မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 31 mei 2011

ရန်ကုန်၌တရားဝင်ဆန္ဒပြခွင့်တောင်းဆို

လင်းသန့် Tuesday, 31 May 2011 18:40
.၂၀၁၀ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသောလွှတ်တော်ကိုယ်စားလှယ်၎ဦးက နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအတွက်ရန်ကုန်မြို့တွင်လာမည့်ဇွန်လ၅ရက်နေ့၌“တရားဝင်ဆန္ဒပြခွင့်”ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပြည်ထဲရေးဝန်ကြီးထံ ခွင့်ပြုချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

တရားဝင်ဆန္ဒပြရန်တောင်းဆိုထားသောနေရာတခုဖြစ်သည့်ရန်ကုန်မြို့တော်ခန်းမ(ဓာတ်ပုံ - images.travelpod.com)
ဆန္ဒပြကြမည့်သူ၎ဦးမှာဦးဝင်းချို၊ဦးမင်းအောင်၊ဦးစိုးကြည်၊ဦးနေမျိုးဝေတို့ဖြစ်ပြီး၎င်းတို့သည်၂၀၁၀ ရွေးကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ကိုယ်စားလှယ်လောင်းများကို ရှုံးနိမ့်ခဲ့သူများလည်းဖြစ်သည်။
ဇွန်လ၅ရက်နေ့မြန်မာစံတော်ချိန်နံနက်၉နာရီ၃၀မိနစ်မှနေ့လယ်၁၁နာရီ၃၀မိနစ်အထိရန်ကုန် မြို့တော်ခန်း မရှေ့၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဘေးဆိုသည့်နေရာသုံး နေရာအနက်သက်ဆိုင်ရာအာဏာပိုင်များ၏ခွင့်ပြုသောနေရာတခုတွင်ဆန္ဒပြမှုကို ပြုလုပ်ရန်အတွက် မေလ၂၆ရက်နေ့ကအစိုးရထံခွင့်ပြုချက်တောင်းဆိုထားကြောင်းဆန္ဒပြမှုတွင်ပါဝင်မည့်ဦးဝင်းချိုက ဧရာဝတီကိုပြောသည်။
ဆန္ဒပြအစီအစဉ်တွင်ဟောပြောခြင်း၊စာရွက်စာတမ်းဝေငှခြင်းနှင့်အခြားသူများ လိုက်ပါပူးပေါင်းဆန္ဒပြခြင်းများကိုလုပ်ဆောင်ခွင့်ပြုမည်မဟုတ်ဘဲမီဒီယာများနှင့် အင်တာဗျူးခြင်းသာရှိမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် ၄ ဦး၏ ကြေညာချက် တွင် ဖော်ပြထားသည်။
ယခုလှုပ်ရှားမှုသည်ယခင်စစ်အစိုးရရေးဆွဲအတည်ပြုခဲ့သော၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၈)နိုင်ငံသား၊နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များ၌ဖော်ပြထားသောအပိုဒ်၃၅၄၏အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံး တရားဝင်တောင်းဆိုခြင်း ဖြစ် သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေထဲကအတိုင်းကျနော်တို့နိုင်ငံသားတွေမှာအခွင့်အရေးရှိလားဆိုတာတော့ သိချင်တာပေါ့ဗျာ။နိုင်ငံသားအခွင့်အရေးများနဲ့အညီအခုလိုဆန္ဒပြပြီး အကျဉ်းကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ကိုဇာဂနာအပါအ၀င်နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုသွားမယ်”ဟု ဦးဝင်းချိုက ရှင်းပြသည်။
ဆန္ဒပြမည့်သူ၎ဦးလုံးသည်၂၀၀၈ဖွဲ့စည်းပုံအတိုင်းနိုင်ငံသားအခွင့်အရေးများအရလွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ခွင့်အပေါ်ယုံကြည်ကြောင်း၊နိုင်ငံသားတိုင်းအဆိုပါအခွင့်အရေးများကို ရပိုင်ခွင့်ရှိကြောင်း၊ထို့ကြောင့်ဥပဒေတွင်းဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်ကြိုးပမ်းနေသည်ဖြစ်ကြောင်း ဦးမင်းအောင်ကလည်း ရှင်းပြ သည်။
“ကျနော်တို့ကိုအခုလိုလုပ်တဲ့အခါမှာအစိုးရကဖမ်းဆီးမယ်ဆိုရင်ကျနော်တို့ကနိုင်ငံသားအခွင့်အရေးအတွက် လုပ်နေတာကိုဖမ်းတယ်ဆိုတော့ဒီအခြေခံဥပဒေပါအတိုင်းလုပ်ဆောင်တာကိုလုပ်ခွင့်မရှိဘူး ပြောလိုက်တယ်လို့ယူဆမယ်။ ဒါဆိုရင်ဖွဲ့စည်းပုံပါဒီမိုကရေစီအခွင့်အရေး၊နိုင်ငံသားအခွင့်အရေးတွေဟာ စက္ကူလိုဖြစ်သွားမယ်”ဟု ဦးဝင်းချိုက ဆိုသည်။
သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေဖြင့်ယခုကဲ့သို့ဆန္ဒပြရန်လမ်းညွှန်မှုတောင်းခံခြင်းကိုခွင့်မပြုလျှင်၂၀၀၈အခြေခံဥပဒေပါပုဒ်မ၃၇၇အရပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ဆက်လက်တောင်းခံသွားခွင့်လည်း ရှိကြောင်း သိရသည်။
“တိုင်းပြည်ကိုအများကြီးကောင်းကျိုးဆောင်ရွက်နိုင်တဲ့ကျောင်းသားခေါင်းဆောင်တွေအပါအ၀င်နိုင်ငံရေးအကျဉ်းသား တွေထောင်တွေထဲမှာ အများကြီးကျန်နေသေးတယ်။ သူတို့လွတ်မြောက်ဖို့အတွက် ကျနော်တို့ကစွန့်ရတာပါပဲ။ဥပဒေကိုတကယ်ကိုင်ဆွဲရင်တော့ကျနော်တို့ကိုဖမ်းဆီးခွင့်မရှိပါဘူး။ ဖမ်းမယ်ဆိုလည်းအဆင်သင့်ပဲ။မဖမ်းဘူးလို့လည်းအပြည့်မယုံထားဘူး။ကျနော်တို့ကအစိုးရသစ်ဟာ အခြေခံဥပဒေကိုတကယ်လေးစားလိုက်နာသလားဆိုတာအပေါ်စမ်းသပ်မှုလို့ပြောနိုင်တယ်”ဟု ဦးမင်းအောင် က ပြောသည်။
အဆိုပါဆန္ဒပြရန်ကိစ္စနှင့်ပတ်သက်ပြီးရန်ကုန်မြို့ရှိနိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးလေ့ရှိသည့်ဥပဒေအကျိုးဆောင်ဦးအောင်သိန်းက“ဒါကသူတို့ ရပိုင်ခွင့်အရ ခံစားမှုကို တင်ပြတာပဲ။ သူတို့ရဲ့ပိုင်ခွင့်အပေါ်မှာ အလုပ် စတင်လုပ်တာပဲ။
သူတို့ရဲ့တောင်းဆိုမှုဘယ်လောက်ရမလဲဆိုတာတော့ကျနော်တို့ကစောင့်ကြည့်ရမှာပေါ့”ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော် ဆက်လက်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

ဦးဝင်းတင်ဆေးရုံဆင်းနိုင်ပြီ

ကိုပေါက် အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၃ မိနစ် . 
နယူးဒေလီ(မဇ္ဈိမ)။။သုံးညကြာအာရှတော်ဝင်ဆေးရုံတွင်အတွင်းလူနာအဖြစ်တက်ရောက် ကုသမှုခံယူခဲ့ရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDခေါင်းဆောင်ဦးဝင်းတင်တနင်္လာနေ့ညနေက ဆေးရုံမှပြန်ဆင်းလာနိုင်ပြီဖြစ်သည်။
“အနာတွေကတော့နာတုန်းမို့ဆေးထည့်ဘာထည့်နဲ့လုပ်နေရမှာပဲ။ရေယုန်တွေပေါက်တာဗျ။အပြင်မှာ ဆရာဝန်တယောက်နဲ့ကုနေတာ။နေ့တိုင်းလာကြည့်ပေးတယ်”ဟုဦးဝင်းတင်ကမဇ္ဈိမကိုပြောသည်။
ဦးဝင်းတင်မှာကြာသပတေးနေ့ကရုတ်တရက်ဆေးရုံတက်ခဲ့ရပြီးနောက်အသဲ၊နှလုံး၊ကျောက်ကပ်၊ ရင်ခေါင်းနှင့်အစာအိမ်စစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။
                                       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDခေါင်းဆောင်ဦးဝင်းတင်(photo::မဇ္ဈိမ)
“အာထရာဆောင်း(Ultrasound)တွေဘာတွေရိုက်ပေါ့။အဲဒါတွေအားလုံးကောင်းပါတယ်။နှလုံး စက်တပ်ထားတဲ့ အခြေအနေကလည်း ခုထိတော့ သူ့ဟာနဲ့သူ အလုပ်လုပ်နေတာပဲ။”
အသက်၈၁နှစ်ရှိဦးဝင်းတင်မှာယခုအခါကျောက်ကုန်းနေအိမ်တွင်အနားယူနေပြီးနှလုံးနှင့် ရင်ကျပ်ရောဂါဆိုင်ရာဆေးဝါးများကိုနေ့စဉ်သောက်သုံးလျက်ရှိကာအာရှတော်ဝင်ဆေးရုံမှ ပါမောက္ခဒေါက်တာဒေါ်ချိုလေးမာနှင့် လစဉ် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရမည် ဖြစ်သည်။
“ရုံးကတော့ကျန်းမာရေးကောင်းတာနဲ့တက်မှာပါပဲ။အလုပ်လုပ်ရမှာကိုး။သို့သော်မကောင်းဘဲနဲ့တက်ရမှာကလည်း လူမြင်မကောင်း၊သူမြင်မကောင်းပေါ့ဗျာ။တွဲပြုသွားရတာတို့ကျနော်သိပ်မလုပ်ချင်ဘူး။ ကိုယ့်တုတ်ကောက်နဲ့ကိုယ်သွားတာလောက်ပဲလုပ်ချင်တာ။ ၄-၅ ရက်ဆိုရင်ကောင်းသွားမယ် ထင်ပါတယ်”
မကြာမီလပိုင်းအတွင်းစတင်တော့မည့်ဒေါ်အောင်ဆန်းစုကြည်၏နယ်လှည့်ခရီးများတွင် ဦးဝင်းတင်အနေဖြင့်လိုက်ပါမည်မဟုတ်ဘဲဌာနချုပ်တွင်သာရှိနေပေးမည်ဖြစ်ကြောင်းလည်းဦးဝင်းတင်က ပြောသည်။
နေအိမ်တွင်ထိန်းသိမ်းခံဘဝမှလွတ်မြောက်လာအပြီးဒေါ်အောင်ဆန်းစုကြည်၏ပထမဆုံးဖြစ်လာမည့် ရန်ကုန်မြို့အပြင်ဘက်ထွက်မည့်ခရီးစဉ်ကိုသြဂုတ်လတွင်းသို့မဟုတ်ထို့နောက်တွင် သွားရောက်နိုင်လိမ့်မည်ဟု သူက ကြေညာထားသည်။







ဒီမိုကရေစီရေးဟာတာဝန်ဆိုသူ

မျိုးသန့် အင်္ဂါနေ့၊မေလ၃၁ရက်၂၀၁၁ခုနှစ်၂၀နာရီ၃၇မိနစ်. 
(ကဗျာဆရာ ငြိမ်းသစ်နှင့် အင်တာဗျူး)
ချင်းမိုင်(မဇ္ဈိမ)။ ။ကဗျာဆရာများ၊ဂီတ၊စာပေ၊ပန်းချီ၊ပန်းပုစသည့်အနုပညာရှင်များအနေဖြင့်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ဒီမိုကရေစီရရှိရေးအတွက်တာဝန်တရပ်အနေဖြင့်ကြိုးပမ်းစေလိုကြောင်း ကဗျာဆရာကိုငြိမ်းသစ်ကတိုက်တွန်းလိုက်သည်။
ဆရာငြိမ်းသစ်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD၏မန္တလေးတိုင်းအရှေ့တောင်မြို့နယ်ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။သူသည်၁၉၉၉ခုနှစ်တွင်ပြည်ပရှိမတရားသင်းများနှင့်ဆက်သွယ်မှုဖြင့်ထောင်၈နှစ်ချမှတ်ခံခဲ့ရပြီး ၂ဝဝ၇ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ယင်းနှစ်တွင်ပင်NLDပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါNLDရုံးချုပ်တွင်အခါအားလျော်စွာကျင်းပသည့်စာပေဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ကူညီနေသည်။၎င်းအပြင်“ကဗျာ၊သီချင်း၊ပန်းချီ”လူမှုရေးကူညီမှုအဖွဲ့ ဖွဲ့စည်းပြီး၊နယ်မြို့နယ်များရှိ ဆင်းရဲချို့တဲ့သော စာပေ၊ ပန်းချီ၊ ဂီတ အနုပညာရှင်များကို ဆေးဝါးကုသစရိတ်များ ကူညီပေးနေသည်။
နိုင်ငံရေးတွင် အနုပညာရှင်များ ပါဝင်ပတ်သက်လာမှု၊ ပြုပြင်ပြောင်းလဲရေးအတွက် အနုပညာ၏ အရေးပါမှု၊ လူငယ်အနုပညာရှင်များနှင့် နိုင်ငံရေး၊NLDပါတီအပေါ် အမြင်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားပါသည်။
ကဗျာဆရာတယောက်အနေနဲ့ ပါတီနိုင်ငံရေးမှာ ဘာ့ကြောင့် ပါဝင်လာရတာပါလဲ။
“၂ဝဝ၇ကျနော်ထောင်ကထွက်လာတဲ့အခါပါတီကအင်အားချို့တဲ့နေတယ်။ဒါပေမဲ့ဒီပါတီကလည်းဖိအားပေး အခံရဆုံး၊အဝေဖန်အခံရဆုံး၊ရန်သူကလည်းအဖိနှိပ်ဆုံး။ဥပမာ-ဆိုင်းပုဒ်တွေဖြုတ်တယ်၊ဆိုင်းဘုတ်တွေကို ညဥ့်နက်သန်းခေါင်ခိုးတယ်၊မြို့နယ်CECတွေကိုဖမ်းတယ်၊ဖမ်းပြီးတော့နုတ်ထွက်ခိုင်းတယ်၊ မနုတ်ထွက်တဲ့လူကိုအခြားပုဒ်မတခုခုတပ်ပြီးတော့ထောင်ချတယ်။မြင်းမူမြို့နယ်ကဆိုင်းဘုတ်တို့၊ ချောင်းဦးကဆိုင်းဘုတ်တို့၊အမရပူရကဆိုင်းဘုတ်တို့ဆိုရင်ညဉ့်နက်သန်းခေါင်အဖြုတ်ခံရတယ်။ အဖွဲ့ဝင်တဦးဦးရဲ့သဘောနဲ့လိုလိုလားလားအဖြုတ်ခံရတာမဟုတ်ဘူး။အနိုင်ကျင့်ပြီးတော့ဖိနှိပ်တဲ့အခါမှာ ပါတီကပြိုကွဲလျော့ရဲစပြုနေတဲ့အချိန်မှာကျနော်တို့ကဒီဘက်မှာရပ်ရမယ်ဆိုတဲ့အမြင်နဲ့ကျနော်တို့ ရပ်တာပါ”
တချို့ယူဆချက်တွေအရစာပေကဗျာသမားဆိုတာပါတီ၊အဖွဲ့အစည်းတခုနဲ့ပတ်သက်ဆက်စပ်နေရင် သူတို့ရဲ့ကဗျာဖန်တီးမှုဟာမလွတ်လပ်တော့ဘူးလို့ယူဆချက်တွေရှိပါတယ်အဲဒီအပေါ်မှာကော။
“ကျနော်တို့တော်တော်များများကပါတီအလံတော်တခုအောက်မှာမရပ်ဘူးဆိုတဲ့အယူအဆတော်တော်များများ ရှိပါတယ်။ကျနော်တို့လည်းအဲဒီအယူအဆကိုလက်ခံပါတယ်။ကျနော်တို့တွေသတင်းသမားတွေ၊ ဂျာနယ်လစ်တွေ၊ကျန်တဲ့ အနုပညာရှင်တွေအားလုံးကလွတ်လွတ်လပ်လပ်အနုပညာဖန်တီးနိုင်ဖို့အတွက် ကျနော်တို့ကပါတီတခုအောက်၊အလံတခုအောက်မှာမရှိသင့်ဘူးပေါ့။ဒါပေမဲ့ဒါဟာအမျိုးသားနိုင်ငံရေးကို လုပ်နေတာလို့ပဲကျနော်ယုံကြည်တယ်။ဒါကြောင့်မလို့ပြည်သူတရပ်လုံးရဲ့ဆန္ဒနဲ့ညီညွှတ်တဲ့ဒီမိုကရေစီ ရရှိရေးကိုကျနော်တို့ကအမျိုးသားနိုင်ငံရေးအဖြစ်နဲ့ယုံကြည်ပြီးတော့ဒီတပ်ဦးမှာ ရှိနေတဲ့ဒီပါတီကို ဝန်းရံတာ၊ ဒီပါတီထဲကို ဝင်ရောက်တာ ဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာအပြီးကဗျာဆရာတွေ၊ဆရာငြိမ်းသစ်တို့အပါအဝင်ကိုရဲလွင်တို့၊ နောက်ဇေယျာသော်တို့ဒီအနုပညာသမားတွေဟာNLDနဲ့ပိုပြီးတော့ပူးပေါင်းမှုရှိလာတယ် ဘာ့ကြောင့်ပါလဲ။
“ကဗျာသမားတွေမှာအမှန်တရားတွေရှိနေပြီးသားပါ။သူတို့ဟာလည်းသာမန်ပြည်သူနဲ့မခြားပါဘူး။အကြောက်တရား ရှိကြတယ်။အဲဒီအကြောက်တရားတွေကတဖြည်းဖြည်းဖိနှိပ်မှုများလာတယ်၊မတရားမှုတွေများလာတယ်၊ တရားမျှတမှုတွေ နည်းလာတဲ့အခါမှာ ဒါကိုဘယ်နည်းနဲ့ဆောင်ရွက်ပေးရမလဲဘယ်နည်းနဲ့ကာကွယ်ရမလဲ၊ ဘယ်နည်းနဲ့တိုက်ဖျက်ရမလဲ၊သူတို့မှာဆန္ဒတွေဖြစ်ထွန်းလာတယ်။အဲဒီလိုဖြစ်ထွန်းလာတဲ့အခါအခု ကျနော်တို့မှာခေါင်းဆောင်ကောင်းလည်းရှိနေတဲ့အခါဒီခေါင်းဆောင်ရဲ့ဦးဆောင်မှုအောက်ကနေပြီးတော့ သွားလို့ရတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိတာကြောင့်ပါ”
ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ကျစဉ်NLDဟာမျက်မြင်၊နားမကြားကျောင်းလိုဖြစ်နေတယ်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။
“NLDကိုတချို့လေ့လာသုံးသပ်မှုမရှိဘဲနဲ့ထိထိရောက်ရောက်လုပ်ဆောင်မှုမရှိဘူးလို့ ဝေဖန်ကြတာရှိတယ်။ အဲဒါတွေကိုကျနော်လက်မခံပါဘူး။ကနေ့NLDပါတီဝင်တွေဟာအလွန် အင်မတန်ပဲ ဖိအားပေါင်းစုံနဲ့ ရင်ဆိုင်နေရတာ။ စီးပွားရေး၊ ပညာရေး၊ အားလုံး စွန့်လွှတ်စွန့်စားပြီးတော့ ဆောင်ရွက်ကြရတယ်။ ဒါက ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံးမှာ တွေ့နေရတာပဲလေ။ အဲဒီတော့NLDကလည်းပဲ အန်တီစုမှာပဲပါဝါအပြည့်အဝရှိပြီးတော့ကျန်တဲ့CECတွေ၊ဥက္ကဋ္ဌတွေမှာအန်တီစုလောက် ပါဝါသိပ်မကြီးဘူးပေါ့လေ။ အဲဒီလို ဖြစ်တဲ့အခါကျတော့ ပါတီကို မပျက်ရုံ၊ ပြည်သူလူထုနဲ့ အဆက်မပြတ်ရုံ၊ သူတို့ရတဲ့ ဥပဒေဘောင်အတွင်းထဲကနေ ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့ကြတာပါ။ အဲဒါကို ပါတီအပေါ်မှာ အားမရတဲ့ အသံတွေ နှောင့်နှေးတယ်၊ ကြန့်ကြာတဲ့ အချိန်ဆွဲတာကို ခံရတယ်။ တရွတ်တိုက်ကြီး ပါသွားတယ်ပေါ့။ အဲဒီလို ဝေဖန်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလူကြီးတွေကော၊ လူငယ်တွေကောက အင်မတန် ကြိုးကြိုးစားစားနဲ့ ရန်သူနဲ့ မပူးပေါင်းဘဲနဲ့ ဆောင်ရွက်သွားတာ”
ဒေါ်အောင်ဆန်းစုကြည်မလွှတ်ခင်နဲ့ပြန်လွတ်ပြီးNLDအပေါ်မှာပြည်သူလူထုရဲ့ထောက်ခံမှု ဘယ်လိုရှိပါသလဲ။
“အန်တီကတော့တောက်လျှောက်နှစ်ရှည်ထိန်းသိမ်းခံရတာဆိုတော့အန်တီအထဲမှာရှိနေစဉ်ကပြည်သူလူထုက ပိုပြီးတော့ဖိနှိပ်မှုခံရတယ်လို့ယူဆလို့ရတယ်။အန်တီလွတ်လာတော့ပြည်သူလူထုကပိုပြီးတော့ စိတ်အားတက်ကြွမှုတွေဖြစ်လာတယ်၊ဒီမိုကရေစီကိုပိုပြီးတော့နီးနီးကပ်ကပ်မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ကိုလည်းပိုပြီးတော့မျှော်လင့်ကြတယ်။လူထုကလည်းပိုပြီးတော့သတ္တိရှိလာတယ်။ နောက်ပြီးတော့ ဖိအားတွေကို အန်တီနဲ့ ပူးပေါင်းပြီးတော့ တွန်းလှန်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိလာတယ်”
ကဗျာဆရာတွေပဲဖြစ်ဖြစ်၊အနုပညာရှင်တွေပဲဖြစ်ဖြစ်သူတို့ရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှုဟာ ဘယ်အတိုင်းအတာထိ အောင်မြင်နိုင်မယ်လို့ ယူဆလို့ ရနိုင်လဲ။
“ကျနော်တို့တွေကဘာပဲပြောပြောအသိပညာအရဖြစ်စေ၊အနုပညာဖန်တီးမှုအရဖြစ်စေပြည်သူလူထုကို ဦးဆောင်မှုပေးနိုင်ပါတယ်။အဲဒီဦးဆောင်မှုပေးနိုင်တဲ့လူတွေကနိုင်ငံရေးအသိမှန်မှန်ကန်ကန်နဲ့၊ ရပ်တည်ချက်မှန်မှန်ကန်ကန်နဲ့ကျနော်တို့ဒီမိုကရေစီအရေးကိုဦးဆောင်ပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးတွေနောက်ကနေပြီးတော့ရပ်တည်ပေးမယ်ဆိုရင် ပြည်သူလူထုကလည်းတခဲနက်ပါဝင်လာမယ်၊အတိုင်းအတာတခုအထိလည်းအောင်မြင်လိမ့်မယ်လို့ကျနော် ယုံကြည်ပါတယ်”
ကဗျာဒါမှမဟုတ်သီချင်းတပုဒ်ဟာပြုပြင်ပြောင်းလဲရေးအတွက်ဘယ်လောက်အထိအရေးပါလဲ။
“အနုပညာဖန်တီးတဲ့ အခါမှာတော့ ပုံစံမျိုးစုံ ရှိတာပေါ့။ ကျနော်တို့ဆိုလည်း ကဗျာတွေရေးတဲ့အခါမှာ
မော်ဒန်လိုမျိုးရေးတာမဟုတ်ဘဲနဲ့ပြည်သူလူထုအားလုံးနားလည်နိုင်တဲ့၊ပြည်သူလူထုအားလုံးရဲ့ ရင်ထဲရောက်နိုင်တဲ့စကားလုံးတွေနဲ့ပြည်သူလူထုပါဝင်လာနိုင်တဲ့ အနုပညာကိုကျနော်တို့ ဖန်တီးကြတာပေါ့။ ဒီလိုဖန်တီးတဲ့နေရာမှာတချို့အင်အားကောင်းတဲ့စကားလုံးတွေ၊အင်အားကောင်းတဲ့ဖြည့်စွက်မှုတွေဖြစ်တဲ့ သံစဉ်တွေနဲ့သီချင်းဆိုရင်လည်းဂီတသံစဉ်တွေနဲ့ပြည်သူလူထုရင်ထဲကိုပြောင်ပြောင်မြောက်မြောက် ရောက်အောင်ဖန်တီပေးနိုင်မယ်ဆိုရင်တော့ကျနော်တို့ရဲ့အနုပညာပစ္စည်းတွေဟာပြည်သူလူထုကို ဆွဲဆောင်လာနိုင်ပါလိမ့်မယ်၊ သူတို့ကို တိုက်ပွဲထဲကို ပါဝင်လာနိုင်ဖို့ ဆွဲခေါ်လာနိုင်ပါလိမ့်မယ်”
လူမှုရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊နိုင်ငံရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်လုပ်ကိုင်နေကြတဲ့စာပေသမားတွေ၊ ကဗျာသမားတွေကိုဘာများပြောချင်ပါသလဲ။
