မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

လုံခြုံရေး ဆွေးနွေးပွဲ မြန်မာ ဗိုလ်ချုပ် မတက်

ဧရာဝတီ Monday, June 07, 2010
.ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အေးမြင့်သည်ရှန်ဂရီလာဒိုင်ယာလော့ဂ်(Shangri-LaDialogue)ဆွေးနွေးပွဲခေါ်၉ကြိမ်မြောက်အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ဦးဆောင် ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ထိပ်သီးဆွေးနွေးပွဲကို ဇွန် ၄ ရက်မှ ၆ ရက်နေ့ အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည်။
ပြည်ပသို့ တိမ်းရှောင် လာသော ဗိုလ်မှူး စိုင်းသိန်းဝင်းက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာ ဇီးယားသတင်းဌာနတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းမှ တဆင့် ယခုရက်ပိုင်းအတွင်း ထုတ်ဖော် လိုက်သောကြောင့် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားခဲ့သည်။
အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရန်အတွက် ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေး ကျွမ်းကျင်သူများနှင့် ပညာရှင်များက ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီး အကဲများ၊လုံခြုံရေးဆိုင်မရာမူဝါဒချမှတ်သူများတက်ရောက်သော်လည်းစစ်အစိုးရဘက်မှ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်သည်။
ယမန်နှစ်များကကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်အတွက် အမည်စာရင်း ပေးထားပြီးမှ မတက်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်အစိုးရ၏ နျူကလီးယား ပိုင်ဆိုင်ရန် ကြိုးပမ်းမှု အထောက်အထားတချို့ ပေါ်ထွက်လာခြင်းကြောင့် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ ယင်းအစည်းအဝေးတွင် မေးမြန်းမှုများခံရနိုင်သည့် အတွက် မတက်ရောက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
ရန်ကုန် အခြေစိုက် ၀ါရင့် နိုင်ငံရေးသမား သခင်ချန်ထွန်းက “တယောက်ယောက်က သူ့ကို အဲဒီအကြောင်း မေးရင် သူက တခုခုပြောရတော့မယ်။ ဒါကြောင့် သူမတက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
ယခုနှစ်ဆွေးနွေးပွဲ ပထမနေ့တွင် မြောက်ကိုရီးယားက ပစ်ခတ် နှစ်မြှုပ်ခဲ့သော တောင်ကိုရီးယား စစ်သင်္ဘောနှင့် ပတ်သက်၍ အထူးတလည် ဆွေးနွေးခဲ့ကြသည်။ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ယင်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ တဆင့် မြောက်ကိုရီးယားကို အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
မစ္စတာ လီမြောင်ဘတ်က ၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့်လန်ဒန်တက္ကသိုလ်စီးပွားပညာနှင့်နိုင်ငံရေးသိပ္ပံကျောင်း(LSE)မှ နိုင်ငံတကာ မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ သုတေသီ ဒေါက်တာ ဇာနည်က ဆိုသည်။
သို့သော်လည်း မြောက်ကိုရီးယားနိုင်ငံက မြန်မာပြည်အပေါ် ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ နည်းပညာများ အထောက် အပံ့ပေးနေခြင်းကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ယခင်လက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။
မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် AP သတင်း တရပ်တွင် ရေးသား ထားသည်။

Geen opmerkingen: