မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 9 juni 2010

KIOနှင့်ဆက်နွှယ်မှုရှိ၍ကချင်ပါတီဝေဖန်ခံရ

ဧရာဝတီ Wednesday, June 09, 2010
.ကချင်ပြည်နယ်မှပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(USDA)တာဝန်ခံကကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)နှင့် အပစ်အခတ် ရပ်စဲထားသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) တို့ အကြား ဆက်နွှယ်မှုကို ဝေဖန် ပြစ်တင်လိုက်ကြောင်း ကချင် သတင်းရပ်ကွက်မှ သိရသည်။
“KSPPနဲ့ KIO ဟာ အတူတူပဲ။ ပြီးတော့ အစိုးရကို ဆန့်ကျင်ရာမှာလည်း သူတို့ ရပ်တည်ချက်က အတူတူပဲ” ဟုကချင်ပြည်နယ်USDAတာဝန်ခံနှင့်ကချင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖြစ်သူဒူးဝါး မဒိုင်းဇုန်တင်က ဇွန်လ၂ရက်နေ့၌ကျင်းပသောUSDAနှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း တက်ရောက်ခဲ့သူ တဦးက ပြောသည်။
ဒူးဝါး မဒိုင်းဇုန်တင်သည် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူဖြစ်ပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်သြဇာညောင်းသူလည်းဖြစ်သည်။၎င်းသည်USDAကိုဦးဆောင်၍ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားကချင်ပြည်နယ်တွင်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။
“သူကရွေးကောက်ပွဲအတွက်စည်းရုံးတဲ့အခွင့်အလမ်းကိုအသုံးချပြီးKSPPကိုတိုက်ခိုက်တာပါ။ကချင်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်လေတော့ သူ့စကားတွေကKSPPကို ထိခိုက်စေတာ အမှန်ပါပဲ” ဟု ထိုင်းအခြေစိုက် ကချင် သတင်းဌာန အယ်ဒီတာ လဖိုင်နော်ဒင်းက ပြောသည်။
“KSPPနဲ့KIOကအတူတူပဲလို့ပြောရခက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့KSPPခေါင်းဆောင်တွေကKIO ကနေ နုတ်ထွက်ပြီးဖြစ်လို့ပါ။ဒါပေမယ့်သူတို့အာဏာပိုင်တွေကတော့KSPPကိုKIOလို့ပဲ မြင်ကြတယ်”ဟု လဖိုင်နော်ဒင်းက ဆက်လက် ပြောကြားသည်။
KSPPကို၂၀၀၉ခုနှစ်မတ်လတွင်KIOဒုဥက္ကဋ္ဌဟောင်းဒေါက်တာမနန်တူးဂျာကဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံရေး ပါတီအဖြစ် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
KSPPအနေနှင့်လာမည့်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်ဧပြီလ၅ရက်နေ့ကပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှတ်ပုံတင်ခွင့်လျှောက်ထားခဲ့သော်လည်းယခုအချိန်ထိခွင့်ပြုချက် မရသေးပေ။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအခန်း(၃)၊အပိုဒ်၁၂(က)၊အပိုဒ်ခွဲ(၃)၌ နိုင်ငံရေးပါတီတရပ်အနေဖြင့် နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေသောသောင်းကျန်းသူအဖွဲ့အစည်းသို့မဟုတ် မတရားအသင်းအဖြစ်ကြေညာခံထားရသောအဖွဲ့အစည်းနှင့်ပတ်သက်မှုရှိပါကနိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။
ဒူးဝါးမဒိုင်းဇုန်တင် အနေဖြင့်KSPPနှင့်ပတ်သက်၍ ပြောဆိုရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုတိုက်ရိုက်ရည်ညွှန်းမှုမရှိသော်လည်းရွေးကောက်ပွဲကော်မရှင်ကKSPPမှတ်ပုံတင်ခွင့် ချမပေးခြင်းသည် စစ်အစိုးရကKIOကိုနယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းရန် ဖိအားပေးခြင်း ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြသည်။
နယ်ခြားစောင့်တပ်ကိစ္စနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများရှိသော်လည်းစစ်အစိုးရကKIOကို ယခုအချိန်ထိ မစည်းရုံးနိုင်သေးကြောင်း၊ ယင်းကိစ္စကြောင့်ပင် နှစ်ဘက်တင်းမာမှုများ ပိုတိုးလာကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်ကKSPPမှတ်ပုံတင်မှုကို အတည်ပြုရန် နှောင့်နှေးနေခြင်းသည်KIOက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန် ၍ ဖြစ်နိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိုအသုံးပြု၍KSPP၊ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီနှင့် ညီညွတ်သော ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်)တို့ကို နိုင်ငံရေးပါတီလျှောက်ထားခွင့် ပယ်ချနိုင်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group-ICG)က မေလ၂၇နေ့တွင် ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲ ကော်မရှင်ကKSPPမှတ်ပုံတင်တာကို အတည်ပြုဖို့ ကြန့်ကြာနေရတဲ့ အဓိက အကြောင်းရင်း နှစ်ခုရှိတယ်။ တခုကKIOက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းတာနဲ့ နောက်တခုကတော့ KSPPထဲမှာKIOခေါင်းဆောင်ဟောင်းတချို့ပါနေလို့ပဲဖြစ်တယ်”ဟုတရုတ်-မြန်မာနယ်စပ်တွင်နေထိုင်သူ ကချင်တိုင်းရင်းသား ကိုအောင်ဝါက ဆိုသည်။
“အာဏာပိုင်တွေအနေနဲ့KSPPကိုနောက်ဆုံးအချိန်လောက်မှအတည်ပြုကောင်းပြုနိုင်တယ်။ ဒါမှမဟုတ်လည်းKIOခေါင်းဆောင်တွေကိုထုတ်ပစ်ဖို့ပါတီကိုဖိအားပေးတာလည်းဖြစ်နိုင်တယ်”ဟု လဖိုင်နော်ဒင်းက ပြောသည်။
နယ်ခြားစောင့်တပ်ကိစ္စကိုရွေးကောက်ပွဲအပြီးတက်လာမည့်ဒီမိုကရေစီအစိုးရသစ်နှင့်ဆွေးနွေးမည်ဟုKIO ခေါင်းဆောင်များက ပြောသော်လည်းမည်သည့်အချိန်တွင်ဆွေးနွေးမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
KSPPသည်မြစ်ကြီးနားတွင်ရုံးဖွင့်ထားပြီးပါတီတည်ထောင်ချိန်မှစ၍ကချင်ပြည်နယ်တွင် စည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ပါတီမှတ်ပုံတင်ပြီး နောက်ပိုင်းမှစ၍ စည်းရုံးရေးလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း USDP တခုတည်းသာ စည်းရုံးရေးလုပ်ငန်းများ လုပ်နေကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်ထံ၌နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့်ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသောပါတီ၄၂ပါတီရှိပြီးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်၃၃ခုအနက်၃၂ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီ ဖြစ်သည်။

Geen opmerkingen: