မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 10 juni 2010

ဟီလာရီကလင်တန်သို့ မစ္စတာဂျင်မ်ဝဘ်၏အိတ်ဖွင့်ပေးစာ

သောမတ်စ်မောင်ရွှေ
ကြာသပတေးနေ့၊ဇွန်လ၁၀ရက်၂၀၁၀ခုနှစ်၂၁နာရီ၀၂မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝဘ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့ပြီး မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဆုံဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယားနိုင်ငံမှ လက်နက်များအား သဘောင်္ဖြင့် ပေးပို့စေခဲ့သည်ဟူသော စွပ်စွဲချက်များအား အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် အတွင်းရေးမှူးက စစ်ဆေးဆောင်ရွက်ရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစောင်ကို အမေရိကန် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သို့ ပေးပို့ခဲ့သည်။
ဝါရင့်ဥပဒေပြုအမတ်တဦးဖြစ်ပြီးပြီးခဲ့သည့်နှစ်ကမြန်မာစစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာစစ်အစိုးရနှင့်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုလိုလားသူမစ္စတာဂျင်မ်ဝဘ်က ပြီးခဲ့သည့်လက ဒေါက်တာကာ့တ်ကမ်းဘဲလ်၏မြန်မာစစ်အစိုးရအပေါ်စွပ်စွဲချက်များသည်စစ်အစိုးရနှင့် ဆက်လက် စေ့စပ်ဆွေးနွေးရန် နောက်တွန့်စေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဆီးနိတ်နိုင်ငံခြားရေးဆပ်ကော်မတီ၏ဥက္ကဋ္ဌမစ္စတာဂျင်မ်ဝဘ်ကသူနှင့်သူ၏ အဖွဲ့သည်ဒေါက်တာကာ့တ်ကမ်းဘဲလ်၏စစ်အစိုးရအပေါ်စွပ်စွဲချက်နှင့်ပတ်သက်၍အမေရိကန် အစိုးရအဖွဲ့မှစုံစမ်းစစ်ဆေး၍ရှင်းလင်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း အမေရိကန် အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းမရှိခဲ့ဟု သူ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားခဲ့သည်။
အာရှနှင့်ပစိဖိတ်ရေးရာဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးစကော့မာစီယယ်ကမြန်မာနိုင်ငံအား ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ်၁၈၇၄ကိုချိုးဖောက်မှုနှင့်ပတ်သက်၍စွပ်စွဲဝေဖန်မှုများတွင်အခြား မည်သည့်နိုင်ငံကမျှအမေရိကန်နှင့်တရားဝင်ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ဟုမစ္စတာဂျင်မ်ဝဘ်နှင့် အဖွဲ့အား ဖွင့်ဟခဲ့သည်ဟု ဆိုသည်။
ဇွန်လ၈ရက်(အင်္ဂါနေ့)ရက်စွဲတပ်ထားသောစာထဲတွင်မြန်မာနိုင်ငံသည်မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့်နျူကလီးယားရရှိရေးဆောင်ရွက်နေသည်ဟုဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာန(DVB) က သတင်းထုတ်ပြန်မှုများကြောင့်မစ္စတာဂျင်မ်ဝဘ်သည်သူ၏မြန်မာနိုင်ငံခရီးစဉ်အားသွားရောက်ရန် နာရီအနည်းငယ်အလိုတွင်ဖျက်သိမ်းခဲ့သည်ဟုရေးသားထားသည်။ထိုကိစ္စနှင့်ပတ်သက်၍စစ်ဆေးမှုများ ပြုလုပ်ပေးရန်လည်း ဟီလာရီကလင်တန်အား တောင်းဆိုခဲ့သည်။
DVBမှရရှိခဲ့သောစွပ်စွဲချက်နှင့်ပတ်သက်သည့်အထောက်အထားများကိုကာတာအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနကနိုင်ငံတကာသုံးအင်္ဂလိပ်ဘာသာဖြင့်ထုတ်လွှင့်သွားခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင်ABCသတင်းကွန်ယက်မှထပ်ဆင့်ထုတ်လွှင့်ခဲ့သည်။ထိုအစီအစဉ်တွင် ပြည်ပသို့ တိမ်းရှောင်လာသောစစ်ဘက်မှပညာရှင်အရာရှိတဦးဖြစ်သူဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် အင်တာဗျူး အစီအစဉ်ပါဝင်ခဲ့ပြီးသူယူဆောင်လာခဲ့သော အထောက်အထားများဖြစ်သည့်စစ်အစိုးရ၏နျူကလီးယားနှင့် ဒုံးလက်နက်ပိုင်ဆိုင်ရေးကြိုးပမ်းမှုနှင့်ပတ်သက်သည့်စာရွက်စာတမ်းအထောက်အထားများကို တင်ပြခဲ့သည်။
ဗိုလ်မှူးစိုင်းသိန်းဝင်းသည်မြန်မာနိုင်ငံတပ်မတော်အင်ဂျင်နီယာတက္ကသိုလ်တွင်ပညာသင်ကြားခဲ့ပြီး နောက်ပိုင်းတွင်ရုရှားနိုင်ငံမှနာမည်ကျော်ဗော်မန်မော်စကိုနည်းပညာတက္ကသိုလ်(BaumanMoscowState TechnicalUniversity)မှဒုံးပျံအင်ဂျင်အထူးပြုဘာသာရပ်နှင့်ဘွဲ့ရရှိခဲ့သူဖြစ်သည်။ထို့နောက်မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးအထူးစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင်ဒုံးကျည်ပုံစံငယ်များစမ်းသပ်ပြုလုပ်ခြင်းနှင့် နျူကလီးယား အစီအစဉ်များတွင် ပါဝင်လုပ်ကိုင်ခဲ့ရသည်။

မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်ရန် ဂျင်မ်ဝဘ်က တောင်းဆို

ဂျင်မ်ဝဘ်၏စာထဲတွင်၂၀၀၈ခုနှစ်ကချမှတ်ထားခဲ့သည့်တွန်လမ်းတော့စ်မြန်မာ့ကျောက်မျက် ပိတ်ဆို့အရေးယူရေးဥပဒေနှင့်အညီထိုင်းနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်အဲရစ်ဂျွန်အားအမေရိကန် ပြည်ထောင်စု၏မြန်မာနိုင်ငံဆိုင်ရာပေါ်လစီရေးရာအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ကာ ဖြေရှင်းဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။ တွန်လမ်းတော့စ် အက်ဥပဒေအရ ထိုကဲ့သို့ ခန့်အပ်ရန် အမေရိကန် သမ္မတသည် ဆီးနိတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
ဆီနိတ်တာ အမတ်က ထိုင်းနိုင်ငံ၏ ‘လူကုန်ကူးမှု တိုက်ဖျက်ရေး’အပေါ် နိုင်ငံခြားရေးဌာနမှ အဆင့်လျှော့ချ သတ်မှတ်ထားမှုကိုလည်း ဝေဖန်
မစ္စတာဂျင်မ်ဝဘ်၏ပေးစာထဲတွင်သူ၏ ကော်မတီဥက္ကဋ္ဌတာဝန်နှင့်စပ်လျဉ်းသည့်အခြားအရေးကြီးသော ကိစ္စများနှင့်ပတ်သက်၍လည်းသူ၏ရပ်တည်ချက်များကိုဖော်ပြထားသည်။အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကမကြာသေးမီကသတ်မှတ်ထုတ်ပြန်ခဲ့သည့်လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့်စာရင်းတွင်ထိုင်းနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေးအားထုတ်မှုအားအဆင့်နှစ် (စောင့်ကြည့်အဆင့်)သို့လျှော့ချသတ်မှတ်ခဲ့မှုအပေါ်လည်းဆန့်ကျင်ကြောင်းသူ၏စာထဲတွင် ရေးသားထားသည်။မစ္စတာဂျင်မ်ဝဘ်၏စာထဲတွင်ထိုကဲ့သို့ အဆင့်လျှော့ချသတ်မှတ်မှုသည်ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံသတ်မှတ်ချက်များအရ ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူ ခံရမှုတချို့နှင့်ရင်ဆိုင်ရနိုင်ဖွယ်ရှိသဖြင့်ထိုင်းနိုင်ငံအပေါ်အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေလိမ့်မည်ဟုရေးသားထားသည်။ထိုင်းနိုင်ငံတွင်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေရချိန်နှင့်နိုင်ငံရေးတည်ငြိမ်မှုရရှိရန်ကြိုးစားနေရချိန်ဖြစ်သည့်အတွက် အကူအညီများလိုအပ်နေချိန်တွင်ထိုကဲ့သို့အဆင့်လျှော့ချသတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မစ္စတာဂျင်မ်ဝဘ်၏ စာထဲတွင် ရေးသားထားသည်။

မစ္စတာ ဂျင်မ်ဝက်၏ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ဇွန် ၈၊ ၂၀၁၀
လေးစားရပါသောမစ္စစ်ဟီလာရီရော့ဒမ်ကလင်တန်
အမေရိကန်အစိုးရအဖွဲ့ အတွင်းရေးမှူး
အမေရိကန် အစိုးရအဖွဲ့ရုံး
၂၂၀၁ C လမ်း၊ NW
ဝါရှင်တန် ဒီစီ၊ ၂၀၅၂၀

လေးစားရပါသော အတွင်းရေးမှူး မစ္စစ် လလင်တန် ခင်ဗျား
ကျနော်ဟာအရှေ့အာရှနှင့်ပစိဖိတ်ရေးရာဆီးနိတ်နိုင်ငံခြားရေးဆပ်ကော်မတီရဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ ပြီးခဲ့တဲ့အပတ်ကကိုရီးယားနိုင်ငံနဲ့ထိုင်းနိုင်ငံတွေကိုအဲဒီ့နိုင်ငံတွေမှာလောလောဆယ်ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ဒေသတွင်းကိစ္စတွေကိုဆွေးနွေးဖို့အတွက်သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း သွားရောက်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကို ဆိုင်းငံ့ထားခဲ့ရပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေရဲ့အစိုးရကိုယ်စားလှယ်တွေ၊စီးပွားရေးသမားတွေ၊လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊အမေရိကန်သံကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးပွဲတွေကနေရရှိလာတဲ့ အချက်အလက်တွေနဲ့ အကြံပြုချက်တွေကို မစ္စစ် ကလင်တန်ထံ ဝေမျှလိုပါတယ်။ ဒီအကြံပြုချက်တွေထဲက တချို့ဟာအချိန်ပေါ်မူတည်ပြီးအပြောင်းအလဲတွေရှိနိုင်တာကိုလည်းမစ္စစ်ကလင်တန်အနေနဲ့ သတိထားမိပါလိမ့်မယ်။
၁။ အမေရိကန်- တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်
တောင်ကိုရီးယား-အမေရိကန်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်(KORUSFTA)ကို အကောင်အထည် ဖော်နိုင်ခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေသာမက အရှေ့အာရှနိုင်ငံတွေ အားလုံးပါ အကျိုးကျေးဇူး ခံစားရလိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်မိပါတယ်။ အဲဒီစာချုပ်ကို အတည်ပြုရေးအတွက် ကွန်ဂရက်မှာ ကြန့်ကြာနေမှာကိုတော့ အထူးစိုးရိမ်မိပါတယ်။
ဒီသဘောတူစာချုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲဒီစာချုပ်အရ ၃ နှစ်အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုရဲ့ ၉၅ ရာခိုင်နှုန်းရှိတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်ရုံထုတ် ပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်မှုတွေကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စိုက်ပျိုးရေး ပို့ကုန် သုံးပုံနှစ်ပုံ အပေါ်မှာလည်း အခွန်စည်းကြပ်မှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုကားထုတ်လုပ်သူတွေဟာကိုရီးယားမှာဈေးကွက်တိုးချဲ့နိုင်ရေးအတွက် ဒီသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရေး လုပ်ဆောင်စေချင်နေကြကာ စာချုပ်အတည်ပြုရေး နှောင့်နှေးမှာကိုစိုးရိမ်နေကြပါတယ်။ခြုံငုံပြီးသုံးသပ်ကြည့်ရင်ဒီစာချုပ်ကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာဒီစာချုပ်ကြောင့်ဖြစ်လာမယ့်ဆုံးရှုံးမှုတွေထက်အများကြီးအလေးသာနေတာမို့ စာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့ရင် ကောင်းကျိုးတွေကို လက်လွှတ်လိုက်ရမှာပါ။
ကိုရီးယားဟာဒီစာချုပ်ကိုစံနမူနာထားပြီးတခြားလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်တွေကိုလည်း ပြုလုပ်နေပါတယ်။ဥရောပသမဂ္ဂ(EU)နဲ့လွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ကိုဒီဇွန်လထဲမှာ လက်မှတ်ရေးထိုးဖွယ်ရှိနေပြီးဒီဇင်ဘာမှာအီးယူ-ကိုရီးယားလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ကို အကောင်အထည်ဖော်ဖို့ရှိနေပါတယ်။ဒါကြောင့်အမေရိကန်အနေနဲ့ကိုရီးယားနဲ့လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို အတည်ပြုဖို့နှောင့်နေးနေမယ်ဆိုရင်အမေရိကန်ပြည်ထောင်စုရဲ့ ကုန်စည်တွေဟာ ဈေးကွက်ထဲမှာပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကိုရင်ဆိုင်ရကာရုန်းကန်ရဖွယ်ရှိနေပါတယ်။ အရေးကြီးတာကတော့ စာချုပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရှေ့အာရှ နိုင်ငံတွေဟာ အမေရိကန်ရဲ့ အရှေ့အာရှဒေသအပေါ် သဘောထားကို သံသယ ရှိလာနိုင်ပါတယ်။
ဒါကြောင့်မို့မစ္စစ်ကလင်တန်အနေနဲ့သမ္မတကိုတောင်ကိုရီးယား-အမေရိကန်လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကိုနိုဝင်ဘာရွေးကောက်ပွဲများမတိုင်မီကွန်ဂရက်မှာတင်သွင်းဖို့ တောင်းဆိုသင့်ပါတယ်။ ဆီးနိတ်မှာတော့ ကျနော်က တတ်စွမ်းသလောက် ဒီစာချုပ် အတည်ပြုရေးအတွက် အစွမ်းကုန် အားထုတ်သွားမှာပါ။

၂။ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး တည်ငြိမ်မှု အတွက် ကူညီရေး

အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဌာနဟာလူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့အစီရင်ခံစာ(TIP report)ကိုဇွန်လလယ်ကထုတ်ပြန်ခဲ့ပါတယ်။ဘန်ကောက်မြို့မှာရှိတဲ့အမေရိကန်သံရုံးဟာအမေရိကန် နိုင်ငံခြားရေးဌာနကထိုင်းနိုင်ငံရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်မှုကိုအဆင့်၂မှအဆင့်၂ (စောင့်ကြည့်အဆင့်)သို့လျှော့ချသတ်မှတ်ထားကြောင်းတင်ပြလာပါတယ်။သံရုံးအနေနဲ့ အဲဒီ့သတ်မှတ်မှုကို လက်ခံဖို့ခက်ခဲနေပြီးအဲဒီ့အဆင့်လျှော့ချသတ်မှတ်မှုကြောင့်မလိုလားအပ်တဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကိုလည်းစိုးရိမ်နေပါတယ်။အခုလိုအဆင့်လျှော့ချသတ်မှတ်လိုက်မှုဟာဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံသတ်မှတ်ချက်တွေအရထိုင်းနိုင်ငံဟာအမေရိကန်ပြည်ထောင်စုရဲ့ပိတ်ဆို့အရေးယူ ခံရမှုတချို့နဲ့ရင်ဆိုင်ရနိုင်စရာရှိနေလို့ထိုင်းနိုင်ငံအပေါ်မှာအပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့ကြိုးစားနေရလို့အကူအညီတွေလိုအပ်နေချိန်မှာဒီလိုအဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိဥပဒေအရဆိုရင်အမေရိကန်သမ္မတအနေနဲ့သက်ညှာခွင့် ပေးနိုင်ပေမယ့် အဲဒါဟာ အရေးယူ ပိတ်ဆို့မှု ကြေညာပြီးမှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
မစ္စစ်ကလင်တန်အနေနဲ့ထိုင်းနိုင်ငံမှာရှိတဲ့အမေရိကန်သံရုံးရဲ့ဆွေးနွေးချက်နဲ့အကြုံပြုချက်ကို လက်ခံပြီးတော့ထိုင်းနိုင်ငံအပေါ်လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာမှာအဆင့်လျှော့ချသတ်မှတ်မှုကို ပယ်ချလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဒီကိစ္စဟာအနှောင့်နှေးမခံတဲ့အရေးတကြီးကိစ္စဖြစ်လို့ မစ္စစ်ကလင်တန်နဲ့ မစ္စစ်ကလင်တန်ရဲ့ ဝန်ထမ်းတွေအနေနဲ့ ချက်ချင်း ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

၃။ ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ကာ မြောက်ကိုရီးယား နိုင်ငံကနေ စစ်လက်နက်ပစ္စည်းများ ပေးပို့မှုကို လက်ခံခဲ့တယ်လို့ ၂၀၁၀ ခုနှစ် မေလက အမေရိကန် အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်ရဲ့ စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ အစီရင်ခံစာမှာ ရှင်းလင်းချက်တွေ မပါခဲ့ပေမယ့် ဒီကိစ္စကို အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရှင်းလင်းသွားအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ထင်မြင်မိပါတယ်။ ဒီကိစ္စကြောင့်လည်း မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်တွေ ဆိုင်းငံ့ထားလိုက်ရတာပါ။
မကြာသေးခင်ကအာရှခရီးစဉ်မတိုင်ခင်မှာကျနော်နဲ့ကျနော့်ရဲ့လက်ထောက်တွေဟာ မြန်မာစစ်အစိုးရအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပေမယ့်အမေရိကန် အစိုးရအဖွဲ့ကလုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီးတခြားနိုင်ငံတွေနဲ့လည်းဆွေးနွေးခဲ့ပေမယ့်ကျနော်အာရှခရီးစဉ် ထွက်ခွာသွားသည်အထိဒီစွပ်စွဲချက်တွေရှင်းလင်းရေးအပေါ်မှာတော့တခြားဘယ်နိုင်ငံကမှ အမေရိကန်နိုင်ငံနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာန အနေနဲ့လည်း ယခုအချိန်အထိ ရှင်းလင်းဆောင်ရွက်မှု မရှိသေးပါဘူး။ အာရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်ကလည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေမှာ တခြား ဘယ်နိုင်ငံမှ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသေးဘူးလို့ ကျနော့်ရဲ့ လက်ထောက်ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။
ကျနော့်ရဲ့ခရီးစဉ်အချိန်ဇယားအရမြန်မာနိုင်ငံကိုသွားဖို့နာရီပိုင်းအလိုမှာမြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့အကူအညီနဲ့နျူကလီးယားရရှိရေးဆောင်ရွက်နေတယ်လို့နိုင်ငံတကာ သတင်းဌာနတွေမှာသတင်းတွေထွက်ပေါ်လာပါတယ်။ဒီစွပ်စွဲချက်တွေဟာအမေရိကန်ရဲ့ ငွေကြေးအကူအညီနဲ့လုပ်ငန်းဆောင်ရွက်နေတဲ့ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနကနေတဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံ ခရီးစဉ်ကိုစွပ်စွဲချက်တွေကျေလည်အောင်စုံစမ်းစစ်ဆေး ရှင်းလင်းပြီးသည်အထိ ဆိုင်းငံ့လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ထိုကိစ္စတွေ ရှင်းလင်းသွားအောင်အချိန်မီဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ဒါမှအမေရိကန်အနေနဲ့မြန်မာနိုင်ငံနဲ့စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၎။ မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်အပ်ရန်

၂၀၀၈ခုနှစ်တွန်လမ်းတော့စ်မြန်မာ့ကျောက်မျက်ပိတ်ဆို့အရေးယူရေးဥပဒေအရအမေရိကန်သမ္မတအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာပေါ်လစီရေးရာအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ဆီးနိတ်လွှတ်တော်ရဲ့အကြံပြုချက်နဲ့ ခွင့်ပြုချက်ရရှိဖို့ လိုပါတယ်။
အဲဒီကိုယ်စားလှယ်ဟာတခြားတာဝန်တွေအပြင်“နိုင်ငံပေါင်းစုံပူးပေါင်းပါဝင်သည့် ဘက်စုံပိတ်ဆို့အရေးယူရေး၊အတိုက်အခံများနှင့်သာမကစစ်အစိုးရနှင့်ပါတိုက်ရိုက်ဆွေးနွေးရေး၊ မြန်မာနိုင်ငံအတွင်းတွင် ရှိသော အန်ဂျီအိုများ အပါအဝင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရှိသည့် အန်ဂျီအို အဖွဲ့အစည်းများအား အကူအညီများပေးရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မည့် အရပ်သားအစိုးရ ပေါ်ပေါက်လာရေးနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများအလျင်အမြန်ပေးရေး”စတဲ့တာဝန်တွေကိုဆောင်ရွက်သင့်ပါတယ်။၂၀၀၈ခုနှစ် တွန်လမ်းတော့စ် အက်ဥပဒေကို ချမှတ်ပြီးကတည်းက အဲဒီလို တာဝန်ယူ ဆောင်ရွက်ရမယ့် သံတမန်မျိုးကို ခန့်ထားခြင်း မရှိခဲ့ပါ။
မစ္စစ်ကလင်တန်အနေနဲ့အဲဒီတာဝန်တွေဆောင်ရွက်ပေးမယ့် အထူးသံတမန်တဦး အလျင်အမြန် ခန့်ထားဖို့ သမ္မတကို တိုက်တွန်းလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျနော့်အနေနဲ့ကတော့အဲဒီရာထူးနေရာအတွက် ထိုင်းနိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့သံအမတ်အဲရစ်ဂျွန်ကိုခန့်ထားဖို့လေးလေးနက်နက် အကြံပြုလိုပါတယ်။သံအမတ်အဲရစ်ဂျွန်ဟာအရှေ့အာရှဒေသမှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရနဲ့ဆွေးနွေးညှိနှိုင်းမှုတွေကာလကြာရှည်စွာတာဝန်ယူလုပ်ဆောင်ဖူးတာကြောင့် အခု မြန်မာနိုင်ငံနဲ့ ကိစ္စမှာလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

၅။ အရှေ့အာရှရေးရာ ဌာနအတွက် ရန်ပုံငွေ မြှင့်တင်ရေး

ကျနော့်အနေနဲ့အရှေ့အာရှနှင့်ပစိဖိတ်ဒေသရေးရာဌာနရဲ့ရန်ပုံငွေကိုဒေါ်လာသန်း၁၀၀ထပ်ပြီး မြှင့်တင်နိုင်ဖို့နိုင်ငံခြားဆက်ဆံရေးခွင့်ပြုမှုအက်ဥပဒေကိုပြင်ဆင်ရေးမူကြမ်းကိုဧပြီလက တင်သွင်းခဲ့ပါတယ်။ အရှေ့အာရှဒေသဟာလူဦးရေများပြားပြီးနိုင်ငံရေးမတည်မငြိမ်မှုတွေများပြားပေမယ့်အမေရိကန်ရဲ့ အရှေ့အာရှဌာနဟာ တခြားဒေသဆိုင်ရာ ဌာနတွေနဲ့ နှိုင်းယှဉ်ရင် ရန်ပုံငွေ နည်းနေပါတယ်။
အရှေ့အာရှဌာနဟာ၂၀၁၁ဘဏ္ဍာရေးနှစ်အတွက်နိုင်ငံရပ်ခြားအစီအစဉ်တွေမှာသုံးစွဲဖို့အတွက်ရန်ပုံငွေ တောင်းခံမှု ဒေါ်လာ ၁၆၉ သန်းနဲ့ အနည်းဆုံး အနေအထားမှာရှိနေပါတယ်။အရှေ့အာရှဒေသမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုတွေများပြားလာခဲ့ပေမယ့်နိုင်ငံအခြားအကူအညီရန်ပုံငွေခွဲတမ်းမှာတော့ အရှေ့အာရှအတွက်စီးပွားရေးအထောက်အကူပေးရေးရန်ပုံငွေ(ESF)ဟာ၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၁၇၇.၉ သန်း ရှိခဲ့ရာကနေ ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၆၁.၃ သန်းအထိ ၆၅ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွက် ၂၀၀၉ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၁၀ ဘဏ္ဍာရေးနှစ် စီးပွားရေး အထောက်အကူပေးရေး ရန်ပုံငွေ (ESF) ဒေါ်လာ ၄.၈ ဘီလီယံနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ၂၀၁၀ ခုနှစ် မေလမှာ စုစုပေါင်း လျာထား ရန်ပုံငွေများ အနက်က ဒေါ်လာ ၂.၀၆ ဘီလီယံဟာ သုံးစွဲရခြင်း မရှိဘဲ ကျန်ရှိနေပါတယ်။ အဲဒီ ကျန်ရှိငွေတွေဟာ အရှေ့အာရှဒေသက ရရှိတဲ့ ရန်ပုံငွေ ခွဲတမ်းထက် အဆ ၃၀ ကျော် ပိုများနေပါတယ်။
အရှေ့အာရှရေးရာဌာနရဲ့နိုင်ငံတကာစစ်ဘက်ပညာရေးနှင့်လေ့ကျင့်ရေး(IMET)အတွက် ရန်ပုံငွေဟာလည်းဒေါ်လာ၉.၃ သန်းသာ ရှိပြီး အခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေပါတယ်။ အဲဒီပမာဏဟာဒေသဆိုင်ရာစစ်ဘက်ခေါင်းဆောင်တွေကိုအင်္ဂလိပ်စာသင်ကြားပေးရေး၊ယုံကြည်မှု မြှင့်တင်ရေးနဲ့အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေနဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတိမ်းအစောင်းမခံတဲ့ ငွေပမာဏပဲ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေအတွက် မျှတတဲ့ ရန်ပုံငွေခွဲတမ်း မရရှိခြင်းဟာ အမေရိကန်နိုင်ငံနဲ့ အရှေ့အာရှ နိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ အဟန့်အတားဖြစ်မှာကို ကျနော့်အနေနဲ့ အထူးစိုးရိမ်မိပါတယ်။ ဥပမာပြရရင် ထိုင်းနိုင်ငံဟာ မကြာသေးခင်ကမှ နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး လုပ်ဆောင်နေတဲ့ နေရာမှာ အမေရိကန်ရဲ့ အကူအညီ များစွာ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မဟာမိတ် နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ထိုင်းနိုင်ငံမှာ တည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှု ရရှိလာဖို့ အကူအညီပေးဖို့ တာဝန်ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ သင့်တင့်တဲ့ ရန်ပုံငွေ ရရှိမှသာ အကူအညီပေးရေး ခြေလှမ်းများ စတင်နိုင်မှာဖြစ်ပြီး ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပြည့်စုံစွာ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။
အရှေ့အာရှရေးရာ လုပ်ငန်းစဉ်တွေအတွက် ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေ ပိုမိုရရှိဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ မစ္စစ်ကလင်တန်အနေနဲ့ ပမာဏ ခြေလှမ်းအဖြစ် ရန်ပုံငွေ တိုးဖို့ တောင်းဆိုချက်ကို ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာ အရှေ့အာရှဒေသရေးရာ ဌာနအတွက် မဟာဗျူဟာအရ ဦးစားပေးပြီး လက်ရှိရန်ပုံငွေထက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ တိုးပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တတ်နိုင်သမျှ နည်းလမ်းတွေ သုံးပြီးတော့ အရှေ့အာရှရေးရာ ဌာနအနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ ရရှိလာအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင်အမေရိကန်အစိုးရအဖွဲ့အနေနဲ့အာရှဒေသနဲ့ ဆက်ဆံရေးတိုးမြှင့်ရေးကို အလေးထား ပြောဆိုနေကြပေမယ့်ရန်ပုံငွေမလုံလောက်လို့အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်ခဲ့ရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ပေးထားတဲ့ကတိကဝတ်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင်တရုတ်နိုင်ငံလိုနိုင်ငံတွေကိုဒေသတွင်းမှာ သြဇာညောင်းအောင် ပြုလုပ်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
ဒီအကြံပြုချက်တွေကိုဖတ်ရှုစဉ်းစားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။မစ္စစ်ကလင်တန်ရဲ့ တုံ့ပြန်မှုနဲ့အတူ အထက်ဖော်ပြပါ အကြံပြုချက်များအတိုင်းခြေလှမ်းစလှမ်းနိုင်ရေးအတွက် မစ္စစ်ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကို မျှော်လင့်စောင့်စားနေပါ့မယ်။

ရိုးသားစွာဖြင့်
ဂျင်မ်ဝဘ်
အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်



Geen opmerkingen: