မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

HIVဝေဒနာရှင်များအတွက်အလှူရှင်များအရေးပေါ်လိုအပ်

အောင်ထက်/၀၇ဇွန်၂၀၁၀
တနေ့တခြားတိုးပွားလာသောHIV/AIDSဝေဒနာရှင်များအတွက်ဆေးဝါးစရိတ်ကုန်ကျမှု ငွေကြေးအခက်အခဲ ရှိနေသည့်အတွက်ARTဆေးဝါးများဆက်လက်ပေးဝေနိုင်ရန် မလွယ်ကူတော့ကြောင်း HIV အရေး ဆောင်ရွက်နေသူ မဖြူဖြူသင်းက ပြောကြားသည်။
ပြည်တွင်း အန်ဂျီအိုများစွာမှ ART(ARV) ဆေးဝါးများ ဖြန့်ဝေမပေးနိုင်တော့ခြင်း၊ မီးလောင် မင်္ဂလာဈေး၏ လတ်တလောဆေးဈေးကွက်ပျက်သွားခြင်းတို့ကြောင့်HIVအပါအ၀င် ၎င်းနှင့် ဆက်စပ်ဆေးဝါးများ တန်ဖိုးမြင့်တက်လာက ငွေအကုန်အကျ ပိုမိုများလာသည့်အတွက် ART ဆေးဝါးများ ဆက်လက်ဖြန့်ဝေရန် အခက်အခဲ ရှိလာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“ကျမတို့ကဆေးယူထား၊အလှူရှင်ရလာရင်ငွေသွားရှင်း၊အဲလိုရှိတယ်။အခုဆေးပစ္စည်းတွေ မီးလောင်ဆုံးရှုံးကုန်တော့သူတို့လည်းဆိုင်တွေကိုအသစ်ကနေပြန်စနေရတယ်။ARTကို တခြားဆိုင်တွေမှာ လက်လီဝယ်ယူဖို့ကျတော့ ကျမတို့ ငွေလက်ငင်း မတတ်နိုင်ဘူးဖြစ်နေတယ်”ဟု မဖြူဖြူသင်းက ပြောသည်။
HIV/AIDS ဝေဒနာရှင်များ သောက်သုံးရသည့် ART(ARV) ဆေးများကို ပြင်ပဆေးဆိုင်များမှ ၀ယ်ယူပါက တလစာ (ပျမ်းမျှ)(၃၀,၀၀၀)ှ(၃၅,၀၀၀)ကျပ်ဝန်းကျင်ခန့်ရှိကြောင်း၊ထို့ပြင်HIV/AIDSနှင့် ဆက်စပ်နေသော အခြားရောဂါများအတွက် ကာကွယ်ဆေးများဖြစ်သော Forcan, Septrim, Imodium ဆေးများ၊ ပိုးသတ်ဆေးများ၊ ၀မ်းပျက်ဝမ်းလျှောအတွက် ဓာတ်ဆားထုပ်များပါမကျန် ယခင်ထက် ဈေးတက်နေသည့်အတွက် ဆေးဝါးဝယ်ယူမှုစရိတ်ပျမ်းမျှ လစဉ်(၂၀-၂၅)သိန်းခန့် ကုန်ကျနေကာ ဆက်လက်ဝယ်ယူနိုင်ရန် ငွေကြေးအခက်အခဲ ရှိနေသည်ဟု သိရသည်။
“သဇင် ဆေးခန်းကြီး အပါအ၀င် အန်ဂျီအိုတွေအနေနဲ့ HIV လူနာသစ်တွေကို သွေးစစ်ပေးရုံကလွဲလို့ ART လုံးဝ မပေးနိုင်တော့ဘူး။ အရင်က အန်ဂျီအို အတော်များများ (မှို၊ ရေယုန်၊ ၀မ်းပျက်ဝမ်းလျှော စတဲ့ အခြား အခွင့်အရေးယူရောဂါ)(OI)ဆေးတွေ ပေးနိုင်သေးတယ်။ အခု သူတို့ဆီမှာ OI တောင်ပြတ်နေပြီ။ အန်ဂျီအိုတွေမှာ ခုလို ARTရော၊OIရောပြတ်နေတော့ ကျမတို့ဆီကို လူနာတွေပိုတိုးဝင်နေတယ်”ဟု လည်း မဖြူဖြူသင်းက ပြည်တွင်း အန်ဂျီအိုအဖွဲ့အစည်းများ၏ လက်ရှိရပ်တည်မှုကို ရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်လုပ်ကိုင်နေသူ မဖြူဖြူသင်းက ၎င်းတို့အနေဖြင့် လက်ရှိတွင် လူနာ (၁၀၀) ဦးခန့်အား ART ဆေး လစဉ် ပေးဝေနေရပြီး OIအဆင့် လူနာသစ်များလည်း (၃-၄)ဦးမျှ နေ့စဉ် ရောက်ရှိနေသည့်အတွက် နယ်လူနာ (၁၀၀) ခန့်ကို တောင်ဒဂုံ (၁၈) ရပ်ကွက်၌ (၂)အိမ်၊ မြောက်ဒဂုံ၌ (၂) အိမ် စုစည်းနေထိုင်စေကာART,TB,OIဆေးများသာမက ၀မ်းရေးအခက်အခဲကိုလည်း တတ်နိုင်သမျှ ဖြေရှင်းပေးနေရသည်ဟု ပြောဆိုသည်။
“လတ်တလောအခက်အခဲအရလူနာနဲ့ကျမတို့ငွေကြေးတယောက်တ၀က်ကျခံစေတဲ့ပုံစံမျိုး၊ လူနာအချင်းချင်းARTလှည့်ပေးနေရတဲ့ ပုံစံမျိုးတွေ လုပ်နေရတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရစားဖို့တောင်အနိုင်နိုင်ဆိုတော့ဆေးဝါးကိုအပြင်ဈေးနဲ့ဝယ်သုံးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။အများစုကို အခမဲ့ ပေးဝေနေရတယ်။လူနာတွေဆေးပြတ်ရင်အသက်တိုလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ပြည်တွင်းအန်ဂျီအိုများသည်3DFunds,GlobalFundsတို့မှ ပေးဝေသောARTဆေးများဖြင့်သာ ရပ်တည်နေရကြောင်း၊ လာမည့်၂၀၁၁တွင် GlobalFundsမှ မြန်မာပြည်တွင်းသို့ ARTအလုံအလောက် ဖြန့်ဝေမည်ဟုသတင်းများထွက်ပေါ်နေသည့်အပေါ်များစွာမျှော်လင့်နေရကြောင်းမဖြူဖြူသင်းက ပြောသည်။
၎င်းက “HIV လူနာတွေအတွက် အရေးပေါ် ငွေကြေးလိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဖြစ်စေ၊ တရားမ၀င် ငွေကြေးဖြစ်စေ၊ ဘယ်အဖွဲ့အစည်းက လှူလှူ အားလုံးကို လက်ခံမယ်။ ဒီနည်းပဲ ရှိတော့တယ်။ အဲလိုလုပ်လို့ပြဿနာတစုံတရာရှိလာရင်ကျမဖြေရှင်းမယ်။HIVလူနာတွေကိုARTဆေးဖြန့်ဝေလို့ ထောင်ချမယ်ဆိုလည်း ကျမခံမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မင်္ဂလာဒုံဆေးရုံနှင့် ဝေဘာဂီဆေးရုံတို့တွင်လည်း ဆေးမပေးနိုင်သည့်အတွက် HIV/AIDS လူနာသစ်များကို လက်မခံတော့ကြောင်း၊ ဆေးပေးနေကျ လူနာဟောင်းများကို တလတကြိမ် ဆေးပေးသော်လည်း ရက်ချိန်းမမှန် ဖြစ်နေကြောင်း သိရသည်။
စစ်အစိုးရကမူ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့သည်ဟု ၂၀၀၉ ခုနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့တွင် ကြေညာခဲ့သော်လည်း အရေအတွက် အတိအကျကိုမူ ဖော်ပြခြင်းမရှိပေ။

Geen opmerkingen: