မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 12 juni 2010

နအဖတပ်ကိုKNUခြုံခိုတိုက်၊၁၂ဦးကျဆုံး၂၂ဦးဒဏ်ရာရ

ဘစောတင် Saturday, June 12, 2010
.မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းနအဖစစ်တပ်နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ မကြာသေးခင်ကတိုက်ပွဲများဖြစ်ပွားမှုကြောင့်နအဖစစ်သားစုစုပေါင်း၁၂ဦးကျဆုံးပြီး၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်သံဖြူရပ်မြို့ နယ်အတွင်း၌နအဖစစ်တပ်ယဉ်တန်းတခုကိုဇွန်လ၁ရက်နေ့ ကKNUတပ်ဖွဲ့ ဝင်များကခြုံခိုတိုက်ခိုက်လိုက်သောကြောင့်နအဖတပ်ဖွဲ့ ဝင်၁၁ဦးသေဆုံးပြီး၂၀ခန့်ဒဏ်ရာရရှိကြောင်းKNU ပြောသည်။
“နအဖတပ်ခမရ၄၀၁နဲ့ခမရ၄၀၉ကစစ်ကြောင်းနှစ်ခုကဗျူဟာမှူးအပြောင်းအရွှေ့မှာ လမ်းလုံခြုံရေးလာယူတာကို ကျနော်တို့ဘက်ကအမြင့်ကနေလက်ပစ်ဗုံးနဲ့ ခြုံခိုတိုက်ခိုက်လိုက်တာဖြစ်တယ်၊ စစ်ကားတစီးပေါ်ကိုတည့်တည့်မတ်မတ်ကျသွားလို့စစ်သား၁၁ယောက်သေပြီး၂၀ဒဏ်ရာရသွားတယ်လို့ သတင်းရတယ်”ဟုKNU/KNLAတပ်မဟာ(၆)မှပြောခွင့်ရပုဂ္ဂိုလ်ဖဒိုစောထဲနေက ဧရာဝတီသို့ ပြောပြသည်။
မွန်ပြည်နယ်သံဖြူဇရပ်မြို့ နယ်ရှိဂျပန်တောင်စခန်းရှေ့ သို့ ရောက်ရှိလာသောအဆိုပါယဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း၁၆ကတပ်စုမှူးဖိုးထွန်းနှင့် တပ်သားတယောက်က လက်ပစ်ဗုံး၊M-79လက်နက်များဖြင့် တောင်ပေါ်မှနေ၍ ပစ်ချလိုက်သောကြောင့် ယဉ်တန်းကိုထိကာယဉ်ပေါ်တွင်ပါလာသောစစ်လက်နက်များထပ်မံပေါက်ကွဲသဖြင့်ယခုကဲ့သို့ အကျအဆုံးများသွားခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ထပ်ဆင့်ပြောသည်။
ဒဏ်ရာရရှိသူများကိုသံဖြူဇရပ်မြို့ နယ်ပြည်သူ့ဆေးရုံနှင့်ခလရ(၆၂)တပ်ရင်းဆေးရုံတွင် ကုသလျက်ရှိသည်ဟု စစ်တပ်အသိုင်းဝိုင်းမှသတင်းများအရသိရသည်။အတည်မပြုနိုင်သေးသော သတင်းများအရ ဆေးရုံတွင် နောက်ထပ် စစ်သားသုံးဦး ထပ်မံသေဆုံးသွားသည်ဟုလည်း ကြားသိရသည်။
နအဖက မေလ ၁၇ ရက်နေ့ တွင်KNUကို တိုက်ခိုက်ရန်အတွက် စီစဉ်နေသောကြောင့် နအဖစစ်ကြောင်းကို ဦးကျိုးသွားစေရန် ကြိုတင် ခြုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ဆိုသည်။
အလားတူ ဇွန်လ၁၀ ရက်နေ့ကပင်ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူဒေသမြိုင်သာယာရွာအနီးတွင်ရှေ့ တန်းပြန်နအဖစစ်တပ်ခမရ၂၈၄တပ်ရင်းစစ်ကြောင်းကိုKNLAတပ်ရင်း၁၆ မှခွဲ၂တပ်စုမှူးနားပိုးဦးစီးသော တပ်စုမှရှေ့ ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့သောကြောင့်နအဖစစ်သားတဦးသေဆုံးပြီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။
ထို့ကြောင့်ဇွန်လ၁၀ ရက်နေ့ ကKNLAမှ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မဟာ(၆)မှ သတင်းပေးချက်အရ သိရှိရသည်။
ယမန်နေ့ ညဦးပိုင်းကလည်းကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တောင်ဘက်၃မိုင်အကွာရှိ ရွာသစ်ကုန်းရွာအနီးတွင်KNUတပ်ဖွဲ့ဝင်များနှင့်နအဖ စစ်တပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့သေးကြောင်း ကရင် စစ်ရေးသတင်းရပ်ကွက်များက ပြောသည်။
ထို့အတူဇွန်လ၁၀ရက်နေ့ကလည်းကရင်ပြည်နယ်ကော့ကရိတ်မြို့ နယ်ကနဲလေးရွာနှင့်မော်ဖို့ ကလို့ ကျေးရွာကြားတွင်နအဖစစ်တပ်ကရိက္ခာ၊ကျည်ဆန်နှင့်လက်နက်များသယ်ဆောင်ခိုင်းထားသော ပေါ်တာတန်းတခုကို KNU တပ်က စီးနင်းသိမ်းပိုက် နိုင်ခဲ့သည်ဟု သိရသည်။
“နအဖတပ်တွေကစစ်ဆင်ရေးအတွက်အသုံးပြုလာတဲ့ပေါ်တာတန်းခုကိုကျနော်တို့ဝင်စီးလိုက်လို့ သိမ်းဆည်းရမိတာတွေ ကတော့ စကားပြောစက် ၃ ခု၊ ကျည်ဆန် ၃ သေတ္တာ၊ စစ်ယူနီဖောင်း ၃၅စုံ၊ ဆန် ၂နှစ်အိပ်နဲ့ ငါးခြောက်၂အိပ်ဖြစ်ပါတယ်”ဟုတပ်မဟာ(၆)နယ်မြေအထူးတပ်ရင်း၂၀၂မှတပ်ရင်းမှူး ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။
သွားရောက်သိမ်းဆည်းသူများမှာတပ်ခွဲ(၂)မှတပ်ခွဲမှူးဗိုလ်ခူဝါး၏တပ်ဖွဲ့ ဝင်များဖြစ်သည်ဟု၎င်းက ဆိုသည်။
KNU သည် နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ယခု အချိန်အထိ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်း မရှိသေးပေ။

Geen opmerkingen: