မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 7 juni 2010

စစ်အစိုးရ၏နျူကလီးယားလက်နက်စီမံကိန်းပေါက်ကြား

NEJ/၀၇ဇွန်၂၀၁၀

မြန်မာနိုင်ငံ၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ်သည့် သတင်းမှတ်တမ်းတခု ပေါက်ကြားခဲ့ပြီးသည့်နောက် မြန်မာစစ်အစိုးရသည် နျူကလီးယားနည်းပညာကို ရရှိရန် အားထုတ်နေသည် ဆိုသည့်အချက်မှာ ထင်ရှားကြောင်း နိုင်ငံတကာအနုမြူစွမ်းအင် ဧဂျင်စီ (IAEA) မှ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်ကယ်လီက ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါ သတင်းမှတ်တမ်းကို နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီက (၅)နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများပြုလုပ်ခဲ့ပြီးသည့်နောက်ပြီးခဲ့သည့်သောကြာနေ့ဇွန်(၄)ရက်တွင် အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။
စုံစမ်းထောက်လှမ်းမှုများအတွက်အရေးပါသည့်အထောက်အထားစာရွက်စာတမ်းများ၊ ရောင်စုံဓာတ်ပုံများကို မြန်မာစစ်တပ်မှ နျူးကလီးယားတပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဒီဗွီဘီအား ပေးအပ်ကာ ဖော်ထုတ်ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြိုင်မြို့ နျူကလီးယား စီမံကိန်းစက်ရုံတွင် ဒုတိယတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးလက်နက်ကျွမ်းကျင်သူ မြန်မာစစ်အင်ဂျင်နီယာတဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့သူဖြစ်သည်။
၎င်းကဒီဗွီဘီသို့ဆက်သွယ်ပြီးပေးပို့ထားသည့်အထောက်အထားအချက်အလက်မှတ်တမ်းများအရ မြန်မာစစ်တပ်သည်ဒုံးလက်နက်စီမံကိန်းများအတွက်ရုရှထံမှလေ့ကျင့်သင်ယူနေသော အထောက်အထားများကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့သည်။
“သူတို့ တကယ်လိုချင်နေတာ နျူကလီးယားဗုံးပဲ။ ဒါဟာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ” ဟု စိုင်းသိန်းဝင်း၏ ပြောကြားချက်ကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားတွင် လွှင့်ထုတ်ခဲ့သည်။
အဆိုပါ အချက်အလက်မှတ်တမ်းများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်းကာ လေ့လာခဲ့သည့် ရောဘတ်ကယ်လီကလည်း မြန်မာစစ်အစိုးရ၏ နျူကလီးယားလက်နက်များ ထုတ်လုပ်မှုအကြောင်းကို အထူးဆောင်းပါးတစောင် ရေးသားဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါဆောင်းပါးတွင် ဒုံးပျံနှင့် နျူကလီးယားစီမံကိန်းများအတွက် နမူနာစက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ဗိုလ်မှူးစိုင်းသိန်းဝင်းက မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ နျူကလီးယားတပ်ရင်း၏ နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ခြင်း၊ နျူကလီးယား သန့်စင်စက်ရုံများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဓာတ်ပုံများနှင့်တကွ ပြသပြောဆိုခဲ့သည်ဟု မစ္စတာ ကယ်လီက တင်ပြထားသည်။
ထို့အပြင် ဗိုလ်မှူးစိုင်းသိန်းဝင်းပြသသည့် ဓာတ်ပုံများအရ စစ်အစိုးရသည် နျူးကလီးယားဗုံးလုပ်ရာတွင် လိုအပ်သော ယူရေနီယမ်သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း အခိုင်အမာသိရှိရပြီး ယင်းအချက်သည် လက်နက်များပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူကလီးယား နည်းပညာကို ရရှိရန် အားထုတ်နေသည် ဆိုသည့်အချက်ကို ထင်ရှားစေသည်ဟု ၎င်းကဆိုသည်။
“စစ်အစိုးရကပလူတိုနီယမ်ကိုနျူကလီးယားဗုံးပြုလုပ်နိုင်ဖို့nuclearreactorတခု တည်ဆောက်နေတဲ့အကြောင်းဗိုလ်မှူးစိုင်းသိန်းဝင်းကိုပြောပြပါတယ်တဲ့”ဟု မစ္စတာကယ်လီက ဆောင်းပါးတွင် ကိုးကားဖော်ပြထားသည်။
မြန်မာစစ်အစိုးရသည် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော်ရရှိသည့် ယူရေနီယမ်များကို reactor နှင့် ဗုံးများတွင် အသုံးပြုနိုင်သောဒြပ်ပေါင်းများသို့ပြောင်းလဲနေခြင်း၊နျူကလီးယားဗုံးလုပ်ရာတွင်သာ အသုံးပြုနိုင်သောreactorနှင့်ယူရေနီယမ်သန့်စင်စက်ရုံများကိုတည်ဆောက်ရန်ကြိုးစားနေခြင်း တို့ကိုလည်းဗိုလ်မှူးစိုင်းသိန်းဝင်း၏အထောက်အထားများအရတွေ့ရှိရသည်ဟု ဆက်လက် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သောအဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ဒီဗွီဘီ၏ အတိုင်ပင်ခံအဖွဲ့များက ယူဆခဲ့ကြောင်း၊ သို့သော် ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် အခြားရရှိသော အချက်အလက်များအရ စစ်အစိုးရသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး ယင်းအတွက် အရင်းအမြစ်များ တိုးချဲ့သုံးစွဲနေသည်မှာ ထင်ရှားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည်နိုင်ငံတကာအနုမြူစွမ်းအင်ဧဂျင်စီ(IAEA)နှင့်၁၉၉၅ ခုနှစ်တွင် နျူကလီးယားလက်နက်များ ရရှိရေးမကြိုးပမ်းပါဟူသောအပြည်ပြည်ဆိုင်ရာဥပဒေစံနှုန်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသော်လည်းဗိုလ်မှူးစိုင်းသိန်းဝင်းယူဆောင်လာသည့်အထောက်အထားများအရ မြန်မာစစ်အစိုးရ၏လုပ်ဆောင်ချက်များသည်IAEAနှင့်သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည်ဟုလည်း မစ္စတာကယ်လီက တင်ပြထားသည်။

Geen opmerkingen: