မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 juni 2010

ပြည်သူ့အလိုကျကိုယ်စားလှယ်မရှိဟုကွမ်းခြံကုန်းမြို့ခံတို့ပြောကြား

အောင်ထက် /၁၆ဇွန်၂၀၁၀
လာမည့်၂၀၁၀ရွေးကောက်ပွဲတွင်ကွမ်းခြံကုန်းမြို့နယ်အတွက်ပြည်သူ့အလိုကျကိုယ်စားလှယ် ရွေးချယ်စရာမရှိဟု ဒေသခံအများစုက ပြောဆိုနေကြသည်။
ကွမ်းခြံကုန်းမြို့နယ်ကိုယ်စားပြုဝင်ရောက်အရွေးခံမည့်သူမှာကြံ့ဖွံ့ပါတီဝင်တဦးဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ်၊ ချောင်းဝရွာ ဇာတိဖြစ်သူ စွမ်းအင်ဝန်ကြီး ဦးလွန်းသီဖြစ်သည်။
စွမ်းအင်ဝန်ကြီးသည်၂၀၀၀ခုနှစ်ကပင်ကွမ်းခြံကုန်းကိုစည်ပင်အောင်လုပ်ပေးခဲ့သည်ဟုမယကတာဝန်ရှိသူတဦးက ပြောသည်။
“ထန်းတောထိပ်၊ စည်ပင်အ၀ိုင်းတွေမှာ ရေစင်တွေ ဆောက်ပေးခဲ့တယ်။ အလက (၁) ကျောင်းကို (၃) ထပ်ဆောင် အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်ပေးခဲ့တယ်။ မီးသင်္ဂြိုဟ်စက် တည်ဆောက်ပေးခဲ့တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကွမ်းခြံကုန်းမြို့ ကျေးလက်ပိုင်း၊ ပင်လယ်ပိုင်းနယ်မြေများ သောက်သုံးရေပြတ်လပ်စဉ် နယ်မြေခံဝန်ကြီးဟု အဆိုရှိသူ စွမ်းအင်ဝန်ကြီး ဦးလွန်းသီသည် သောက်သုံးရေ ပေးဝေရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ယင်းအဖွဲ့တွင် မယက၊ ကြံ့ဖွံ့၊ စည်ပင်၊ မီးသတ်တို့အပြင် ဒေသအာဏာပိုင်များစွာ ပါဝင်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ပြည်သူ့ငွေဖြင့် လှူဒါန်းသော ရေသယ်ယာဉ်များတွင် ကြံ့ဖွံ့အလံတပ်၍ ပြောင်ပြောင်တင်းတင်း အယောင်ဆောင်မှုများအပေါ် မြို့ခံတို့က ရှုတ်ချပြောဆိုမှုများ ရှိခဲ့သည်။
ထိုသို့ စွမ်းအင်၊ မီးသတ် ရေသယ်ဘောက်ဆာယာဉ်များတွင် ကြံ့ဖွံ့အလံစိုက်ထူခြင်းကို လိုလားမှုမရှိသည့် အလှူရှင်များက မြို့ခံလူငယ်အချို့နှင့် ပူးပေါင်းကာ သောက်သုံးရေ ပြတ်လပ်သည့်နယ်မြေများသို့ လိုက်လံလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းလုပ်ရပ်အပေါ် နယ်မြေခံလူငယ်အချို့အား ဒေသအာဏာပိုင်တို့က ခေါ်ယူမေးမြန်းစစ်ဆေးမှုများ ရှိခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။
ဝန်ကြီးဦးလွန်းသီအနေဖြင့် ၎င်း၏ ကိုယ်ပိုင်ငွေမပါဘဲ ရေအလှူရှင်များကို ချိတ်ဆက်စီစဉ်ပေးမှုအပေါ် ကျေးဇူးတင်စရာ ကောင်းသော်လည်း ရေလှူဒါန်းသည့်ကားများကို ကြံ့ဖွံ့အလံများတပ်ခြင်းသည် မတရားစည်းရုံးခြင်း ဖြစ်ကြောင်း မြို့ခံများက သုံးသပ်သည်။
အဆိုပါလုပ်ရပ်ကို မကျေနပ်သည့် မြို့ခံလူငယ်တဦးက “ဒီနယ်မြေဟာ အန်အယ်လ်ဒီနယ်မြေပဲ။ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ မ၀င်လို့ပါ။ ၀င်ခွင့် မရလို့ပါ။ ၀င်ခွင့်ရလိုက်ပါလား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူတုန်းကလို မခြိမ်းခြောက်နဲ့၊ အောက်ခြေ ရယကတွေ အခွင့်အာဏာ မသုံးနဲ့၊ မဲအားလုံး အန်အယ်လ်ဒီဘက် ရောက်သွားမယ်” ဟု ဆိုသည်။
စွမ်းအင်ဝန်ထမ်းတဦးကမူ ၀န်ကြီးဦးလွန်းသီသည် နာဂစ်အပြီးတွင် ဆူးကလပ်၊ ထင်းပုံဆိပ်ကျေးရွာတွင် အိမ်ခြေ (၂၀) ကျော်၊ သုံးခွပိုင် သရက်သုံးပင်တွင် အိမ်ခြေ (၃၀) ကျော်၊ တော်ကူးအနောက် ရွာသစ်ရွာတွင် အိမ်ခြေ (၂၀၀) ကျော်၊ မေတ္တာရွာတွင် (၇၃၆)လုံး၊ကွမ်းခြံကုန်း မြို့မဈေးကြီး၊ လက်ခုပ်ကုန်း ဆိုင်ကလုန်း ရှယ်လ်တာ၊ စံပြရပ်ကွက်တွင် အိမ်ရာ(၃၈၉)လုံး စီမံကိန်းများ လုပ်ဆောင်ပေးခဲ့သည်ဟု ပြောဆိုသည်။
မြို့ခံတဦးက“ဒါပေမယ့်သာမန်မြို့တမြို့အနေနဲ့သုံးသပ်တာဟာတနိုင်ငံလုံးနဲ့စာရင်အင်မတန် သေးသိမ်ပါတယ်။နအဖအုပ်စိုးမှု အနှစ်(၂၀)ကျော်တိုင်းပြည် ဘာဖြစ်ခဲ့လဲ။ပညာရေး၊ကျန်းမာရေး ဘာတွေ တိုးတက်လာလဲ။ တိုင်းပြည်ရဲ့ အရင်းအမြစ်အားလုံး ဆုံးရှုံးသွားပြီဆိုတာတော့ဘယ်သူမှမငြင်းနိုင်ပါဘူး” ဟု ဝေဖန်ထောက်ပြသည်။
ကော့မှူးမြို့နယ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် မြောင်းမြဘဆွေကမူ “တို့ဟာ စစ်အစိုးရကို မလိုချင်ဘူး။ လူကို မဆိုလိုဘူး။ စနစ်ကို မလိုချင်တာ။ စနစ်ကိုတိုက်နေတာ။ တို့ဟာ နာမည် အသေမခံဘူး။ ယုံကြည်ချက်အတွက် အသက်စွန့်မယ်။ ဒီစကားက ခုမှ ပြောတာ မဟုတ်ဘူး။ တို့တွေ တောခိုပြီး မြန်မာပြည် ပြန်ဝင်တော့ နံပါတ်တစ်လို့ ခေါ်တဲ့ ကိုနေ၀င်းကိုလည်း ပြောခဲ့တယ်။ တစ်ခွဲလို့ ခေါ်ကြတဲ့ ထောက်လှမ်းရေး လန်ဘား ကိုတင်ဦးကိုလည်း ပြောခဲ့တယ်” ဟု ပြောဆိုသည်။
ကွမ်းခြံကုန်း မြို့လူထုအနေဖြင့် အဆိုပါ အခြေအနေများအရ ၂၀၁၀ ရွေးကောက်ပွဲကို မဲဆန္ဒရှင် ပြည်သူအများစု မဲပေးကြမည် မဟုတ်ဟု မြို့ခံများအကြား ပြောဆိုနေကြသည်။

1 opmerking:

Unknown zei

သတင်းတွေဖတ်သွားတယ် ဇာနည်ရေ