မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 10 juni 2010

တိုင်းရင်းသားလူမျိုးများသတိပြုရန်

နိုင်ငွေသိမ်း
ကြာသပတေးနေ့၊ဇွန်လ၁၀ရက်၂၀၁၀ခုနှစ်၁၄နာရီ၄၇မိနစ် .

‘နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သတိပြုရမည့် အချက်များအပေါ် အကြံပြုချက်’

တိုင်းရင်းသားများ(လူနည်းစုများ)၏နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍အတွေ့အကြုံကို တင်ပြလိုက်ပါသည်။သင်ခန်းစာယူစရာရှိလျှင်ယူပါ၊ပစ်ပယ်စရာရှိလျှင်ပစ်ပယ်ပါ၊ဗဟုသုတအနေဖြင့် တင်ပြခြင်း ဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးများသည်အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ရာတွင်မိမိကိုယ်ကို မိမိရပ်တည်ခြင်းထက်ပြည်မရှိအဖွဲ့အစည်းအပေါ်ပိုမိုအားထားသည်ကိုတွေ့ရသည်။သို့သော်၁၉၄၇ခုနှစ် ပင်လုံညီလာခံအစတွင်ရှမ်း၊ကချင်၊ချင်းတိုင်းရင်းသားများကမိမိတို့အမျိုးသားချင်းအပေါ်အထူးအမှီသဟဲ ပြုကြသည်ကိုတွေ့ရှိရပါသည်။ရှမ်းပြည်တွင်ဖွဲ့စည်းထားသောရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့(ရပလ) သည်သာပြည်မရှိနိုင်ငံရေးအဖွဲ့အစည်းနှင့်အဆက်အသွယ်ပြုခဲ့သည်ကိုတွေ့ရသည်။
၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးနောက်ရှမ်း၊ကချင်၊ချင်းတိုင်းရင်းသားများသည်ပြည်မနှင့်ပိုမိုရင်းနှီးလာပြီး ပြည်မနှင့်နိုင်ငံရေးအဆက်အသွယ်လုပ်ကာမဟာမိတ်အဖွဲ့၊လက်အောက်ခံအဖွဲ့အဖြစ်ဆက်သွယ် ခံယူလာကြသည်။နဂိုပြည်မရှိတိုင်းရင်းသားအဖွဲ့များလည်းထိုနည်းတူစွာပင်၊ဤဖြစ်ရပ်များကတိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့်ပုဂ္ဂိုလ်များသည်မိမိကိုယ်ကိုမိမိအားကိုးလိုစိတ်အားနည်းလျက်ရှိနေပြီး ရေရှည်တွင်ခန်းခြောက်သွားနိုင်သည်ကိုပြနေသည်။တိုင်းရင်းသားများထဲတွင်လွတ်လပ်ပြီးနောက် ပထမအကြိမ်ရွေးကောက်ပွဲတွင်ရခိုင်နိုင်ငံရေးခေါင်းဆောင်အချို့တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်ကိုလွတ်လပ်ရေးရရှိပြီးပထမအကြိမ်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစာရင်းတွင် တွေ့ရှိရသည်။
၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများက ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ (ရတည)အနေဖြင့်ပြည်မရှိနိုင်ငံရေးအဖွဲ့အစည်းများနှင့်မပေါင်းဘဲဖွဲ့စည်းခဲ့သည်ကိုတွေ့ရှိရသည်။ ဤလုပ်ရပ်ကတိုင်းရင်းသားပါတီတရပ်သည်မိမိဘာသာမိမိခြေထောက်ပေါ်ရပ်တည်နိုင်ကြောင်း ပြသလိုက်ခြင်းဖြစ်ပါသည်။၁၉၆ဝခုနှစ်အထွေထွေရွေးကောက်ပွဲတွင်မွန်ပြည်သူ့တပ်ဦးကလည်း မိမိဘာသာ ရွေးကောက်ပွဲဝင်ခဲ့သည်။
တိုင်းရင်းသားပါတီအဖွဲ့အစည်းများ၏ရုပ်လုံးသည်၁၉၅၈ခုနှစ်၊ဖဆပလအကွဲတွင်ထင်ထင်ရှားရှား ပေါ်လာသည်။ဆွေ-ငြိမ်း(တည်မြဲ)အုပ်စုဝင်ဒေါက်တာစောလှထွန်း(ကရင်ပြည်နယ်ဝန်ကြီး)၊ဦးဇန်ထားဆင် (ကချင်ပြည်နယ်ဝန်ကြီး)၊ဦးရှိန်ထန်း(ပြန်လည်ထူထောင်ရေးဝန်ကြီး)၊စောအောင်ဒင်(ပါလီမန်အတွင်းဝန်-ပင်လယ်ရေကြောင်း)၊ဦးထွန်းအောင်(ချင်းရေးရာ)၊စောချစ်သန်း(ကရင်ပြည်နယ်)၊ဒူးဝါးလဝမ် (ကချင်ပြည်နယ်) တို့ ဖဆပလအဖွဲ့မှ နုတ်ထွက်ခဲ့သည်။
၁၉၅၈ခုနှစ်ဇွန်လ၄ရက်နေ့တွင်အသစ်ဖွဲ့စည်းလိုက်သောသန့်ရှင်းဖဆပလအဖွဲ့တွင်ဝန်ကြီးသစ်၅ဦးမှာ စောလူလူ(ဖာပွန်အရှေ့ပိုင်းလူမျိုးစု၊ကရင်ပြည်နယ်ဝန်ကြီးဌာန)၊ဒူးဝါးဇော်ရစ်(မြစ်ကြီးနား၊ကချင်ပြည်နယ် ဝန်ကြီးဌာန)၊ဦးကျော်မင်း(စစ်တွေ၊ဘဏ္ဍာရေးဝန်ကြီးဌာန)၊ဦးမောင်ကျော်ဇံ(စစ်တွေအလယ်ပိုင်းလူမျိုးစု၊ တရားရေးဝန်ကြီးဌာန)၊ဦးရွှေကြိုင်(သံတွဲလူမျိုးစု၊ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန)နှင့် ဝန်ကြီးဟောင်းများစဝ်ခွန်ချို(နိုင်ငံခြားရေးဌာနနှင့်ရှမ်းပြည်နယ်ဝန်ကြီး)၊စဝ်ဝÀ (ကယားပြည်နယ်ဝန်ကြီးဌာန)၊ဦးဇာရဲလျှံ(ချင်းရေးရာဝန်ကြီးဌာန)၊ဦးအောင်ပ(ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန)၊စဝ်ထွန်းအေး(လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဝန်ကြီးဌာန) တို့ တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။
၁၉၆ဝပြည့်နှစ်၊ဖေဖော်ဝါရီလ၆ရက်နေ့တွင်အိမ်စောင့်အစိုးရကကျင်းပပေးသောအထွေထွေ ရွေးကောက်ပွဲကြီးတွင်တည်မြဲအုပ်စုဝင်တပ်မတော်အရာရှိကြီးများကတည်မြဲအနိုင်ရရှိစေရန်တိုင်းနှင့် ပြည်နယ်များ၊ အထူးသဖြင့် ကရင်-ကချင် ပြည်နယ်များတွင် မဲထည့်ခိုင်းခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများကို စစ်အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်တွင်းမှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို တပ်မတော်မှ အငြိမ်းစားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ရသည်။
ဤကဲ့သို့ပြည်မရှိအဖွဲ့အစည်းများ၊အထူးသဖြင့်သန့်ရှင်း(ပထစ)၊တည်မြဲ(ဖဆပလ)တို့နှင့် ပူးပေါင်းခဲ့သည့်အတွက်တိုင်းရင်းသားလူမျိုးများသည်၁၉၆၁ခုနှစ်ဇွန်လ၈ရက်နေ့မှစ၍၁၆ရက်နေ့အထိ တောင်ကြီးမြို့စားမြိန်ရိပ်သာတွင်ကျင်းပသောတိုင်းရင်းသားလူမျိုးများ အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ချင်းဝိသေသတိုင်းတို့မှကိုယ်စားလှယ်များ၊ ပြည်နယ်ပေးမည်ဟုဝန်ကြီးချုပ်ဦးနုထံမှကတိရထားသောမွန်နှင့်ရခိုင်တို့မှကိုယ်စားလှယ်များ၊စုစုပေါင်း ၂၂၆ ဦးနှင့် လေ့လာသူပေါင်း ၁ဝ၄ ဦး ညီလာခံတက်ရောက်ခဲ့ကြသည်။
တိုင်းရင်းသားလူမျိုးများ၏တန်းတူသောပြည်ထောင်စုမူကိုသန့်ရှင်း(ပထစ)၊တည်မြဲ(ဖဆပလ)အဖွဲ့တို့က လက်မခံလိုကြသဖြင့်သန့်ရှင်း(ပထစ)ဝန်ကြီးဒူးဝါးဆင်ဝါးနောင်နှင့်ချင်းဝန်ကြီးဇာရဲလျန်တို့ကသန့်ရှင်း (ပထစ)မူအရတန်းတူသောပြည်ထောင်စုမူကိုဆန့်ကျင်ကြသည်။ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်းညီလာခံတက်ရောက်ပြီးတည်မြဲ(ဖဆပလ)မူအရသွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်းများဖြင့် ဆန့်ကျင်တိုက်ခိုက်ပါသည်။
သို့သော်အခြေအနေမလှ၍နောက်ဆုံးတာဝန်ယူထားသောပြည်နယ်များညီညွတ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအဖွဲ့မှနုတ်ထွက်ခဲ့သည်။ပြည်နယ်များညီလာခံတွင်တည်မြဲ(ဖဆပလ)နှင့်မဟာမိတ်ပြုဆောင်ရွက်နေသောကချင်အမျိုးသားကွန်ဂရက်ခေါင်းဆောင်များဖြစ်ကြသည့် ဦးဇန်ထားဆင်၊ဒူးဝါးဇော်လွန်းတို့ကတည်မြဲ(ဖဆပလ)ဆုံးဖြတ်ချက်ကိုလှိုက်လှိုက်လှဲလှဲ ဆန့်ကျင်ဆောင်ရွက်ခဲ့သည်။
ဖော်ပြလိုသည့်အနှစ်ချုပ်မှာတိုင်းရင်းသားလူမျိုးအဖွဲ့အစည်းများသည်ပြည်မရှိနိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှင် သတိထားရန် လိုသည်။
(၁) လက်အောက်ခံ အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းခြင်း၊
(၂) မဟာမိတ်ပြုခြင်း၊
(၃) တပ်ပေါင်းစုတွင် ဝင်ရောက်ခြင်း။
ယင်းတို့အနက်(၁)နှင့်(၂)သည်မိမိတို့၏တိုင်းရင်းသားအခွင့်အရေးများဆုံးရှုံးမည်။အမှတ်(၃) ဖြစ်သည့် တပ်ပေါင်းစုဖြင့်ဖွဲ့စည်းခြင်းသည်တပ်ပေါင်းစုအတွင်းတူညီသောအခွင့်အရေးရရှိခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရန်သင့်လျော်ပါသည်။တပ်ပေါင်းစုနည်းဖြင့်ပူးပေါင်းဆောင်ရွက်မှသာ ပူးပေါင်းလုပ်ဆောင်ခြင်းမှန်ကန်ပေမည်။တပ်ပေါင်းစုအတွင်းအဖွဲ့ဝင်အဖြစ်ပါဝင်သောအဖွဲ့တိုင်းသည် ကြီးသည်ငယ်သည်မခွဲခြားဘဲတူညီသောအခွင့်အရေးရရှိကြပါသည်။သို့သော်သတိပြုရမည်မှာ တပ်ပေါင်းစုအတွင်းအင်အားကြီးသောအဖွဲ့ကအဖွဲ့ကြီး ရောဂါတက်ပြီး တပ်ပေါင်းစုကို ချုပ်ကိုင်ချယ်လှယ်ရန် ပြုလုပ်တတ်သည်။ ဤသို့ဖြစ်လျှင် တပ်ပေါင်းစုလည်း ဇိဝိန်ချုပ် ပျက်စီးသွားရတော့သည်။
တိုင်းရင်းသားလူမျိုးများသည်၁၉၈၈ခုနှစ်အရေးတော်ပုံနောက်ပိုင်းရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေထွက်လာသောအခါမိမိတို့လူမျိုးအလိုက်ပါတီပေါင်း၂ဝကျော် ပေါ်လာပြီး အားလုံးနီးပါးပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်(UNLD)ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။အချို့တိုင်းရင်းသားနိုင်ငံရေးဆောင်ရွက်သူများသည်ပြည်မပါတီတွင် ဝင်ရောက်ခဲ့ကြသည်။ အနည်းစုသာ ဖြစ်ပါသည်။
နဝတကျင်းပပေးခဲ့သော၁၉၉ဝပြည့်ရွေးကောက်ပွဲတွင်တိုင်းရင်းသားလူမျိုးနိုင်ငံရေးပါတီ၁၈ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လွှတ်တော်ကိုယ်စားလှယ်ပေါင်း၆၇ယောက်ရရှိခဲ့သည်။ဤဖြစ်ရပ်သည် တိုင်းရင်းသားလူမျိုးများပြည်မရှိနိုင်ငံရေးပါတီများအပေါ်မမီခိုဘဲမိမိအမျိုးသားများနှင့် အမျိုးသားတပ်ပေါင်းစုတွင်ပူးပေါင်းဆောင်ရွက်ခြင်း၏အနှစ်သာရကိုသိရှိခဲ့ကြရသည်။မိမိတို့၏ လူမျိုးများအပေါ်နှင့်တိုင်းရင်းသားလူမျိုးများအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်ဆန္ဒမျိုးစေ့ချ ဆောင်ရွက်ခြင်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ရလဒ်ကောင်းကို သိရှိလာသဖြင့် ဆက်လက်၍ ဤလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါသည်။
ပြည်မပါတီအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင်တိုင်းရင်းသားလူမျိုးများပါတီနှင့် ပုဂ္ဂိုလ်များသည် မိမိတို့၏တိုင်းရင်းသားလူမျိုးအကျိုးကိုဆောင်ရွက်လိုသော်လည်းမိမိတို့ပါဝင်နေသောအဖွဲ့အစည်း၏ လမ်းစဉ်အတိုင်းသာလိုက်လုပ်ရသည်ဖြစ်၍မိမိဆန္ဒရှိလိုလားသောတိုင်းရင်းသားကိစ္စများကို အပြည့်အဝဆောင်ရွက်ရန်မဖြစ်နိုင်သောအခြေအနေကိုတွေ့ရှိရသည်။ဤကဲ့သို့သောဖြစ်ရပ်များသည် ပြည်မနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သောပါတီများ၊ပုဂ္ဂိုလ်များ၏အတွေ့အကြုံအရသိရှိခဲ့ရပါသည်။အထူးသဖြင့် ၁၉၆၁ခုနှစ်တောင်ကြီးတွင်ကျင်းပခဲ့သောပြည်နယ်များညီလာခံတွင်ပထစတိုင်းရင်းသားဝန်ကြီးများ၊ ဖဆပလ(တည်မြဲ)ဝင်တိုင်းရင်းသားခေါင်းဆောင်များသည်မိမိတို့ပါဝင်နေသောပါတီအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း ပြောဆိုလုပ်ဆောင်ခဲ့သည်များက ထင်ထင်ရှားရှား သာဓကပြလျက် ရှိခဲ့သည်။
နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာတိုင်းရင်းသားလူမျိုးများသည်မိမိတို့တိုင်းရင်းသားအကျိုးစီးပွားကို ဆောင်ရွက်ရာတွင်မိမိကိုယ်ကိုမိမိအားကိုး၍တိုင်းရင်းသားအချင်းချင်းပူးပေါင်းခြင်းသာလျှင်အကောင်းဆုံး ဖြစ်ပေသည်။ပြည်မရှိပါတီများနှင့်သာတူညီမျှသောအခွင့်အရေး၊တိုင်းရင်းသားများရပိုင်ခွင့်များကို ဆောင်ရွက်နိုင်မှုအပေါ် လေ့လာသုံးသပ် တပ်ပေါင်းစု ဖွဲ့စည်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

တင်ပြသူ
နိုင်ငွေသိမ်း
(တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ဆယ်စုနှစ် ၄ စု ပါဝင်ခဲ့သူ)

Geen opmerkingen: