မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

ဒုက္ခသည်များဆိုင်ရာအမေရိကန်ထိပ်တန်းအရာရှိမြန်မာအဖွဲ့အစည်းများနှင့်ဆွေးနွေးမည်

ရဲရင့် / ၁၁ ဇွန် ၂၀၁၀
အမေရိကန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနှင့်ဒုက္ခသည်များဆိုင်ရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူမစ္စတာအဲရစ်ရှဝပ်သည်မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေကြသည့်အဖွဲ့အစည်း (၁၅) ဖွဲ့နှင့် မနက်ဖြန်တွင် မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင်လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများအပြင်အမေရိကန်သို့ ခိုလှုံခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် နှစ်ရှည်ဆိုင်းငံ့ခြင်းခံနေရသည့် နိုင်ငံရေးဒုက္ခသည်များကိစ္စတို့ကို တင်ပြသွားမည်ဟု ဆွေးနွေးပွဲတက်ရောက်မည့်မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု(FDB)၏အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ခေတ်ပြိုင်သို့ ပြောသည်။
၎င်းက“၀န်ကြီးကဒုက္ခသည်ရေးရာအပြင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်တဲ့တာဝန်ရှိသူဖြစ်ပေမယ့် အဲဒီကိစ္စအပြင်မြန်မာပြည်ရဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလည်းသိချင်တယ်လို့ပြောပါတယ်။ မြန်မာပြည်မှာဖြစ်နေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊စီးပွားရေးနိုင်ငံရေးလူမှုရေးပြဿနာတွေဟာ ၂၀၁၀ရွေးကောက်ပွဲကြောင့်ပျောက်ပျက်သွားမှာမဟုတ်ဘူး၊ပိုးဆိုးလာဖို့ပဲရှိတယ်ဆိုတာကိုသေချာအောင် ထပ်ပြောမှာပါ” ဟု ဆိုသည်။
ထိုင်းဘက်ခြမ်းတွင်ရှိသည့် ဒုက္ခသည်များအနေဖြင့် ရွေးကောက်ပွဲပြီး၍ တိုင်းပြည်အေးချမ်းသွားပြီဟု မဆုံးဖြတ်သင့်ကြောင်း ဒေါက်တာနိုင်အောင်က ပြောသည်။
“၂၀၁၀နောက်ပိုင်းမှာပိုပြီးတော့ဆိုးဝါးတဲ့နိုင်ငံရေးပြဿနာတွေဆက်ရှိလာမှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုပြီးများလာနိုင်တယ်။ရွှေ့ပြောင်းအလုပ်သမားတွေလည်းပိုပြီးများလာနိုင်တယ်။ဒေသတွင်းမှာ မြန်မာပြည်ကဖြစ်ပျက်လာမယ့်ပြဿနာတွေကများပြားလာမယ်။အဲဒီကိစ္စတွေကိုအမေရိကန်အစိုးရအနေနဲ့ မျက်ခြည်မပြတ်ဘဲနဲ့အချိန်မီအလျင်အမြန်ကူညီပေးနိုင်ဖို့၊အဲဒါတွေကိုတင်ပြဖို့ရှိပါတယ်”ဟုလည်း၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိနို့ဖိုးဒုက္ခသည်စခန်းတွင်အမေရိကန်နိုင်ငံသို့ထွက်ခွာခွင့်မပြုဘဲ(၅)နှစ်ကျော် ဆိုင်းငံ့ခြင်းခံနေရသည့်မြန်မာ့နိုင်ငံရေးဒုက္ခသည်(၄၀၀)ကျော်ကိစ္စနှင့်ပတ်သက်၍လည်း အခြေအနေအမှန်ကို သိရှိရန် ဆွေးနွေးမည်ဟုလည်း သိရသည်။
ဒေါက်တာနိုင်အောင်က“နောက်တခုကတတိယနိုင်ငံကိုထွက်ဖို့နှစ်ရှည်ဆိုင်းငံ့ခြင်းခံနေရတဲ့ ဒုက္ခသည်တွေရဲ့ကိစ္စအပေါ်မှာသူတို့ရဲ့ဆောင်ရွက်တိုးတက်မှုဘယ်လိုရှိသလဲဆိုတာကိုလည်း တင်ပြမှာဖြစ်တယ်” ဟု ပြောသည်။
ဝန်ကြီးအဲရစ်ရှဝပ်နှင့်အဖွဲ့သည်ယနေ့မွန်းလွဲ(၁)နာရီတွင်မဲဆောက်မြို့မှ(၆၅)ကီလိုမီတာအကွာရှိ ဒုက္ခသည်(၅)သောင်းခန့်နေထိုင်သည့်မယ်လဒုက္ခသည်စခန်းသို့သွားရောက်ကာစခန်းအခြေအနေများကို လေ့လာသွားသည်ဟု စခန်း ဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောသည်။
၎င်းက“အမေရိကန်ဝန်ကြီးအဖွဲ့လာပြီးဒုက္ခသည်တွေကိုပေးတဲ့အကူအညီတွေကိုအမေရိကန်က ပိုမိုကူညီနိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ပြောသွားတယ်”ဟုဆိုသည်။
ဝန်ကြီးအဲရစ်ရှဝပ်သည်နယ်စပ်ဒုက္ခသည်စခန်းသို့မသွားခင်ယမန်နေ့၌ဘန်ကောက်တွင် ထိုင်းအာဏာပိုင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိဒုက္ခသည်များအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများဆက်လက်ရှိနေဆဲဖြစ်သောကြောင့်ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲအရပြည်တွင်းမှာအပြောင်းအလဲအနည်းငယ်သာဖြစ်ပေါ်နိုင်သည်ဟုလည်း၎င်းက ထိုင်းအရာရှိများနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင်မြန်မာဒုက္ခသည်စခန်း(၉)ရှိပြီးဒုက္ခသည်(၁)သိန်း(၄)သောင်းခန့် နေထိုင်လျက်ရှိကာ၂၀၀၆ခုနှစ်မှစတင်၍မယ်လစခန်းမှအမေရိကန်သို့သွားရောက်အခြေချသူပေါင်း(၂) သောင်းခန့် ရှိပြီဖြစ်ကြောင်း စခန်းဥက္ကဋ္ဌက ပြောသည်။

Geen opmerkingen: