မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 8 juni 2010

ဗိုလ်မှူးစိုင်းသိန်းဝင်း၏မိသားစုဝင်များစစ်ဆေးခံရ

သန်းထိုက်ဦး Tuesday, June 08, 2010
.စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းအား ဖော်ထုတ် လိုက်သော ဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိသားစုဝင်များကို အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
                                             ဗိုလ်မှူး စိုင်းသိန်းဝင်း (ဓာတ်ပုံ - အေပီ)
ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဖေဖော်ဝါရီလကပြည်ပသို့တိမ်းရှောင်လာပြီးစစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့်ဥမင်လိုဏ်ခေါင်းများကို ပြည်ပမီဒီယာဖြစ်သောဒီမိုကရက်တစ်မြန်မာ့ အသံ(DVB)နှင့် အယ်လ်ဂျာဇီးယား သတင်းဌာနများမှ တဆင့် ပြီးခဲ့သော တပတ်က ထုတ်လွှင့်ခဲ့သည်။
ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် နေထိုင်သောဗိုလ်မှူး စိုင်းသိန်းဝင်း၏ မိဘနှင့် ညီအစ်ကို မောင်နှမများကို ရဲနှင့် စစ်ဖက် ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)တို့က ၎င်းတို့၏ နေအိမ်သို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ နျူကလီးယား စီးမံကိန်း လျှို့ဝှက် ပေါက်ကြားမှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ တပ်မှူး တချို့ကိုလည်း အစိုးရ အာဏာပိုင်များက ယခု ရက်ပိုင်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စစ်သက် ၁၅ နှစ်ရှိ ပြီး ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်သကဲ့သို့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ တဦးလည်း ဖြစ် သည်။
၎င်းသည် ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူ ဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ ကြောင်း သိရသည်။
ယင်း စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော“မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ”စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည် ကိုတွေ့ရသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သတင်းဌာသို့ ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆို သော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှကျယ်နေကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက် ငွေများ ကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှအမေရိကန်ဒေါ်လာ၇.၅ဘီလီယံရရှိကြောင်း၊ စစ်ရေးအသုံးစရိတ်ငွေများပိုမို သုံးစွဲရန်ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရငွေများကို တိုးချဲ့သုံးစွဲသွားဖွယ်ရှိကြောင်းလည်းဗိုလ်မှူးစိုင်းသိန်းဝင်းကအယ်လ်ဂျာဇီးယားသတင်းဌာသို့ ပြောသွားသည်။
ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည် ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ ရရှိသည်ဟု သိရ သည်။
စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ် အဖြစ် သတ်မှတ်ရေး သဘောတူညီ ချက်(ဘန်ကောက်သဘောတူညီချက်)ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။နောက်တနှစ်အကြာတွင်ဘက်စုံအဏုမြူစမ်းသပ်မှုများတားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။
သို့သော် ၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်"အဏုမြူသုတေသနဓာတ်ပေါင်းဖိုတခုတည်ဆောက်ရန်အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။
ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားမှုမှာကာလကြာရှည်ကတည်းကရှိနေခဲ့သည်"ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Geen opmerkingen: