မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 juni 2010

နယ်ခြားစောင့်တပ်ပြောင်းရေးဖိအားလျော့သွား

သန်းထိုက်ဦး Monday,June14,2010
.နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့်ပတ်သက်ပြီးအပစ်အခတ်ရပ်စဲထားသောတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့ကိုစစ်အစိုးရအာဏာပိုင်များကဖိအားပေးမှုများလျော့နည်းသွားကြောင်းစစ်ရေး လေ့လာသူများက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သောဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)နှင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)တို့ကိုယခုလဆန်းပိုင်းမှစတင်၍ဖိအားပေးမှုများလျော့နည်းသွားခြင်း ဖြစ်သည်။
KIOအဖွဲ့မှတာဝန်ရှိသူတဦးကစစ်အစိုးရကနယ်ခြားစောင့်ကိစ္စနှင့်ပတ်သက်၍ဖိအားပေးမှုများ မရှိတော့ကြောင်း ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့နယ်ခြားစောင့်တပ်ကိစ္စဖိအားပေးမှုများလျော့နည်းသွားရခြင်းသည်တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင် မြန်မာပြည်သို့သွားရောက်ခဲ့သော၂ရက်ကြာခရီးနှင့်ပတ်သက်နိုင်သည်ဟုလည်းစစ်ရေး လေ့လာသူများက ပြောဆိုနေကြသည်။
ထိုင်းနိုင်ငံအခြေစိုက်ကချင်သတင်းစဉ်မှအယ်ဒီတာလဖိုင်နော်ဒင်းက“တရုတ်အစိုးရကနအဖကိုရောUWSAနဲ့KIO တို့ရောဝမ်ကျားပေါင်မသွားခင်သီးသန့်တွေ့ခဲ့တာတွေလုပ်ခဲ့ပါတယ်”ဟုပြောသည်။
လွန်ခဲ့သည့် မတ်လက UWSA ဒေသများတွင် စစ်ဖြစ်မည်ဟု ထင်မြင်ချက်များကြောင့် နေရပ်များသို့ ပြန်သွားကြသော စစ် အစိုးရ ၀န်ထမ်းများသည် ယခုလတွင် လူဦးရေ ၃၀ ခန့် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
ယင်းဒေသတွင်ကျောင်းဆရာ၊ဆရာမနှင့်ကျန်းမာရေးဝန်ထမ်းများအပါအ၀င်လူဦးရေ၂၀၀ခန့်ရှိပြီး အများစုမှာUWSA၏ဆက်ဆံရေးဌာနသို့တရားဝင်ဆက်သွယ်၍ ပြန်ကြသူများသာ ပြန်လာကြသည်ဟု ၎င်းက ဆိုသည်။
တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်သည်၂၀၁၀ရွေးကောက်ပွဲအပါအ၀င်တိုင်းရင်းသားအရေးကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်၌ ယခုလ ၃ ရက်နေတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး အတွက် တရုတ် ၀န်ကြီးချုပ်က စစ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့ ကြောင်း လည်း သံတမန် အသိုင်းအ၀န်းမှ သိရသည်။
အစိုးရပိုင် သတင်းစာများတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံ တကာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံအတွက် အလေးထား ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြောင်း ဖော်ပြခဲ့ သည်။
တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိသဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။
ထို့အပြင် KIOကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ကချင်လူကြီးပိုင်းများကလာရောက်စည်းရုံးမှုများပြုလုပ်ခဲ့ကြောင်းလည်းKIOတာဝန်ရှိသူတဦးက ပြောသည်။
“ပစ်တာ ခတ်တာကတော့ မကောင်းဘူး၊ ၁၆ နှစ် ငြိမ်းချမ်းခဲ့ပြီးပြီ၊ အဲဒီတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်၊ ငြိမ်းချမ်းဖို့ အတွက် ဖြေရှင်း စေချင်ပါတယ်၊ အဲဒါ လာပြောတယ်”ဟု ၎င်းက ဆိုသည်။
ဤအတောအတွင်းကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)အဖွဲ့ခေါင်းဆောင် ဦးစခုန်တိမ်ယိန်းတို့ကလည်းအစိုးရညွှန်ကြားထားသည့်အတိုင်းလိုက်နာရန်အကြံပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
စစ်အစိုးရကအပစ်ရပ်တပ်ဖွဲ့များကိုနယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက်၂၀၀၉ခုနှစ် ဧပြီလကတည်းကစတင်ခဲ့သော်လည်းယခုအချိန်အထိNDA-K၊ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။
စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Geen opmerkingen: