မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 juni 2010

အမျိုးသားဘောလုံးသူရဲကောင်းတို့ရဲ့စီးချင်းထိုးပွဲများ(အပိုင်း - ၁)

ကျော်ညွန့်ချိန် Tuesday, June 08, 2010
.တောင်အာဖရိကနိုင်ငံမှာကျင်းပမယ့်၂၀၁၀ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲကြီး ကျင်းပမယ့် ရက်က နီးကပ်လာ နေပါပြီ။

အာဖရိက တိုက်မှာ ပထမဆုံး ကျင်းပခွင့် ရတာဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ဘောလုံး ၀ါသနာရှင်တွေ၊ ဘောလုံးကို ရှုးသွပ်သူတွေလည်း နေရာတိုင်း၊ အချိန်တိုင်းမှာ ဝေဖန်သုံးသပ်ပြောဆိုပြီး စောင့်မျှော် အားပေးနေကြပါတယ်။
လက်ရှိချန်ပီယံ အီတလီအသင်း ဖလားလက်လွှတ် ရလိမ့်မယ်လို့ ပြောနေကြသလို ဘရာဇီးကို ကျော်လွန်ပြီး အာဂျင်တီးနားကို အမှတ်ပြည့်ပေး နေသူတွေလည်း ဒုနဲ့ဒေးပါပဲ။
                    ခြေစစ်ပွဲမကန်မီ ပြင်သစ်ဘောလုံးအသင်းကို တွေ့ရစဉ် (ဓာတ်ပုံ- Skysport.com)
ပရီးမီးယားလိဂ်နဲ့ အင်္ဂလန် အသင်းကို နှစ်သက်သူ တွေကတော့ အင်္ဂလန်ရဲ့ ထူးခြားမယ့် နှစ်လို့ ဟောကိန်း ထုတ်နေသလို ဥရောပ ချန်ပီယံ စပိန်အသင်း ဟာလည်း ဂုဏ်ပုဒ်နဲ့ အညီ ကမ္ဘာ့ဖလား ပိုင်ရှင်သစ် ဖြစ်ရမယ်လို့ ကြွေးကြော် နေတဲ့ အနေအထား ရှိတယ်လို့ ခန့်မှန်း နေကြသူ တွေလည်း ရှိပါတယ်။
တကယ်တမ်း ချန်ပီယံဆု အတွက် ပြိုင်ဆိုင်ရမယ့် အသင်းတွေ ကတော့ ဘောလုံး အင်အားကြီး နိုင်ငံများ ဖြစ်တဲ့ တောင်အမေရိက တိုက်နဲ့ ဥရောပတိုက် အသင်းများသာ ဖြစ်ပါတယ်။
အခုကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးမှာ ဘယ်သူတွေ အုပ်စုက အိပ်ယာလိပ် ထမ်းပြန်ကြရမလဲ၊ ပယ်နယ်တီနဲ့ ရှုံးသွား ရတာ ရင်နာဖို့ ကောင်းလှချည့်ရဲ့လို့ မချင့်မရဲစကားသံတွေ၊ ဒီနှစ်ကတော့ လက်တင်အမေရိက နှစ်ပါလို့ ဂုဏ်ယူဝင့်ကြွား မယ့်သူတွေ ရှိသလို ဘောလုံး အစဉ်အလာ ကြီးမားတဲ့ ဥရောပ ဘောလုံးနိုင်ငံတွေပဲ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ပွေ့ချီ သွားနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။
ကျွန်တော်တို့လည်း အုပ်စုကို ကျော်ဖြတ်နိုင်မယ့် အသင်းတချို့ကို ဝေဖန် သုံးသပ်ကြည့်ကြရအောင်ပါ။
အုပ်စု(က) မှာ အိမ်ရှင် တောင်အာဖရိက၊ ပြင်သစ်၊ ဥရုဂွေး၊ မက္ကဆီကိုတို့ ပါဝင်ပြီး၊ အုပ်စုကျပ်လို့ ပြောရင် ရနိုင်ပါတယ်။ တောင်အာဖရိက အသင်းဟာ အင်အားကြီး အသင်းမဟုတ်ပေမယ့် အိမ်ရှင်အား၊ ပရိတ်သတ်အားနဲ့ ယှဉ်ပြိုင် သွားမှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒိန်းမတ်အသင်းနဲ့ ခြေစမ်းရာမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တယ်၊ အသင်းလိုက် စုစည်းမှုနဲ့ နည်းဗျူဟာပိုင်း အားကောင်းခဲ့ရင်တော့ အုပ်စုက ကျော်လွန်နိုင်ပါလိမ့်မယ်။
၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပိုင်ရှင် ပြင်သစ်ကတော့ အိမ်ရှင် တောင်အာဖရိကနဲ့ တအုပ်တည်း ကျရောက်နေတာကတော့ စိုးရိမ်စရာ အခြေအနေပါပဲ။ လက်ရှိ အသင်းကို အတွေ့အကြုံ ရင့်ကျက်တဲ့ အွန်နရီ၊ အနယ်ကာ၊ ရီဘာရီ၊ မာလူဒါ၊ ကလစ်ချီ၊ ဆစ်စီတို့နဲ့ တည်ဆောက်ထားပေမယ့် အွန်နရီတို့ အနယ်ကာတို့ ခြေစွမ်းက အကျပိုင်း ရောက်နေပါတယ်၊ အလယ်တန်းမှာတော့ ဇီဒန်းလို ကွင်းလည် ဖန်တီးရှင်မျိုး ပြင်သစ်အသင်းမှာ မပါတော့ပါဘူး။ ရီဘာရီတို့ ဂေါကပ်ဖ်တို့ အားကိုးနဲ့ပဲ ကစားရမယ့် အခြေအနေပါ။
ရီးယဲမက်ဒရစ် ရှေ့တန်းတိုက်စစ်မှူး ဘန်ဇီမာနဲ့ အာဆင်နယ်က နာဆရီတို့ကို နည်းပြ ဒိုမနစ်က မရွေးချယ်ခဲ့ပါဘူး။
နည်းပြ ဗျူဟာပိုင်းနဲ့ အသင်းလိုက်စုစည်းမှု၊ အားနည်းနေမှုတွေ ရှိနေပြီး ရှေပိုင်းပွဲစဉ်တွေမှာ မက္ကဆီကိုနဲ့ ဥရုဂွေး အသင်း တွေကို အနိုင်ကန်ထားဖို့တော့ လိုပါတယ်။ ၂၀၀၂ တောင်ကိုရီးယား ကမ္ဘာ့ဖလားမှာ ဆီနီဂေါအသင်းကို ရှုံးနိမ့်ပြီး အုပ်စုက ထွက်ခဲ့ရတာကိုတော့ သင်ခန်းစာယူဖို့ လိုပါတယ်။
အဆင့်သတ်မှတ်ချက် (၁၇) ဖြစ်တဲ့ မက္ကဆီကို အသင်းကတော့ ကမ္ဘာ့ဖလားကို (၁၃) ကြိမ် ၀င်ရောက်နိုင်ခဲ့ပြီး အမြင့်ဆုံးအဆင့် ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့ဖူးပါတယ်။ ကွင်းလယ် အားကောင်းသော်လည်း အဆုံးသတ် ညံ့ဖျင်းတဲ့ အသင်းအတွက် ပြင်သစ်နဲ့ အိမ်ရှင်အသင်းကို အလဲထိုးနိုင်ရင်တော့ အုပ်စုက လွတ်နိုင်ပါတယ်။ သို့ပေမယ့် အတော့်ကို ကြိုးစား ကစားရပါလိမ့်မယ်။
ဥရုဂွေးအသင်းကတော့ ၁၉၃၀ နဲ့ ၁၉၅၀ ပြည့်နှစ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ ဒီနောက်ပိုင်း ကာလတွေမှာတော့ အောင်ပွဲနဲ့ အလှမ်းဝေးနေတဲ့ အသင်းတသင်းဖြစ်ပါတယ်။ အုပ်စု (က) မှာ ဖျက်မြင်း ဒါမှမဟုတ် အမှတ်ဖြည့် အသင်းတသင်း ဖြစ်နိုင်တဲ့ အသင်းပါ။ အားထားရတဲ့ တိုက်စစ်မှူး ဖော်လန်လည်း ဒဏ်ရာရှိထားပါတယ်။
အားလုံးကို ခြုံငုံကြည့် လိုက်ရင်တော့ ပြင်သစ်၊ တောင်အာဖရိက တို့ပဲ အုပ်စုက တက်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

တောင်အာဖရိကအသင်း
နည်းပြ - ကားလိုစ် အယ်လ်ဘာတိုပါရဲယား
ဂိုး - ဝေါလ်တာ၊ အီတမ်မက်ကမ်း ခွန်း၊ ဂျိုးဇက်ဖ်
နောက်တန်း - ခွန်မာလို၊ ဂါဇာ၊ ကွန်ကာ၊ မက်သရူး ဘုသ်၊ ဆန်ဂွီနီ၊ လူးကပ်စ် သွာလာ၊ မက်ဆီလီလာ၊ မိုကိုနာ
အလယ်တန်း - မိုရီရီ၊ ဒေးဗစ်၊ ခူဘိုနီ၊ လက်ရှိုး လိုနီရန်နီ၊ ဒစ်ကာဂို၊ မိုဒစ်၊ ရှာဘာလာလာ၊ ဆီဘာယာ၊ ပီနာ
ရှေ့တန်း - ဘားနက် ပါကာ၊ အမ်ဖီလာ၊ နွမ်ဗက်သီ

ပင်သစ်အသင်း
နည်းပြ - ရေမွန် ဒိုမနစ်
ဂိုး - ကာရက်ဆို၊ အယ်လိုရစ်၊ မန်ဒန်ဒါ
နောက်တန်း - အဘီဒယ်၊ ကလစ်ချီ၊ အီဗရာ၊ ဂါးလက်စ်၊ ပလာနပ်စ်၊ ရီဗယ်လာရီ၊ ဆက်ဂ်နာ၊ စကွယ်လာစီ
အလယ်တန်း - ဒီယာဘီ၊ ဒိုင်ယာရာ၊ လက်ဆာနာ၊ ဂေါကပ်ဖ်၊ မလူဒါ၊ ရီဘာရီ၊ တူလာလန်၊ ဗယ်ဘူနာ
ရှေ့တန်း - အနယ်လ်ကာ၊ ဆစ်ဆေး၊ ဂစ်နက်၊ ဂိုဗူး၊ အွန်နရီ

မက္ကဆီကို အသင်း
နည်းပြ - ဂျာဗီးယား အဂွီရီ
ဂိုး - အိုချိုအာ၊ အာနက်စ်တို မစ်ချယ်၊ အော်စကာ ပီရက်ဇ်
နောက်တန်း - အဂူရီလာ၊ ဂျူရာရက်ဇ်၊ မာဂါလွန်၊ ရာဖေး မားကွက်ဇ်၊ မိုရီနို၊ အိုဆိုရီယို၊ ရိုဒရီဂွက်ဇ်၊ ဆယ်စီဒို၊ နီလို
အလယ်တန်း - ကတ်စထရို၊ ဂွာဒါဒို၊ တော်ရာဒို၊ ပါဘလို ဘာရီးယား၊ ဒေါ့ဆန်းတိုစ်
ရှေ့တန်း - ဘူတစ်စတာ၊ ဘလန်ကို၊ ဖရန်ကို၊ ဟာနန်ဒက်၊ မီဒီနာ၊ ကားလိုစ် ဗီလာ

ဥရုဂွေးအသင်း
နည်းပြ - အော်စကာ တာဘာရက်ဇ်
ဂိုး - ကတ်စတီလို၊ မူစလီရာ၊ ဆေးလ်ဗား
နောက်တန်း - ကာဆာရက်၊ ဖူဆီလီ၊ ဂေါ်ဒင်၊ လူဂါနို၊ စကော့တီ၊ ပါရဲယား၊ ဗစ်တိုရီနို
အလယ်တန်း - အယ်လ်ဗာရို ရီးယိုစ်၊ အီဂူရန်၊ ဖာနန်ဒက်၊ ဂါဂါနို၊ ဂွန်ဆာလက်၊ လော့ဒိုင်ရို၊ မာတီနက်ဇ်၊ ပီရဲယား၊ ပီရက်ဇ်၊ ရိုဒရီဂွက်ဇ်
ရှေ့တန်း - ကာဗာနီ၊ ဖာနန်ဒက်၊ ဖော်လန်၊ ဆီဘက်စရှန် အဘာရူ၊ ဆူရက်ဇ်
-----------------------------------------------
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး နီးလာလေ ပြိုင်ပွဲကြီးနဲ့ ဆက်စပ်တဲ့ သတင်းတွေကလည်း အုတ်အော်သောင်းတင်းပါပဲ။ အထူးသဖြင့် တောင်အာဖရိကနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို အကြမ်းဖက်သမားတွေက တိုက်ခိုက်လာ နိုင်တယ်၊ အမေရိကန်အစိုးရကလည်း ဘောလုံးပွဲ သွားကြည့်ကြမယ့် အမေရိကန် နိုင်ငံသားတွေကို သတိပေးနေမှုတွေလည်း ထွက်နေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ အချိန်ကတည်းက အကြမ်းဖက်တိုက်ခိုက်မှု၊ လောင်းကစားမှု၊ မှုခင်းဖြစ်ရပ်များကြောင့် ဘောလုံးပွဲ လာရောက် ကြည့်မည့်သူများအတွက် စိုးရိမ် စိတ်ပျက်ဖွယ်သတင်းတွေက တပုဒ်ပြီးတပုဒ် ထွက်ပေါ်နေပါတယ်။ အိမ်ရှင် တောင်အာဖရိကအသင်းနဲ့ ခြေစမ်းကစားဖို့ ရောက်လာတဲ့ ကိုလံဘီယာအသင်း ကစားသမားများရဲ့ ငွေကြေးများ အခိုးခံရ တဲ့သတင်း၊ မြွေပေါတဲ့အတွက် ကြောက်ရွံနေတဲ့ ကစားသမားတွေရဲ့ အိမ်သူသက်ထားတွေအကြောင်း၊ ခြေစမ်းပွဲမှာ ရလဒ်တွေ မကောင်းတဲ့ အသင်းတွေရဲ့သတင်းတွေကို ကြားနေရပါတယ်။
ပြိုင်ပွဲဝင် အုပ်စု (ခ) ကို ဆက်လက်သုံးသပ် ကြည့်ကြရအောင်ပါ။
        ခြေစစ်ပွဲတွင် တွေ့ရသည့် နာမည်ကြီး အာဂျင်တီးနား ဘောလုံးအသင်း (ဓာတ်ပုံ- Skysport.com)
အုပ်စု (ခ) အသင်းတွေ ကတော့ ဒုတိယနေ့ ဖြစ်တဲ့ ဇွန်လ ၁၂၊ ၁၇ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ အသင်းတွေ ကတော့ အာရှတိုက်က တောင်ကိုရီးယား၊ ဥရောပမှ ဂရိ၊ ချန်ပီယံ ဖြစ်မယ်လို့ ရေပန်းစားနေတဲ့ အာဂျင်တီးနား၊ အာဖရိက တိုက်က နိုက်ဂျီးရီးယားတို့ ပါဝင်ပါတယ်။
“ဘုရားပေးတဲ့လက်” လို့ အမည် ပေးထားတဲ့ နာမည်ကြီး ဘောလုံး သမားဟောင်း မာရာဒိုနာက အသင်းမှာ နည်းပြ လုပ်နေပြီး အကြိုဗိုလ်လုပွဲ တက်ရောက်ဖို့  အခွင့်အလမ်း သာနေတယ်လို့ ဘောလုံးဝေဖန် သုံးသပ်သူ အများစုက တစ်ပေးနေပေမယ့် ခြေစစ်ပွဲမှာတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ကမ္ဘာ့ အကောင်းဆုံးဖြစ်တဲ့ မက်ဆီ၊ အဂူရို၊ အင်တာမီလန် တိုက်စစ်မှူး မီလီတို၊ မာရှီရာနို၊ ဟီဂူအင်၊တီဗက်စ် စတဲ့ ကစားသမား ကောင်းတွေနဲ့ စုစည်းထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
နည်းပြရဲ့အတွေ့အကြုံ မရင့်ကျက်သေးမှုကိုတော့ သံသယဖြစ်စရာပါ။ လူရွေးချယ်ရာမှာလည်း အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး လတ်တလော ပူပူနွေးနွေး ခြေစွမ်းပြထားတဲ့ ဥရောပချန်ပီယံလိဂ် ဖလားပိုင်ရှင် အင်တာမီလန် အသင်းရဲ့ ၀ါရင့် နောက်တန်းလူ ဇနက်တီ၊ ကွင်းလယ် အဖျက်ကစားတဲ့ ကမ်ဘီယာဆိုတို့ကို မရွေးချယ်ခဲ့ပါဘူး။
လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေတဲ့ ဗာရွန်၊ မာတင်ပါလာမိုတို့ကို ရွေးချယ်ခဲ့ပါတယ်။
ဇွန်လ ၁၂ရက်နေ့မှာ နိုင်ဂျီးရီးယားအသင်းနဲ့ စတင် ကစားရမှာ ဖြစ်ပါတယ်။
အာဖရိကတိုက် အသင်းတသင်းဖြစ်တဲ့ အာဖရိက လင်းယုန်လို့ နာမည်ကြီးတဲ့ နိုက်ဂျီးရီးယားအသင်းကတော့ ကနူးတို့လို အားထားရတဲ့ ကစားသမားတွေ အကျပိုင်း ရောက်သွားတဲ့နောက် ကမ္ဘာ့အဆင့်မှာလည်း ကျသွားတဲ့အသင်း ဖြစ်ပါတယ်။
အသင်းကို ဆွီဒင်လူမျိုး ၀ါရင့်နည်းပြ လားစ် လာဂျာဘက်က ကိုင်တွယ်နေပြီး ၀ါရင့်တိုက်စစ်မှူး ကနှုး၊ ယာကူဘူ၊ မာတင်တိုနဲ့ တည်ဆောက် ထားပါတယ်။ အားထားရမယ့် ချယ်လ်ဆီးကွင်းလယ်လူ မီခေးလ်ကတော့ ဒဏ်ရာရရှိနေတဲ့အတွက် မပါဝင်နိုင်တော့ ပါဘူး။ ဒါပေမယ့် တောင်ကိုရီးယားကို အနိုင်ကစားနိုင်ပြီး ဂရိကို သရေကစားနိုင်ရင် အုပ်စုကျော်ဖို့ မျှော်လင့်ချက်ရှိ နေတဲ့ အသင်းပါ။
နည်းပြ ဟူဂျောင်မူးရဲ့ တောင်ကိုရီးယားဟာ အာရှတိုက်မှာ ခြေစစ်ပွဲတွေ အမြဲလိုလို အောင်မြင်ခဲ့ပြီး ကမ္ဘာ့ဖလားကို ပြိုင်ပွဲ ၀င်နိုင် ခဲ့တဲ့ အသင်းပါ။ ၂၀၀၂ ခုနှစ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ ဂျပန်နိုင်ငံနဲ့တွဲပြီး အိမ်ရှင်အဖြစ် ပူးတွဲ လက်ခံကျင်းပခဲ့ပြီး ဆီးမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းတသင်းဖြစ်ပါတယ်။
ဝါရင့် တိုက်စစ်မှူး အင်ဂျန်းဟွမ်၊ ပတ်ချုယောင်း၊ မန်ယူ အသင်းက ပတ်ဂျီဆန်၊ ခံစစ်မှာတော့ လီယောင်ပျိုတို့နဲ့ အသင်းကို တည်ဆောက်ထားပါတယ်။
နည်းဗျုဟာနဲ့ နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုနဲ့ လျှင်မြန်မှုတွေမှာ လက်တင်အမေရိက၊ ဥရောပနဲ့ အာဖရိက အသင်းတွေလောက် မပြည့်မီတဲ့အတွက် အုပ်စုကျော်ဖို့ အတော်ခက်ပါတယ်။
နိုက်ဂျီးရီးယားနဲ့ ဂရိကို သရေ ကစားနိုင်ခဲ့ရင်တောင် အာဂျင်တီးနားကို ယှဉ်ဖို့ကတော့ မလွယ်ကူပါဘူး။
ယူရို ၂၀၀၄ မှာ ချန်ပီယံဖြစ်ခဲ့တဲ ဂရိအသင်းကိုတော့ ၀ါရင့်နည်းပြ အော်တို ရီဟာဂယ်ကပဲ ကိုင်တွယ်နေပြီး ကစားသမား အများစုဟာ ပြည်တွင်းနဲ့ ဥရောပလိဂ်များမှာ ကစားနေပါတယ်။ ကာရာဂူးနစ် တို့လိုဝါရင့် ကစားသမားတွေနဲ့ တည်ဆောက် ထားပါတယ်။
လူရွေးချယ်ရာမှာ နောက်တန်း ကစားသမားများကို အဓိကထား ရွေးချယ်ထားသည်ကို ကြည့်ခြင်းဖြင့် ယူရို ၂၀၀၄ ကစားကွက် အတိုင်း ခံစစ်ကို အသားပေးကစား မည်လို့ သုံးသပ်ရပါတယ်။
အသင်း စုစည်းမှု အားနည်းချက်ရှိနေပြီး တိုက်စစ်ပိုင်းနဲ့ အလယ်တန်း ဘောလုံးဖြန့်ခွဲမှု ဟန်ချက် မညီဘူးလို့ သုံးသပ်ခံထားရတဲ့ အသင်းဖြစ်လေတော့ နိုက်ဂျီးရီးယားနဲ့ ကစားရမယ့်ပွဲ ရလဒ်ဟာ အုပ်စု တက်နိုင် မတက်နိုင် အဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။
နည်းပြ ရီဟာဂယ်၊ ၀ါရင့်ကစားသမားကြီး ကာရာဂူးနစ်တို့ အသင်းဟာ ၂၀၀၄ ဥရောပ ချန်ပီယံဖလားတုန်းကလို အခွင့်အရေး ရဖို့ နည်းပါးပါတယ်။
အုပ်စု (ခ) ကို ဇယားချပြီး သုံးသပ်ကြည့်ရင်တော့ အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားပဲ အုပ်စုက ကျွတ်ဖို့များပါတယ်။

အာဂျင်တီးနား အသင်း
နည်းပြ - မာရာဒိုနာ
ဂိုး - ဒီယေဂို ပိုဇို၊ ဆာဂျီယို ရိုမီယို၊ မာရီယာနို အန်ဒူဂျာ
နောက်တန်း - အော်တာမန်ဒီ၊ ရိုဒရီဂွက်ဇ်၊ ဘာဒစ်ဆို၊ ဒီမစ်ချယ်လီ၊ ဆင်မြူရယ်၊ ဟိန်ဇ့်၊ ဂါဆီ
အလယ်တန်း - ပတ်စတိုရီ၊ ဒီမာရီယာ၊ ဘိုလတ်တီ၊ မာရှေယာနို၊ ဂူတီရက်ဇ်၊ မက်ဆီ ရိုဒရီဂွက်ဇ်၊ ဗာရွန်
ရှေ့တန်း - ဟီဂူအင်၊ အဂူရို၊ တီဗက်စ်၊ မီလီတို၊ ပါလာမို

နိုင်ဂျီးရီးယား အသင်း
နည်းပြ - လားစ် လာဂျာဘက်
ဂိုး - အိုင်ယီ နူဂ်ဘာ၊ အီဂျီဒီ၊ အန်ယီယာမာ
နောက်တန်း - အီချီဂျီလီ၊ အဒီလီယီ၊ တိုင်ဝို၊၊ အိုဒီယာ၊ အဖိုလာဘီ၊ ယိုဘို၊ ဆစ်တူး
အလယ်တန်း - ဟာရူနာ၊ ကီတာ၊ အိုဘီ၊ယူဆွဖ်၊ အီသူဟူ
ရှေ့တန်း - အိုဘင်နာ၊ အိုဘူကီ၊ အူချီ၊ အိုဒမ် ၀င်ဂီ၊ မာတင်၊ အူတာကာ၊ အီယာဂ် ဘီနီ၊ ကနှုး

ဂရိ အသင်း
နည်းပြ - အော်တို ရီဟာဂယ်
ဂိုး - ဇောဗက်စ်၊ ဆီဖာကစ်၊ ချယ်ကီယက်စ်
နောက်တန်း - ဆိုကရာတစ်၊ နီကိုလပ်စ် စပီရိုပူလော့စ်၊ မာလီဇက်၊ ပါပါဒို ပူလော့စ်၊ တိုရိုစီဒစ်၊ ဗင်ဒရာ၊ ပါပါ့ ဆက်သို ပူးလော့စ် အာဗင် ပါပါဒို ပူလော့စ်၊ မိုရက်စ်၊ ဂရိုင်ဂျီယာကော့စ်၊ ဆီတာရီဒစ်
အလယ်တန်း - နီနစ်၊ ပရီတစ်၊ဇီရိုလစ်၊ ကာရာဂူးနစ်၊ ကွန်စတင်တီနိုစ်၊ ကာဆိုရာနစ်
ရှေ့တန်း - ကာပီတာနိုစ်၊ ဆယ်ပီဂီဒစ်၊ ဂီးကပ်၊ ဆာမာရက်စ်၊ ခရစ္စတေ့

ကိုရီးယား အသင်း
နည်းပြ - ဟူဂျောင်မူး
ဂိုး - ဂျန်ဆောင်ယောင်၊ ကင်ယောင်ကွမ်၊ လီဝန်ဂျေး
နောက်တန်း - အိုဘွန်ဆွတ်၊ ကင်ဟောင်အီ၊ ချိုယောင်ဟွမ်၊ လီယောင်ပျို၊ လီဂျန်ဆူး၊ ကင်ဒေါင်ဂျင်၊ ချာဒူးရီ
အလယ်တန်း - ကင်ဘိုကျောင်၊ ကင်ဂျီဆောင်၊ လီချောင်ယောင်၊ ကင်ဝူဂျန်း၊ ပတ်ဂျီဆန်၊ လီချောင်ယောင်၊ ရှင်ဟောင်းမင်း
ရှေ့တန်း- လီဆောင်ယိုး၊ ပတ်ချူယောင်း၊ ဟွန်ကီဟွန်၊ လီဒေါင်ဂွတ်၊ အင်ဂျန်းဟွမ်

Geen opmerkingen: