးကြီး တယ်။ ကိုယ့်အတွက်လည်း ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သိအောင် ရှင်းပြတယ်”ဟု ပြောပြသည်။
မွန်ပြည်နယ်အတွင်းရှိ ရွာများတွင် အိမ်ခြေ ထောင်နှင့်ချီရှိသော ကျေးရွာများ ရှိသည့်အတွက် စည်းရေး ဆင်းသည့်အခါ စည်းရုံးရေးမှူး ၃ ဦးခန့်စီပါဝင်ကြောင်းလည်း သိရသည်။
မွန်ပြည်နယ်တွင် ယှဉ်ပြိုင်ကြမည့်ပါတီများမှာ အဓိကအားဖြင့် တိုင်းရင်းသား စည်းလုံးညီရေးပါတီ(တစည)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဖြစ်ကြရာ မိမိတို့ ပါတီ အနေဖြင့် အနိုင်ရရှိမည်ဟု ယုံကြည်ချက်ရှိကြောင်း၊ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)က ဦးဆောင်ကာ မဲမပေးဘဲ သပိတ်မှောက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်လာပါက မိမိတို့မဲများ ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။
“တစညတို့ ကြံ့ခိုင်ရေးတို့က ကိုယ်စားလှယ်တွေက လူထုနဲ့ သိပ်မရင်းနှီးဘူး၊ စိမ်းတဲ့သူတွေဆိုတော့ ကျနော်တို့ မဲ အတွက် မစိုးရိမ်ဘူး။ နိုင်မယ်ဆိုတာကို အပြည့်အ၀ ယုံကြည်တယ်။ ဒါပေမယ့် အခု NLD ကို အစိုးရ တရားဝင်ပါတီ အဖြစ် ပယ်ဖျက်လိုက်တဲ့နောက်မှာ သူတို့က မဲမပေးရေး လှုပ်ရှားမှုကို အားစိုက်လုပ်လာရင် ကျနော်တို့ ရမယ့် မဲတွေ မရဘဲဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တစညတို့ ကြံ့ဖွံ့ တို့ရမယ့်မဲက မဲသေ။ ကျနော်တို့ရမယ့် မဲက ဒီမိုကရေစီ လိုလားသူ ပြည်သူ့ဆီကလာမယ့် မဲဆိုတော့။ NLD ကို အားပေးထောက်ခံသူတွေက သူတို့ ခေါင်းဆောင်တွေရဲ့ တိုက် တွန်းချက်ကို လိုက်နာရင် ကျနော်တို့ဆီ လာမယ့် မဲတွေ က မလာတော့ဘူး။ ဒီတချက်တော့ စိုးရိမ်စရာရှိတယ်”ဟု နိုင်ငွေသိန်းက ဆိုသည်။
မွန်လူမျိုးများက မွန်ပါတီသစ် ဟု ခေါ်သော မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် စည်းရုံးရေးအတွက် တေး သီချင်း များကိုလည်း စပ်ဆိုထားပြီးဖြစ်ကြောင်း၊ ယင်းသီချင်းများတွင် မွန်ဂီတလောက၌ ထင်ရှားသော တေးသံရှင် တဦးလည်းဖြစ် မော်လမြိုင် မဲဆန္ဒနယ်မှ ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် နိုင်ကျန်ရစ် ပါဝင် သီဆိုထားကြောင်း သိရသည်။
ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကပြောဆိုခွင့်ပြုထားရာ လာ မည့် စက်တင်ဘာလ ၂၉ ရက်နေ့ တွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥက္ကဌ နိုင်ငွေသိန်း၏ စည်းရုံးရေး ဟောပြောမှုကို ထုတ်လွှင့်ခွင့်ရထားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။
ပါတီအားလုံး မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခွင့် ၁၅ မိနစ်စီ ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းရင်းသားရေးရာ အပါအ၀င် ကိုယ်စားလှယ် ၃၄ ဦး ၀င်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ကြောင်း သိရသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဗဟိုရုံးချုပ်မှာ မော်လမြိုင်မြို့ တွင် တည်ရှိသည်။
တည်ဆဲပါတီဟောင်းများအနက် NLDအပါအဝင် ၅ ပါတီသည် ပါတီဆက်လက် တည်ထောင်ရန် လျှောက်ထားခြင်း မရှိခြင်းကြောင့် လည်းကောင်း၊ မှတ်ပုံတင်ခွင့် ရရှိသည့် ပါတီသစ် ၄၂ ပါတီအနက် ၅ ပါတီသည် လွှတ်တော် သုံးရပ် စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် လည်းကောင်း ဖျက်သိမ်း ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
ကျန်ရှိသည့် ၃၇ ပါတီအနက် ယနေ့အထိ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း တင်ပြထားသည့်ပါတီ ၃၃ ပါတီ ရှိကြောင်း စစ်အစိုးရ သတင်းစာများအရ သိရသည်။

Geen opmerkingen: