မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 juni 2010

အောင်ကောင်းသက် Tuesday, June 08, 2010
.တောင်အာဖရိက ကမ္ဘာ့ဖလား ချန်ပီယံ မျှော်လင့်ချက်နဲ့ စပိန်၊ နယ်သာလန် ကမ္ဘာ့ဖလားပွဲ နီးလာတာနဲ့ အမျှ စိတ်ဝင်စားမှု အရှိန်ကလည်း ပိုပြီး မြင့်လာကြတယ်။ အထူးသဖြင့် ဒီအထင်ကရပြိုင်ပွဲကြီးရဲ့ ချန်ပီယံဟာ ဘယ်အသင်း ဖြစ်နိုင်မလဲ ဆိုတဲ့ အချက်ပဲ။
                                စပိန်လက်ရွေးစင် ဘောလုံးအသင်း (ဓာတ်ပုံ- Skysport.com)
တချို့က ဘရာဇီးမှ ဘရာဇီး၊ တချို့စပိန်၊ အင်္ဂလန် ကြိုက်သူတွေက အင်္ဂလန်။ အီတလီ သမားတွေ ကလည်း အီတလီ အသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ကိုယ့်အထင် ကိုယ့်အမြင်တွေနဲ့ ဆွေးနွေး ငြင်းခုံနေကြတယ်။
လက်ရှိအချိန်မှာ ရေပန်းစားမှုတွေအရ ဆိုရရင်တော့ ဒီနှစ် ၂၀၁၀ ကမ္ဘာ့ဖလားရဲ့ ချန်ပီယံဖြစ်နိုင်မယ့် အသင်းအဖြစ် ဘရာဇီး၊ စပိန်၊ အင်္ဂလန်၊ အာဂျင်တီးနားနဲ့ နယ်သာလန် အသင်းတွေက ထိပ်ဆုံးမှာ အစဉ်လိုက် ရပ်တည်နေကြတယ်။
ဒီအသင်းတွေထဲကပဲ ချန်ပီယံဖြစ်နိုင်မလား။ တခြား နာမည်ကြီးအသင်းတွေဖြစ်တဲ့ အီတလီ၊ ပြင်သစ် စတဲ့ အသင်းတွေကရော
ချန်ပီယံဖြစ်နိုင်ခွင့် မရှိကြတော့ဘူးလား။ စိတ်ဝင်စားစရာတော့ ကောင်းနေတာ အမှန်ပါပဲ။
ကမ္ဘာ့ဖလားရဲ့ အစဉ်အလာတွေ အရဆိုရင် အသင်းသစ်တွေ ချန်ပီယံဖြစ်ဖို့ ခဲယဉ်းလေ့ရှိတယ်ဆိုတာ ကျင်းပပြီးစီးခဲ့တဲ့၁၈ကြိမ်မှာချန်ပီယံအသင်း၇သင်းပဲရှိသေးတာကပြနေသလိုပါပဲ။ဒါကြောင့် ဒီနှစ်မှာလည်းချန်ပီယံဖြစ်နိုင်တဲ့အသင်းသစ်တွေများပေါ်ထွက် လာမလား ဆိုတာလည်း ထည့်စဉ်းစားရမယ့် အချက်တခုလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရေပန်းစားနေတဲ့ ထိပ်ဆုံး ၅ သင်းထဲမှာ ကမ္ဘာ့ဖလား ချန်ပီယံ လုံးဝမဖြစ်ဘူးသေးတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ စပိန်နဲ့ နယ်သာလန်တို့ ပါဝင် နေလို့ ပါပဲ။
ဒီအသင်းနှစ်သင်းရဲ့ ခြေစစ်ပွဲတစ်လျှောက် ခြေစွမ်းအပါအဝင် လက်ရှိလူအင်အားနဲ့ အသင်းနည်းပြတွေရဲ့ အတွေ့အကြုံတွေအရဒီနှစ်သင်းဟာ အီတလီ၊ ပြင်သစ် စတဲ့ ကမ္ဘာ့ချန်ပီယံ ရဖူးတဲ့ အသင်းတွေကိုကျော်ပြီး ဗိုလ်စွဲနိုင်မယ့် အသင်းတွေအဖြစ် သတ်မှတ် ခံထားရတာ ဖြစ်နိုင်တယ်။ တကယ်လည်းဒီနှစ်သင်းရဲ့ ခြေစွမ်းဟာ လက်ရှိအချိန်ထိတော့ တည်ငြိမ်မှု အရှိဆုံးအသင်းတွေလို့ ပြောနိုင်တယ်။
စပိန်ရော၊ နယ်သာလန်ပါ ခြေစစ်ပွဲတွေ ကစားတဲ့အခါမှာ ကစားသမျှပွဲတိုင်းကို နိုင်ပွဲတွေယူပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ခြေစစ်ပွဲကို လှလှပပအောင်လာကြတာ ဖြစ်တယ်။ စပိန်ဆိုရင် ယူရို ၂၀၀၈ ချန်ပီယံဆိုတဲ့ အရှိန်အ၀ါကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး အခု ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းဟာလည်း အဲဒီတုန်းက အသင်းကို အခြေပြုတည်ဆောက်ထားတဲ့ အသင်းမျိုး ဖြစ်နေလို့ စပိန်အသင်း ရေပန်းစားနေတာဟာ မဆန်းဘူးလို့ ပြောရမယ်။
စပိန်အသင်းရဲ့ရေပန်းစားမှုဟာထိပ်ဆုံးကဘရာဇီးနဲ့တောင်အပြိုင်ဖြစ်နေတာကိုကြည့်ရင် ဒီကမ္ဘာ့ဖလားမှာ စပိန်ရဲ့ပြောင်းလဲလာတဲ့အနေအထားတွေကိုယုံကြည်နေကြသူတွေပိုများလာတယ်လို့တောင် ပြောနိုင်တယ်။
နယ်သာလန်ကတော့ ခြေစမ်းပွဲတွေ ကစားပြီးတဲ့နောက်မှာ သူတို့ရဲ့ ရေပန်းစားမှု ပိုပြီးမြင့်တက်လာတာလို့ ပြောနိုင်တယ်။ ခြေစမ်းပွဲတွေမှာ နယ်သာလန်ဟာ အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ပြနေပြီး ဂိုးတွေလည်း သွင်းကာ တိုက်စစ် အစွမ်းပြ နေကြတာကိုလည်းတွေ့ရတယ်။
ဒါပေမယ့် ဒီအသင်းတွေရဲ့ အစဉ်အလာပိုင်းကို ပြန်ကြည့်မယ် ဆိုရင်တော့ ဒီအသင်းတွေဟာ ပြိုင်ပွဲတိုင်း လိုလိုမှာ ရေပန်းစားတဲ့ အသင်းတွေထဲ ပါလေ့ပါထရှိပေမယ့် တကယ့်ပြိုင်ပွဲ ရောက်တဲ့အခါမှာတော့ အကြောင်း အမျိုးမျိုးကို အခြေခံပြီး ထိပ်ဆုံးအထိ အောင်မြင်မှုမျိုး ရဖို့ ခက်ခဲလေ့ရှိတာ တွေ့ရတယ်။
ဒါကြောင့် အခုတကြိမ်မှာလည်း ဒီအသင်းတွေဟာ အဲဒီအစဉ်အလာတွေကို ချိုးဖျက်နိုင်ဖို့ လွယ်ပါ့မလား ဆိုတာလည်း စဉ်းစားချင်စရာ ကောင်းလာခဲ့တယ်။
အုပ်စုအနေအထားတွေအရတော့စပိန်နဲ့နယ်သာလန်နှစ်သင်းစလုံးဟာနောက်တဆင့်ကိုတက်ဖို့ အခွင့်အရေးကောင်းနေကြတာမှန်ပေမယ့်အုပ်စုအဆင့်ကိုဖြတ်ကျော်တာနဲ့ ဒီအသင်းတွေအတွက် အခက်အခဲဆုံး လမ်းကို လျှောက်ရတော့မလို ဖြစ်နေတယ်။
                            နယ်သာလန် လက်ရွေးစင် ဘောလုံးအသင်း (ဓာတ်ပုံ- Skysport.com)
ပွဲစဉ်ဇယားတွေအရ ဒီအသင်းနှစ်သင်းဟာ ဆီမီးဖိုင်နယ်အထိ မရောက်မီမှာ အချင်းချင်း တွေ့နိုင်တာမျိုး ရှိနေသလို၊ အချင်းချင်း မတွေ့ရင်တောင် ကျန်တွေ့ရမယ့်အသင်း တွေကိုကြည့်ရင် အီတလီ၊ ပါရာဂွေး၊ ဘရာဇီး၊ ပေါ်တူဂီ၊ အိုင်ဗရီကို့စ် စတဲ့ အသင်းကောင်းတွေ ပါနေတာ တွေ့ရလို့ စပိန်ရော နယ်သာလန်ရော နှစ်သင်းစလုံးဟာ ဆီမီးဖိုင်နယ် ရောက်ဖို့ကိုတောင် ခက်ခက်ခဲခဲ ရုန်းကန်ကြရမယ့် ပုံပါပဲ။
နောက်တချက်ကတော့ ဒီအသင်းတွေနဲ့ ဒဏ်ရာ ပြဿနာ အနေအထားပါပဲ။ နယ်သာလန်ဆိုရင် ရော်ဘင် ဒဏ်ရာရသွားလို့ ကမ္ဘာ့ဖလား စခါနီးမှာ သူ့ကို လက်လွှတ်ရတော့မလို ဖြစ်နေတယ်။ နောက်ပြီး သူတို့ရဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် ၀ါရင့် ကစားသမားနဲ့ လူငယ်တွေကို အချိုးကျ ပေါင်းစပ်ထားမှု မှန်ပေမယ့် ခံစစ်ပိုင်းနဲ့ ဂိုးသမားပိုင်းကတော့ လိုအပ်မှုရှိနေသေးတယ်။ တိုက်စစ်ပိုင်းကိုကြည့်ရင်လည်း ရော်ဘင်သာ မကစားနိုင်တော့ရင် ဂိုးရဖို့အတွက် ဗန်ပါစီတဦးတည်းကိုပဲ အားကိုး ရမလိုဖြစ်နေပြီး ကျန်တဲ့ဒါကော့ခ်ျ၊ ဘာဘယ်လ်၊ ဟန်တယ်လာတို့ရဲ့ ဂိုးသွင်းနှုန်းတွေကတော့ အားရစရာသိပ်မရှိလှပါဘူး။ အထူးသဖြင့် မာကျောတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရရင် နယ်သာလန် အနေနဲ့ ဂိုး ရဖို့ ခက်သွားနိုင်တဲ့ အနေအထားမျိုး ကြုံရ ဖို့များတယ်။
စပိန်လည်း သေချာပြန်ဆန်းစစ်ကြည့်ရင်တော့ နယ်သာလန်နဲ့ သိပ်မကွာလှပါဘူး။ စပိန်ရဲ့ တိုက်စစ် အဓိက အင်အားစုတွေဖြစ်တဲ့ ကွင်းလယ်က ဇာဗီ၊ အင်နီ၊ ယေစတာ၊ ဖာဘရီဂတ်စ်၊ ရှေ့က တောရက်စ်၊ ဒေးဗစ်ဗီလာ၊ နာဗက်စ်စတဲ့ ကစားသမားတွေဟာ ဒဏ်ရာ ပြန်သက်သာခါစ ကစားသမားတွေဖြစ်နေပြီး တစ်လအတွင်း အပြီးကစားရမယ့် ဒီလို ပြိုင်ပွဲမျိုးမှာ နောက်ဆုံးဗိုလ်လုပွဲ ရောက်တဲ့အထိ ကြံ့ခိုင်မှု အပြည့်ရှိပါ့မလားဆိုတာ သံသယ ၀င်စရာပါပဲ။
နောက်တချက်ကစပိန်နဲ့နယ်သာလန်နှစ်သင်းစလုံးကစားသမားတွေရဲ့ခန္ဓာကိုယ်အနေအထားဟာ သူတို့ရှုံးထွက်အဆင့်လောက်မှာရင်ဆိုင်ရမယ့်ကစားသမားတွေထက်အနည်းငယ် အားလျော့နေတာကလည်း တကယ့် ကျဉ်းထဲကျပ်ထဲ ဂိုးရဖို့၊ ဂိုးမပေးရဖို့အတွက် အင်အားအပြိုင်သုံး ကစားရတဲ့ အခါမျိုးမှာ အခက်တွေ့နိုင်မှာ သေချာတယ်။
ဒါကြောင့် ဒီနှစ်ကမ္ဘာ့ဖလားမှာလည်း ချန်ပီယံဖြစ်နိုင်မယ့် အသင်းတွေထဲမှာ အသင်းသစ်တွေ ပေါ်ထွက် လာဖို့အတွက် မလွယ်သေးဘူးလို့ပဲ ကောက်ချက်ဆွဲထားရင် ကောင်းမယ်ထင်ပါတယ်။
အသင်းသစ်တွေထဲမှာ ရေပန်းအစားဆုံးဖြစ်တဲ့ ဒီထိပ်သီး နှစ်သင်းတောင် ဗိုလ်စွဲဖို့ မလွယ်ဘူးဆိုရင် ကျန်တဲ့
အသင်းသစ်တွေ အတွက်လည်း မျှော်လင့်စရာ သိပ်မရှိတော့ဘူးလို့ပဲ ပြောရပါလိမ့်မယ်။

Geen opmerkingen: