မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

အီတူးထာဒုက္ခသည်စခန်းရိက္ခာပြတ်လတ်

ရဲရင့် / ၀၇ ဇွန် ၂၀၁၀

ထိုင်းနိုင်ငံဘက်မှသံလွင်မြစ်ကြောအတိုင်းစားနပ်ရိက္ခာနှင့်ကုန်စည်သယ်ဆောင်မှုများကို အကန့်အသတ်မရှိ ပိတ်ပင်ထားသည့်အတွက်ကရင်ပြည်နယ်အတွင်းရှိအီတူးထာပြည်တွင်းဒုက္ခသည်စခန်းမှဒုက္ခသည် (၄,၅၀၀) ခန့် ရိက္ခာပြတ်လတ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောသည်။
၎င်းက “ထိုင်းနိုင်ငံဘက်ကစားနပ်ရိက္ခာနဲ့ဆေးဝါးတွေအခြားပစ္စည်းတွေသယ်တာကိုအခုလ(၃)ရက်က အကန့်အသတ်မရှိပိတ်ပင်လိုက်လို့အီတူးထာကဒုက္ခသည်တွေအတွက်ရိက္ခာသယ်တဲ့ကိစ္စကိုပါ ထိခိုက်သွားတာဖြစ်တယ်။ကျနော်တို့ဆီကဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကခြွင်းချက်အနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ညှိနှိုင်းမှုတွေလုပ်နေပါတယ်၊ဘယ်လောက်ကြာမလဲတော့မသိဘူး။ ဒုက္ခသည်တွေကတော့ လက်ကျန်ဆန်တွေနဲ့ မျှဝေကြပြီး ဆန်ပြုတ်သောက်တာ ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။
ကလေးငယ်ထက်ဝက်ခန့်ရှိသည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း သံလွင်မြစ်ကမ်းနဖူးတွင် တည်ရှိသော အီတူးထာဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်းမြို့နယ် မဲ့စံမလက် ဆိပ်ကမ်းမှတဆင့် စက်လှေဖြင့် ပေးပို့နေသည့် ရိက္ခာဆန်များကို အားထားနေရသည်။
ယခင်လက မဲဟောင်ဆောင်ခရိုင်နှင့် မြို့နယ်အဆင့် ထိုင်းအာဏာပိုင်များ ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် သံလွင်မြစ်အတွင်း စားနပ်ရိက္ခာများနှင့် ကုန်စည်များ သယ်ယူခြင်းကို တားမြစ်ထားကြောင်း ကရင်ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခု၏ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ထိုင်းဘက်က တားမြစ်လိုက်တာက ထိုင်းအာဏာပိုင်တွေက သံလွင်မြစ်နံဘေးတလျှောက် အခြေချနေထိုင်သူတွေ ရေကြောင်းခရီးလမ်းကနေတဆင့် ဒီလိုပစ္စည်းမျိုး ရောင်းဝယ်သယ်ယူတာကို တရားဝင်ပုံစံ လုပ်ချင်တဲ့အတွက် ကုန်သည်တွေအနေနဲ့ ထိုင်းအာဏာပိုင်ဆီမှာ ခွင့်ပြုချက်ယူရမယ်လို့ သိရတယ်။ ဒုက္ခသည်ရိက္ခာကလည်းဒီလမ်းကြောင်းကနေသယ်ရတော့ကန့်သတ်ချက်ထဲပါသွားတာဖြစ်တယ်”ဟု ပြောသည်။
ဒုက္ခသည်ရိက္ခာကိစ္စနှင့်ပတ်သက်၍အထူးကင်းလွတ်ခွင့်ပေးရန်စခန်းတာဝန်ရှိသူများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းတာဝန်ရှိသူအချို့ကဒေသခံထိုင်းအာဏာကိုင်များထံ မေတ္တာရပ်ခံခဲ့သော်လည်း အထက်အမိန့်အရ ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
အီတူးထာဒုက္ခသည်များအတွက် အလှူရှင်များပေးပို့လှူဒါန်းသည့် ဆန်နှင့်ဆားများ မဲ့စံမလက်ဆိပ်ကမ်းတွင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုင်းအာဏာပိုင်များ၏ တားမြစ်ထားမှုကြောင့် ရိက္ခာများ ကမ်းနဖူးတွင် သောင်တင်လျက်ရှိသည်။
အီတူးထာစခန်းမှဒုက္ခသည်စောတကွီးက“သူတို့နိုင်ငံဘက်ကဘယ်လိုအမိန့်ပဲထုတ်ထုတ် ဘာမှမပြောလိုပါဘူး။ဒါပေမယ့်ကလေး(၂,၀၀၀)ကျော်ရှိတဲ့ဒုက္ခသည်တွေအတွက်တော့ လူသားချင်းစာနာမှုအရ ရိက္ခာသယ်ယူခွင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။
အီတူးထာပြည်တွင်းဒုက္ခသည်စခန်း၌ခိုလှုံလျက်ရှိသည့်ဒုက္ခသည်များသည်၂၀၀၆ခုနှစ်ကနအဖစစ်တပ်၏ နယ်မြေစိုးမိုးရေးထိုးစစ်ကြီးများကြောင့်ထွက်ပြေးလာကြသည့်တောင်ငူ၊ညောင်လေးပင်ခရိုင်နှင့် ဖာပွန်ခရိုင်တို့မှ ကရင်ရွာသားများဖြစ်သည်။
အဆိုပါဒုက္ခသည်စခန်းတွင် ဆန်နှင့်ဆားနှစ်မျိုးသာရရှိကြပြီး အလှူရှင်များက ထိုင်းနိုင်ငံဘက်မှတဆင့် ပေးပို့လှူဒါန်းလျက် ရှိသည်။
အဆိုပါဒုက္ခသည်များသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ကူညီစောင့်ရှောက်မှုကို မရရှိဘဲ ကရင်လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် ရပ်တည်လျက်ရှိသည်။

Geen opmerkingen: