မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 12 juni 2010

အရှင်ဂမ္ဘီရကိုရွေးကောက်ပွဲသဘောထားမေးမြန်း

administrator Saturday, June 12, 2010
.စစ်ကိုင်းတိုင်းကလေးမြို့ထောင်တွင်အကျဉ်းကျနေသောအရှင်ဂမ္ဘီရကိုရဲအထူးသတင်းတပ်ဖွဲ့က ရွေးကောက်ပွဲ အပေါ်ထားရှိသည့် သဘောထားများ မေးမြန်း ခဲ့သည်ဟု သိရသည်။
“ပြီးခဲ့တဲ့လ၆ရက်နေ့တုန်းကတခါ၊၂၆ရက်တုန်းကတခါလာမေးတယ်တဲ့။ဦးဇင်းကတော့ ရွေးကောက်ပွဲလုပ်တာလုပ်သင့်တယ်။ကောင်းတယ်။ဒါပေမယ့်ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေပါဖို့လိုတယ်လို့ ပြန်ပြောလိုက်တယ်လို့ ပြောတယ်”ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့သည့် မိခင်ဖြစ်သူ ဒေါ်ရေးက ပြောသည်။
ထို့အပြင် ထောင်မှထွက်သည့်အချိန်တွင် ဘာအလုပ်ပြန်လုပ်မည်နည်းဟုလည်း မေးမြန်းသည်ဟု ဆိုသည်။
“ထောင်ကထွက်ရင်တော့ဦးပဉ္ဇင်းကဘုန်းကြီးပြန်ဝတ်ရုံပေါ့လို့ပြောလိုက်တယ်တဲ့။သူတို့က အဲ့ဒီလိုမေးတော့ လွှတ်ပေးဖို့များ စိတ်ကူးရှိလား မသိဘူး။ ဦးပဉ္ဇင်းကတော့ မသိဘူးလို့ ပြောတယ်”ဟု သူက ပြောသည်။
လာမည့်ဇွန်လ၁၉ရက်နေ့တွင်ကျရောက်မည့်အရှင်ဂမ္ဘီရ၏၃၁နှစ်ပြည့်မွေးနေ့ကို ကလေးထောင်တွင်းတွင်ပင် အလှူပေး ကျင်းပရမည်ဖြစ်ကြောင်း မိခင်ဖြစ်သူကဆိုသည်။
အရှင်ဂမ္ဘီရဖမ်းဆီးခံရချိန်မှစ၍ယနေ့အချိန်ထိမိဘများနေထိုင်သည့်မိထ္ထီလာစက်မှုဇုန်ရှိနေအိမ်သို့ အာဏာပိုင်များကမကြာခဏလာရောက်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ဆဲဖြစ်သည်ဟု ဆိုသည်။
အရှင်ဂမ္ဘီရ၏အကိုဖြစ်သူကိုအောင်ကျော်ကျော်၊ညီဖြစ်သူကိုအောင်ကိုကိုလွင်နှင့်ယောက်ဖဖြစ်သူ ကိုမိုးထက်လျှမ်းတို့မှာလည်း၂၀၀၇သံဃာအရေးအခင်းတွင်ပါဝင်ပတ်သက်မှုများကြောင့်ဖမ်းဆီးခံကြရပြီး ရှမ်းပြည်တောင်ကြီးထောင်၊ရခိုင်ပြည်နယ်ကျောက်ဖြူထောင်စသည့်နယ်ဝေးထောင်များတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေကြရသည်။
နာဂစ်ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့်အရှင်ဂမ္ဘီရ၏အစ်မဖြစ်သူမလွင်လွင်မြင့်တိမ်းရှောင်နေမှုကိုလည်း လာရောက် မေးမြန်းနေသည်ဟု ဆိုသည်။
ဒေါ်ရေးက“နာဂစ်တုန်းကအလှူလုပ်တဲ့သူတွေဖမ်းတော့သမီးကဒုက္ခသည်စခန်းမှာရောက်နေတာပါ။ သားအမိချင်းကတော့အဆက်အသွယ်လုပ်မှာပဲ။စကားပြောမှာပဲ။ဒါတော့အပြစ်မရှိပါဘူးနော်လို့ ပြောတော့ကျနော်တို့မေ့သွားလို့မေးမိတာပါဘာညာနဲ့တောင်းပန်သွားတယ်။အဖေကြီးကတော့ ညကျတော့ သွေးတွေတိုးရော”ဟု ပြောသည်။
အရှင်ဂမ္ဘီရသည်၂၀၀၇ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင်ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့ပြီး၂၀၀၇နိုဝင်ဘာလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။ အမှုပေါင်း ၁၇ မှုနှင့် ထောင်ဒဏ် ၆၈ နှစ် ကျခံခဲ့ရသည်။
၂၀၀၈ဇွန်လအတွင်းကအယူခံဝင်ခဲ့ရာထောင်ဒဏ်၅ နှစ်လျှော့ချပေးခဲ့၍ထောင်ဒဏ်၆၃နှစ်ဖြင့် ကလေးထောင်တွင် အကျဉ်းကျနေရခြင်းဖြစ်သည်။
ကလေးအကျဉ်းထောင်တွင်အရှင်ဂမ္ဘီရ၊ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးစိုင်းညွန့်လွင်၊၈၈ ကျောင်းသားခေါင်းဆောင်ကိုအောင်နိုင်၊တောင်ကုတ်NLDစည်းရုံးရေးမှူးကိုမင်းအောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါးရှိကြောင်း သိရ သည်။

Geen opmerkingen: