မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 4 juni 2010

ခိုးကူးခွေရောင်းပါကထောင်(၃)နှစ်

မျိုးဝင်းဇော်/၀၄ဇွန်၂၀၁၀
ရန်ကုန်ဧရိယာအတွင်းဗွီဒီယိုခွေငှားဆိုင်များနှင့်လမ်းဘေးဓာတ်ပြားအရောင်းဆိုင်တို့တွင်ခိုးကူးခွေများ တွေ့ရှိပါကအစစ်အဆေးမရှိထောင်(၃)နှစ်ချမှတ်ခံရမည်ဟုသက်ဆိုင်ရာမှအကြောင်းကြားထားကြောင်း ဓာတ်ပြားအရောင်းဆိုင်များမှ သိရသည်။
ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းမှ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ရောင်းချသူတဦးက “ပြီးခဲ့တဲ့ရက်က ကျနော်တို့ကို ဗွီဒီယို အခြေခံအစည်းအရုံးက အစည်းအဝေးခေါ်တယ်။ ခိုးကူး မြန်မာဗွီဒီယို ဇာတ်ကားတွေ၊ သီချင်း စီဒီတွေ၊ကာရာအိုကေဗွီစီဒီတွေနဲ့အခြားလက်ဝှေ့လိုမျိုး ပြည်တွင်းက ထုတ်လုပ်တဲ့ဟာတွေ မရောင်းဖို့ တားမြစ်တယ်။မလိုက်နာရင်အရင်လိုဒဏ်ကြေးနည်းနည်းပါးပါးနဲ့ ပြန်လွှတ်ပေးတော့မှာ မဟုတ်ဘဲ အစစ်အဆေးမရှိ ထောင်(၃)နှစ်အထိ ချမယ်လို့ ပြောတယ်။ ခုလောလောဆယ် အဲဒီ ခိုးကူးတွေ ရောင်းတာ နည်းနည်းလျော့သွားတယ်။ အားလုံးက အခြေအနေ စောင့်ကြည့်နေတယ်” ဟု ပြောသည်။
ရန်ကုန်မြို့သာမကမြန်မာတနိုင်ငံလုံးတွင်ခိုးကူးဗွီစီဒီနှင့်ဒီဗွီဒီခွေများပျံ့နှံ့နေသည်မှာကြာပြီဖြစ်သော်လည်း ယခုပြည်တွင်းဗွီဒီယိုဈေးကွက်ကိုထိခိုက်လာသည့်အတွက်ဗီဒီယိုအခြေခံအစည်းအရုံးက ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ပြည်တွင်းမှ တေးရေးဆရာတဦးက ပြောသည်။
၎င်းက“ကျနော်တို့ဂီတဈေးကွက်ဆိုပျက်တာကြာလှပေါ့။ဒီနေ့ဓာတ်ပြားထွက်၊လမ်းဘေးမှာနောက်နေ့ တချပ် (၃ဝဝ)လောက်နဲ့ရောင်းနေကြပြီ။နှစ်တွေကြာလာတော့ထုတ်လုပ်ရေးသမားတွေလည်းမခံနိုင်တော့ တေးအယ်လ်ဘမ်အသစ်တွေမလုပ်နိုင်တော့တာတောင်ကြာလှပြီ။ခုတော့ဒီခိုးကူးဂယက်ဟာဗွီဒီယို ထုတ်လုပ်ရေးဘက်ကို ကူးစက်သွားတယ်” ဟု ပြောသည်။
ဗွီဒီယို ထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရနှင့် နီးစပ်သည့်သူဌေးကြီးများက လုပ်ကိုင်နေပြီး ၎င်းတို့သည် ဗွီဒီယို အခြေခံအစည်းအရုံးတွင်တာဝန်ယူထားသူများလည်း ဖြစ်ကြကြောင်း၊၎င်းတို့ရိုက်သည့်အခွေများကို မူပိုင်ခွင့်အနေဖြင့်မည်သူကမှမ၀ယ်တော့ဘဲ ခိုးကူးခွေများကိုသာဝယ်ကြ၊ငှားကြလုပ်နေကြသည့်အတွက် ယခုကဲ့သို့အရေးယူရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း အဆိုပါ တေးရေးဆရာက ပြောသည်။
အနော်ရထာလမ်းတွင်ဓာတ်ပြားအရောင်းဆိုင်ဖွင့်လှစ်ထားသူတဦးက၎င်းတို့အနေဖြင့်မြန်မာသီချင်းနှင့် ဗွီဒီယိုဇာတ်ကား၊နိုင်ငံခြားရုပ်ရှင်ဇာတ်ကားဒီဗွီဒီများကိုနယ်မြေခံရဲနှင့်ထောက်လှမ်းရေးတို့ကို ပုံမှန်ဆက်ကြေးပေးပြီးရောင်းချနေကြခြင်းဖြစ်ကြောင်း၊လမ်းဘေးတွင်ဓာတ်ပြားရောင်းသူအများစုသည် ဆင်းရဲသည့် အလုပ်လက်မဲ့များ ဖြစ်ကြကြောင်း ပြောသည်။
၎င်းက“ဒီလိုခိုးကူးရောင်းချတာတွေပျောက်ဖို့ဆိုရင်အလုပ်လက်မဲ့ပြဿနာ၊ ရဲနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ လာဘ်စားမှု ပျောက်သွားမှသာဖြစ်နိုင်မယ်။ထောင်ဒဏ်(၃)နှစ်ချမှတ်မယ်ပြောပေမယ့် ဆင်းရဲတဲ့ အလုပ်လက်မဲ့တွေကဆက်ပြီးရောင်းနေကြဦးမှာဖြစ်သလိုလခနဲ့မလောက်ငတဲ့ ရဲတွေကလည်း လာဘ်စားနေဦးမှာဖြစ်လို့ ဒီကိစ္စ ဖြေရှင်းဖို့ လွယ်မယ်မထင်ဘူး” ဟု ပြောသည်။
အာဏာပိုင်များသည် ယခု အရေးယူမှုကို မေလကုန်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ဇွန်လ (၁) ရက်နေ့မှစ၍ အရေးယူမှုစတင်မည်ဟု ကြေညာထားသော်လည်း ရောင်းသူများရှိနေဆဲဖြစ်သည်။

Geen opmerkingen: