မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

မလေးရှားတွင်ဘာသာလူမျိုးခွဲခြားကာဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံနေရ

မြတ်ခိုင်ဦး/၀၇ဇွန်၂၀၁၀
မလေးရှားရှိဒုက္ခသည်လျှောက်ထားသောမြန်မာပြည်သားများကြားတွင်ဘာသာလူမျိုးခွဲခြား၍အသိအမှတ် ပြုခံနေရသည်ဟု သိရသည်။

မလေးရှားရှိ ဒုက္ခသည်လျှောက်ထားသူများအကြား ကြားဝင်ဆောင်ရွက်ပေးသော အဖွဲ့အစည်းများက မိမိတို့ဘာသာ၊ လူမျိုးတူသူများကိုသာ ဦးစားပေး ဆောင်ရွက်ပေးနေကြသဖြင့် အထူးသဖြင့် ဗမာ၊ ရခိုင်လူမျိုးများသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရခွင့် အခွင့်အလမ်းနည်းပါးနေသည့်အတွက် ယနေ့နံနက်တွင် မလေးရှားရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ)ရုံးရှေ့၌ ရခိုင်အမျိုးသား (၆၀) ကျော်တို့က စုစည်း၍ တောင်းဆိုဆန္ဒပြမှုတခု ပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်သူ တဦးဖြစ်သည့် ကိုညီချေက “ကျနော်တို့ ဘာသာလူမျိုးခွဲခြားပြီးတော့ ဆက်ဆံခံနေရတော့ ဒါကိုလက်မခံလို့ တန်းတူအခွင့်အရေးရဖို့အတွက် ဆန္ဒပြတာပါ။ အရာရှိက ထွက်လာပြီးတော့ မေးပါတယ်။ ကျနော်တို့က ဘယ်အဖွဲ့အစည်းမှ ကိုယ်စားမပြုဘူး ရခိုင်အမျိုးသားတွေကို ကိုယ်စားပြုတာပါဆိုတော့၊ သူတို့ပြန်လည်စဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပါမယ်လို့ပြောတယ်။ အဲဒီတော့ အတိုင်းအတာတခုအထိ အောင်မြင်တယ် ဆိုရမှာပေါ့ဗျာ” ဟု ပြောသည်။
ရခိုင်ဒုက္ခသည်များမှတ်ပုံတင်အသစ်တင်ခွင့်ရရေး၊ ထောင်၊ စခန်းတို့တွင်ရှိနေသော ရခိုင်ဒုက္ခသည်များအား အကူအညီပေးရေးနှင့် ယူအန်အိပ်ခ်ျစီအာရုံးတွင် ရခိုင်စကားပြန်များ ခန့်ထားရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။
မလေးရှားတွင် အဖွဲ့များရှိနေပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကတ်ပြားရရန် အဖွဲ့ဝင်ခိုင်းကာ ၀င်ကြေးတောင်းမှုများ ရှိသည်ဟု မလေးရှားတွင် (၁၈) နှစ်ခန့် ရောက်ရှိနေသူ ကိုမိုးဦးက ပြောသည်။
မလေးရှားတွင် ထူထောင်ထားသော အဖွဲ့များ၌ တိုင်းရင်းသားအခြေခံသောအဖွဲ့နှင့် နိုင်ငံရေး အခြေခံသောအဖွဲ့ဟူ၍ (၂)မျိုးကွဲလွဲနေပြီး တိုင်းရင်းသားအဖွဲ့ဝင်ဖြစ်ရန် မိမိတို့တိုင်းရင်းသား ဘာသာစကားတတ်ကျွမ်းရန်နှင့်မှတ်ပုံတင်ပါပြသနိုင်မှယူအန်သို့ဒုက္ခသည်အဖြစ် ဆက်လက်လျှောက်ထားပေးသည်ဟု သိရသည်။
နိုင်ငံရေး အခြေခံသောအဖွဲ့များသည် လာရောက်သူတိုင်းအား အဖွဲ့ဝင်အဖြစ် လက်ခံလေ့ရှိသော်လည်း ယနေ့အထိ မည်သည့်နိုင်ငံရေး အခြေခံအဖွဲ့အစည်းကမှ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်မရသေးဟု သိရသည်။
မလေးရှားရှိ ယူအန်အိပ်ခ်ျစီအာရုံးသည် လာရောက်လျှောက်ထားသူများအား မှတ်ပုံတင်ခွင့်ပေးပြီး ဒုက္ခသည် မှန်မမှန် စစ်ဆေးရမည့် မူလတာဝန်ကို မဆောင်ရွက်ဘဲ၊ လာသမျှ လူများအား လူမျိုးမေးပြီး သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများ သို့မဟုတ် ဗမာဖြစ်ပါက နိုင်ငံရေးအဖွဲ့များသို့ လမ်းညွှန်ပြီး အဆိုပါအဖွဲ့များသို့ ပထမဦးစွာသွားခိုင်းကာ ထိုမှတဆင့် ဆောင်ရွက်ရန် ပြောကြားမှုများကြောင့် ယခုအခါတွင် မလေးရှား၌ အဖွဲ့အစည်းပေါင်း (၄၀) ကျော် တည်ရှိနေပြီဖြစ်သည်။
မလေးရှားတွင်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံထားရသူပေါင်း(၉၀,၀၀၀)၀န်းကျင်ခန့်ရှိပြီး၊ လျှောက်ထားဆဲနှင့် မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသူများမှာ (၅၀,၀၀၀) ၀န်းကျင်ခန့်ရှိသည်။
နိုင်ငံရေး၊ စစ်ရေး၊ လူ့အခွင့်အရေး၊ လူမျိုးရေး၊ ဘာသာရေးဆိုသည့် မူများကို အခြေခံကာ ဒုက္ခသည်အဖြစ် ရွေးချယ်သတ်မှတ်သော်လည်း နိုင်ငံရေးသမားများအား REJECTလုပ်ခြင်းနှင့်MOBILEဟု ခေါ်ဆိုသည့် အဖွဲ့လိုက်နယ်မြေဆင်း မှတ်ပုံတင်ပေးမှုများတွင်လည်း မြန်မာအဖွဲ့အစည်းများ မပါဝင်သေးပေ။
အဆိုပါဆိုင်းငံ့ထားမှုများနှင့်ပတ်သက်၍ ယခုလ (၄) ရက်တွင် မလေးရှားရှိ အန်အယ်လ်ဒီအဖွဲ့ဝင် (၁,၁၆၃) ဦးအား ယူအန်အိပ်ခ်ျစီအာမှ အသိအမှတ်ပြု စဉ်းစားပေးရန် စာပို့ထားသည်။
ပြီးခဲ့သည့်မေလ (၂၇) ရက်နေ့တွင် UNHCR နှင့် မြန်မာဒုက္ခသည် အဖွဲ့အစည်းများ တွေ့ဆုံသည့် အစည်းဝေး၌လည်း ဒုက္ခသည်ဖြစ်ထိုက်သော်လည်း UNHCR တွင် အမည်စာရင်းသွင်းရန် အခွင့်အရေး မရကြသော မြန်မာဒုက္ခသည်များအရေးကို ပြောဆိုတင်ပြခဲ့ကြသည်။

Geen opmerkingen: