မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 juni 2010

ပြည်သူ့အလိုကျကိုယ်စားလှယ်မရှိဟုကွမ်းခြံကုန်းမြို့ခံတို့ပြောကြား

အောင်ထက် /၁၆ဇွန်၂၀၁၀
လာမည့်၂၀၁၀ရွေးကောက်ပွဲတွင်ကွမ်းခြံကုန်းမြို့နယ်အတွက်ပြည်သူ့အလိုကျကိုယ်စားလှယ် ရွေးချယ်စရာမရှိဟု ဒေသခံအများစုက ပြောဆိုနေကြသည်။
ကွမ်းခြံကုန်းမြို့နယ်ကိုယ်စားပြုဝင်ရောက်အရွေးခံမည့်သူမှာကြံ့ဖွံ့ပါတီဝင်တဦးဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ်၊ ချောင်းဝရွာ ဇာတိဖြစ်သူ စွမ်းအင်ဝန်ကြီး ဦးလွန်းသီဖြစ်သည်။
စွမ်းအင်ဝန်ကြီးသည်၂၀၀၀ခုနှစ်ကပင်ကွမ်းခြံကုန်းကိုစည်ပင်အောင်လုပ်ပေးခဲ့သည်ဟုမယကတာဝန်ရှိသူတဦးက ပြောသည်။
“ထန်းတောထိပ်၊ စည်ပင်အ၀ိုင်းတွေမှာ ရေစင်တွေ ဆောက်ပေးခဲ့တယ်။ အလက (၁) ကျောင်းကို (၃) ထပ်ဆောင် အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်ပေးခဲ့တယ်။ မီးသင်္ဂြိုဟ်စက် တည်ဆောက်ပေးခဲ့တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကွမ်းခြံကုန်းမြို့ ကျေးလက်ပိုင်း၊ ပင်လယ်ပိုင်းနယ်မြေများ သောက်သုံးရေပြတ်လပ်စဉ် နယ်မြေခံဝန်ကြီးဟု အဆိုရှိသူ စွမ်းအင်ဝန်ကြီး ဦးလွန်းသီသည် သောက်သုံးရေ ပေးဝေရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ယင်းအဖွဲ့တွင် မယက၊ ကြံ့ဖွံ့၊ စည်ပင်၊ မီးသတ်တို့အပြင် ဒေသအာဏာပိုင်များစွာ ပါဝင်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ပြည်သူ့ငွေဖြင့် လှူဒါန်းသော ရေသယ်ယာဉ်များတွင် ကြံ့ဖွံ့အလံတပ်၍ ပြောင်ပြောင်တင်းတင်း အယောင်ဆောင်မှုများအပေါ် မြို့ခံတို့က ရှုတ်ချပြောဆိုမှုများ ရှိခဲ့သည်။
ထိုသို့ စွမ်းအင်၊ မီးသတ် ရေသယ်ဘောက်ဆာယာဉ်များတွင် ကြံ့ဖွံ့အလံစိုက်ထူခြင်းကို လိုလားမှုမရှိသည့် အလှူရှင်များက မြို့ခံလူငယ်အချို့နှင့် ပူးပေါင်းကာ သောက်သုံးရေ ပြတ်လပ်သည့်နယ်မြေများသို့ လိုက်လံလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းလုပ်ရပ်အပေါ် နယ်မြေခံလူငယ်အချို့အား ဒေသအာဏာပိုင်တို့က ခေါ်ယူမေးမြန်းစစ်ဆေးမှုများ ရှိခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။
ဝန်ကြီးဦးလွန်းသီအနေဖြင့် ၎င်း၏ ကိုယ်ပိုင်ငွေမပါဘဲ ရေအလှူရှင်များကို ချိတ်ဆက်စီစဉ်ပေးမှုအပေါ် ကျေးဇူးတင်စရာ ကောင်းသော်လည်း ရေလှူဒါန်းသည့်ကားများကို ကြံ့ဖွံ့အလံများတပ်ခြင်းသည် မတရားစည်းရုံးခြင်း ဖြစ်ကြောင်း မြို့ခံများက သုံးသပ်သည်။
အဆိုပါလုပ်ရပ်ကို မကျေနပ်သည့် မြို့ခံလူငယ်တဦးက “ဒီနယ်မြေဟာ အန်အယ်လ်ဒီနယ်မြေပဲ။ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ မ၀င်လို့ပါ။ ၀င်ခွင့် မရလို့ပါ။ ၀င်ခွင့်ရလိုက်ပါလား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူတုန်းကလို မခြိမ်းခြောက်နဲ့၊ အောက်ခြေ ရယကတွေ အခွင့်အာဏာ မသုံးနဲ့၊ မဲအားလုံး အန်အယ်လ်ဒီဘက် ရောက်သွားမယ်” ဟု ဆိုသည်။
စွမ်းအင်ဝန်ထမ်းတဦးကမူ ၀န်ကြီးဦးလွန်းသီသည် နာဂစ်အပြီးတွင် ဆူးကလပ်၊ ထင်းပုံဆိပ်ကျေးရွာတွင် အိမ်ခြေ (၂၀) ကျော်၊ သုံးခွပိုင် သရက်သုံးပင်တွင် အိမ်ခြေ (၃၀) ကျော်၊ တော်ကူးအနောက် ရွာသစ်ရွာတွင် အိမ်ခြေ (၂၀၀) ကျော်၊ မေတ္တာရွာတွင် (၇၃၆)လုံး၊ကွမ်းခြံကုန်း မြို့မဈေးကြီး၊ လက်ခုပ်ကုန်း ဆိုင်ကလုန်း ရှယ်လ်တာ၊ စံပြရပ်ကွက်တွင် အိမ်ရာ(၃၈၉)လုံး စီမံကိန်းများ လုပ်ဆောင်ပေးခဲ့သည်ဟု ပြောဆိုသည်။
မြို့ခံတဦးက“ဒါပေမယ့်သာမန်မြို့တမြို့အနေနဲ့သုံးသပ်တာဟာတနိုင်ငံလုံးနဲ့စာရင်အင်မတန် သေးသိမ်ပါတယ်။နအဖအုပ်စိုးမှု အနှစ်(၂၀)ကျော်တိုင်းပြည် ဘာဖြစ်ခဲ့လဲ။ပညာရေး၊ကျန်းမာရေး ဘာတွေ တိုးတက်လာလဲ။ တိုင်းပြည်ရဲ့ အရင်းအမြစ်အားလုံး ဆုံးရှုံးသွားပြီဆိုတာတော့ဘယ်သူမှမငြင်းနိုင်ပါဘူး” ဟု ဝေဖန်ထောက်ပြသည်။
ကော့မှူးမြို့နယ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် မြောင်းမြဘဆွေကမူ “တို့ဟာ စစ်အစိုးရကို မလိုချင်ဘူး။ လူကို မဆိုလိုဘူး။ စနစ်ကို မလိုချင်တာ။ စနစ်ကိုတိုက်နေတာ။ တို့ဟာ နာမည် အသေမခံဘူး။ ယုံကြည်ချက်အတွက် အသက်စွန့်မယ်။ ဒီစကားက ခုမှ ပြောတာ မဟုတ်ဘူး။ တို့တွေ တောခိုပြီး မြန်မာပြည် ပြန်ဝင်တော့ နံပါတ်တစ်လို့ ခေါ်တဲ့ ကိုနေ၀င်းကိုလည်း ပြောခဲ့တယ်။ တစ်ခွဲလို့ ခေါ်ကြတဲ့ ထောက်လှမ်းရေး လန်ဘား ကိုတင်ဦးကိုလည်း ပြောခဲ့တယ်” ဟု ပြောဆိုသည်။
ကွမ်းခြံကုန်း မြို့လူထုအနေဖြင့် အဆိုပါ အခြေအနေများအရ ၂၀၁၀ ရွေးကောက်ပွဲကို မဲဆန္ဒရှင် ပြည်သူအများစု မဲပေးကြမည် မဟုတ်ဟု မြို့ခံများအကြား ပြောဆိုနေကြသည်။

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအားဖမ်းဆီးရန်ထိုင်းအစိုးရအမိန့်ထုတ်ပြန်

မြတ်ခိုင်ဦး / ၁၆ ဇွန် ၂၀၁၀
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရန် အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝက ဇွန် (၂) ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
ထိုထုတ်ပြန်သောအမိန့်၌ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား သက်ညှာမှုပေးသောအားဖြင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ဇန်နဝါရီ(၁၉)ရက်၌ ကျင်းပသောအစည်းအဝေးတွင် သက်တမ်းကာလ (၂) နှစ် တိုးပေးပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါအလုပ်သမားများသည် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ပြီးမြောက်ရေးအတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရှိပြီး ယင်းသို့ နေထိုင်အလုပ်လုပ်ကိုင် သက်တမ်းတိုးခွင့်ကို ၂၀၁၀ ခု ဖေဖော်ဝါရီလအထိ ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါကာလ ကျော်လွန်ပါက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကို အာဏာပိုင်များအနေဖြင့် တရားဥပဒေအရ တိတိကျကျ ဟန့်တားကာကွယ်သွားရမည်ဟု အတိအလင်း ဖော်ပြခဲ့ကြောင်း၊ အာဏာပိုင်များသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွင်း မရှိသည့် တရားမ၀င်အလုပ်သမားများအား ဖမ်းဆီးတရားရုံးတင်ခြင်း၊တရားမ၀င်အလုပ်သမားများအားနိုင်ငံတွင်းသို့တရားမ၀င်သယ်ဆောင်လာသူများနှင့်တရားမ၀င်နိုင်ငံခြားသားအလုပ်သမားများအား လက်ခံသည့်လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းတို့ကို လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။
အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အသက်ဝင်မှုရှိစေရန်အတွက် နိုင်ငံတော်စီမံခန့်ခွဲရေး ဥပဒေ ၁၉၉၁၊ အခန်း (၁၁/၃)၊(၁၁/၆)နှင့်(၁၁/၉)တို့အရ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရေး အထူးစင်တာတခု ဖွင့်လှစ်အကောင်အထည်ဖော်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တော်ဝင်ရဲဌာနရုံး၊ စစ်တပ်နှင့် ရေတပ်တို့မှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
အဆိုပါစင်တာအားကွပ်ကဲရန်အဖွဲ့ဝင်(၁၅)ဦးပါဝင်သောဗဟိုစီမံခန့်ခွဲရေးကော်မတီတခုထားရှိမည်ဖြစ်ပြီး အဆိုပါကော်မတီတွင်ဒု-ဝန်ကြီးချုပ်နှင့်အလုပ်သမားဝန်ကြီးတို့ကဥက္ကဋ္ဌနှင့်ဒု-ဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်ကာလိုအပ်သောလုပ်ငန်းစဉ်အသီးသီးအားဦးဆောင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါကော်မတီအောက်တွင်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီခွဲ(၅)ခု ရှိမည်ဖြစ်သည်။
လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီမှတရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအားရှာဖွေ၊ ထောက်လှမ်း၊ဖမ်းဆီးမှုများပြုလုပ်ခြင်း၊ဗဟိုစီမံခန့်ခွဲရေးကော်မတီသို့လုပ်ငန်းစဉ်တိုးတက်မှု အစီရင်ခံခြင်း၊ ဗဟိုမှချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်။
ထိုလုပ်ငန်းစဉ် အသီးသီးအတွက်ငွေကို တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေမှပေးအပ်သွားမည်ဟုဆိုသည်။တရားမဝင်အလုပ်သမားများလက်ခံထားသည့် လုပ်ငန်းရှင်များသည်အလုပ်သမားတဦးလျှင်(၂,၄၀၀)ဘတ်နှုန်းဖြင့်ငွေပေးဆောင်ရမည်ဖြစ်ပြီး ယင်းငွေများကို လုပ်ငန်းစဉ် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
အလုပ်အကိုင်ခန့်ထားရေး ညွှန်ချုပ်၏ ပြောကြားချက်အရ အထက်ပါ လုပ်ငန်းစဉ်များအား ဝန်ကြီးချုပ်က လာမည့် အောက်တိုဘာလတွင် အပြီးသတ်ဆောင်ရွက်စေလိုကြောင်း ရဲချုပ်အား အမိန့်ပေးထားသည်ဟု သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “အခုလည်း တဂျိန်းဂျိန်းဖမ်းနေတာပဲ။ ဆိုးတာက လက်မှတ်ရှိတဲ့သူကော၊ အီကစံရှိတဲ့သူကော ဖမ်းနေတာ။ တရားဝင်ဖမ်းမရတဲ့သူ လက်မှတ်ရှိတဲ့သူတွေကြတော့ ငွေညှစ်ပြီး ပြန်လွှတ်တယ်။ ဒီကိစ္စ ကျနော်တို့ နေ့တိုင်းလိုလို ကြားနေရတာပဲ။ အထူးသဖြင့် မဟာချိုင်ဘက်မှာ။ အခု တရားဝင်လုပ်မယ်ဆိုတော့ ဒေသခံအာဏာပိုင်တွေက ထင်သလိုပြုမူကုန်ရင် အလုပ်ရှင်ကော အလုပ်သမားကော နစ်နာမယ်” ဟု ဆိုသည်။
သို့အတွက် လူကုန်ကူးမှုပပျောက်ရေးဟုဆိုဆို၊ တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ရန်ပြောပြော အလုပ်သမားကို နားလည်သော အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ပူးပေါင်း လက်တွဲမှုမရှိပါက အသေအပျောက်ဖြစ်မှုများ၊ သတင်းဆိုးများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ဤလူကုန်ကူးများတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းအာဏာပိုင်များ၊ ထိုသူများနှင့်နီးစပ်သူများကိုလည်း ထိထိရောက်ရောက် အရေးယူမှသာလျှင် အလားအလာကောင်းမည်ဟု ၎င်းက ပြောသည်။
၂၀၀၉ ခုနှစ်ဘတ်လက်မှတ်အသစ်ဖွင့်ပေးစဉ်တွင်(၁.၃)သန်းရှိရွှေ့ပြောင်းအလုပ်သမားများအနက် မြန်မာရွှေ့ပြောင်းအလုပ်သမား(၃)သိန်းခန့်သည် လက်မှတ်သက်တမ်း ဆက်မတိုးတော့သည့်အတွက် တရားမဝင်အလုပ်သမားများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားခဲ့သည်။
ထို့ကြောင့်စာရင်းဇယားအတိုင်းပြည့်မှီစေရန် အဆိုပါ (၃)သိန်းခန့်အလုပ်သမားများကို ဖမ်းဆီးမည်ဆိုပါက မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေမည်သာဖြစ်ကြောင်း၊ ဤအလုပ်သမားအရေအတွက်ထဲမှ အလုပ်သမားအတော်များများမှာလည်းနိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကိုပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိသဖြင့်မိခင်နိုင်ငံရင်းသို့ပြန်သွားခဲ့ကြပြီးဖြစ်သည်ဆိုသည်ကိုသတိမူသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။

မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွှေ့ရသူများဒုက္ခမျိုးစုံကြုံတွေ့နေရ

ခိုင်လင်း / ၁၆ ဇွန် ၂၀၁၀
ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်းမှ ကျေးရွာများကို ပြောင်းရွှေ့ခဲ့ရာတွင် ကျေးရွာသားများသည် ပြန်လည်နေရာချထားသည့် နေရာသစ်၌ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရသည်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်များကမေ(၂၈)ရက်မှစ၍ မေခ၊ မလိခ မြစ်နှစ်သွယ်ကြားရှိ မဇွပ်ကျေးရွာနှင့် ဇွန်လ ပထမပတ်အတွင်း၌ ဒေါင်ဗန်၊ ဆွတ်ငိုင်ယန်နှင့် ဆွိုင်ဘာရွာတို့မှ ကျေးရွာသား (၃ဝဝ) ကျော်ကို တန်ဖဲကျေးရွာအောက်ဘက် (၈)မိုင်အကွာ လုံဂါဇွပ် ကျေးရွာအနီးတွင် ပြန်လည်နေရာချထားခဲ့ရာ ကျေးရွာသားများသည် စားဝတ်နေရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရသည်ဟု မဇွပ်ကျေးရွာသားတဦးက ပြောသည်။
၎င်းက “တပိုင်တနိုင် စိုက်ပျိုးလို့လည်းမရဘူး၊ တောင်ယာလုပ်ဖို့လည်း နေရာမရှိဘူး။ ကြက်၊ ဝက် မွေးလို့လည်း မရဘူး။ အိမ်တွေပဲ ဆောက်ထားတာ ခြံဝင်းတွေ မရှိဘူး။ အခုလောလောဆယ် ဆန် ထောက်ပံ့ပေးတယ်။ ဒါပေမယ့် ဘာစီးပွားရေးမှ လုပ်လို့မရတော့ ခက်တယ်။ အခု ကလေးတွေ တော်တော်များများ ဖျားနေကြတယ်။ ဆေးခန်းမရှိဘူး၊ တန်ဖဲက ကျန်းမာရေးဝန်ထမ်းတွေတော့ လာကြည့်ပေးတယ်၊ နေ့တိုင်း မဟုတ်ဘူး။ ကျနော်တို့ ပြောင်းလာတဲ့သူတွေ ခရီးသွားလာလို့ မရဘူး။ ရွာတွေမှာလည်း စစ်သားတွေ ချထားတယ်” ဟု ပြောသည်။
ပြောင်းရွှေ့ရမည့်နေရာသို့ အိမ်မွေးတိရစ္ဆာန်များ ယူဆောင်လာခြင်းမပြုရ ဆိုသည့် အမိန့်ကြောင့် မပြောင်းရွှေ့ခင်က အားလုံးကို ရောင်းသင့်တာရောင်း၊ စားသင့်တာစား လုပ်ခဲ့ရပြီး အဝတ်အထည်၊ အိုးခွက်ပန်းကန်၊ အိပ်ရာ အသုံးအဆောင်များသာ ယူလာခဲ့ရကြောင်း၊ ရောက်ရှိသည့်နေရာသစ်တွင် သစ်၊ ဝါးခုတ်၍ မရသဖြင့် လိုအပ်သည့် အသုံးအဆောင်များ ပြုလုပ်ရန် အခက်ခဲများရှိနေသည်ဟု လုံဂါဇွပ်ကျေးရွာသားတဦးက ပြောသည်။
၎င်းက “သစ်တို့၊ ဝါးတို့က ခုတ်လို့မရဘူး။ နှီးဖြာတာ၊ ပလိုင်းလုပ်တာကအစ ခက်တယ်။ မြေတွေကလည်း အခုမှ ဘူဒိုဇာနဲ့ ထိုးညှိထားတာဆိုတော့ မိုးရွာတော့ ရွှံ့ဗွက်တွေ ထတယ်၊ ရေလည်း ရှားတယ်၊ ကလေးတွေလည်း မပျော်ကြဘူး။ လူကြီးတွေလည်း မျက်ရည်နဲ့ မျက်ခွက်နဲ့။ မြင်ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး” ဟု ပြောသည်။
မေခနှင့် မလိခမြစ်ဆုံရာ ဧရာဝတီမြစ်ဆုံဒေသနှင့် မေခမြစ်၊ မလိခမြစ်တို့တွင် ရေကာတာများ တည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူမည့် စီမံကိန်းကို နအဖ၊ တရုတ်နိုင်ငံမှကုမ္ပဏီများနှင့် အေးရှားဝေါလ်တို့က ပူးပေါင်းဆောင်ရွက်နေကြပြီး အဆိုပါ စီမံကိန်းကြောင့် ကျေးရွာ (၆ဝ) ကျော်၊ လူဦးရေ (၁၅,ဝဝဝ) ခန့် နေရာပြောင်းရွှေ့ရမည် ဖြစ်သည်ဟု ကချင်ပြည် လူမှုဖွံ့ဖြိုးရေးကွန်ရက်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အပါအဝင် ကချင်အန်ဂျီအိုအဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ ဒေသခံလူထုများနှင့် ပြည်ပရောက် ကချင်လူမျိုးများက ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဘူးသီးတောင်နှင့်မောင်းတောရေကြီး၊လူ၂၈ဦးခန့်သေဆုံး

ဘစောတင် Wednesday,June16,2010
.ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်နှင့်မောင်းတောမြို့နယ်များ၌ယခုရက်ပိုင်းအတွင်းမိုးသည်းထန်စွာ ရွာသွန်းပြီးတောင်များပြိုကျကာရေကြီးရေလျှံဖြစ်သောကြောင့်လူ၂၈ဦးခန့်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဘူးသီးတောင်တွင်ရေကြီးနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ထိုသို့ မိုးရွာသွန်းမှုကြောင့်မြို့ တွင်းရှိရပ်ကွက်များ၊ကျေးရွာများရေမြုပ်ကာလူနေအိမ်များ၊လမ်းများပျက်စီးပြီး သစ်ပင်များလည်းကျိုးကျပြိုလဲလျှက်ရှိကြောင်း၊ယခုသေဆုံးသူများမှာဘူးသီးတောင်မြို့နယ်တခုတည်းက ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။
ရခိုင်ဒေသအခြေစိုက်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရုံးတာဝန်ရှိသူတဦးက“မိုးတွေဆက်တိုက်ရွာပြီး ရေတွေကြီးတယ်၊တောင်တွေလည်းပြိုတယ်၊ဘူးသီးတောင်မြို့ နယ်မှာပဲလူ၂၈ယောက်သေတယ်လို့ စာရင်းရထားတယ်၊လောလောဆယ်ကယ်ဆယ်ရေးစခန်းတွေမှာလူ၃၀၀၀လောက်ရှိနေတယ်၊ ရေကြီးလွန်းလို့တံတားတွေမျောပါတယ်၊အိမ်တွေပျက်စီးကုန်တယ်၊ကျမတို့ဌာနကဆန်အိတ်တွေ တော်တော် ရေထဲကိုမျောပါသွားတယ်”ဟု ဧရာဝတီသို့ပြောသည်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်ကလည်း“မုတ်သုန်ရာသီအစဖြစ်တဲ့အတွက်မြန်မာနိုင်ငံရှိချင်း၊ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့မှာယခုလောလောဆယ်မိုးများရွာသွန်းနေခြင်း ဖြစ် တယ်”ဟု ပြောသည်
ဇွန်လ၁၄ရက်နေ့ မှစတင်ကာမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းပြီး၁၅ရက်နေ့ နံနက်၂နာရီခန့် မှစတင်ကာ ရေကြီးရေလျှံဖြစ်လာခြင်းဖြစ်ကြောင်း၊ဘူးသီးတောင်မြို့နယ်အတွင်းရှိရပ်ကွက်၇ရပ်ကွက်စလုံး ရေနစ်မြုပ်ခဲ့ရကြောင်း၊မြေနိမ့်ပိုင်းများမှာအဆိုးဆုံးဖြစ်ကြောင်းဘူးသီးတောင်မြို့ဈေးအနီးတွင် နေထိုင်သူတဦးကပြောပြသည်။
“တမြို့လုံးပဲ ရေမြုပ်တယ်၊ ဈေးပိုင်းကတော့ အဆိုးဆုံးပဲ၊ နိမ့်တော့လေ၊ လူအသေအပျောက် များမှာတော့ သေချာတယ်၊ လူတွေ ပြောနေကြတာတော့ ရာနဲ့ ချီသေတယ်လို့ ပေါ့၊ အတိအကျတော့ မပြောတတ်ဘူး၊ တော်တော်သေတာတော့ သေချာတယ်” ဟု ဒေသခံ ရေဘေးဒုက္ခသည်တဦးကလည်း ဆိုသည်။
ယခုအခါ ဘူးသီးတောင်မှ ရေဘေးဒုက္ခသည်များကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းများက ဦးဆောင်ကာ အကူအညီ ပေးလျက်ရှိပြီး မောင်းတောတွင် ခယက မှ ဦးဆောင်ကာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြာင်းသိရသည်။
ယင်းသို့ ရေကြီး ရေလျှံဖြစ်သဖြင့် ဘူးသီးတောင်သို့ လာသော လှေသင်္ဘောများလည်း ရပ်ဆိုင်းထားရပြီး ဘူးသီးတောင်နှင့် မောင်တောကြားရှိ တောင်ကိုဖြတ်ဖောက်လုပ်ထားသည့် လိုဏ်ခေါင်းကြီးမှာလည်း မြေပြိုသဖြင့် လမ်းပန်းဆက်သွယ်ရေး ရပ်ဆိုင်း နေကြောင်း ဒေသခံ တာဝန်ရှိသူများက ဆိုသည်။
နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး(နစက)မှ ၀န်ထမ်းတဦးက“ဘူးသီးတောင်မှာက တောင်ကုန်း တခုလောက်ပဲ ပေါ်တာပေါ့ နော်၊ ရပ်ကွက်တွေ အကုန်ပဲ ရေနစ်တာ၊ ကုန်သွယ် လယ်ယာက ဆန်အိတ် သုံးသောင်းကျော် လောက်ပါသွားတယ်၊ ဒီနေ့ မနက် မိုးရေချိန် ၁၃.၄၇လက်မ ရှိတယ်လို့ သိရတယ်၊ မိုးကလည်း အဆက်မပြတ်ရွာတယ်၊ ရေလည်း ရေတက်ရက်လေ၊ ရေတက်ရက် ဆိုတော့ အောက်ရေတောင့်ခံထားလို့ အပေါ်ရေကျလာတာကို မထိန်းနိုင်ဘူး အပေါ်မှာ လျှံထွက်သွားတယ်”ဟု ပြောပြသည်။
မောင်းတောမြို့ နယ်မြို့ မှ ရပ်ကွက် ၄၊ ဗိုလ်မှူးရွာနှင့် မောင်နီရွာများမှ လူများကို ရေဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးထားကြောင်း မောင်းတောမြို့မှ ဆရာမ တဦးကလည်း ပြောသည်။
“လောလောဆယ် ကျမတို့ဆီမှာ ဒုက္ခသည်တွေကို အထက်တန်းကျောင်းထဲမှာ နေရာချပေးထားတယ်၊ ကြက်ခြေနီ၊ စည်ပင်၊ ခယက တို့က အရေးပေါ် အထောက်အပံ့တွေ ပေးနေကြတယ်”ဟု ၎င်းက ဆိုသည်။
ဘူးသီးတောင်ဆိပ်ကမ်းတွင် လူသေ အလောင်း ၁၀ လောင်း ဆယ်ယူရရှိခဲ့ကြောင်းလည်း သိရသည်။
တောင်ကုတ်မြို့နယ်ဘက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း၊ အတည်မပြုနိုင်သော သတင်းများအရ လွန်ခဲ့သော ၃ ရက်ခန့်က တောင်ကုတ်နှင့် သံတွဲကြား ရွှေလှေရွာရှိ သူဌေးချောင်း ရေကာတာ ပေါက်ကျမှုကြောင့် ဘူးသီးတောင်မြို့ နယ်နှင့် မောင်းတောမြို့ နယ်အတွင်း ရေကြီးရခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ အရှေ့တောင်ပိုင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုမှုကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း AFP သတင်း တရပ်တွင် ရေးသားထားသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်ဒတ်ခ်ျအမျိုးသမီး၃၆ဦးနှင်ထုတ်ခံရ

စိုင်းဇွမ်ဆိုင်း Wednesday,June16,2010 .
နယ်သာလန်နှင့်ဒိန်းမတ်အသင်းတို့ပြီးခဲ့သည့်တနင်္လာနေ့ကယှဉ်ပြိုင်ကစားခဲ့သောကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင်လိမ္မော်ရောင်အဝတ်အစားများကိုဖက်ရှင်ကျကျဝတ်ဆင်ထားသည့်ဒတ်ခ်ျအမျိုးသမီး၃၆ဦး ပြိုင်ပွဲကွင်းအတွင်းမှနှင်ထုတ်ခံရကြောင်းသိရသည်။
တရားမ၀င်ဘီယာအရောင်းမြှင့်တင်ရေးပြုလုပ်ခဲ့သည်ဟုစွပ်စွဲခံရသည့်ဒတ်ခ်ျအမျိုးသမီးများ(ဓာတ်ပုံ-Getty Images)
နယ်သာလန်အသင်းကိုအားပေးရန်လာရောက်ကြသည့်အမျိုးသမီးများကို“တရားမဝင်ဘီယာအရောင်း မြှင့်တင်ရေးလုပ်ဆောင်သည်”ဟုဆိုကာပထမပိုင်းပြီးချိန်တွင်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က နှင်ထုတ်ခြင်းဖြစ်သည်ဟုယနေ့ထုတ်ဆန်ဖရန်စစ္စကိုအခြေစိုက်Bleacherသတင်းတွင်ဖော်ပြထားသည်။
ယင်းအမျိုးသမီးများထဲမှတစ်ဦးဖြစ်သည့်ဘာဘရာကတ်စ်စတိန်းက“ကျမတို့ကိုBavariaဘီယာကုမ္ပဏီ အတွက်တရားမဝင်အရောင်းမြှင့်တင်ရေးလုပ်တယ်၊ဒါဟာတောင်အာဖရိကဥပဒေနဲ့ငြိစွန်းနေတဲ့အတွက် ထောင်ခြောက်လကျသွားနိုင်တယ်လို့ ရဲကပြောတယ်”ဟုဆိုသည်။
ဘောလုံးပွဲပထမပိုင်းပြီးချိန်တွင်အာဏာပိုင်တို့ကကွင်းအတွင်းမှခေါ်ဆောင်ပြီးသုံးနာရီခန့်ကြာသည်အထိ မေးမြန်းခဲ့ကြောင်း၊၎င်းတို့အနေဖြင့်နယ်သာလန်အသင်းကိုယ်စားပြုသည့်လိမ္မော်ရောင်ဝတ်စုံကိုဝတ်ဆင်ခြင်းဖြစ်ပြီးအစိုးရရုံးပိတ်ရက်များနှင့်ကမ္ဘာ့ဖလားဘောလုံးပွဲများတွင်လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်လေ့ရှိကြောင်း၎င်းကဆက်လက်ပြောဆိုသည်။
FIFA၏မှတ်တမ်းများတွင်မူ၎င်းတို့၃၆ဦးကိုBavariaဘီယာကုမ္ပဏီကိုယ်စားပြုသည့်လိမ္မော်ရောင်ဝတ်စုံကိုဝတ်ဆင်ပြီးအရောင်းမြှင့်တင်ရေးပြုလုပ်ခဲ့သည်ဟုဖော်ပြထားသည်။
Bavariaဘီယာကုမ္ပဏီကိုယ်စားလှယ်ဖြစ်သူမစ္စတာဆွင်ကယ်လ်က“ဒတ်ခ်ျအမျိုးသမီးတွေရဲ့လိမ္မော်ရောင် ဝတ်စုံပေါ်မှာကုမ္ပဏီတံဆိပ်မပါဘူး၊လိမ္မော်ရောင်ဟာကုမ္ပဏီရဲ့အမှတ်အသားဖြစ်တယ်၊ဒါပေမယ့်FIFAက ပရိသတ် ဝတ် ဆင်တဲ့ အရောင်တွေကို ခြယ်လှယ်လို့ မရပါဘူး”ဟု ပြောဆိုသည်။
မည်သည့်အမျိုးသမီးကိုမှစစ်ဆေးမေးမြန်းထိန်းသိမ်းထားခြင်းမရှိကြောင်း၊သို့သော်“တရားမဝင်အရောင်း မြှင့်တင်ရေး”ဟုတ်မဟုတ်ကိုမူသေချာစွာမေးမြန်းခဲ့ရကြောင်းFIFA၏ပြောရေးဆိုခွင့်ရှိသူမစ္စတာ နစ်ကိုးလတ်စ် မိန်းဂေါ့ထ် က ပြောသည်။
၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကုန်ပစ္စည်းကြော်ငြာလိုသောကုမ္ပဏီများသည်FIFAမှ ခွင့်ပြုချက်ရယူပြီးမှသာ ကြော်ငြာ ခွင့် ရှိကြောင်း သိရသည်။

တရုတ်ဂျက်လေယာဉ်အစီး၅၀ ဝယ်ယူ

ဧရာဝတီ Wednesday,June16,2010
.စစ်အစိုးရကလေတပ်မတော်ကိုအင်အားဖြည့်တင်းရန်K-8လေ့ကျင့်ရေးဂျက်လေယာဉ်အစီး၅၀ကို တရုတ်နိုင်ငံမှ ဝယ်ယူလိုက်ကြောင်းမိတ္ထီလာလေတပ်စခန်းနှင့်နီးစပ်သည့်သတင်းရပ်ကွက်မှသိရသည်။
                သီရိလင်္ကာလေတပ်မှK-18လေ့ကျင့်ရေးဂျက်လေယာဉ်များ(Source:www.armybase.us)
“လေယာဉ်အစိတ်အပိုင်းတွေကိုတရုတ်ကနေကုန်တင်သင်္ဘောနဲ့သယ်ပြီးမိတ္ထီလာလေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးမှာတပ်ဆင်နေပြီ”ဟုစစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူတဦးကဆိုသည်။
ယမန်နှစ်နိုဝင်ဘာလတွင်လေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းတရုတ်နိုင်ငံသို့အလည်အပတ် သွားရောက်ပြီးနောက်ယင်းသို့ဂျက်လေယာဉ်ဝယ်ယူမှုပေါ်ထွက်လာခြင်းဖြစ်သည်။အဆိုပါခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းသည်မြန်မာကဝယ်ယူထားပြီးသောတရုတ်နိုင်ငံလုပ်စစ်လေယာဉ်များ အဆင့်မြှင့်ရေးကိုဆွေးနွေးညှိနှိုင်းခဲ့ကြောင်းလည်းသိရသည်။
“K-8လေ့ကျင့်ရေးဂျက်လေယာဉ်တွေကိုဝယ်ရတဲ့အကြောင်းရင်း၂ချက်ကတော့လေ့ကျင့်သင်တန်းပေးဖို့နဲ့ စစ်ဆင်ရေးမှာ အသုံးပြုဖို့ပါပဲ”ဟုအဆိုပါနီးစပ်သူကဆက်လက်ပြောပြသည်။
တရုတ်နှင့်ပါကစ္စတန်တို့ပူးပေါင်းတီထွင်သောK-8လေ့ကျင့်ရေးဂျက်လေယာဉ်ကိုK-8ကာရာကိုရွန် သို့မဟုတ်ဟွန်ဒူJL-8ဟုလည်းခေါ်ကြသည်။K-8ဂျက်လေယာဉ်တွင်တိုက်ချင်းပစ်ဒုံးကျည်နှင့် အခြားဒုံးကျည်များလည်း တပ်ဆင်နိုင်သည်။
၁၉၉၈နှင့်၁၉၉၉တွင်လည်းစစ်အစိုးရသည်တရုတ်မှK-8လေ့ကျင့်ရေးဂျက်လေယာဉ်၁၂စီးဝယ်ယူခဲ့ပြီး ယခုအခါ တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင် ထားရှိသည်။
စစ်အစိုးရသည် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် အစီး၂၀ ကို ရုရှားမှ ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သေးသည်။
“MiG-29ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းတွေကိုဇူလိုင်နဲ့စက်တင်ဘာလတို့မှာကုန်တင်သင်္ဘောနဲ့ရော လေယာဉ်နဲ့ပါ သယ်ယူမှာဖြစ်ပါတယ်”ဟုလေတပ်မှအဆင့်မြင့်အရာရှိတဦးနှင့်နီးစပ်သူကပြောသည်။ထို MiG-29 အစီး၂၀ကိုလည်းမိတ္ထီလာလေတပ်စခန်းတွင်ပင်တပ်ဆင်မည်ဟုသိရသည်။
မင်္ဂလာဒုံရှိလေယာဉ်အဓိကထိန်းသိမ်းရေးစခန်းကြီးဖြစ်သောလေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်ကိုလည်းမိတ္ထီလာမြို့နယ်၊ရှမ်းတဲရှိလေကြောင်းအတတ်သင်ဌာနချုပ်အနီးညောင်ကုန်းသို့ ဇန်နဝါရီလအတွင်းကရွှေ့ပြောင်းနေရာချထားခဲ့သည်။
စစ်အစိုးရသည် စစ်ဆင်ရေး စွမ်းရည် တိုးမြှင့်ရန်အတွက် ပုသိမ်နှင့် ဟုမ္မလင်းရှိ လေတပ်စခန်း ဌာနချုပ်များ အပါအဝင် လေတပ် ဌာနချုပ်များ၌ လေတပ်သုံး စစ်လက်နက်နှင့် လေယာဉ်များကို တိုးချဲ့လျက်ရှိကြောင်း ရန်ကုန်ရှိ စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။
ပြီးခဲ့သည့်မေလနောက်ဆုံးပတ်အတွင်းကျင်းပသောစစ်အစိုးရ၏အထူးစီမံကိန်းများအကောင်အထည် ဖော်ရေးအဖွဲ့ညှိနှိုင်းအစည်းအဝေး(လေးလပတ်အစည်းအဝေး)တွင်ငွေစာရင်းခေါင်းစဉ်ဖော်ပြထားခြင်း မရှိသောစစ်ရေးဘတ်ဂျက်အများအပြားချပေးလိုက်ကြောင်းစစ်တပ်အသိုင်းအဝိုင်းကပြောသည်။
၁၉၈၈မှစ၍စစ်အစိုးရသည်တရုတ်၊ရုရှား၊ယူဂိုဆလားဗီးယားနှင့်ပိုလန်တို့မှလေ့ကျင့်ရေးနှင့်တိုက်လေယာဉ် အစီး ၂၈၀ ဝယ်ယူခဲ့ပြီးဖြစ်သည်။
ပုသိမ်၊မင်္ဂလာဒုံ၊မြစ်ကြီးနား၊မြိတ်၊နမ့်စန်၊တောင်ငူ၊မိတ္ထီလာ(ရှမ်းတဲ)၊မိတ္ထီလာ(မြေပြင်အတတ်သင်)၊ မကွေးနှင့် ဟုမ္မလင်းတို့တွင် အခြေစိုက်ထားသော လေတပ်စခန်း ဌာနချုပ် စုစုပေါင်း ၁၀ခုရှိသည်။

ရေကူးဝတ်စုံကြော်ငြာရိုက်သည့်မြန်မာမော်ဒယ်လ်ကိုဝေဖန်သူများပြား

နရီလင်းလက် Wednesday,June16,2010
လန်ဒန်တွင် ကျောင်းတက်ကာ ဓာတ်ပုံ မော်ဒယ်လ် ဖြစ်ရန် ကြိုးစားနေသည့် ဟန်နီဦး ခေါ် Hazel Moe ကို ရေကူးဝတ်စုံ ကြော်ငြာ ရိုက်ကူးခြင်းနှင့် ပတ်သက်၍ မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီခြင်း မရှိကြောင်း ဝေဖန်မှုများ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။
                  ဟန်နီဦးကိုလူသိများသွားစေသည်ဟုဆိုသောကြော်ငြာ(ဓာတ်ပုံ-purestorm.com)
ဟန်နီဦးသည် ၁၆ နှစ်သမီးအရွယ်က လန်ဒန်သို့ ရောက်ရှိခဲ့ပြီး မြန်မာပြည်တွင် နေထိုင်စဉ်ကတည်းက ကလေး မော်ဒယ်လ် အဖြစ် သရုပ်ဆောင်ခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံးများ အတွက် ဓာတ်ပုံ မော်ဒယ်လ် လုပ်ခြင်းများ ရှိခဲ့ပြီး လန်ဒန်တွင် ကျောင်းတက်ရင်း အေဂျင်စီများဖြင့် ချိတ်ဆက်၍ မော်ဒယ်လ် ဖြစ်ခွင့်ရရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။
ရေကူးဝတ်စုံ၎စုံနှင့်ရိုက်ကူးထားသောဟန်နီဦး၏ဓာတ်ပုံများနှင့်၎င်း၏အလှဓာတ်ပုံများကိုမော်ဒယ်လ်ဝက်ဘ်ဆိုက် http://www.purestorm.com/profile.aspx?id=hazelmoe တွင် ကြည့်ရှုနိုင်သည်။
“မြန်မာမျက်စိနဲ့ ကြည့်ရင်တော့ မကောင်းဘူး အပြောခံရမှာ ဖြစ်သလို မကောင်းတဲ့ အမြင်တမျိုး မြင်သွားစေနိုင်ပါတယ်။ ဒီရေကူးဝတ်စုံ ဝတ်တာနဲ့ ပတ်သက်ပြီး ညီမကို မေလ်းတွေကနေ ဝေဖန်တာတွေ အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ ကတော့ အနုပညာတခုဖန်တီးတယ်၊ အလုပ်တခုလုပ်တယ်လို့ သဘောထားပြီး မြင်စေချင်ပါတယ်” ဟု ဟန်နီဦးက ဧရာဝတီကို ပြောသည်။
ဆက်လက်၍သူက“ပြည်တွင်းမှာဒီမော်ဒယ်လ်တယောက်တည်းကပဲမင်းသမီးလည်းလုပ်တယ်၊ ကြော်ငြာလည်းရိုက်တယ်။ပြည်ပမှာကျတော့လိုင်းတခုတည်းနဲ့ရပ်တည်လို့ရအောင်ငွေကြေးရရှိမှုမှာ ကွာခြားတယ်” ဟု မော်လ်ဒယ်လ် များ၏ မြန်မာပြည်တွင်းနှင့် ပြည်ပ အခြေအနေကို နှိုင်းယှဉ်ပြသည်။
မြန်မာပြည်တွင်မော်ဒယ်အေဂျင်စီနှင့်သင်တန်းဖွင့်လှစ်ထားသူတဦးကလည်းမြန်မာပြည်မှ မော်ဒယ်လ်များအနေနှင့်တခြားအာရှနိုင်ငံများအထိဈေးကွက်မချဲ့ထွင်နိုင်ရခြင်းမှာမြန်မာမော်ဒယ်လ် များ၏ ညံ့ဖျင်းမှုကြောင့်မဟုတ်ဘဲအခွင့်အရေးရရှိနိုင်ရန်ခက်ခဲနေခြင်းကြောင့်ဖြစ်သည်ဟုသုံးသပ်သည်။
“မော်ဒယ်တွေရဲ့ အနုပညာ ဖန်တီးမှုတွေ ပိုပြီးပြသနိုင်တဲ့၊ လွတ်လပ်စွာဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ပြည်တွင်းမှာ အပိတ်ခံထား ရတာကြောင့်လည်း တခြားနိုင်ငံတွေအထိ ဈေးကွက် မချဲ့ထွင်နိုင်တာပါ” ဟု ၎င်းက ပြောသည်။
ယဉ်ကျေးမှုနှင့်အနုပညာကိုကွဲပြားခြားနားစွာကြည့်မြင်လက်ခံပေးနိုင်မှုမရှိသေးသည့် အားနည်းချက်များကြောင့်နိုင်ငံတကာအဆင့်သို့မြန်မာမော်ဒယ်လ်များယခုအချိန်အထိ မရောက်လာနိုင်သေးကြောင်း သူက ဆိုသည်။
“အ၀တ်အစားကြော်ငြာရင်အင်္ကျီဒီဇိုင်းပေါ်ဖို့အတွက်နည်းနည်းဟိုက်သွားတာရှိရင်ရှိမယ်၊တိုသွားတာရှိရင် ရှိမယ်။ဒါတွေကိုသတိထားပြီးမပေါ်အောင်လုပ်နေရင်သဘာဝကျတဲ့ဓာတ်ပုံတပုံ၊ကြော်ငြာတခုထွက်လာမှာ မဟုတ်ဘူး။ဒီလိုတွေရိုက်တယ်ဆိုတာကလည်းအားလုံးကအလုပ်တခုလုပ်နေတယ်လို့သဘောထားတာ။ ခက်တာကလည်း မြန်မာပြည်မှာဆင်ဆာပြဿနာရယ်၊ယဉ်ကျေးမှုဆိုတာကို လွဲမှားစွာခံယူနေတာရယ်ပါပဲ” ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ဆိုသည်။
မြန်မာပြည် ကြော်ငြာဈေးကွက်တွင် မော်ဒယ်လ်များဖြင့် ကုန်ပစ္စည်းကြော်ငြာသည့် ရေစီးကြောင်း ပြောင်းလဲလာပြီးနောက် မော်ဒယ်လ်များ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာခဲ့သည်။
မော်ဒယ်လ်များသည် ကုန်ပစ္စည်းအလိုက်၊ နေရာဒေသအလိုက် သရုပ်ဆောင်ရခြင်းများ ရှိသည်ကို မြန်မာလှုမှုဝန်းကျင်တွင် လက်ခံမှုနည်းပါး နေသေးသည်ဟု မော်ဒယ် ချမ်းချမ်းက ပြောပြသည်။
                          ရေကူးဝတ်စုံကြော်ငြာရိုက်သည့်ဟန်နီဦး(ဓာတ်ပုံ-purestorm.com)
“ရှိုးပွဲတခုလျှောက်တယ်ဆိုဒီဇိုင်နာဆင်ပေးတဲ့စတိုင်ကမြန်မာမျက်စိအမြင်နဲ့မယဉ်ပါးဘူး။ဒီတော့လူတွေက သိပ် လက်မခံချင်ဘူး။မော်ဒယ်လ်နဲ့မင်းသမီးဝတ်တာတူမှမတူတာ။ဝတ်စားဆင်ယင်မှုအရယဉ်ကျေးမှု ဆိုတာကို နည်းနည်းလေး လျှော့ပေး သင့်ပါတယ်” ဟု သူက ဆက်ပြောသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနမှအမျိုးသမီးအငြိမ်းစားပါမောက္ခတဦးကနိုင်ငံတိုင်းတွင်ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းရန်လိုအပ်သော်လည်းပြောင်းလဲလာသည့်ခေတ်အခြေအနေအလိုက်လက်ခံရမည့်အရာကို လက်ခံရမည်ဖြစ်ကြောင်း၊၀တ်စားဆင်ယင်မှု၊နေထိုင်သွားလာမှုမပြောင်းလဲခြင်းကယဉ်ကျေးမှုကို ထိန်းသိမ်းသော မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်း သုံးသပ်ပြောဆိုသည်။
“ဖက်ရှင်မော်ဒယ်လ်၊ဓာတ်ပုံမော်ဒယ်လ်တွေကမြန်မာ့အသိုင်းအ၀န်းမှာလက်ခံမှုနည်းနေသေးပေမယ့် မြန်မာအမျိုးသမီးတယောက်အနေနဲ့Playboyမော်ဒယ်လ်သဘောမျိုး၊Nudeမော်ဒယ်လ် သဘောမျိုးမဟုတ်ဘူးဆိုရင်သူဝါသနာပါတဲ့အနုပညာတခုလုပ်တယ်လို့လက်ခံနိုင်ပါတယ်”ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

ဟန်နီဦး (ခေါ်) Hazel Moe ၏ ဓာတ်ပုံဝက်ဆိုက်လင့်လိပ်စာများ

ကိုယ်ပိုင်သံစဉ်များဖြင့်လူငယ်တီးဝိုင်းများနယ်လှည့်ဖျော်ဖြေမည်

သျှင်ဒီစံ Wednesday,June16,2010
.ကိုယ်ပိုင်သံစဉ် တေးသီချင်းမျာကို အဓိကထားမည့် လူငယ် တေးဂီတ၀ိုင်းများ နယ်လှည့် ဖျော်ဖြေရေး အဖွဲ့ကို Skull in Ribcage (SIR) အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့ကို မေလက စတင်ဖွဲ့စည်းခဲ့ပြီး လူငယ်ပရိသတ်များအကြိုက် ဖြစ်သော Big Bag၊ wanted၊ idiots၊ Reasons စသည့် စသည့် အဖွဲ့များဖြင့် လူငယ် punk ဂီတသမား ကျားပေါက်က ဦးဆောင်၍ တေးရေး စောခူဆဲ၊ အဆိုတော် ခင်မြတ်မွန်၏သား ရေမွန် (တွတ်ပီ) တို့က ၀ိုင်းဝန်း စီစဉ်ကြကြောင်း သိရသည်။
                     SIRအဖွဲ့၏ဇွန်လ၁၂ရက်နေ့မျှော်စင်ကျွန်းဖျော်ဖြေပွဲမြင်ကွင်း(ဓာတ်ပုံ-ဧရာဝတီ)
“ကျနော်တို့ ကိုယ်ပိုင် သံစဉ်တွေပဲ အများဆုံး ဖန်တီး ဖျော်ဖြေ ကြမှာပါ။ အခုတော့ ကော်ပီသီချင်း တပုဒ်ရဲ့ တန်ဖိုးကို ကောင်းကောင်း သိလာပါပြီ” ဟု တွတ်ပီက လူငယ်အဖွဲ့များ ကိုယ်စား ပြောသည်။
SIRဂီတပွဲတော်ကိုဇွန်၁၂ရက်နေ့ညနေကပထမဆုံးအကြိမ်အဖြစ်မျှော်စင်ကျွန်းတွင်ကျင်းပခဲ့ရာရာပေါင်း များစွာသောလူငယ်ပရိသတ်များအားပေးခဲ့ကြောင်း တွေ့ရသည်။
Big Bag အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ကျားပေါက်က ယခုကဲ့သို့ ပူးပေါင်း ဖျော်ဖြေပွဲ ပြုလုပ်ရခြင်းမှာ ပရိသတ်ကို ပုံစံ တမျိုးတည်းနှင့် ချပြနေရသည့် အပေါ် အားမရသောကြောင့် ပုံစံအသစ် တခု ပြောင်းလဲ လုပ်ဆောင် ကြည့်ခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ကိုယ်နဲ့ စိတ်ချင်းတူတဲ့ သူတွေ၊ အတူတွဲပြီး အလုပ်လုပ်ဖူးတဲ့ လူငယ်တွေကို အဓိက ထားပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်တာပါ။ အဓိက အစီအစဉ်ကတော့ မြန်မာပြည်မှာ ရှိတဲ့ မြို့ကြီးတွေဆီ သွားပြီး အဖွဲ့လိုက် ဖျော်ဖြေချင်တာပါ။ အရင်တုန်းက ရော့ခ်သီချင်းကို ဆိုတဲ့ အဆိုတော်တွေ အများကြီး၊ ၀ိုင်းက သိပ်မရှိဘူး။ အခုတော့ ဆိုတဲ့ လူလည်း များလာတယ်။ လူငယ်ဝိုင်းလည်း များလာတဲ့ အတွက် ပိုပြီး အားရှိလာတယ်” ဟု ပြောသည်။
၁၂ ရက်နေ့ ဖျော်ဖြေပွဲတွင် ၎င်းတို့အဖွဲ့များ ဖန်တီးခဲ့သည့် Rockဂီတ အမျိုး အစားများစွာကို ပရိသတ်အား ချပြရန်ရည်ရွယ် သည်ဟု အဖွဲ့ဝင်များက ဆိုသည်။
ထိုနေ့ပွဲတွင် SIR ပင်တိုင် အဆို၊ အတီးသမားများ အပြင် အဆိုတော် အဲလက်စ်နှင့် Side Effects အဖွဲ့ Ice Cream အဖွဲ့တို့ပါ ပူးပေါင်း ဖျော်ဖြေ တင်ဆက်ခဲ့ရာ ပွဲမစခင်ကပင် ပရိသတ်များ ကွင်းပြည့်လျှံ သည်အထိ စောင့်မျှော် နေသည်ကို မြင်တွေ့ရသည်။
ပွဲစတင်ချိန်တွင် Side Effects အဖွဲ့၏ တီးခတ်သံများနှင့် စတင်ဖွင့် လှစ်ခဲ့ပြီး Rock & Roll, Emo, Punk, စသည့် ဂီတ အမျိုးအစားများနှင့် လိုက်ဖက် ညီသော ဖက်ရှင်များကို ဝတ်ဆင် ထားသည့် ၎င်းအဖွဲ့က ပြင်းထန်သည့် ရော့ခ် သံစဉ်များနှင့် တင်ဆက်သည်။ ၎င်း နောက်တွင် မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး အဖွဲ့ဖြစ်သည့် Ice Cream အဖွဲ့၏ Punk တေးဂီတဖြင့် တင်ဆက်မှုကို နားဆင်ရသည်။
ထို့နောက် SIRအဖွဲ့ဝင် Idiotsအဖွဲ့၏တီးခတ်မှုနှင့်အတူတေးသံရှင်ရေမွန်(တွတ်ပီ)က ရောခ့်သီချင်းများကို သီဆိုရာ လူငယ် ပရိသတ်၏ အားပေးသံများ ပွဲတခင်းလုံး ဖုံးလွှမ်းသွားကြောင်း တွေ့ရသည်။
၎င်းနောက်Reasonအဖွဲ့၏တီးခတ်မှုနှင့်အတူတေးသံရှင်အောင်လက၎င်း၏အောင်မြင်နေဆဲ တေးသီချင်းများဖြစ်သောအချိန်လွန်ငှက်၊ဘာလာလာစသည့်သီချင်းများအပါအ၀င်အပြင်းစား ရော့ခ်သီချင်းများကို သီဆိုခဲ့သည်။
ထိုထို့နောက်Wantedအဖွဲ့နှင့်အတူတေးသံရှင်ဖော်ကာကလည်းငါ့ဂီတငါ့ဗီဇသီချင်းအပါအဝင်ရော့ခ်သီချင်း ၇ ပုဒ်ကိုတင်ဆက်ခဲ့သည်။ထို့နောက်ပရိသတ်များမျှော်လင့်နေသည့်BigBagအဖွဲ့၏ ဖြေဖျော်မှု စတင်သည်။
BigBagအဖွဲ့ခေါင်းဆောင်ဖြစ်သောကျားပေါက်၏Punkသီချင်းများကိုသီဆိုတီးခတ်ချိန်တွင်Punkဂီတကို နှစ်ချိုက်သည့်လူငယ်ပရိသတ်များကအတိုင်းမသိအားပေးခဲ့သည်။BigBagအဖွဲ့နှင့်အတူ ကျားပေါက်၏ ညီမ ဂူဂူးကလည်းPunkဂီတသံစဉ်များကိုတီးခတ်ပြခဲ့ရာလူငယ်ပရိသတ်များ နှစ်သက်ကြကြောင်း တွေ့ရသည်။
ကျားပေါက်ကသူ၏အောင်မြင်သည့်တေးသီချင်း၁၀ပုဒ်ကိုမနားတမ်းဆက်တိုက်သီဆိုရာ ပရိသတ်များကလည်း စင်မြင့် အောက်မှ လိုက်လံ သီဆိုကြသည်။
နောက်ဆုံးအစီအစဉ်အနေနှင့်တေးသံရှင်အဲလက်စ်က၎င်း၏ကိုယ်ပိုင်HeroBand နှင့်အတူနှင့်အတနာမည်ကြီးခဲ့သည့်ရုပ်ရှင်သရုပ်ဆောင်ဦးကျော်ဟိန်း၏သီချင်းများကိုသီဆိုတင်ဆက်ကာ SIR အဖွဲ့၏ ပထမဆုံး ပွဲဦးထွက် ဖြေဖျော်မှုကို ည ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ဆုံးသတ်ခဲ့သည်။
“ကျနော်တို့ဒီပွဲကြီးကိုစီစဉ်တယ်ဆိုကတည်းကအောင်မြင်မယ်လို့ထင်ပြီးသားပါ။အခုလိုလူငယ် ပရိသတ်တွေ ယုံယုံကြည်ကြည်နဲ့လာရောက်အားပေးတဲ့အတွက်တကယ့်ကိုအောင်မြင်တဲ့ပွဲတခုဖြစ်တယ်လို့ ကျနော်ပြောရဲပါတယ်”ဟုSIR၏ စီစဉ်သူကျားပေါက်ကဆိုသည်။
လာမည့်ပွင့်လင်းရာသီတွင်SIRအဖွဲ့များအနေဖြင့်နယ်မြို့များသို့သွားရောက်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

dinsdag 15 juni 2010

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအရေးယူပေးရန်(၆၅)ဖွဲ့ကတောင်းဆို

မြတ်ခိုင်ဦး/၁၅ဇွန်၂၀၁၀
မလေးရှားနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေး၊ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်း (၆၅) ဖွဲ့တို့က ပူးပေါင်း၍ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် တောင်းဆိုလိုက်သည်။
အဆိုပါ အဖွဲ့အစည်းများ ပူးပေါင်း၍ Klang,Selangorတွင်ရှိသောMaxterGloveManufacturingCo.Ltd က အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို အရေးယူပေးရန် မလေးရှားအစိုးရအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။
မလေးရှားရှိ SupermaxCorporationကုမ္ပဏီကြီး၏ လက်အောက်ခံတခုဖြစ်သည့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ်များထုတ်လုပ်သည့်MaxterGloveManufacturingကုမ္ပဏီက၎င်းတို့စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားများအပေါ်ငွေကြေးအရခေါင်းပုံဖြတ်မှုများရှိနေသည့်အတွက်ယင်းသို့ တောင်းဆိုရခြင်းဖြစ်သည်။
အဆိုပါMaxterGloveကုမ္ပဏီကအလုပ်ရှင်ပေးသွင်းရမည့်လုပ်သားငှားရမ်းခအခွန်အား အလုပ်သမားလစာမှ ဖြတ်ယူခြင်း၊ရင်းဂစ်(၁၈၀)သာကုန်ကျသော ကျန်းမာရေးဆေးစစ်ခကို အလုပ်သမားထံမှ ရင်းဂစ်(၁,၀၀၀)နုတ်ယူခြင်း၊ အလုပ်သမားများအား(၂)လစာလခမပေးဘဲ နေရာထိုင်ခင်းမပေးခြင်း၊ နားရက်မရှိ တနေ့ အလုပ်ချိန် (၁၃) နာရီအထိ ခိုင်းစေခြင်း၊ မလေးရှားဥပဒေအရ ပြဋ္ဌာန်းထားသည့် အိုဗာတိုင်ကြေး မပေးခြင်း စသည်တို့အပြင် အလုပ်သမားအခွင့်အရေး တင်ပြတောင်းဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု သိရသည်။
အဆိုပါခေါင်းပုံဖြတ်မတရားမှုများအားအလုပ်မှအထုတ်ခံရသူကိုသုမောင်ကSubangJaya အလုပ်သမားဌာနသို့ တရားဝင်တိုင်တန်းခဲ့ပြီးသည့်နောက် PortKalangမြို့ရှိ အလုပ်သမားဌာနသို့ ထပ်မံတိုင်တန်းခဲ့ရာမှ ဌာနက အရေးယူ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စအား ကူညီဆောင်ရွက်ပေးနေသည့် BurmaCampaignMalaysiaမှ ကိုထွန်းထွန်းက “စက်ရုံရဲ့ ၀ယ်လက်အားလုံးဟာ အမေရိကနဲ့ ဥရောပကဖြစ်တယ်။ ဒါကြောင့် အဲဒီဘက်အဖွဲ့တွေ ပူးပေါင်းလာကာ စားသုံးသူအခွင့်အရေး လှုပ်ရှားသူတွေပါ ပါဝင်လာပြီးစက်ရုံကိုဖိအားပေးနိုင်ဖို့အခုလို(၆၅)ဖွဲ့ ပူးပေါင်းပြီးထုတ်လိုက်ရတာ။ နောင်မှာ မလေးရှားက စက်ရုံတွေအနေနဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာလာလိမ့်မယ်၊ အထူးသဖြင့် ဒီကိစ္စ အောင်မြင်သွားရင်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မလေးရှားနိုင်ငံတွင်အလုပ်သမားအခွင့်အရေးအတွက်၁၉၆၇ ခုနှစ်ကတည်းက ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော်လည်း အချို့သော အလုပ်ရှင်ဆိုးများက မတရားမှုများအား ဆက်လက် ကျူးလွန်နေဆဲဖြစ်ပြီးယခုကဲ့သို့အင်အားစု(၆၅)ဖွဲ့မှပူးပေါင်းအရေးဆိုတောင်းဆိုမှုမျိုးသည် မလေးရှားနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။
အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရ တာဝန်ရှိသူများက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာပြည်သား အများဆုံးပါဝင်ပြီး (၆၀) ရာခိုင်နှုန်းသည် တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသည်။ မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅)သိန်းခန့်နှင့် ဒုက္ခသည်(၂)သိန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ယမန်နေ့ထုတ် မလေးရှား မာဒေးကားရီဗျူး သတင်းစာကြီးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို မေးမြန်းသော်လည်း မည်သို့မှ ပြန်လည်ဖြေကြားခြင်းမပြုဟု သိရသည်။

မဏီပူရ်ပြည်နယ်လမ်းမကြီးများကိုခေတ္တဖွင့်ပေးမည်ဟုနာဂခေါင်းဆောင်များပြော

ဇာနည်မာန် Tuesday,June15,2010
1၆၅ရက်ကြာပိတ်ထားသောမဏီပူရ် ပြည်နယ် လမ်းမကြီးများကို ယနေ့ညနေ ၆ နာရီမှ စတင်၍ ခေတ္တဖွင့် ပေးမည်ဟု နာဂ ခေါင်းဆောင်များက ပြောဆို လိုက်သည်။
နာဂကျောင်းသားများအဖွဲ့(NSF)ကအိန္ဒိယ၀န်ကြီးချုပ်မာမိုဟမ်ဆင်း၊ပြည်ထဲရေးဝန်ကြီးတို့နှင့် တွေ့ဆုံမှုအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မဏီပူရ်မြို့တော်အင်ဖားလ်ရှိစက်သုံးဆီဆိုင်တဆိုင်အနီးယခုခေတ္တဖွင့်လှစ်လိုက်သောလမ်းမကြီးပေါ်တွင် ဇွန်၉ရက်နေ့ကယာဉ်များတန်းစီစောင့်ဆိုင်းနေစဉ်(ဓာတ်ပုံ-AFP)
“ဒေလီမှာဝန်ကြီးချုပ်နဲ့တွေ့တဲ့အချိန်မှာ သူ့တောင်းဆို ချက်တွေကြောင့် လမ်းပိတ်တာကို ခဏ ပြန်ဖွင့်ပေးဖို့ သဘောတူ လိုက်ပါတယ်”ဟုNSFဥက္ကဌMutsiikhoyoYhobu က ပြောကြားကြောင်း AFP သတင်းဌာနတွင် ဖော်ပြထားသည်။
ဗဟိုအစိုးရက တနင်္လာနေ့ စောစော ပိုင်းတွင် ပိတ်ဆို့ ဆန္ဒပြမှု များကို ရှင်းလင်းရန် အတွက် လုံခြုံရေး တပ်သား ၂၀၀၀ ကျော်ကို စေလွှတ် မည်ဟု ပြောဆိုခဲ့ပြီး သည့်နောက်၊ နာဂ ခေါင်းဆောင် များနှင့် ကျောင်းသား အဖွဲ့များက နယူးဒေလီရှိ အစိုးရအဖွဲ့နှင့် ယမန်နေ့ ညနေက တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။
NSF၏အကြံပေးပုဂ္ဂိုလ်AchumbemoKikonကလည်း ၀န်ကြီးချုပ် အပါအ၀င် တခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များတို့၏ တောင်းဆိုချက်များကြောင့် လမ်းပိတ်ဆို့ ဆန္ဒပြမှုများကို ပြန်လည်စဉ်းစားခဲ့ကြောင်း တွေ့ဆုံမှုအပြီးတွင် သတင်းထောက် များကို ပြောဆိုခဲ့သည်။
ပိတ်ဆို့မှုများကို ယတိပြတ် ပြန်ဖွင့်ပေးရန်မှာမူ အချင်းဖြစ်ပွားရာ နေရာများတွင် ချထားသည့် ကွန်မန်ဒိုတပ်များကို ဖယ်ရှား ပေးရန်နှင့် တခြားတောင်းဆိုမှုများကို မဏီပူရ်အစိုးရ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ကြောင်း၊ တောင်းဆိုချက်များ မရပါက ပိတ်ဆို့မှုများ ပြန်လုပ်မည်ဖြစ်ကြောင်း NSF က သတိပေး ထုတ်ပြန်ထားသည်။
အင်ဖားလ်မှ မြန်မာအမျိုးသားတဦးက “လမ်းတွေပြန်ဖွင့်မယ် သတင်းကြားတော့ အခု ဈေးတွေ နည်းနည်းပြန်ကျသွားတယ်။ အားလုံးကလည်း လမ်းတွေပြန်ဖွင့်ပြီး ဈေးနှုန်းတွေကျသွားဖို့ပဲ မျှော်လင့်နေကြတယ်။ အခုက လမ်းပိတ်တာရော၊ မိုးကြီးလို့ ရေလျှံနေတာရောဆိုတော့ အတော်ကို ဒုက္ခရောက်နေကြပြီလေ” ဟု ပြောသည်။
ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် လောင်စာဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်း အဆမတန် မြင့်တက်ခဲ့မှုများ၊ ဆေးဝါးပြတ်လပ်မှုကြောင့် ဆေးရုံဆေးပေးခန်းများ အခက်ကြုံနေရမှုများအပြင်၊ လတ်တလောတွင် မိုးများ အဆက် မပြတ်ရွာသွန်းမှုကြောင့် မဏီပူရ်ပြည်နယ် အင်ဖားလ်မြို့တွင် ရေမြောင်းများ ရေလျှံပြီး ဈေးဆိုင်များပိတ်ရခြင်း၊ လူနေအိမ်များရွှေ့ပြောင်းရခြင်းများ ကြုံတွေ့နေရသည်ဟု ဒေသခံများကဆိုသည်။
မဏီပူရ်ပြည်နယ်အင်ဖားလ်မှမြန်မာနိုင်ငံတမူးသို့ဆက်သွယ်ထားသောလမ်းမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအတွက်အရေးပါသောလမ်းကြောင်းတခုဖြစ်သောကြောင့် လမ်းများပြန်ဖွင့်ပေးမည်ဆိုပါကရပ်ဆိုင်းထားရသောနယ်စပ်ကုန်သွယ်မှုများ ပြန်လည်အဆင်ပြေလာလိမ့်မည်ဟု နယ်စပ်ကုန်သည်တဦးကဆိုသည်။
“ဒီ၂လလောက်အတွင်းတော်တော်ကမောက်ကမဖြစ်တယ်။တမူးဘက်ကလမ်းကပြန်ပွင့်လို့ နမ့်ဖာလုံဈေးက ပစ္စည်း ပို့တယ်ဆိုပေမယ့် အရင်ကရဲ့ ၁၀ ရာနှုန်းလောက်ပဲ ရောင်းရတာ။ ဆိုးတာက မဏီပူရ်ကနေတဆင့် ဗမာပြည်ဘက်ကို လာတဲ့ ကုန်တွေက နမ့်ဖာလုံကို ပြန်မ၀င်နိုင်တာဘဲ။ လမ်းပြန်ပွင့်ရင်တော့ ပုံမှန်ပြန်ဖြစ်သွားနိုင်တယ်” ဟု အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သည် တဦးကပြောသည်။
မဏီပူရ်-မြန်မာနယ်စပ် တမူးရှိ နမ့်ဖာလုံဈေးမှတဆင့် ဆန်၊ လူသုံးကုန်ပစ္စည်းများ၊ အထည်များနှင့် အခြေခံစားသောက်ကုန်များ အိန္ဒိယသို့ တင်သွင်းပြီး၊ အိန္ဒိယထွက်ကုန်ဖြစ်သည့် ချည်၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ စသည်တို့ကို မြန်မာပြည်သို့ ပြန်လည်တင်ပို့လေ့ရှိသည်။
မကြာသေးမီက အင်ဖားလ်မှ တမူးသို့သွားသည့်လမ်းပိုင်းကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ကုန်ပစ္စည်းများကို အကန့် အသတ်ဖြင့်သာ သယ်ယူရခြင်းနှင့် အိန္ဒိယထွက်ကုန်များကို ပြန်လည်တင်ပို့ခွင့်မရခြင်းကြောင့် နယ်စပ်ကုန်သည်များ အခက်ကြုံနေကြရသည်။
မဏီပူရ်ပြည်နယ်တွင်းနေလူနည်းစုနာဂတိုင်းရင်းသားများအခွင့်အရေးမရရှိမှုကြောင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ ရွေးကောက်ပွဲကိုသပိတ်မှောက်၍သီးခြားအုပ်ချုပ်ခွင့်အပါအ၀င်၊ လူမျိုးစုအခွင့်အရေးများ တောင်းဆိုသည့်အနေဖြင့် နာဂကျောင်းသားများအဖွဲ့ကဧပြီ၁၂ ရက်နေ့မှ စတင်ပြီး မဏီပူရ်နှင့် အခြားပြည်နယ်များကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး နှစ်ခုဖြစ်သော NH 39 နှင့် NH 53 ကို ပိတ်ဆို့၍ ကုန်ပစ္စည်းသယ်ဆောင်မှုများကို တားမြစ်ခြင်း၊ ကုန်ပစ္စည်း တင်ဆောင်သည့်ကားများကို မီးရှို့ခြင်းစသည်ဖြင့် ဆန္ဒပြခဲ့ကြသည်။
မေ ၃ ရက်နေ့တွင် နာဂအမျိုးသား ဆိုရှယ်လစ်အဖွဲ့၏အထွေထွေအတွင်းရေးမှူးThuingalengIsak Muivah ၏မွေးရပ်မြေ ပြန်မည့်ခရီးစဉ်ရှုပ်ထွေးမှုများဖြစ်ပေါ်စေမည်ဆိုကာပြည်နယ်အစိုးရကကွန်မန်ဒိုတပ်များ ချထား တားမြစ်မှုများမှာလည်းနာဂအဖွဲ့အစည်းများနှင့် မဏီပူရ်အစိုးရအကြား တင်းမာစေသည့်အချက်တခု ဖြစ်ခဲ့သည်။
လမ်းပိတ်ဆို့မှုများတွင် တာဝန်ရှိသည်ဟုဆိုကာ အာသံပြည်နယ် ဂိုဟာတီမြို့ တရာရုံးမှ နာဂခေါင်းဆောင် ၂ ဦးကို ဆုငွေ ရူပီး ၁ သိန်းစီဖြင့် ၀ရမ်းထုတ်ပြန်လိုက်မှုကြောင့် တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး လမ်းပိတ်ဆို့ဆန္ဒပြမှုကို ရက်အကန့်အသတ်မရှိ လုပ်ဆောင်မည်ဟု နာဂကျောင်းသားများအဖွဲ့က ဆိုခဲ့သည်။
ပြည်နယ်အစိုးရကအင်အားသုံးဖြေရှင်းခြင်းမှာ နောက်ဆုံးနည်းလမ်းဖြစ်သည်ဟု ကနဦးပြောဆိုမှုများပြုခဲ့ပြီး ဗဟို အစိုးရထံမှလည်းအမျိုးသမီးလုံခြုံရေးတပ်ဖွဲ့တဖွဲ့အပါအ၀င်အဖွဲ့၁၆ဖွဲ့ကို စေလွှတ်မည်ဟုပြည်ထဲရေးဝန်ကြီး G.K. Pillai က သတင်းထောက်များကို ပြောဆိုခဲ့သည်။
မဏီပူရ်ပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားခဲ့မှုကြောင့် မဏီပူရ်ပြည်နယ်မှ ဖြတ်သန်းသည့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှုများ ရပ်ဆိုင်းခဲ့ရသည်။
ထိုအတောအတွင်း ဗဟိုအစိုးရက မဏီပူရ်ပြည်နယ်တွင် အရေးပေါ်လိုအပ်နေသော ဆေးဝါးနှင့် စားသောက်ကုန်များကို လေကြောင်းဖြင့် ပို့ဆောင်ခြင်း၊ အခြားလမ်းများမှ လုံခြုံရေးကားများဖြင့် ပစ္စည်းများ တင်ပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ရသည်။
မဏီပူရ်ပြည်နယ်တွင်းသို့ အခြားပြည်နယ်များမှ တင်သွင်းသည့် ဓာတ်ငွေ့နှင့် လောင်စာဆီ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဆန်နှင့် အခြားအခြေခံ စားသောက်ကုန်များ ပြတ်လပ်မှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာ၍ လမ်းများ ပြန်လည်ဖွင့်ပေးရန် မဏီပူရ်ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့သည်။

အီတလီဂိုးသမားဘူဖွန်ဒဏ်ရာရရှိ

ဘစောတင် Tuesday, June 15, 2010

လက်ရှိချန်ပီယံ အီတလီ အသင်းနှင့် ပါရာဂွေး အသင်းတို့ ယမန်နေ့ညက ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် အီတလီ ဂိုးသမား ဂီယန်လူဂီ ဘူဖွန် နောက်ကျော ဒဏ်ရာရရှိ သွားသည့် အတွက် လာမည့် ပွဲစဉ်များတွင် ပါဝင် ကစားနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းပြောဆို နေကြသည်။
                                အီတလီအသင်းဂိုးသမားဘူဖွန်(ဓာတ်ပုံ-football-wallpapers.com)
အဆိုပါ ပွဲစဉ် ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး အရန်ဂိုးသမား မာချက်တီနှင့် လူစားလဲခဲ့ ရသည်ဟု AFP သတင်းတွင် ဖော်ပြ ထားသည်။
ပါရာဂွေး အသင်းအတွက် ဗွေဆော်ဦး ဂိုးကို အယ်ကာရက်ဇ်က ခေါင်းတိုက် သွင်းယူခဲ့ပြီး အီတလီ အသင်းအတွက် ချေပဂိုးကို ကွင်းလယ်လူ ဒီရော့စီက သွင်းယူခဲ့ခြင်း ဖြစ်သည်။
အီတလီ နည်းပြကြီး မာဆယ်လို လစ်ပီက “ဘူဖွန်က နောက်ကျော ဒဏ်ရာရှိနေပေမယ့် အီတလီအတွက် ကစားပေးချင်တယ်လို့ ပြောတယ်၊ ဒါပေမယ့် ပထမပိုင်းပြီးတော့ သူဆက်မကစားနိုင်တော့ဘူး၊ ဒဏ်ရာ ဘယ်လောက်ဆိုးသလဲ ဘယ်တော့ သက်သာမလဲ တော့ ဆရာဝန်တွေကပဲ ပြောနိုင်မယ်”ဟု ဆိုသည်။
အသက်၃၂နှစ်အရွယ်ရှိအီတလီနှင့်ဂျူဗင်တပ်စ် အသင်း၏ ဂိုးသမားသည် ခေတ်သစ်ဘောလုံးလောကတွင် အကောင်း ဆုံးတဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး၂၀၀၆ခုကမ္ဘာ့ဖလားတွင်အကောင်းဆုံး လက်စွမ်းပြကာ ငါးပွဲတိတိ ဂိုးအသွင်း မခံရရန် ကာကွယ် ပေးခဲ့သည်။
အီတလီ ဘောလုံးသမိုင်းတွင် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကို ဒီနိုဇော့ ပြီးနောက် ဒုတိယအကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။
လာမည့် တနင်္ဂနွေနေ့ တွင် အီတလီအသင်းသည် နယူးဇီလန် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ထိုးစစ်မလာစေရန်စစ်ဦးချိုးခြင်းဖြစ်ဟုKNLAပြော

ကျော်ခ အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၀ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။စစ်အစိုးရတပ်များကထိုးစစ်ဆင်မည်ဟူသောသတင်းကြောင့်လက်ဦးမှုအရယူကာ စစ်ဦးကျိုးစေရန်အတွက်တိုက်ခိုက်မှုလုပ်ခဲ့သည်ဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အစည်းအရုံး KNLA က ပြောသည်။
ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီး၊မြဝတီနှင့်ကော့ကရိတ်မြို့နယ်ဒေသတွင်း၌လှုပ်ရှားနေသည့် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်-စကခ၈လက်အောက်ခံတပ်များကကရင်အဖွဲ့အပေါ်တိုက်ခိုက်ရန် စီစဉ်နေခြင်းကြောင့် ရက်သတ္တပတ်တပတ်အတွင်း ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ကရင်တပ်မဟာ၆နယ်မြေအတွင်းထိုးစစ်ဆင်ရန်နေပြည်တော်ကညွှန်ကြားမှုများရှိခဲ့သည်ဟု ထောက်လှမ်းရေးသတင်းများကိုကိုးကား၍KNLAတပ်မဟာ၆ပြောရေးဆိုခွင့်ရှိသူဗိုလ်ကြီးထဲနေက ပြောသည်။
ယမန်နေ့ကမွန်ပြည်နယ်ဘုရားသုံးဆူမြို့နယ်တွင်ခြေမြန်တပ်ရင်း၂၈၄၏အင်အား၆ဝခန့်နှင့် ကရင်ပြောက်ကျားတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဘက်မှ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း KNLA ကပြောသည်။ သီးခြားအတည်ပြုချက်မရနိုင်ပါ။
ထို့အပြင် ယခုလ ၁ဝ ရက်နေ့ကစကခ၈လက်အောက်ခံတပ်ရင်းများနှင့်KNLAတပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတခုတို့ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်က ကျဆုံးမှု ၁၃ ယောက်ရှိခဲ့ပြီး ၂၁ ဦးဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ဘုရားသုံးဆူနှင့် သံဖြူဇရပ်သို့ သွားသည့် ကားလမ်းမပေါ်တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားတစီးထဲသို့ ကရင်ပျောက်ကြား များက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ထိုနေ့မှာပင် ဘုရားသုံးဆူမြို့နယ်တွင်းရှိ မြိုင်သာယာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးရာ နအဖတပ်က တဦးသေ၍ သုံးဦးဒဏ်ရာရသည်ဟု KNLA ဘက်က ပြောသည်။
“ကျနော်တို့ဘက်ကပြောက်ကျားဆိုတော့၂-၃ယောက်လောက်နဲ့ထိအောင်ပစ်၊လွတ်အောင်ရှောင်၊ လုံအောင်ပုန်းပဲဟာ။ နယ်မြေအရလည်း ကျွမ်းပြီးသားလေ” ဟု ဗိုလ်ကြီးထဲနေက ပြောသည်။
လေ့လာသူများအဆိုအရ ကရင်လက်နက်ကိုင်တပ်များသည် ပျောက်ကြားစစ်တွင် ပိုမိုကျွမ်းကျင်မှုရှိပြီး နယ်မြေခံလူထု၏ ထောက်ခံမှု ပိုမိုရခြင်းကြောင့် ပျောက်ကြားစစ်တွင် အသာရလေ့ရှိသည်။
KNLAသည်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ် ၆ဝ ကျော် လက်နက်ကိုင်တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သည်။

အန်ဒီအက်ဖ်ပါတီ မှတ်ပုံတင်ကျပြီ

စိုးမိုး / ၁၅ ဇွန် ၂၀၁၀
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်)ကိုယမန်နေ့ညကမှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းများ ခေါင်းဆောင်ဖွဲ့စည်းလိုက်သည့် အန်ဒီအက်ဖ်ပါတီက တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
“ပါတီလိုင်းနဲ့နိုင်ငံရေးလိုင်းလို့ခွဲထားပါတယ်။နိုင်ငံရေးဦးဆောင်ကော်မတီမှာအန်ကယ်ကခေါင်းဆောင် ယူထားပါတယ်။ပါတီလိုင်းမှာဒေါက်တာသန်းငြိမ်းကဥက္ကဋ္ဌတာဝန်ယူသွားမှာဖြစ်ပါတယ်”ဟု ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။
လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒကို ပါတီ၏ နိုင်ငံရေးမူဝါဒအဖြစ် ထားရှိပြီး စီးပွားရေးမူဝါဒအဖြစ် အစိုးရပါဝင်သည့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
“ပြည်သူတွေဟာ နာကျင်မှုတွေ၊ လူမှုရေး နာကျင်မှုတွေ အများကြီးရှိပါတယ်။ လယ်ယာကဏ္ဍကနေ စပြီးတော့ စက်ရုံကဏ္ဍအထိ ကျနော်တို့ လူမှုရေး နာကျင်မှုတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ လက်ငုတ်လက်ရင်း ပျောက်သွားတဲ့ ပုဂ္ဂိုလ်တွေ နောက်ပြီးမှ အန္တရာယ်အလွန်များမယ့် သင်ထားတဲ့ တတ်ထားတဲ့ပညာနဲ့ မကိုက်ညီဘဲ လုပ်နေရတဲ့ အလုပ်ခွင်ပျောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒီလို မားကက် အီကိုနော်မီကသာလျှင် ထိန်းသိမ်းဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ဒီလမ်းစဉ်ကို ကျနော်တို့ ချမှတ်ထားပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
ပါတီရန်ပုံငွေအဖြစ်ထူထောင်သူ(၂၀)ဦးထံမှကျပ်သိန်း(၂၀)ဖြင့်စတင်ထူထောင်ထားပြီးယခုပါတီမှတ်ပုံတင် ကျလာပြီးနောက် အလှူငွေများ ပိုမိုရရှိလာမည်ဟု မျှော်လင့်ထားကြသည်။
တနိုင်ငံလုံး မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော်လည်း တိုင်းဒေသများကို ဦးစားပေး ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
ပါတီမှတ်ပုံတင် ကျလာသော်လည်း စည်းရုံးရေးကာလအဖြစ် ရွေးကောက်ပွဲကော်မရှင်က တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးသည့်အပြင် နိုင်ငံရေးပါတီများ သဘောထားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပါ မရှိသေးသည့်အတွက် စည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။
“ပြည်နယ်တွေမှာတော့ ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားတွေက ကျနော်တို့ အန်ဒီအက်ဖ်ကို ပူပေါင်းပြီး ပါဝင်လာမယ့် ပုဂ္ဂိုလ်တွေ ရှိနေပါတယ်။ ရှိနေတဲ့လူတွေကိုတော့ အန်ဒီအက်ဖ်အနေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ပြည်နယ်တွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ယှဉ်ပြိုင်ဖို့ အခြေအနေ မပေးသေးပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။
အန်ဒီအက်ဖ်ပါတီဥက္ကဋ္ဌအဖြစ်ဒေါက်တာသန်းငြိမ်းကပါတီရေးရာကိစ္စများဖြစ်သောစည်းရုံးရေး၊ ဖော်ဆောင်ရေး၊ ရွေးကောက်ပွဲကိစ္စစသည်တို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီးနိုင်ငံရေး ဦးဆောင်ကော်မတီမှ ဦးခင်မောင်ဆွေက နိုင်ငံရေး မူဝါဒများ ချမှတ်ခြင်းကို ဦးဆောင်ဦးရွက်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မှော်ဆရာလား၊အရူးလား

ဧရာဝတီ Tuesday, June 15, 2010
အာဂျင်တီးနား အသင်းကို ကိုင်တွယ်နေတဲ့ ဘောလုံးသမား ဟောင်းကြီး မာရာဒိုနာရဲ့နည်းဗျူဟာနဲ့ အယူအဆတွေ အိုမင်း ဟောင်းနွမ်း နေပြီဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ နိုင်ဂျီးရီးယားပွဲမှာ သက်သေထူခဲ့ပါပြီ။
ဒီပွဲစဉ်မှာအာဂျင်တီးနားအသင်းကနိုင်ဂျီးရီးယားအသင်းကို၁ ဂိုး ဂိုးမရှိဖြင့် အနိုင် ရခဲ့ပေမယ့် အာဂျင်တီးနား အသင်းဟာ စုစည်းမှုပျောက်ပြီးအသင်းလိုက်ကစားကွက်လျော့လျဲ နေပါတယ်။တိုက်စစ်မှူးမက်ဆီရဲ့ ဂိုးပေါက် လွဲချော်မှု ကလည်း အားပေးသူ ပရိသတ်များ အတွက် စိတ်ပျက်စရာပါ။
နည်းပြမာရာဒိုနာကလက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးဘုရင်တိုက်စစ်မှူး မက်ဆီကို နေရာ သတ်မှတ်ခြင်း မရှိစေဘဲလွတ်လပ်စွာကစားစေမည်ဟုဆိုခဲ့ သော်လည်း တခါတရံ ကစားကွက် ပျောက်နေသည့် အတွက် နည်းပြရဲ့ ဗျူဟာများဟာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။
နောက်တန်းမှာ နီကိုလပ်စ် အိုတာမန်ဒီ၊ မာတင် ဒီမစ်ချယ်လီ၊ ဝေါလ်တာ ဆမ်မြူရယ်နှင့် ဂါဘရီရယ် တို့ကိုထားပြီး ကွင်းလယ် ကစားသမား ဂျာဗီယာ မာရှေးယာနိုနဲ့ ဗာရွန်၊ တောင်ပံ တဖက်တချက်မှာ ဂူတီရာရေးဇ် နဲ့ အိန်ဂျယ် ဒီ မာရီယာ တို့ကို ရှေ့တန်းမှ ဟီဂူအင်၊ မက်ဆီ တို့နဲ့ ပေါင်းစပ်ပြီး အသင်းလိုက် စုစုစည်းစည်း အချိတ်ဆက်မိမိ ကစားမယ့်နည်းကို သုံးမယ်လို့ ပွဲမစခင် က ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လို ဗျူဟာတွေပဲ သုံးမယ်ပြောပြော နောက်ဆုံးမှာတော့ “ခရစ်တော် ယေရှုအလား ဘောလုံးကစားနေသူ”လို့ သူကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ မက်ဆီကသာ နိုင်ဂျီးရီးယားနဲ့ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ တကိုယ်တော် တိုက်စစ်မှူး ဖြစ်နေခဲ့ရပါတယ်။
နည်းပြတဦးနဲ့သူ့ရဲ့တိုက်စစ်မှူးဘယ်လောက်အတွေ့အထိနည်းသလဲဆိုတာကိုကမ္ဘာ့ဖလား မတိုင်ခင်ကာလမှာမက်ဆီနဲ့ တွေ့ဆုံဖို့ရန်အလွန်ခက်ခဲပြီးစကားစမြည်ပြောဆိုဖို့ရန် အခွင့်အလမ်းမရှိဘူးလို့ နည်းပြ မာရာဒိုနာ ကိုယ်တိုင် ညည်းတွား ပြောဆိုမှုက သက်သေပြနေပါတယ်။
“မာရှေယာနိုနဲ့လည်းအသင်းအတွက်စကားတွေအများကြီးပြောဖြစ်တယ်၊ဒီလိုပဲဟိန်ဇ်၊ရိုဒီရဂွတ်ဇ်တို့နဲ့လည်း ဒီလိုပဲ၊ဒါပေမယ့်မက်ဆီနဲ့စကားပြောဖို့ခက်တယ်၊သူနဲ့စကားပြောရတာထက်အိုဘားမားနဲ့ပြောရတာမှ လွယ်ဦးမယ်”လို့ မာရာဒိုနာ က ဆိုပါတယ်။
မာရာဒိုနာကအာဂျင်တီးနားလိုအသင်းမှာနည်းပြအဖြစ်တာဝန်ယူရတာဟာ အခက်အခဲရှိမယ်ဆိုတာသိတယ်၊ ဒါပေမယ့် အရင် နည်းပြအယ်လ်ဖီရိုဘာစီလီးနဲ့မတူတဲ့ မိမိကိုယ်ပိုင်ဟန်နဲ့ အသင်းကိုတည်ဆောက်ပြီးကမ္ဘာ့ဖလားကိုဝင်ရောက်ယှဉ်ပြိုင်စေမည်လို့နည်းပြရာထူးယူစဉ်က ကြွေးကြော်ခဲ့ပါတယ်။
“မာရာဒိုနာ ဆိုတာ ကောင်းတော့ ကောင်းတယ် ဒါပေမယ့် အမှိုက်လိုပဲ သုံးမရဘူး၊ ဂုဏ်သိက္ခာလည်း မဲ့တယ်”လို့ နည်းပြကြီး ဘာစီးလီး ၏ လက်ထောက်နည်းပြ ဂျော့ရှ် ရိုဘိုဇီ က မာရာဒိုနာရဲ့ပြောဆိုချက် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ထို့အတူပဲဥရောပချန်ပီယံလိဂ်မှာဗိုလ်စွဲထားတဲ့အင်တာမီလန်အသင်းရဲ့အသင်ခေါင်းဆောင်ဇနက်တီ၊ ကွင်းလယ်အဖျက်ကစားတဲ့ကမ်ဘီယာဆိုတို့ကိုမရွေးချယ်ခဲ့မှုအတွက်မီဒီယာများနဲ့ ဘောလုံးသုံးသပ်သူများက ဝေဖန်မှုများကို ခြေစွမ်းမပြ နိုင်တော့တဲ့ သူ့စိတ်ကြိုက် ဗာရွန်ကို ရွေးချယ်ပြီး တုံ့ပြန်ခဲ့ပါတယ်။
အာဂျင်တီးနား အသင်းကို မာရာဒိုနာ ဘယ်ပုံဖော်မလဲဆိုတာ ဘယ်သူမှရှင်းရှင်းလင်းလင်း မသိသလို၊ မာရာဒိုနာ ကိုယ်တိုင်လည်း မဝေခွဲတတ်ဘူး ဖြစ်နေပုံရတယ်လို့ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနား အသင်းသား တဦးဖြစ်သည့် ဂျော့ရှ်အိုလ်ဂင် က လည်း ဝေဖန်သုံးသပ်ပါတယ်။
နည်းပြတယောက်အနေနဲ့အသင်းအတွက်ပြင်ဆင်လုပ်ဆောင်ထားမှုများမှပေါ်ထွက်လာမယ့်ရလဒ် အကောင်း အဆိုးကိုလက်ခံရမှာဖြစ်သလိုမာရာဒိုနာရဲ့ဘောလုံးနည်းပြစွမ်းရည်ကိုလည်းသမိုင်းမော်ကွန်း ထိုးရမှာဖြစ်ပါတယ်။
အာဂျင်တီးနားနဲ့ နိုင်ဂျီးရီယား ပွဲစဉ်အတွင်း ကွင်းဘေး က မာရာဒိုနာရဲ့ လှုပ်ရှားပုံ၊ တိုတိုတုတ်တုတ် အရပ်အမောင်းရှိတဲ့ ခန္ဓာကိုယ် အပေါ်မှာ ကုတ်အင်္ကျီကို စမတ်ကျကျ ၀တ်ဆင်ထားပုံ၊ စိတ်လှုပ်ရှားပြီး အော်ဟစ်ကာ ကွင်းနံဘေးသို့ ကပ်သွားတဲ့ အတွက် ဖီဖာမှ တာဝန်ရှိသူက လာရောက် တားမြစ်ခံရတဲ့ သူ့ရဲ့ ပုံရိပ်များက မြင်ရသူအဖို့ စိတ်မသက်မသာဖြစ်စေခဲ့ပါတယ်။
တခါတရံမှာသူအတုယူလေးစားအားကျတဲ့ဖီဒရယ်ကပ်စ်ထရိုရဲ့ဟန်ပန်အတိုင်းဆေးပြင်းလိပ်ခဲပြီး ခပ်တည်တည် နေတတ်ပေမယ့်ကမ္ဘာ့ဖလားမှာအာဂျင်တီးနားသာဗိုလ်စွဲခဲ့ရင်ဗျုနိုအေးရိစ်မြို့လယ်ခေါင်မှာ ၀တ်လစ်စားလစ်နဲ့ ပြေးရင်း အောင်ပွဲခံမယ်လို့ လည်း ရေဒီယို အစီအစဉ် တခုကို ပြောကြားခဲ့ပါတယ်။
၁၉၈၆ ခုနှစ် မက္ကဆီကို ကမ္ဘာ့ဖလားမှာ သူရဲ့တဖက်ကမ်းခတ်အောင် ကျွမ်းကျင်တဲ့ ဘောလုံးပညာကို သုံးပြီး အင်္ဂလန် နောက်ခံ လူတွေနဲ့ ဂိုးသမားကို လိမ်ခေါက်ကာ တကိုယ်တော် အစွမ်းပြ ဂိုးသွင်းခဲ့သလို ဒုတိယ ဂိုးကိုလည်း လက်နဲ့ ပုတ်သွင်းပြီး မျက်နှာ ပြောင်ပြောင်နဲ့ “ဘုရားပေးသောလက်”လို့ ဆိုပြီး ဒိုင်လူကြီးကို လှည့်စားနိုင်ခဲ့သူဖြစ်ပါတယ်။
ကစားသမားဘ၀ ဂိုးသွင်းပြီးရင် ကစားဖော် ကာနစ်ဂီယာနဲ့ ကွင်းအတွင်းမှာ ယောက်ျားအချင်းချင်း နှုတ်ခမ်းခြင်း နမ်းပြီး တော့လည်း အောင်ပွဲခံတတ်သူတဦးပါ။
ထို့အတူကမ္ဘာကျော်အီတလီစီးရီးအေပြိုင်ပွဲကနာပိုလီအသင်းမှာကစားနေစဉ်ကအီတလီအမျိုးသမီး တဦးနှင့် ပွေရှုပ်ရင်း ရခဲ့ တဲ့ တရားမ၀င်သားတယောက်ကိုထားခဲ့သူဖြစ်သလို၊အီတလီမှာ ဘောလုံးကစားစဉ် ပေးဆောင်ရမယ့် ၀င်ငွေခွန်တိမ်းရှောင်မှုကြောင့်မီလန်လေဆိပ်မှာဝတ်ဆင်ထားတဲ့ စိန်နားကပ် တဘက်ကို အီတလီ အခွန်ရဲတွေရဲ့ ဖြုတ်ယူ သိမ်းဆည်းခြင်း ခံရသူ လည်း ဖြစ်ပါတယ်။
၂၀ရာစု အကျော်ကြားဆုံး ဘောလုံးသမား ရွေးချယ်ရာမှာလည်း ဘရာဇီး ဘောလုံးဘုရင် ပီလီကို ကျော်ဖြတ်ကာ ပရိသတ်ရဲ့ တခဲနက် မဲပေးခံခဲ့ ရသူဖြစ်လို့ ဖီဖာ ကိုယ်တိုင်တောင် နာမည်ပျက်နဲ့လူကို အသိအမှတ်ပြုရမလို ဖြစ်ခဲ့ပါတယ်။
မူးယစ်ဆေးသုံးစွဲမှုကြောင့်၁၉၉၄ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကထုတ်ပယ်ခြင်းခံရပြီးကိုကင်း ဆက်လက်သုံးစွဲကာ သတင်း ထောက် တဦးကို လေသနတ်နဲ့ပစ်ခတ်မှုကြောင့် နာမည်ဆိုးရှိခဲ့သူတဦးလည်း ဖြစ်ပါတယ်။
ထို့အတူ ကမ္ဘာကျော် ကွန်မြူနစ်ခေါင်းဆောင်ကြီး ကျူးဘားသမ္မတ ဖီဒယ် ကပ်စ်ထရိုရဲ့ဂုဏ်ထူးဆောင် ဧည့်သည် တဦးလည်း ဖြစ်ခဲ့ပါတယ်။
မာရာဒိုနာဟာ အတိတ်က ဖြစ်ရပ်ဆိုးတွေကို ကျော်လွန်ပြီး အာဂျင်တီးနားအသင်း နည်းပြ ဖြစ်လာပေမယ့်၊ အခုထက် တည်တည် ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထားပြီး သတိကြီးစွာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ အာဂျင်တီးနား စစ်တပ်မှ ကစားသမား တဦး ဖြစ်သူ ရူဘင် ကပ်ပရီရို ကတော့ ရှုမြင် သုံးသပ်ပါတယ်။
အာဂျင်တီးနားလူမျိုးသန်း၄၀ကတော့မာရာဒိုနာပုံဖော်ကျင့်သုံးမယ့် နည်းဗျူဟာကို သံသယရှိနေကြပေမယ့် အချက်ကျကျ တော့ အပြစ်မရှာနိုင်ဘူးလို့ ဆိုရပါလိမ့်မယ်။
ဘောလုံးမှော်ဆရာတဦးလားရူးသွပ်နေသူတဦးလားဆိုတာကိုမကွဲပြားနိုင်သေးတဲ့အသက်၄၉ နှစ်အရွယ်မာရာဒိုနာဟာ  နှစ်ပေါင်း၂၀ကြာဝေးကွာနေတဲ့ကမ္ဘာ့ဖလားအောင်ပွဲကိုငတ်မွတ်နေတဲ့အာဂျင်တီးနားပြည်သူတွေရဲ့ လိုအင်ဆန္ဒကိုဝတ်လစ်စားလစ်နဲ့ပြေးလွှားရင်းပုံဖော်နိုင်လေမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဧရာဝတီ သတင်းထောက် ရန်ပိုင်နှင့် ကျော်ညွန့်ချိန် ပူးပေါင်းရေးသားသည်။

မလေးရှားတွင်ယာဉ်တိုက်မှုမြန်မာ၂ဦးသေဆုံး

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၈ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မလေးရှားနိုင်ငံဆီလန်ဂေါမြို့၌မြန်မာရွှေ့ပြောင်းလုပ်သား၂ဦးစီးနင်းလာသော ဆိုင်ကယ်က ရှေ့တွင်မောင်းနှင်နေသောကားတစီးကိုဝင်တိုက်မိပြီးနောက်ထပ်ကားတစီးက ကြိတ်မိသဖြင့် နှစ်ဦးစလုံးသေဆုံးမှုဖြစ်သွားသည်။
မြို့တော်ကွာလာလမ်ပူ၏ အနောက်မြောက်ဘက် ၃၃ မိုင်အကွာရှိ ဆီလန်ဂေါမြို့တွင် သစ်စက်လုပ်သား မောင်သန်းဝင်းလှိုင်(၂၅ နှစ်)နှင့်မောင်ရှမ်းလျံမန်းSaiangLianMang(၁၈ နှစ်)သည်ဇွန်၁၂ရက်နေ့က ဆိုင်ကယ်စီးနင်းလာစဉ်ရှေ့မှမောင်းနှင်နေသောကားကိုဝင်တိုက်မိပြီးယာဉ်ကြောပြောင်းပြန် တဖက်လမ်းသို့ လွှင့်စင်သွားရာမှ အိမ်စီးကားတစီးက ဝင်တိုက်မိခြင်း ဖြစ်သည်။
“ သူငယ်ချင်းဆိုင်ကယ်နဲ့ ဖုန်းကဒ်ဝယ်ဖို့ နှစ်ယောက်သွားတယ်။ အရှေ့က ကားကို ဝင်တိုက်မိတယ်။ ဆိုင်ကယ်ရော လူရော တဖက်လမ်းမပေါ် လဲကျသွားတယ်။ အနောက်ကားက ခေါင်းကနေ ကြိတ်တယ်” ဟု သေဆုံးသူ မောင်ရှမ်းလျံမန်း၏ အကို သော့ခ်နိုင်လျံ Tawk Nei Lian က ပြောသည်။
မောင်ရှမ်းလျံမန်းသည် ယာဉ်တိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသွားသည်။ မောင်သန်းဝင်းလှိုင်လည်း ဆေးရုံရောက်ပြီး ၁ နာရီအကြာတွင် သေဆုံးသွားသည်။
မောင်သန်းဝင်းလှိုင်သည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် လိန်ကုန်းကျေးရွာမှ ဦးလှရွှေနှင့် ဒေါ်ခင်ဝင်းတို့၏ သားဖြစ်ပြီး၊ မောင်ရှမ်းလျံမန်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် Varpi ကျေးရွာမှ ဦးဘိုလ်လှဲထန်း Bual Hlei Thang နှင့် ဒေါ်ခွင်နိုတလွဲ Khuang Nawn Thluai တို့၏ သားဖြစ်သည်။
မောင်သန်းဝင်းနိုင်သည်လွန်ခဲ့သည့်၎နှစ်ခန့်ကတည်းကမလေးရှားတွင်လုပ်ကိုင်နေပြီး၊ မောင်ရှမ်းလျံမန်းသည် ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ရောက်ရှိလာသူဖြစ်သည်။
သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆေးရုံရှိ အအေးခန်းတွင် ထားရှိဆဲဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)



အာရှသားများတာထွက်ကောင်း

မင်းသား အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၂၆ မိနစ် .
ကမ္ဘာ့ဖလား အုပ်စုတွင်း ဘောလုံးပွဲတွေထဲမှာ အာရှသားတွေ တာထွက်ကောင်းတယ်လို့ ပြောရပါလိမ့်မယ်။
မနေ့တုန်းက ဒုတိယပွဲဖြစ်တဲ့ အုပ်စု (အီး) ဂျပန်-ကင်မရွန်း ပွဲစဉ်မှာ ဂျပန်က တဂိုး ဂိုးမရှိနဲ့ အနိုင်ကစားကာ အဖိုးတန် ၃ မှတ် ရလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၂ ရက်နေ့တုန်းကအုပ်စု(ဘီ)ပွဲစဉ်တရပ်မှာ တောင်ကိုရီးယားက ဂရိစ်ကို ၂ ဂိုး ဂိုးမရှိ အနိုင်ကစားခဲ့ပါသေးတယ်။ဒါကြောင့်လည်း၂ဝ၁ဝကမ္ဘာ့ဖလားပွဲမှာအာရှသား၃ နိုင်ငံအနက် ၂ နိုင်ငံကတော့ တာထွက်ကောင်းခဲ့ပြီလို့ ဆိုနိုင်ပါတယ်။နောက်တနိုင်ငံကတော့အုပ်စု(ဂျီ) ထဲက မြောက်ကိုရီးယားဖြစ်ပြီး ဒီကနေ့ကျမှ ကမ္ဘာ့အဆင့် (၁) ဘရာဇီးနဲ့ ယှဉ်ရပါလိမ့်မယ်။
မကြာသေးခင်ကအာရှဇုန်အတွင်းယှဉ်ပြိုင်ပြီးနောက်၂ဝ၁ဝကမ္ဘာ့ဖလားပွဲဝင်ရောက်ခွင့်ရခဲ့တဲ့ သြစတြေးလျ (အုပ်စု-ဒီ)ကတော့ဒီလ၁၃ရက်နေ့တုန်းကဂျာမဏီနဲ့ ကစားရာမှာ၎ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
မနေ့ကကင်မရွန်း-ဂျပန်ပွဲဟာတွန်းတွန်းတိုက်တိုက်ကစားသွားခဲ့ကြအပြီး၊အဆုံးမှာတော့ဂျပန်အသင်းဟာ ရှေ့က အာရှသားတောင်ကိုရီးယားရဲ့ခြေရာနောက်လိုက်ခဲ့တာပါ။ကင်မရွန်း-ဂျပန်၂သင်းစလုံးဟာ ခြေစွမ်းတွေ မကွာပေမယ့်ကံကြမ္မာရဲ့ဖေးမမှုကိုရရှိခဲ့တဲ့ဂျပန်ကြောင့်အစောပိုင်းတုန်းကဒီအုပ်စု(အီး)မှာ ကင်မရွန်းနဲ့ ဒိန်းမတ်သာ အုပ်စုဒုတိယ လုကြရလိမ့်မယ်ဆိုတဲ့ အမြင်တွေကိုပါ ပြောင်းလဲသွားစေခဲ့ပါတယ်။
ဒါ့အပြင်မနေ့တုန်းက ကစားခဲ့တဲ့ပွဲတွေအကြောင်းပြောရမယ်ဆိုရင်အသင်းကြီးတွေအခြေအနေ ကောင်းတာလည်း တွေ့ခဲ့ရပါတယ်။

အစောဆုံး ကစားခဲ့တဲ့ နယ်သာလန်-ဒိန်းမတ်ပွဲကို ပြန်ပြောင်းကြည့်ရင် ဒီအုပ်စုမှာ အုပ်စုဗိုလ်ဖြစ်မယ်လို့ ရေပန်းစားနေတဲ့ နယ်သာလန်ကပဲ အချိန်အတော်များများ ဖိကစားသွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်မှာ အချိန်ကုန်နေတာကလည်း ခပ်များများ တွေ့ခဲ့ရပါသေးတယ်။ ဒိန်းမတ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေသာ ဂိုးအဖြစ် ပြောင်းနိုင်ခဲ့ရင် နယ်သာလန် ရှုံးနိမ့်သွားနိုင်ပါတယ်။ နယ်သာလန်မှာ ဒုတိယပိုင်း လူစားဝင်လာတဲ့ အီလီယာဆိုတဲ့ လူငယ်ကစားသမားလေး ခြေစွမ်းပြသွားတာ သတိထားမိစရာပါပဲ။ ပွဲအဆုံးမှာတော့ နာမည်ကြီး နယ်သာလန်ကပဲ ဒိန်းမတ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားကာ ၃ မှတ်ရယူပြီး အုပ်စုတက်ဖို့ အလားအလာ ကောင်းသွားပါပြီ။
နောက်ဆုံးကစားခဲ့တဲ့အီတလီ-ပါရာဂွေးပွဲကတော့ကြိုတင်ခန်မှန်းမိတဲ့အတိုင်းတဂိုးစီသရေကျပြီး၁မှတ်စီ ခွဲယူသွားခဲ့ပါတယ်။အီတလီဟာ၂ဝဝ၆ကမ္ဘာ့ဖလားတုန်းကတအိအိတက်သွားပြီးနောက်ဆုံးမှာတော့ ချန်ပီယံတောင်ဖြစ်သွားခဲ့တာပါ။ဒါကြောင့်ကမ္ဘာ့ဖလားကြောနပ်နေတဲ့အီတလီကို စောင့်ကြည့်ကြရဦးးမှာပါ။

                                                        ပွဲကြိုသုံးသပ်ချက်

ဒီကနေ့ (အင်္ဂါနေ့) မှာ ကန်မယ့် ပွဲတွေထဲက ပေါ်တူဂီ-အိုင်ဗရီကိုစ် ပွဲကို ကြိုတင်ရင်ခုန်ကြည့်ရအောင်ပါ။
ဘရာဇီးပါနေတဲ့ အုပ်စုကျပ်(ဂျီ)မှာဒီနေ့ကစားမယ့်၂သင်းကတသင်းသင်း အုပ်စုတက်နိုင်တာမို့ ဒီ၂သင်း ကစားမယ့်ပွဲက အကြိတ်အနယ်ရှိမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
အိုင်ဗရီကိုစ်အတွက် ထိုးနှက်ခံထားရတာ တခုကတော့ တိုက်စစ်မှူး ဒရော့ဘာ ပါဝင်ကစားဖို့ မသေချာတာပါပဲ။
၂ သင်းစလုံး ကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲ ရလဒ်တွေကြည့်ရင်တော့ ၂ သင်းစလုံး အားရစရာ မရှိပါဘူး။ အိုင်ဗရီကိုစ်က တောင်ကိုရီးယားကို ရှုံးထားသလို၊ ပေါ်တူဂီကလည်း ကိတ်ဗာဒီ လို မထင်မရှား အသင်းလေးကို ရှုံးခဲ့တာ တွေ့ရပါတယ်။
ဘောလုံးသမားစုဖွဲ့မှုအပိုင်းကိုကြည့်ရင်တော့မကွာလှပါဘူး။ပေါ်တူဂီမှာစီရော်နယ်ဒို၊ဒေကို၊ ဒန်နီဆီမာအိုတို့ ရှိနေသလို၊အိုင်ဗရီကိုစ်မှာလည်းကာလူးနဲ့တိုရေးတို့ညီနောင်ရှိနေပါတယ်။ဒီ၂သင်းမာကျောမှုယှဉ်ရင် အိုင်ဗရီကိုစ်က ပိုမာကျောပါတယ်။
ကမ္ဘာ့ဖလားမှာ ရေပန်းစားမှုတွေ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေ မကြည့်ဘဲ ပြောမယ်ဆိုရင် အိုင်ဗရီကိုစ် မရှုံးနိုင်ပါဘူး။
ဘွတ်ကင်ဒိုင်တွေကတော့ ပေါ်တူဂီဘက် အလေးသာကြောင်းပါ။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ

ဖနိဒါ အင်္ဂါနေ့၊ဇွန်လ၁၅ရက်၂၀၁၀ခုနှစ်၂၀နာရီ၃၁မိနစ် .

                                         မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
                               (All Mon Regions Democracy Party)
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက ကျင်းပပေးမည့် ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ယခုနှစ် ဧပြီလ ၇ ရက်နေ့တွင် မွန်အမျိုးသား အများစု ပါဝင်သည့် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၄ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် အမှတ် ၅၁ ဖြင့် ခွင့်ပြုခဲ့သည်။
ယင်းပါတီ၏ မူဝါဒရေးရာများကို ပါတီခေါင်းဆောင်ဖြစ်သူ နိုင်ငွေသိန်းကို ဆက်သွယ်မေးမြန်းထားပါသည်။
အသက်၇၁နှစ်အရွယ်နိုင်ငွေသိန်း(ကရင်ပြည်နယ်ထုံးအိုင်ကျေးရွာဇာတိ)သည်မွန်ပြည်နယ်မှာ လက်ထောက် ပညာရေးမှူး၊ ပဲခူးတိုင်းမှာ တိုင်းပညာရေးမှူး၊ ကချင်ပြည်နယ် ပညာရေးမှူး၊ အထက်ဗမာပြည် ညွန်ကြားရေးမှူး (စီမံ) ဖြင့် အငြိမ်းစား ဖြစ်သည်။

                                                 ပါတီအဖွဲ့ဝင်များ

နိုင်ငွေသိန်းအပါအဝင်ဒေါက်တာနိုင်လှအောင်(တိကုမွေးဆရာဝန်)၊အစိုးရဘက်မှဝန်ထမ်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ ဥပဒေ စသည့် မွန်အမျိုးသား ၁၅ ဦး ပါဝင်သည်။

                                       ပါတီအဖွဲ့ဝင်တွေက ဘယ်လိုလူမျိုးတွေလဲ။

“အဖွဲ့ခေါင်းဆောင်ကကျနော်နိုင်ငွေသိန်း၊ဒုအဖွဲ့ခေါင်းဆောင်ကတိမွေးကုကဒေါက်တာနိုင်လှအောင်။ အများအားဖြင့် မွန်အမျိုးသားတွေ များတယ်။ ဒါပေမဲ့ နေရာစုံတယ်”

                                                      ပါတီ၏ မူဝါဒ

“ပါတီမူဝါဒကအချက်၇ချက်ရှိတယ်။အဓိကမူဝါဒ(၁)ပြည်သူတရပ်လုံး၏ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အပြည့်အဝရရှိစေရန်၊(၂)တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းချက်အပေါ်အခြေခံသောခိုင်မာသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုတည်ဆောက်ရန်၊(၃)စစ်မှန်သောပါတီစုံဒီမိုကရေစီနှင့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊(၄)စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းတည်တံ့ခိုင်မြဲရန်၊(၅) အဂတိလိုက်စားမှုနှင့်အကျင့်ပျက်ချစားများကိုတိုက်ဖျက်သွားရန်၊(၆)လူမှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်၊(၇)ငြိမ်းချမ်းသောကမ္ဘာ့လူနေမှုစနစ်ထွန်းကားလာရေးဆောင်ရွက်သွားရန်။ အဲဒါတွေပဲ”

                                     စီးပွားရေးအရ ဘယ်လိုမူဝါဒတွေလဲ။

“သင့်မြတ်လျော်ညီတဲ့လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကိုတည်ထောင်သွားမည်။ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများကြီးထွားလာအောင်ဆောင်ရွက်မည်။ခေတ်မီနည်းပညာဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်ဆိုတာကစက်မှုလုပ်ငန်းအဖြစ်ကို ရအောင် ဆောင်ရွက်မှာပေါ့။စက်မှုလုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်မှသာလျှင် တိုးတက်အောင်လုပ်နိုင်မှာပေါ့။ အခုအားမရစရာအကြောင်း ဖြစ်နေတာပေါ့”
“အခုစီးပွားရေးကသိပ်မပြောချင်ဘူး။တကယ့်မွန်ပြည်နယ်မှာရှိနေတဲ့လူတွေကနိုင်ငံခြားကိုသွားပြီး အလုပ်လုပ်တဲ့လူတွေရှိတယ်။လယ်ယာ၊ခြံမြေကရာဘာခြံတို့ကောင်းတယ်။သို့သော်လည်းပဲ ကူးသန်းရောင်းဝယ်ရေးမကောင်းတော့။လူတွေခပ်များများတော့နိုင်ငံခြားကိုသွားလုပ်နေကြတယ်။ လွတ်လပ်သော စီးပွားရေးဈေးကွက်အတိုင်း ရအောင် တောင်းဆိုသွားမှာပါ”

                                     ပါတီ ပြင်ဆင်မှု အခြေအနေနှင့် စည်းရုံးရေး အခြေအနေ

“ပါတီစည်းရုံးရေးကနည်းနည်းတော့ဆင်းနေပြီ။ရေး၊သံဖြူဇရပ်မြို့ပေါ်မှာလူတွေကိုခေါ်ပြီးတော့ တွေ့ကြရှင်းပြတယ်။ပါတီအကြောင်း၊ဘယ်နှယောက်ပါတဲ့အကြောင်းပါတီမူဝါဒတွေပေါ့နော်။ပါတီအင်အား၁ဝဝဝ ရှိရမယ်။ လွယ်ပါတယ် မခက်ပါဘူး”
“မော်လမြိုင်မြို့နယ်မနေ့ကမုဒုံသွားတယ်။ဟိုရွာ၊ဒီရွာက၁၂ယောက်၊၄ယောက်၊အဲဒီလိုစုပြီးတော့ ပါတီအကြောင်းတွေရှင်းပြတယ်။လူတော်တော်တက်တယ်။ဆရာတို့ကလည်းအတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ရှင်းပြတာပေါ့နော်။အခု ပါတီထောင်ခွင့် ရထားပြီး၊ သံဖြူဇရပ်မြို့ပေါ်တွေမှာ စည်းရုံးရေးဆင်းတယ်။မွန်ပါတီကတဖွဲ့ပဲဆိုတော့ လူတော်တော်များများ စိတ်ဝင်စားကြတယ်။ အခုလောလောဆယ်တော့ နည်းဥပဒေအရ လိုက်နာဆောင်ရွက်နေတယ်။ ပါတီရဲ့ မူဝါဒ ၇ ခုကိုလည်း ဟောပြောတယ်။ စည်းရုံးရေးဆင်းတယ်”
“အထူးရဲသတင်းတပ်ဖွဲ့တွေက သတင်းယူတဲ့လူတွေက အမြဲတမ်း လာနေတယ်။ ဆရာတို့က မွန်ဘာသာနဲ့ ပြောတယ်ဆိုတော့ သူတို့က ဘာတွေပြောလဲဆိုပြီး လာမေးတာတွေ ရှိတယ်ပေါ့နော်။ သူတို့ကို ပြန်ပြောပြလိုက်တယ်။ သူတို့ကလည်း သက်ဆိုင်ရာကို ဒီပါတီ ဘယ်နေရာမှာ ဆင်းသွားတယ်ဆိုပြီး ပြောပြရတယ်”

                                           ပါတီ၏ အဓိက ဘယ်မြို့မှာ အခြေစိုက်မလဲ။

“မော်လမြိုင်မှာယာယီရုံးတော့ဖွင့်ထားတယ်။ဒါပေမဲ့ရုံးခွဲတွေကတော့ဝင်ပြိုင်မယ့် မြို့နယ်တိုင်းမှာ ထားမယ်။ အခုတော့ကျနော်ကခေါင်းဆောင်ပဲရှိသေးတယ်။နောက်၃ရက်လောက်ဆိုပါတီတာဝန်တွေခွဲဝေတော့မယ်။ အဲဒီအခါ ကျနော်က ဘယ်တာဝန် ယူရမယ်ဆိုတာ သိမယ်။ အခုတော့ ခေါင်းဆောင်ပဲပေါ့နော်”

                                      ရွေးကောက်ပွဲမှာ ဘယ်လိုအတိုင်းအတာထိ ဝင်ပြိုင်မလဲ။

“အဓိကတော့မွန်တိုင်းရင်းသားများအများဆုံးနေထိုင်တဲ့မွန်ပြည်နယ်မှာမြို့နယ်၁ဝ၊ကရင်ပြည်နယ်၂ မြို့နယ်၊တနင်္သာရီတိုင်းတွင်၁မြို့နယ်၊ပဲခူးတိုင်းတွင်၁ မြို့နယ်၊ အားလုံးက ၁၅ မြို့နယ်မှာ ဝင်မယ်။ ပြည်ထောင်စုလွှတ်တော်၊ပြည်နယ်လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် အနည်းဆုံး တမြို့နယ်မှာ အမတ် ၄ ဦး ရှိမယ်”

                                               လက်ရှိ စီးပွားရေးကို ဘယ်လိုမြင်လဲ။

“စီးပွားရေးတခုလုံးကိုအစိုးရကချုပ်ကိုင်ထားတယ်။ဥပမာစပါးရောင်းဝယ်ရေးထားလိုက်ပါတော့ ကိုယ်ရောင်ချင်သလိုရောင်းလို့ မရဘူး။ အစရှိသဖြင့်ပေါ့နော်။ ထုတ်ကုန်တွေကို လွတ်လွတ်လပ်လပ်နဲ့ ရောင်းဝယ်ဖောက်ကားလို့ မရဘူးပေါ့နော်။အစိုးရကချုပ်ကိုင်ထားတာ ရှိတယ်။ အစိုးရနဲ့၊သူတို့ရဲ့ partaner တွေပေါ့။မြန်မာ့စီးပွားရေးအားလုံးကိုအစိုးရကချုပ်ကိုင်ထားတယ်၊သိတယ်မဟုတ်လား။ အခုအားလုံးလိုလိုကို ပုဂ္ဂလိကတွေကိုအပ်နေတယ်။ပုဂ္ဂလိကကိုအပ်မယ့်နေရာမှာတကယ်ဆိုတော့အမှန်အတိုင်းဆိုရင်ဥပဒေနဲ့ အပ်ရမယ်။အခုကတော့အပ်နေကြတာပဲ။ရန်ကုန်ဆိပ်ကမ်းဘာညာအပ်နေကြတာပဲ။နောက်ဆို ကျောင်းလည်း အပ်တော့မယ်ထင်တယ်။ဒါကတော့ကျနော်ထင်တာပေါ့နော်။ဆရာက ပညာရေးက လာတယ်ဆိုတော့ကျောင်းတွေသင်ကြားရေးနည်းစနစ်ကလည်းခေတ်မမီသေးဘူး။ခေတ်မမီသေးတဲ့ ထိုင်းနဲ့ စာရင်တောင် နောက် နှစ် ၂ဝ လောက် ဆိုရင်တောင် မီမှာမဟုတ်ဘူး”

                                                 ဘယ်လိုစီးပွားရေးမျိုး ဖြစ်ချင်လဲရှင့်။

“ချုပ်ကိုင်မှုမရှိတဲ့ကုန်သွယ်ရေးကိုပြောတာပါ၊ဗမာပြည်တပြည်လုံးပါ၊တိုင်းရင်းသားလူ့အခွင့်အရေး ဆုံးရှုံးနေတာကစီးပွားရေး၊လူမှုရေး၊နိုင်ငံရေး၊စာပေယဉ်ကျေးမှုအများကြီးပေါ့ကွာ။ စာပေယဉ်ကျေးမှုမှာတောင် တရားဝင်ဖွဲ့လို့မှ မရတာ”

၂ဝဝ၈ဖွဲ့စည်းပုံမှာတိုင်းရင်းသားတန်းတူရေးအာမခံချက်မပါဘူးလို့ပြောနေကြတယ်။ဘာ့လို့ ရွေးကောက်ပွဲဝင်ရတာလဲ။

“ရွေးကောက်ပွဲမဝင်ရင်တခြားနည်းလမ်းမရှိဘူးလေ။ရွေးကောက်ပွဲဝင်ပြီးတော့ဒါကိုပြင်ပေးပါ၊ ဒါကိုလွှဲပေးပါ၊ ဒါကိုလာလုပ်ပေးပါဆိုတာတွေပြောခွင့်ရှိတာပေါ့။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDရွေးကောက်ပွဲမဝင်ဘူး၊ မွန်ပြည်သစ်ပါတီကလည်းပြည်သူ့စစ်လက်မခံတော့မွန်အမျိုးသားတွေကအစည်းအဝေးကိုခေါ်ပြီးတော့ လုပ်ကြတာ။ အစည်းအဝေးကနေ ခေါင်းဆောင်လုပ်ပေးပါဆိုတော့ ဝင်လုပ်လိုက်တာပဲ”

                                           ၂ဝဝ၈ ဖွဲ့စည်းပုံအပေါ် အမြင်

“ဖက်ဒရယ်ဝါဒကို နိုင်ငံတော်က ပယ်လည်း မပယ်ချဘူး။ အသိအမှတ်လည်း မပြုဘူးလေ။ သို့သော်လည်းပဲ အခြေခံ ဥပဒေ ထွက်လာတော့လည်း ဒါတွေ မပါဘူးလေ။ ဒီဖယ်ဒရယ်ဝါဒကို အစိုးရက လက်မခံဘူးလေ”

                                            မွန်ပြည်သစ်ပါတီအပေါ် အမြင်

“အကြမ်းဖျင်းသိထားတာက အစိုးရရဲ့ ကမ်းလှမ်းတာကို သူတို့က လက်မခံဘူးလေ။ ပြန်ထွက်ကြတယ်လေ။ လက်နက်ကိုင်အဖွဲ့ရဲ့ရပ်တည်ချက်၊သူတို့standကိုမဝေဖန်ချင်ဘူး။သုံးသပ်လို့လည်းမရဘူး။သူတို့ကလည်း ဒီလိုလုပ်သင့်တယ်ထင်ပြီးလုပ်နေတာပဲလေ။အန်ကယ်တို့အနေနဲ့ကတော့လက်ခံရေး၊ လက်မခံရေးဆိုတာကအမျိုးသားရေးအခန်းကဏ္ဍနဲ့ပတ်သက်ပြီးပေးရမယ်ဆိုရင်တော့ခုနပြောတဲ့ တန်းတူရေး၊စစ်မှန်တဲ့နည်းနဲ့သွားမှာပါ။သူတို့လည်းဒီရည်ရွယ်ချက်ရှိမယ်လေ။သို့သော် လက်နက်မအပ်နိုင်တဲ့ သဘောမျိုး ဖြစ်တာပေါ့”

                                          ယခုရွေးကောက်ပွဲ ရလဒ်အပေါ် အမြင်

“စစ်မှန်သည်ဖြစ်စေ၊မစစ်မှန်ဖြစ်စေ၊လူတွေခန့်မှန်းပြီးပြောနေကြတာလေ။ဆရာတို့ကတော့ ဘာပဲဖြစ်နေဖြစ်နေ၊ ဝင်ပြိုင်မှာပဲ။ ဆရာတို့က ရိုးရိုးသားသား၊ အေးအေးဆေးဆေးပဲ ဝင်ပြိုင်မယ်”

                                 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ချက်အပေါ် အမြင်

“သူတို့ ရပ်တည်ချက်နဲ့ သူတို့ လုပ်နေတာ။ သူ့အခြေအနေနဲ့ နေတာ ဆရာတို့က မဝေဖန်ချင်ဘူး”

                                                ရွေးကောက်ပွဲတွင် အနိုင် ရမရ

“အခုလောလောဆယ်တော့ မွန်တွေ စုစည်းတဲ့ နေရာတွေမှာဆိုရင် အနိုင်ရဖို့ အနေအထား ရှိတာပေါ့။ နိုင်မယ်လို့ မျှော်လင့်တာပေါ့နော်။ အမတ်ဖြစ်ရင်တော့ ဖြစ်မယ်။ အာဏာတော့ မရနိုင်ဘူး”

မွန်ပြည်သစ်ပါတီကနုတ်ထွက်သွားတဲ့ခေါင်းဆောင်၃ဦးကဆရာတို့ပါတီထဲဝင်ဖို့ပြောဆိုလာတာ ရှိလား။

“နုတ်ထွက်သွားတဲ့လူတွေကိုအန်ကယ်တို့စည်းမျဉ်း၊မူဝါဒတွေကိုတသွေမတိမ်းလိုက်နာမယ်ဆိုရင် ဘယ်သူမဆိုပါနိုင်ပါတယ်။ဒါပေမဲ့နိုင်ချမ်းသွဲ့ကတော့အန်ကယ်တို့နဲ့မတွေ့ဆုံရသေးဘူး။ သူဝင်လာမယ်ဆိုရင်တော့လက်ခံရမှာပေါ့။သူ့ပါတီကနေထွက်ပြီဆိုရင်ပေါ့နော်။သူတို့ကလည်း ပါတီဝင်မယ်ဆိုပြီး ချဉ်းကပ်တာ မရှိဘူး”



နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား

ရဲဘော်ဖိုးသံချောင်း/၁၅ဇွန်၂၀၁၀
နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက်ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းမှာ နအဖဗိုလ်ချုပ်တွေ ခံစစ်အနေအထားကနေ မပြောင်းနိုင်တဲ့အပြင် ပိုလို့တောင် နစ်လာနေတဲ့သဘောပါ။ မြွေပူရာကင်းမှောင့်တာလေလား။ ကောက်ကောက်ကျစ်ကျစ် လုပ်တယ်ဆိုတာမှာ အမြဲ အဆင်မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။
နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီးလုပ်မယ်စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာအတွေးအခေါ်နဲ့ နျူကလီးယားဗုံးကိုပိုင်ဖို့ လုပ်တယ်ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလိုဖြစ်ရုံမက တန်ပြန်ဆိုးကျိုးတွေ ထွေးရောဥပဒ်ပါ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့လုပ်နေတဲ့ နိုင်ငံခြားရေးဝါဒအောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာရပါတော့မယ်။
ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုးခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ်တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာကိုယ်တိုင်ကြေညာထားတဲ့ လက်နက်ချတယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက်ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ်ဆိုတာကိုသိလို့ ပူပန်တာလား၊ မသိချင်ဟန်ဆောင်ပြီး ပူရုပ်ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှသိမှာပါ။ နိုင်ငံ့အာဏာကို အကြိမ်ကြိမ်သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့စစ်တပ်ဟာ အာဏာလွှဲပြောင်းရေးမှာအဖုအထစ်ဖြစ်နေရင်လုယူမှာသာဖြစ်တယ်၊သူတို့အတွက် ဘာမှမချောမွေ့စရာမရှိဘူး။၂ဝဝ၈ဖွဲ့စည်းပုံကလည်းသူတို့ကိုရှောရှောရှူရှူ အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာကိုအဲဒီကပ်ပါးကလောင်ရှင်မေ့နေဟန်တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေကဒီရွေးကောက်ပွဲမှာဘယ်သူနိုင်မလဲဆိုတဲ့မေးခွန်းမျိုးကိုမေးလာရင် အညံ့စားဟာသတခုကိုထုတ်လာတယ်လို့ပြောရမယ့်အခြေအနေဖြစ်ပါတယ်။ဗေဒင်မေးနေရင်ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။
သူ့လိုပဲနအဖရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပူပင်နေကြတာတွေအထဲမှာရွေးကောက်ပွဲဟာ လုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လိုလူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော်ကြောဖက်မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကိုအရှက်ပြေဖုံးကွယ်ဖို့အတွက် နအဖဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည်တံခါးဝ ရောက်ကာမှ ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ သူတို့လိုလူတွေအတွက်တော့ နအဖကတရားမဝင်တဲ့နည်းနဲ့(၁ဝ)လ(၁ဝ)ရက်မှာရွေးကောက်ပွဲကျင်းပမယ်လို့ လေလည်ပေးလိုက်ပါတယ်။
အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထားသူတွေက အချိန်ဆွဲတာ၊ အချိန်ကစားတာတွေ ပိုပြီးလုပ်နိုင်ပါတယ်။ နအဖသက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင်အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစညအဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ထင်ထားတာထက် ပိုကောက်လိမ့်မယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာတာနဲ့အမျှပါတီဝင်သန်းနဲ့ချီရှိပါတယ်လို့ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့်ငွေအတွက် အတော်လေးစဉ်းစားနေတဲ့သဘောကိုတွေ့နေရပါတယ်။ဖဆပလအဆက်နု-ဆွေ-ငြိမ်း သမီးတွေဆိုရင်လည်းအသံသိပ်မထွက်နိုင်တော့ပါဘူး။သူတို့အနေနဲ့စည်းစိမ်အပြုတ်ခံပြီး ကြံ့ဖွံ့ကိုရင်ဆိုင်ဖို့ဆိုတာကို နှစ်ခါမကပြန်စဉ်းစားနေရပါပြီ။ဒီနေ့အခါမှာသူတို့နည်းတူပဲ“ပြည်ပက အထောက်အပံ့မှတပါးအခြားအားကိုးစရာမရှိပြီ”ဖြစ်နေတဲ့ရွေးကောက်ပွဲရူးနေသူတွေမနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့လှည်းတုတ်အကြားမှာ ဒုက္ခတွေ့နေကြတယ်လို့ဆိုရင် မမှားပါဘူး။

ဒီလိုအချိန်မှာနအဖဟာလက်နက်ကိုင်တပ်နောက်ခံမရှိတဲ့တိုင်းရင်းသားပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်တွေဖောခြင်းသောခြင်းထုတ်ပေးနေတာတွေ့ရပါတယ်။သူတို့ဘာလို့ ဒီလိုပေးတယ်ဆိုတာကတော့ရှင်းပါတယ်။နံပါတ်တစ်ကနအဖစစ်အစိုးရဟာတိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊နေရာပေးလိုကြောင်းအသားယူချင်လို့ဖြစ်ပါတယ်။တိုင်းရင်းသား ပြဿနာနဲ့ပတ်သက်လို့နာမည်ပျက်လှတဲ့အနေအထားကိုတစုံတရာဖာထေးလို့ရလိုရငြား စဉ်းစားပြီးလုပ်တာဖြစ်ပါတယ်။နံပါတ်နှစ်ကတချို့တိုင်းရင်းသားပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲထားတာကိုဖုံးကွယ်နေအောင်လုပ်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာမဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာနေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ ကံကောင်းမှဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့်ကိစ္စကို နအဖစစ်ဗိုလ်တွေက လိုလိုလားလားခွင့်ပြုနေတာဟာ ဘာမှမဆန်းပါဘူး။
တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခုမဟုတ်ပါဘူး။ တိုင်းပြည်ကိုတကယ်တမ်းအုပ်ချုပ်မှာက“စစ်ရေးအမြင်ရှိတဲ့”သမ္မတနဲ့လွှတ်တော်အတွင်းရှိ စစ်တပ်ကိုယ်စားလှယ်အစုကရွေးတင်လိုက်တဲ့ဒုသမ္မတတို့သာဖြစ်ပြီး ဒီလွှတ်တော်ဆိုတာက အဲဒီသမ္မတ နှစ်ယောက်ပြောတာတွေကိုအတည်ပြုပေးတဲ့အလုပ်ပဲလုပ်ရမှာဖြစ်ပါတယ်။ပိုတိကျအောင်ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာဖြစ်ပါတယ်။၂ဝဝ၈ဖွဲ့စည်းပုံဥပဒေရဲ့အခန်း(၅)မှာဒီသမ္မတဆိုသူကို လွှတ်တော်မဖြတ်သန်းဘဲလုပ်ပိုင်ခွင့်တွေအများကြီးပေးထားပါသေးတယ်။စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလိုသမ္မတက လွှတ်တော်ကို အတည်ပြုခိုင်းတယ်ဆိုရင် ဘယ်သူကဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလိုလွှတ်တော်မျိုးမှာ ကိုယ်စားလှယ်လုပ်ရတယ်ဆိုတာဟာတိုက်ကြက်အတွက် အနာခံလေ့ကျင့်ပေးရတဲ့ခွပ်လက်ခံကြက်ဘဝလောက်တောင်မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာဖြစ်ပါလိမ့်မယ်။တနည်းအားဖြင့်ကျွန်တွေရလေ့ရှိတဲ့လှုပ်ရှားခွင့်စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။တကယ်တော့လူတချို့ဟာအမေရိကန်သံရုံးရှေ့မှာဆန္ဒပြခွင့်ရတဲ့စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။

maandag 14 juni 2010

နယ်ခြားစောင့်တပ်ပြောင်းရေးဖိအားလျော့သွား

သန်းထိုက်ဦး Monday,June14,2010
.နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့်ပတ်သက်ပြီးအပစ်အခတ်ရပ်စဲထားသောတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့ကိုစစ်အစိုးရအာဏာပိုင်များကဖိအားပေးမှုများလျော့နည်းသွားကြောင်းစစ်ရေး လေ့လာသူများက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သောဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)နှင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)တို့ကိုယခုလဆန်းပိုင်းမှစတင်၍ဖိအားပေးမှုများလျော့နည်းသွားခြင်း ဖြစ်သည်။
KIOအဖွဲ့မှတာဝန်ရှိသူတဦးကစစ်အစိုးရကနယ်ခြားစောင့်ကိစ္စနှင့်ပတ်သက်၍ဖိအားပေးမှုများ မရှိတော့ကြောင်း ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့နယ်ခြားစောင့်တပ်ကိစ္စဖိအားပေးမှုများလျော့နည်းသွားရခြင်းသည်တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင် မြန်မာပြည်သို့သွားရောက်ခဲ့သော၂ရက်ကြာခရီးနှင့်ပတ်သက်နိုင်သည်ဟုလည်းစစ်ရေး လေ့လာသူများက ပြောဆိုနေကြသည်။
ထိုင်းနိုင်ငံအခြေစိုက်ကချင်သတင်းစဉ်မှအယ်ဒီတာလဖိုင်နော်ဒင်းက“တရုတ်အစိုးရကနအဖကိုရောUWSAနဲ့KIO တို့ရောဝမ်ကျားပေါင်မသွားခင်သီးသန့်တွေ့ခဲ့တာတွေလုပ်ခဲ့ပါတယ်”ဟုပြောသည်။
လွန်ခဲ့သည့် မတ်လက UWSA ဒေသများတွင် စစ်ဖြစ်မည်ဟု ထင်မြင်ချက်များကြောင့် နေရပ်များသို့ ပြန်သွားကြသော စစ် အစိုးရ ၀န်ထမ်းများသည် ယခုလတွင် လူဦးရေ ၃၀ ခန့် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
ယင်းဒေသတွင်ကျောင်းဆရာ၊ဆရာမနှင့်ကျန်းမာရေးဝန်ထမ်းများအပါအ၀င်လူဦးရေ၂၀၀ခန့်ရှိပြီး အများစုမှာUWSA၏ဆက်ဆံရေးဌာနသို့တရားဝင်ဆက်သွယ်၍ ပြန်ကြသူများသာ ပြန်လာကြသည်ဟု ၎င်းက ဆိုသည်။
တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်သည်၂၀၁၀ရွေးကောက်ပွဲအပါအ၀င်တိုင်းရင်းသားအရေးကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်၌ ယခုလ ၃ ရက်နေတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး အတွက် တရုတ် ၀န်ကြီးချုပ်က စစ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့ ကြောင်း လည်း သံတမန် အသိုင်းအ၀န်းမှ သိရသည်။
အစိုးရပိုင် သတင်းစာများတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံ တကာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံအတွက် အလေးထား ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြောင်း ဖော်ပြခဲ့ သည်။
တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိသဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။
ထို့အပြင် KIOကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ကချင်လူကြီးပိုင်းများကလာရောက်စည်းရုံးမှုများပြုလုပ်ခဲ့ကြောင်းလည်းKIOတာဝန်ရှိသူတဦးက ပြောသည်။
“ပစ်တာ ခတ်တာကတော့ မကောင်းဘူး၊ ၁၆ နှစ် ငြိမ်းချမ်းခဲ့ပြီးပြီ၊ အဲဒီတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်၊ ငြိမ်းချမ်းဖို့ အတွက် ဖြေရှင်း စေချင်ပါတယ်၊ အဲဒါ လာပြောတယ်”ဟု ၎င်းက ဆိုသည်။
ဤအတောအတွင်းကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)အဖွဲ့ခေါင်းဆောင် ဦးစခုန်တိမ်ယိန်းတို့ကလည်းအစိုးရညွှန်ကြားထားသည့်အတိုင်းလိုက်နာရန်အကြံပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
စစ်အစိုးရကအပစ်ရပ်တပ်ဖွဲ့များကိုနယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက်၂၀၀၉ခုနှစ် ဧပြီလကတည်းကစတင်ခဲ့သော်လည်းယခုအချိန်အထိNDA-K၊ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။
စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

နိုင်ငံရေးပါတီရုံးများဆိုင်းဘုတ်တင်ခြင်းနှင့်စည်းရုံးခြင်းလုပ်ငန်းများစတင်

နရီလင်းလက် Monday, June 14, 2010
.ရွေးကောက်ပွဲဝင်မည့်နိုင်ငံရေးပါတီအများစုပါတီဆိုင်းဘုတ်တင်ခြင်းနှင့်ရုံးချုပ်ဖွင့်လှစ်ကာစည်းရုံးခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဌဦးအေးလွင်က“မန္တလေး၊စစ်ကိုင်း၊ ပုသိမ်ဘက်တွေမှာစည်းရုံးရေးတွေဆင်းပြီးစလှုပ်ရှားနေပါပြီ။ပါတီဝင်ကြေး၅၀၀ကျပ်၊လစဉ်ကြေးက တလကို ၁၀၀ ကျပ်သတ်မှတ်ထားတယ်”ဟုပြောသည်။
လက်ရှိနိုင်ငံရေးပါတီများအနေနှင့်၁၉၉၀ရွေးကောက်ပွဲကာလကကဲ့သို့မဲဆွယ်စည်းရုံးရေးဆင်း လုပ်ငန်းများ ပြုလုပ်ရန် အချိန်ဇယားမထွက်သေးသဖြင့်အချိန်ခန့်မှန်းရခက်ခဲနေခြင်း၊စစ်အုပ်ချုပ်ရေးလက်အောက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်နေသောကြောင့်ပြည်သူလူထုမှာနိုင်ငံရေးနှင့်ကင်းကွာမှုများနေသဖြင့် စည်းရုံးရ ခက်ခဲခြင်းတို့ ကြုံတွေ့နေရသည်ဟု ဦးအေးလွင်ကပြောသည်။
၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)နှင့်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီနှစ်ခုပေါင်းပြီးအမှတ်၁၆၉၊ပထမထပ်၊အမှတ်(၁)ရပ်ကွက်၊အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ် ဆင်ရေတွင်း မှတ်တိုင်အနီးတွင် ရုံးချုပ် ဖွင့်လှစ်ထားသည်ဟု သိရသည်။
“ဇွန်လ ၂၀ ရက်နေ့ကျရင် စစ်ကိုင်းတိုင်းမှာ တိုင်းရုံး ဖွင့်ဖို့ ရှိတယ်” ဟု ဦးအေးလွင်က ဆက်ပြောသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌဦးဖြိုးမင်းသိန်းကလည်း“ဇွန်၁ရက်နေ့ကစပြီး ရက်ပေါင်း ၁၀၀ စီမံချက်နဲ့ မန္တလေး၊စည်းရုံးရေးဆင်းနေတယ်။မန္တလေး၊မကွေး၊စစ်ကိုင်းတိုင်းတိုင်း၃တိုင်းအတွက်မန္တလေးရုံးချုပ်က တာဝန်ယူပြီးစည်းရုံးရေး ဆင်းမယ်။ဦးရွှေအုန်းကတာဝန်ယူပြီးတောင်ကြီးမှာရုံးခွဲတွေဖွင့်မယ်”ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင်မှဝင်ရောက်ယှဉ်ပြိုင်မည့်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအမည်စာရင်းကို မည်သည့်ရက်တွင်တင်သွင်းရမည်ဆိုသည်နှင့်ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ပါတီများတည်ထောင်ရသည့်အချိန်ကာလနည်းပါးသောကြောင့် နိုင်ငံရေးပါတီများအနေနှင့် ပြင်ဆင်ချိန်ကာလ မလုံလောက်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီရုံးချုပ်ကိုအမှတ်၂၃၄၊ပထမထပ်/ယာ၊ကျိုက္ကဆံလမ်းမ၊ တာမွေမြို့နယ်တွင်ဖွင့်လှစ်ထား သည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အတွင်းရေးမှူး ဦးနေမျိုးဝေက “စည်းရုံးရေးကို အပိုင်း ၃ ပိုင်းနဲ့ ဆင်းတယ်။ အပိုင်း ၁ က သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ စုဆောင်းဖို့။ အဲဒါကတော့ ၁၀၀၀ ကျော်သွားပြီ ဖြစ်တဲ့အတွက်ပထမပိုင်းပြီးသွားပါပြီ။ကိုယ်စားလှယ်ရှာဖွေတဲ့အပိုင်းနဲ့ပါတီအယူအဆ သဘောထားတွေကို ပြန့်ပွားစေတဲ့ အပိုင်းတွေကတော့ဆက်လုပ်နေတုန်းပါ ”ဟုပြောသည်။
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီအနေနှင့်ဘိုကလေးမြို့နယ်မှပါတီဝင်ဦးရေ၁၀၀၀ကျော်ရရှိထားပြီး ဇွန်လ ၁၉ ရက်နေ့တွင် ဘိုကလေးမြို့နယ်တွင် ပါတီရုံးခွဲဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
“ပါတီဝင်ကြေးလုံးဝမကောက်ပါဘူး။ပြည်သူတွေကနိုင်ငံရေးပါတီဆိုတာနဲ့ကြောက်လန့်နေကြတော့ ဒါကိုအရင်ပျောက်အောင်လုပ်နေရတယ်။ဘိုကလေးမှာစည်းရုံးရေးဆင်းလို့ရတယ် ဆိုတာကလည်း ကျနော်ရေးထားတဲ့ဆောင်းပါးတွေ၊အင်တာဗျူးတွေ၊မိတ္တူကူပြီးဖြန့်တဲ့နည်းနဲ့လုပ်ထားလို့၊မဟုတ်ရင် မလွယ်ဘူး။ ရုံးချုပ်ရှိတဲ့ မင်္ဂလာဒုံမှာတောင်ပါတီဝင်၁၄၊၁၅ယောက်ပဲရှိတယ်”ဟု ဦးနေမျိုးဝေက ပြောသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ကို အမှတ် ၂ /၂၃၂၊ မဟော်ဂနီလမ်း၊ ထောက်ကြံ့ တိုးချဲ့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

အသင်းကြီးများပရိသတ်ခန့်မှန်းချက်အတိုင်းဖြစ်မလာသေး

ဧရာဝတီMonday,June14,2010
.၁၉ကြိမ်မြောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲစတင်ခဲ့သည်မှာ၃ရက်ရှိပြီဖြစ်သည်။အိမ်ရှင်တောင်အာဖရိက အသင်းနှင့်ပွဲစဉ်များစတင်ဖွင့်လှစ်ခဲ့ရာယနေ့ဆိုလျှင်အုပ်စု(င)ဥရောပ နာမည်ကြီး အသင်းဖြစ်သည့် နယ်သာလန်၊အုပ်စု(စ)မှလက်ရှိချန်ပီယံအီတလီအသင်းတို့လည်းပွဲဦးထွက်ပွဲစဉ်များကို ကစားကြရတော့မည်။
ယခုနှစ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များတွင်ဗိုလ်စွဲမည်ဟုရေပန်းစားခဲ့ကြသည့် နာမည်ကြီး ဘောလုံးအသင်းကြီး တချို့လည်းထင်သလောက်ခြေစွမ်းမပြနိုင်သကဲ့သို့အုပ်စုမှမကျွတ်နိုင်ဟုထင်မှတ်ထားသော အသင်းများလည်း နိုင်ပွဲရခဲ့သည်။
ဂျာမနီအသင်းအလယ်တန်းလူရှဝိန်စတိုက်ဂါသြစတြေးလျအသင်းဘက်သို့ဘောလုံးကန်တင်နေစဉ် (ဓာတ်ပုံ-GettyImages)
ဗိုလ်စွဲရန်ရေပန်းမစားသည့်ဂျာမနီအသင်းသည်တိုက်စစ်ဖြင့်အစွမ်းကုန်ဖွင့်ပြီးပြိုင်ဘက်ကိုဂိုးပြတ် အနိုင်ယူကာပရိသတ်အတွက်ဘောလုံးရသပေးနိုင်ခဲ့သကဲ့သို့အာရှမှတောင်ကိုရီးယားအသင်း ကလည်း ဥရောပ၏၂၀၀၄ခုနှစ်ယူရိုချန်ပီယံဂရိအသင်းကိုအံ့ဖွယ်ခြေစွမ်းပြ၍၂ဂိုးပြတ်ဖြင့်အဖိုးတန်အမှတ် သုံးမှတ်ယူကာ ဇယားထိပ်ရှိ အာဂျင်တီးနား အသင်းအထက်တွင် နေရာယူ ထားနိုင်ခဲ့သည်။
ပြီးခဲ့သည့်၂၀၀၆ခုနှစ်ဂျာမနီကမ္ဘာ့ဖလားတွင်အီတလီအသင်းကိုပင်နယ်တီဖြင့်ရှုံး၍ဒုတိယဖြင့် ကျေနပ်ခဲ့ရသည့် ပြင်သစ် အသင်းသည်လည်း ပွဲဦးထွက်တွင် တယောက်လျော့နေသည့် ဥရုဂွေးအသင်းကို အသာစီးမယူနိုင်ဘဲ ဂိုးမရှိ သရေဖြင့်သာ အမှတ် ၁ မှတ်စီ ခွဲယူကာ ကျေနပ်ခဲ့ရသည်။
လက်ရှိ ပြင်သစ်အသင်း အခြေအနေမှာ ကွင်းလယ်တွင် ဖန်တီးရှင် ဇီဒန်းကဲ့သို့ ဘောလုံးသမား မပါ ၀င်တော့ သကဲ့သို့ ဂေါ့ကပ်ဖ်မှာလည်း ထင်သလောက် အလုပ်မဖြစ်ပေ။ တောင်ပံကစားသမား ရီဘာရီ လည်း ပြီးခဲ့သည့် ပွဲတွင် ဥရုဂွေး နောက်တန်း၏ ထိန်းချုပ်ခြင်း ခံထားရသည်။
ရှေ့တန်းတွင်အနယ်လ်ကာနှင့်အွန်နရီသည်လည်းထင်သလောက်အလုပ်မဖြစ်ခဲ့ပေ၊လာမည့် ဒုတိယပွဲစဉ်တွင်ပြင်သစ်အသင်းအနေဖြင့်မက္ကဆီကိုအသင်းကိုအနိုင်ကစားနိုင်မှသာအုပ်စုမှ ကျွတ်မည်ဖြစ်သည်။တတိယပွဲတွင်အိမ်ရှင်တောင်အာဖရိကအသင်းနှင့်တွေ့ဆုံမည်ဖြစ်၍ပြင်သစ်အတွက် မလွယ်ကူပေ။
“ဘုရားပေးသောလက်”ပိုင်ရှင်နည်းပြမာရာဒိုနာ၏ဗိုလ်စွဲမည်ဟုရေပန်းစားနေသည့်အာဂျင်တီးနားအသင်းသည် နိုင်ဂျီးရီးယားကိုအနိုင်ယူပြီးပွဲဦးထွက်လှခဲ့သော်လည်း ကစားပုံမှာအကောင်းဆုံးအခြေအနေ မရှိသေးပေ။
ပြီးခဲ့သည့်ရက်ပိုင်းကနိုင်ဂျီးရီးယားနှင့်ပွဲတွင်၎-၃-၃ပုံစံဖြင့်တိုက်စစ်မှာမက်ဆီ၊ဟီဂွါရင်၊တဲဗက်ဇ်တို့၃ ယောက်တွဲပြီးပွဲထွက်ခဲ့သည်။ကွင်းလယ်တွင်ဝါရင့်ကစားသမားဗီရွန်၊မာရှေယာနိုနဲ့ဒီမာရီယာတို့ကစားခဲ့ပြီး နောက်တန်းတွင် ဂူတီယာရက်ဇ်၊ ဒီမစ်ချယ်လီ၊ ဝေါလ်တာ ဆင်မြူရယ်နှင့် ဟိန့်ဇီတို့ ကစားခဲ့ကြသည်။
အာဂျင်တီးနားအသင်းသည်ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာအကောင်းဆုံး ချိတ်ဆက်နိုင်မှုမရှိခဲ့သည့်အပြင် ရှေ့တန်းတွင်ဟီဂူအင်နှင့်တဲဗက်ဇ်တို့ပုံမှန်ခြေစွမ်းမရခဲ့ပေ။အသင်းလိုက်စုစည်းမှုအားနည်းခဲ့ပြီးတိုက်စစ်မှူး မက်ဆီ အနေဖြင့်လည်း တကိုယ်တော် ထိုးဖောက်မှုများကိုသာ ပြုလုပ်ခဲ့သည်။
အထူးသဖြင့် အာဂျင်တီးနားကွင်းလယ်လူ ဗီရွန်လည်း တိကျသေသပ်သည့် ဘောလုံးပေးပို့မှုမျိုး မလုပ်နိုင်သည့်အတွက် ဘောလုံး အပျက်များပြီး ကွင်းလယ်ကစားကွက် မစိုးမိုးထားနိုင်သောကြောင့် နိုင်ဂျီးရီးယားအသင်း ၏ အပြန်အလှန် ထိုးဖောက်ခြင်းကို ခံခဲ့ရ သည်။
အာဂျင်တီးနားခံစစ်ကစားပုံမှာလည်းတည်ငြိမ်မှုလိုနေသေးသကဲ့သို့အထူးသဖြင့်ခံစစ် တောင်ပံနှစ်ဘက်သည် နိုင်ဂျီးရီးယား အသင်း ၏ တိုက်စစ်ကို ထိန်းချုပ်နိုင်ရန် ပိုမိုကြိုးစားခဲ့ရသည်။
လက်ရှိအခြေအနေတွင်အာဂျင်တီးနားအသင်းအနေဖြင့်သုံးမှတ်ရယူထားသော်လည်းဂိုးအရေအတွက် အသာဖြင့်ဇယားထိပ်ဆုံးတွင်နေရာယူထားသည့်တောင်ကိုရီးယားအသင်းကိုအုပ်စုဗိုလ်နေရာအတွက် အနိုင်ကစားနိုင်မှသာ ဖြစ်ပေမည်။
အဆိုပါအုပ်စုတွင်တောင်ကိုရီးယားအသင်းသည်လည်းမထင်မှတ်ဘဲယူရို၂၀၀၄ချန်ပီယံဂရိအသင်းကို ပွဲစလျှင်စချင်း၆မိနစ်တွင်အလွတ်တည်ကန်ဘောဖြင့်လီဂျန်ဆူးကအဖွင့်ဂိုးစတင်သွင်းယူခဲ့ပြီး ၅၁ မိနစ်တွင် မန်ယူအသင်းသားပက်ခ်ဂျီဆန်ကကွင်းအလယ်စက်ဝိုင်းမှနေ၍ဂရိနောက်တန်းလူများကို ဖြတ်ကျော်လိမ်ခေါက်ပြီး ဒုတိယ မြောက်ဂိုး ကို သွင်းယူ၍ အဖိုးတန် အမှတ် ၃ မှတ်ကို ရယူခဲ့သည်။
တောင်ကိုရီးယားအသင်းကိုသရေကစားခဲ့လျှင်ရှုံးထွက်အဆင့်ကိုတက်ရန်အလှမ်းကွာဝေးခြင်း မရှိတော့ပေ။
၂၀၁၀ကမ္ဘာ့ဖလားတွင်ဗိုလ်စွဲမည်ဟုတစ်ပေးခြင်းခံရသည့်နာမည်ကျော်နည်းပြကာပယ်လို၏အင်္ဂလန် အသင်းသည်အမေရိကန်အသင်းကို၁ဂိုးစီသရေကျခဲ့ခြင်းဖြင့်နည်းပြ၏လူရွေးချယ်ပုံ မတည်ငြိမ်သေးသည်ကို ထိုပွဲတွင် ပြသခဲ့သည်။
ခံစစ်မှာဂျွန်ဆင်၊လက်ဒလေကင်း၊တယ်ရီ၊အက်ရှ်လေကိုးတို့ကိုပွဲထုတ်ခဲ့သော်လည်းဒုတိယပိုင်းတွင် လက်ဒလေကင်းကိုကာရေဂါနှင့်အစားထိုးခဲ့ပြီးကွင်းလယ်တွင်ဂျရတ်နှင့်လမ်းပတ်၊တောင်ပံနှစ်ဘက်တွင် လင်နွန်နှင့် မီလ်နာတို့ဖြင့် ပွဲထွက်ခဲ့ သည်။
ပွဲစလျှင်စခြင်းအသင်းခေါင်းဆောင်စတီဗင်ဂျရတ်၏ဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်းအင်္ဂလန်အသင်း ကစားပုံမှာအားရစရာမကောင်းဘဲအမေရိကန်၏ကစားကွက်အောက်မှာကစားကွက်တည်မရဘဲ ဖြစ်နေခဲ့သည်။
ညာတောင်ပံကလင်နွန်ပုံမှန်ခြေစွမ်းပြနိုင်ပြီးအသင်းခေါင်းဆောင်ဂျရတ်သည်လည်း တကွင်းလုံးလိုက်ကစားခဲ့ရာ ဒုတိယပိုင်း ကုန်ခါနီးမှာတော့ ပုံစံကျသွားခဲ့သည်ကို တွေ့ရသည်။
လမ်းပတ်၊ တယ်ရီ၊ ရူနီ၊ ဟက်စကီး တို့သည်လည်း ပုံမှန် အနေအထားသာ ကစားနိုင်ခဲ့ပြီး အသင်းလိုက် ချိတ်ဆက်မှု အပိုင်းတွင် အားနည်း နေခဲ့သည်။
အင်္ဂလန်အသင်း၏အဓိကပြဿနာမှာအတွေ့အကြုံရှိသည့်ဂိုးသမားမရှိခြင်းပင်ဖြစ်သည်။ နည်းပြကာပယ်လိုရွေးချယ်သည့်ဂိုးသမားများသည်ချန်ပီယံလိဂ်ကဲ့သို့သောပွဲကြီးများကို ကစားဖူးခြင်းမရှိသည့်အတွက်အဆင့်မရှိကြောင်းကိုစပိန်ဂိုးသမားကားဆီးလက်စ်ကလည်း ပြောဆိုခဲ့သကဲ့သို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးကလည်း အင်္ဂလန်အသင်းသည် ယခုရွေးချယ် သည့် လူများနှင့်မှ ဖလားမရလျှင် နောင်ဘယ်သောအခါမှ ရတော့မည်မဟုတ်ဟု ဝေဖန်ထားသည်။
အင်္ဂလန်အသင်းသည် အုပ်စု ပထမအနေဖြင့် ရှုံးထွက် အဆင့်ကို တက်ရောက်မှသာလျှင် တဘက်အုပ်စုမှ တက်လာမည့် အသင်း ကြီးများကို ရှောင်နိုင်ပေမည်။ လက်ရှိခြေစွမ်းနှင့်ဆိုလျှင် ချန်ပီယံဖြစ်မည်ဟု ပြောရန် စောသေးသည်။
လက်ရှိ အခြေအနေတွင် အစဉ်အလာကြီးသည့် ဘောလုံးအသင်းကြီးများတွင် ဂျာမနီအသင်း တသင်းသာ သြစတြေးလျအသင်း ကို ၄ ဂိုးပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သေးသည်။
ရှေ့တန်းတွင်ဝါရင့်တိုက်စစ်မှူးကလိုဆေး၊ပိုဒေါ့စကီး၊သော့မတ်စ်မူလာတို့နှင့်အလယ်တန်းလူရှဝိန်းစတိုက်ဂါ၊ အိုဇေး တို့၏တွဲလုံးများသည်တဘက်အသင်း၏ဂိုးပေါက်ကိုအဆက်မပြတ်ခြိမ်းခြောက်နိုင်ခဲပြီး နောက်တန်းမှ ဖိလစ်လမ်းဦးဆောင်သည့်ဖရက်ဒရစ်၊မာတီဆက်ကာတိုကလည်းခံစစ်တွင်သာမကတိုက်စစ်ကိုပါ လိုက်ပါကစားသွားသည်ကို သြစတြေးလျနှင့်ပွဲတွင် တွေ့ရသည်။
လက်ရှိအခြေအနေတွင်မူဂျာမနီအသင်းသည်ဂိုးမှအစရှေ့နောက်အလယ်အားလုံးအချိတ်အဆက်မိမိနှင့် ကစားသွားနိုင် သည်။
ယနေ့တွင် ဥရောပ အသင်းကြီးဖြစ်သည့် နယ်သာလန်နှင့် ဒိန်းမတ်၊ လက်ရှိ ချန်ပီယံ အီတလီအသင်း နှင့် ပါရာဂွေး အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ရာ အီတလီအသင်းနှင့် နယ်သာလန်အသင်းတို့၏ ခြေစွမ်းကို ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။
အောင်ကောင်းသက်နှင့် ကျော်ညွန့်ချိန် ပူးပေါင်းရေးသားသည်။