“စာပေအနုပညာရှင်တွေ၊ဂီတအနုပညာရှင်တွေ၊ပန်းချီပန်းပုအနုပညာရှင်တွေအားလုံးပေါ့လေ၊နယ်ပယ် အသီးသီးမှာရှိနေတဲ့အနုပညာရှင်တွေကိုပြောချင်တာကအရေးကြီးတာကိုအရင်လုပ်ဖို့ပေါ့။ကျနော်တို့က လူထုရဲ့ဘဝတွေ၊လူထုရဲ့ခံစားမှုတွေကိုအနုပညာနဲ့ပေါင်းစပ်ပြီးတော့ဖန်တီးနေတယ်။လူထုဆီကို ပြန်ရောက်အောင် ပို့နေတယ်။အဲဒီတော့အဲဒီအနုပညာရှင်တွေကအခုအချိန်မှာအရေးကြီးတာကို အရင် လုပ်စေချင်ပါတယ်။အရေးကြီးတာကအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်သူလူထုဒီမိုကရေစီ ရရှိရေးဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒါကို ပြည်သူထူထုရဲ့ ခံစားမှုကို ကျနော်တို့က အမြဲတမ်း နားစွင့်နေတယ်။ ကျနော်တို့က တဆင့်ခံခံစားမှုအနေနဲ့ ပြည်သူ့ထံ ပြန်လည်တင်ပြနေတဲ့ သူတွေအနေနဲ့ အဲဒီအရေးကြီးတဲ့ ကိစ္စကိုဖြစ်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်သူလူထုဒီမိုကရေစီရရှိရေးဟာ ကျနော်တို့ရဲ့တာဝန်၊ကျနော်တို့ရဲ့အနုပညာတာဝန်အဖြစ်နဲ့သတ်မှတ်ပြီးတော့အရေးကြီးတာကို အရင်လုပ်စေချင်တယ်လို့ ကျနော် ပြောဖြစ်ပါတယ်”
အနုပညာရှင်တွေကဗျာသမားတွေဟာမြန်မာ့နိုင်ငံရေးကိုတကယ်ကောဦးဆောင်မှုပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေလား။
“အနုပညာရှင်တွေကတော့လူကြီးလူငယ်တွေအားလုံးတချို့အနုပညာရှင်တွေဟာကျနော်တို့ထက်ဖန်တီးမှုအားလည်း ကောင်းပါတယ်၊ကျနော်တို့ထက်လည်းအနုပညာပစ္စည်းတွေကိုဖန်တီးနိုင်ပါတယ်။တချို့ဆိုရင်လည်း ကျနော်တို့ထက်အတွေ့အကြုံမြောက်မြားစွာရှိကြတယ်။ကျနော်တို့အခုအချိန်မှာအမှန်တရားကို လက်ဆုပ်လက်ကိုင် ထားပြီးတော့ မှန်ကန်တဲ့ နိုင်ငံရေး လမ်းစဉ်အောက်မှာ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့
ပြည်သူလူထုကို ဦးဆောင်မှုပေးဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ လိုပါတယ်”
လူငယ်တွေကဗျာဆရာတွေ၊တေးရေးဆရာတွေရဲ့လူမှုရေးလုပ်ငန်းတွေအောင်မြင်မှုအတိုင်းအတာ ဘယ်လောက် ရှိပါသလဲ။
“ကျနော်ကတော့လူငယ်အနုပညာသမားတွေနဲ့လည်းဆုံဖြစ်တယ်။ကိုရဲလွင်တို့လို၊ကိုသားထွေးတို့လိုတေးရေး အဆိုတော်တွေနဲ့လည်းဆုံဖြစ်တယ်။နောက်အပြင်မှာတီးခတ်နေတဲ့လူငယ်တွေနဲ့လည်းဆုံဖြစ်တယ်။လူငယ် ကဗျာဆရာတွေနဲ့လည်းဆုံဖြစ်တယ်။ကျနော်တို့ကအပြင်မှာလည်းလူမှုရေးလုပ်ငန်းတွေ လုပ်ဖြစ်တဲ့အခါကျတော့ကျနော်တို့ကအနိမ့်ဆုံးသဘောတူညီချက်အရကျနော်တို့ကနိုင်ငံရေးနဲ့ ပေါင်းစပ်သွားတဲ့အခါကျတော့ ပိုပြီးတော့ မြန်ဆန်လာတယ် ပိုပြီးတော့ အားကောင်းလာတယ်။ အဲဒါပါပဲ”
လူငယ်တွေအပေါ်မှာကဗျာရေးရာမှာပဲဖြစ်ဖြစ်၊မြန်မာ့နိုင်ငံရေးမှာပဲဖြစ်ဖြစ်ဘာများမျှော်လင့်လို့ ရနိုင်မလဲ။
“လူငယ်အနုပညာရှင်တွေကိုကျနော်အများကြီးအားရပါတယ်။အားလုံးကတက်ကြွကြတယ်၊အားလုံးက နိုးနိုးကြားကြားရှိကြတယ်၊နိုင်ငံရေးမျက်ခြေမပြတ်ကြပါဘူး။နောက်သူတို့ကိုယ်တိုင်ကလည်းနိုင်ငံရေးကို ရှေးရှုတဲ့လူမှုအဖွဲ့အစည်းအသီးသီးမှာကိုယ်တိုင်ကိုယ်ကျ အတော်များများက ပါဝင်ဆောင်ရွက်နေကြတာပါ။ အဲဒါကြောင့်သူတို့ဟာလူထုနဲ့အတော်ကိုနီးစပ်ပါတယ်။နောက်သူတို့ကရှာဖွေလေ့လာမှုတွေရှိတယ်၊ သူတို့ကသမိုင်းရဲ့အမွေကောင်းတွေကိုလက်ဆင့်ကမ်းယူနိုင်မှုလည်းရှိတယ်။သူတို့ဟာ နိုင်ငံရေးစာပေတွေကိုလည်းခုနောက်ပိုင်းလေ့လာလိုက်စားလာကြတဲ့အခါသူတို့ရဲ့နိုင်ငံရေး အယူအတွေလည်းကောင်းမွန်တယ်။ဒါကြောင့်သူတို့ဟာပြောင်မြောက်တဲ့အနုပညာတွေကိုသူတို့ ဆက်လက်ပြီးတော့ ဖန်တီးသွားနိုင်ကြမှာ ဖြစ်ပါတယ်”
မြန်မာ့နိုင်ငံရေးမှာ လှုပ်ရှားပါဝင်ချင်ကြတဲ့ တခြား အနုပညာရှင်တွေကိုကော ဘာပြောချင်ပါလဲ။
“သူတို့မှာနဂိုတည်းကရဲရင့်တက်ကြွပြီးသားဖြစ်တယ်။သူတို့ကအတွေးအခေါ်အယူအဆတွေထက်သန်လာအောင်လည်း စာပေတွေလေ့လာဖတ်ရှုကြတယ်။နောက်ပြီးတော့လက်ရှိနိုင်ငံရေးရဲ့ရယ်စရာကောင်းတဲ့ အကွက်တွေကိုလည်းသူတို့မြင်နေတွေ့နေရတယ်၊ဖိနှိပ်မှုတွေကိုလည်းမြင်တွေ့နေရတယ်၊ မတရားမှုတွေကိုလည်း မြင်တွေ့နေရတယ်။အဲဒီအခါကျတော့သူတို့ရင်ထဲမှာနိုင်ငံရေးအသိစိတ်တွေ အမြဲရှင်သန်နေမှာပါပဲ။ အဲဒီတော့ ဒီလိုအခြေခံကောင်းတွေ၊ဒီလိုအယူအဆကောင်းတွေ၊ဒီလိုသတ္တိတွေကို ခိုင်ခိုင်မာမာနဲ့ယုံကြည်ချက်ရှိရှိပေါင်းစပ်ပြီးတော့ပြည်သူ့ဒီမိုကရေစီအရေးကိုဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်ကနေပြီးတော့ ရဲရဲဝံ့ဝံ့ ရပ်ကြပါလို့ ကျနော် ပြောချင်ပါတယ်”





အကျဉ်းဦးစီးရှင်းလင်းချက်မမှန်နိုင်ဟုAAPPပြော

ကိုပေါက် အင်္ဂါနေ့၊မေလ၃၁ရက်၂၀၁၁ခုနှစ်၂၁နာရီ၄၉မိနစ် . 
နယူးဒေလီ(မဇ္ဈိမ)။ ။အကျဉ်းသားအခွင့်အရေးအတွက်အစာငတ်ခံဆန္ဒပြသူအကျဉ်းသား၁၇ဦး အစာပြန်စားပြီဟူသောအင်းစိန်အကျဉ်းဦးစီးဌာန၏ရန်ကုန်အခြေစိုက်ဂျာနယ်အချို့မှတဆင့် ရှင်းလင်းချက်မှာမမှန်ကန်နိုင်ကြောင်းနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP-Bကပြောဆိုသည်။
မေလ၂၂ရက်နေ့မှစ၍အစာငတ်ခံဆန္ဒပြခဲ့သူအကျဉ်းသားများအစားအစာပြန်စားပြီး၊ ကျန်းမာရေးအခြေအနေပုံမှန်ရှိကြောင်းအကျဉ်းဦးစီးဌာန၏ဖြေရှင်းချက်မှာအင်္ဂါနေ့ထုတ် ပြည်တွင်းဂျာနယ်အချို့တွင်ပါရှိလာသည့်အပေါ်AAPP-Bကကျေညာချက်ထုတ်၍တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
“အဲဒီဟာကမမှန်နိုင်ဘူး။တောင်းဆိုချက်မရမချင်းလုပ်မယ်လို့ပြောထားတာရှိတယ်။နောက်တခုက ထောင်ရဲ့အကျင့်။ထောင်ဆေးရုံကိုခေါ်ပြီး လက်ထိတ်ခတ်ပြီးdripသွင်း၊နှာခေါင်းကနေပိုက်ထည့်ပြီးတော့ နို့ထည့်တာတို့ လုပ်ခဲ့ဖူးတာတွေ ရှိပါတယ်။ ဒါကို သူတို့က အစာပြန်စားနေပါပြီလို့ လုပ်တာတွေရှိတယ်” ဟု AAPP (B) နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ ကိုအောင်မျိုးသိန်းက မဇ္ဈိမကို ပြောသည်။
လျှပ်တပြက်နှင့်YangonMediaGroupအင်တာနက်စာမျက်နှာများတွင်အကျဉ်းဦးစီးဌာနမှတာဝန်ရှိသူ၏ ပြောပြချက်အားကိုးကားဖော်ပြထားကာ၊အကျဉ်းသားများစားသောက်ရန်အတွက်အချဉ်ဟင်း ချက်ပြုတ်ရာတွင်ပင် ငါးခေါင်း၊ ငါးခြောက်များပါ ထည့်သွင်းချက်ပြုတ်စေကြောင်း ဖော်ပြပါရှိသည်။
သို့သော်“နိုင်ငံတော်မှတရက်လျှင်၂၈၈သိန်းကျပ်အကုန်အကျခံကာကျွေးမွေးလျက်ရှိသည်ဟု ဖော်ပြထားပေသည်။၂၀၀၉ခုနှစ်နိုဝင်ဘာလ၂၇ရက်နေ့တွင်အကျဉ်းဦးစီးဌာနညွှန်ချုပ်ဦးဇော်ဝင်းက မြန်မာနိုင်ငံတွင် အကျဉ်းသားပေါင်း ၂၄၈,၆၆၄ ဦး ရှိသည်ဟုပြောကြားခဲ့သည်။သို့အတွက်အကျဉ်းသား တဦးအတွက် ထမင်းတနပ် စားစရိတ်မှာ ၅၇.၉ ကျပ်(ပျမ်းမျှဒေါ်လာ၁၀ဆင့်)သာ ရရှိမည်ဖြစ်သည်” ဟု၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် AAPP –B၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
မြန်မာအကျဉ်းထောင်များတွင် ထောင်တွင်းအခွင့်အရေး ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသော်လည်း ပြည်တွင်းထုတ် အပတ်စဉ်ဂျာနယ်များတွင် ယခုဆန္ဒပြမှုနှင့် ပတ်သက်၍ ပထမဆုံး ဖော်ပြခြင်း ဖြစ်သည်။
“၂၁ရက်နေ့က စတဲ့ကိစ္စကို ကျနော်တို့က သတင်းကြေညာတာတွေရှိတယ်။ အထဲကနေ ပို့တာတွေရှိတယ်။ သတင်းဌာနတွေရော၊ ပြည်သူလူထုကရော၊နိုင်ငံတကာအသိုင်းအ၀ိုင်းကရောအာရုံစူးစိုက်လာတော့ မေးခွန်းတွေအများကြီးသူတို့ဖြေရှင်းရတာပေါ့။ဒါကိုမှသူတို့ဘယ်လိုလှည့်ဖျားပြီး လှည့်ထုတ်လိုက်မလဲဆိုတာ အကွက်ဆင်တာပါ” ဟု ကိုအောင်မျိုးသိန်းက ပြောဆိုသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်တွင်ပင်နိုင်ငံရေးအကျဉ်းသား၄၂၀ဦးရှိပြီး၊အစာငတ်ခံဆန္ဒပြသူအားလုံး နိုင်ငံရေးအကျဉ်းသားများ ဟုတ်/မဟုတ်ဆက်လက်စုံစမ်းဆဲဖြစ်ကာအဆိုပါ၁၇ ဦးလုံးကို မိသားစုနှင့် ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားဆဲဖြစ်ကြောင်း AAPP-B က ဆိုသည်။
“တကယ်တမ်းက ထောင်ထဲမှာ သတင်းအဆက်အသွယ် ဖြတ်တောက်မှုကို သေချာဖန်တီးထားတဲ့အတွက် ကျနော်တို့ မှန်ကန်တိကျတဲ့ အချက်အလက်ရဖို့ လုပ်နေပါတယ်” ဟု ကိုအောင်မျိုးသိန်းက ပြောသည်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ICRCနှင့်နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကို အကျဉ်းထောင်နှင့် ရဲဘက်စခန်းများသို့သွားရောက်လေ့လာခွင့်ရရှိရေးအပါအ၀င် အကျဉ်းသားအခွင့်အရေးများ အပြည့်အ၀ ရရှိရန်အတွက်နိုင်ငံတကာအသိုင်းအ၀ိုင်းမှဝိုင်းဝန်းတောင်းဆိုပေးရန်AAPP-Bကြေညာချက်တွင် ဆိုထားသည်။





ဆေးလိပ်ထိန်းချုပ်မရဟုဆရာဝန်အသင်းပြော

ထွန်းထွန်း အင်္ဂါနေ့၊မေလ၃၁ရက်၂၀၁၁ခုနှစ်၁၉နာရီ၄၈မိနစ် . 
နယူးဒေလီ(မဇ္ဈိမ)။ ။မြန်မာနိုင်ငံတွင်ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဥပဒေရှိသော်လည်းလိုက်နာမှုမရှိကြသေးကြောင်းမြန်မာနိုင်ငံဆရာဝန်များအသင်းက အင်္ဂါနေ့တွင်ပြောဆိုလိုက်သည်။
ယင်းဥပဒေအရအများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင်ဆေးလိပ်မသောက်သုံးရဇုန် သတ်မှတ်ရန်နှင့်ဆေးလိပ်ဗူးများကိုအလိပ်ချင်းမရောင်းရန်ပါဝင်သော်လည်းလက်တွေ့တွင်မူ မဖြစ်သေးသည့်အပေါ်ပြောဆိုခြင်းဖြစ်သည်။
“အခုသူ့Institutionအလိုက်လိုက်ပြီးတော့ဆေးလိပ်မသောက်ရ၊ဌာနဆိုင်ရာအတွင်းမှာ ဆေးလိပ်မသောက်ရတို့ဘာတို့တော့ထုတ်ပြန်ထားတာရှိတယ်။အစိုးရဌာနမှာတော့လုပ်ထားတာ မရှိသေးပါဘူး”ဟုမြန်မာနိုင်ငံဆရာဝန်အသင်းအထွေထွေအတွင်းရေးမှူးဒေါက်တာခိုင်စိုးဝင်းကမဇ္ဈိမကို ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင်ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားသူနှစ်ဦးကစီးကရက်ပုံစံအထူးဝတ်စုံများ ဝတ်ဆင်၍၂၀၁၁ခုနှစ်မေလ၃၁ရက်နေ့ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့အထိမ်းအမှတ်ကမ်ပိန်းတွင်ပါဝင် ဆင်နွှဲနေစဉ်။(AFP PHOTO/JUNG YEON-JE)
ဥပဒေတွင်အများပြည်သူအနေဖြင့်ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းအန္တရာယ်မှကင်းဝေးစေရန်ဆေးလိပ်မသောက်ရ နေရာနှင့်အကန့်အသတ်ဖြင့်ဆေးလိပ်သောက်ခွင့်ရှိသောသီးသန့်နေရာများကိုပါ အသေးစိတ်ဖော်ပြထားသည်။
“ဆေးလိပ်ကိုအလိပ်အပြေမရောင်းရ၊လက်လီမရှိရဘူးပေါ့။ထုတ်တဲ့သူကိုကန့်သတ်တဲ့အနေနဲ့ ဗူးလိုက်ရောင်းရမယ်။ ဒါပေမဲ့ ကန့်သတ်တဲ့ အသက်အပိုင်းအခြားအရ အသက်ငယ်တယ်ဆိုရင်ကိုရောင်းခွင့် မရှိဘူး။စည်းမျဉ်းတွေထုတ်ခဲ့တယ်။ဒါပေမဲ့ရောင်းတဲ့သူတွေကိုယ်တိုင်လည်းမလိုက်နာဘူး၊ ဝယ်တဲ့သူတွေကလည်းအဲဒီလိုရတဲ့နေရာမှာလိုက်လိုက်ဝယ်ပြီးသောက်နေကြတာပါပဲ” ဟုဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ် မေလ ၄ ရက်မှ စတင်ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၇ ခုနှစ် မေလ ၄ ရက်နေ့၌ အာဏာသက်ဝင်သည်။
ယနေ့သည့်ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ဖြစ်ပြီးဆောင်ပုဒ်မှာ“ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် ကင်းဝေးဖို့ ဥပဒေစည်းကမ်း အလေးထားလို့ ဝိုင်းဝန်းလိုက်နာ ဆောင်ရွက်ကြစို့” ဖြစ်သည်။
မြန်မာနိုင်ငံတွင်အထက်တန်းကျောင်းသားအရေအတွက်၏ ဆေးလိပ်သောက်နှုန်းမှာ၂ဝဝ၁ခုနှစ်က၁ဝ.၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး၊၂ဝဝ၇ခုနှစ်တွင်မူ၎.၉ ရာခိုင်နှုန်းရှိသည်ဟုကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOတို့ ပူးတွဲပြုလုပ်သည့် GlobalYouthTobaccoSurvey-GYTSစစ်တမ်းအရ သိရသည်။
လူငယ်များအကြား မြင်တွေ့ရသည်က ၁ဝ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။
“လူငယ်တွေကိုသင်တန်းလုပ်တဲ့အခါမှာဆိုပါတော့လူ၎ဝလောက်သင်တန်းပေးတဲ့အထဲမှာ အနည်းဆုံးတော့ ၄ယောက်လောက်တော့ပြန်ပါလာတော့၁ဝရာခိုင်နှုန်းလောက်တောင်ရောက်နေတယ်။ဒါ လူငယ်အပိုင်းမှာနော်။ကျနော်ကလောလောဆယ်လူငယ်စီမံချက်ကိုပဲကိုင်ထားတော့လူကြီးပိုင်းကို မသိလိုက်ဘူး။ ဒါပေမဲ့ လူကြီးတွေလည်း သောက်နေကြတာပဲ” ဟု သူက ပြောသည်။
ကိန်းဂဏန်းများအရ ဆေးလိပ်သောက်သုံးမှု လျော့နည်းသွားသည်ဟု ဆိုသော်လည်း ကွမ်း အပါအဝင်
ဆေးရွက်ကြီးသောက်သုံးမှုတွင်မူ၂ဝဝ၁ခုနှစ်က၅.၇ရာခိုင်နှုန်းရှိရာမှ၂ဝဝ၇ခုနှစ်တွင်၁၄.၁ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု GYTS စစ်တမ်းတွင် ဖော်ပြထားသည်။
“ကွမ်းစားတဲ့သူတွေတတ်နိုင်လို့ရှိရင်ဆေးရွက်ကြီးနဲ့ပတ်သက်ပြီးပါတဲ့92တို့၊100တို့ဒါတွေလည်းထည့်ပြီး မစားစေချင်ဘူး။ဒါတွေကတကယ်တမ်းကျတော့ဆေးရွက်ကြီးကို ပြုပြင်ထားတဲ့ ဟာတွေချည်းပဲ။ နောက် ဗမာဆေးဆိုနည်းနည်းပိုဆိုးသေးတယ်။ အထူးသဖြင့်ဗမာဆေးကိုကျနော်ကွမ်းယာဆိုင်တွေမှာ တွေ့တာ မှိုတက်နေတဲ့ဗမာဆေးတွေကိုထည့်သုံးနေတာတွေဘာတွေ။အဲဒါတွေပိုဆိုးလိမ့်မယ်”ဟု ရန်ကုန်မြို့ခံ ဆရာဝန်တဦးကလည်း မဇ္ဈိမကို ပြောသည်။
ဆေးလိပ်သောက်သူများထဲတွင်သာမန်အရပ်သားများသာမကကျန်းမာရေးဝန်ထမ်းများပင် ပါဝင်နေသည်။
“အမျိုးမျိုးတော့ပညာပေးတာပဲ။ပညာပေးတာမှကျနော်တို့ဆိုရင်ဆေးခန်းစာအုပ်တွေမှာဆေးလိပ်သောက်ခြင်းရဲ့ အပြစ်တွေအကုန်ရေးပေးတာပဲ။ဒါပေမဲ့လုပ်နေကြတာပဲ။နောက်ဆရာဝန်တွေ ကိုယ်တိုင်ကဆေးလိပ်သောက်နေကြတယ်။ နှလုံးသွေးကြောပိတ်သွားတယ်။ ကုထားရတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်နေကြတုန်းပဲ” ဟု ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။
ဆေးလိပ်တွင်ဓာတ်ပစ္စည်းအမျိုးပေါင်း၄၃ဝဝကျော်ပါဝင်ပြီး လူကို အသက်အန္တရာယ်ပေးနိုင်သည့် ကတ္တရာ၊ နီကိုတင်း ကာဗွန်မိုနောက်ဆိုဒ်၊ ဘင်ဇင်းနှင့် အမိုးနီးယားဓာတ် များစွာပါဝင်သည်။
“ကျနော့်ယောက္ခမဆိုလည်းအဆုတ်ကင်ဆာနဲ့သေသွားတယ်။ဆေးလိပ်ကြောင့်ဖြစ်တယ်ဆိုတာသူကိုယ်တိုင် သိတယ်။ အဲဒီတော့ အောက်က သားသမီး၊ သားတွေမှာလည်း တယောက်ဆိုရင်လည်း အဆုတ်ကင်ဆာနဲ့
လောလောလတ်လတ်သေသွားပြီ။နောက်တယောက်ဆိုရင် အဲဒီဆေးလိပ်ကြောင့်ပဲ လျှာကင်ဆာဖြစ်တယ်။ ဆေးသွင်းတယ်၊ဓာတ်ကင်ရတယ်။နည်းနည်းလေးသက်သာလာတယ်။ဒါကြောင့်ဖြစ်တယ်ဆိုတာ သိရဲ့သားနဲ့ဆေးလိပ်ပြန်သောက်နေတယ်။ဆိုတော့စွဲနေကြတာကိုမဖြတ်ချင်ကြဘူး”ဟုရန်ကုန်မြို့ခံ ဆရာဝန်က ဆိုသည်။
ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာများဖြစ်ပေါ်နိုင်ပြီး နှလုံးသွေးကြောပိတ်ရောဂါများ
ဖြစ်ပွားနိုင်ပြီး အဖြစ်အများဆုံးနှင့် လူအသေအပျောက် အများဆုံးရောဂါများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းအဆိုအရ သိရသည်။
“အဓိကအဆိုးဆုံးကတော့ကင်ဆာပေါ့ဗျာ။ကင်ဆာဆိုရင်လည်းပါးစပ်ထဲမှာလည်းကင်ဆာဖြစ်သလို အဆုတ်ထဲမှာလည်းကင်ဆာဖြစ်မှာပဲ။နည်းနည်းလေးပျော့သွားတဲ့အခါကျတော့မှအဆုတ်ပွတယ်၊ နာတာရှည် လေပြွန်ယောင်ရောဂါတွေရမယ်။နှလုံးမှာဆိုရင်သွေးကြောတွေကျဉ်းလာမယ်။ နှလုံးသွေးကြော ကျဉ်းလာရင်နှလုံးပုပ်တယ်ပေါ့။နောက်ခပ်ပျော့ပျော့ထဲကဆိုရင်တော့အစာအိမ်အနာပေါက်မယ်။ ဒီ့ထက်ဆိုးရင် အစာအိမ်ကင်ဆာအထိ ရောက်လာနိုင်တယ်” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။
အစိုးရအနေဖြင့်ဥပေဒပြဋ္ဌာန်းထားရုံဖြင့်မလုံလောက်ဘဲ တွန်းအားပေးလုပ်ဆောင်မှုများ လိုအပ်နေကြောင်း ဆရာဝန်များ အသင်းက တိုက်တွန်းသည်။
“ဥပဒေတို့ စည်းမျဉ်းတို့ရှိပေမယ့်လည်း Enforcement အတင်းအကျပ် မရှိရင်တော့ အလကားပဲ။ တကယ့်
ဆေးလိပ်ရောင်းတဲ့ နေရာတွေက ဟိုတုန်းကဆိုရင်တော့ အရက်ရောင်းလို့ရှိရင် အရက်က လိုင်စင်ရှိမှ
ရောင်းရတယ်ဆိုတာမျိုးလိုအတားအဆီးလေးများလုပ်လိုက်လို့ရှိရင်ရောင်းတဲ့နေရာမှာအကန့်အသတ် ရှိလာမယ်ပေါ့။ အဲဒီ့အခါကျရင် သောက်သုံးတဲ့သူလည်း ဘာပဲပြောပြော အခွန်အခ ဈေးတက်လာလို့ရှိရင်
ဆေးလိပ်ဈေးတက်လာမယ်ပေါ့။ဒါပေမဲ့နယ်စပ်ကနေမဝင်ဖို့လည်းအရေးကြီးသေးတယ်။နယ်စပ်က ဝင်ပြီဆိုရင်တော့ ဈေးပေါပေါထဲကဟာတွေ ဝင်လာလိမ့်မယ်လေ” ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး
ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။
ကမ္ဘာတဝှန်းတွင်၂ဝရာစုအတွင်းဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် လူပေါင်း သန်း ၁ဝဝ ကိုအသက်ဆုံးရှုံးစေခဲ့ပြီး၂၁ရာစုတွင်လူပေါင်းသန်း၁ဝဝဝအသက်ဆုံးရှုံးစေမည်ဟုWHOက ခန့်မှန်းထားသည်။
အစိုးရအနေဖြင့်ပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍မီဒီယာကိုအသုံးချရန်နှင့်ထိရောက်စွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ဆရာဝန်အသင်းက ဆိုသည်။
“အဓိကကတော့MultiMediaအကုန်သုံးရမှာပဲ။အသံလည်းထုတ်ပြရမယ်။ရုပ်တွေလည်း ထုတ်ပြနိုင်တယ်ဆိုရင်တော့အဆင်ပြေလောက်တယ်လို့ကျနော်ယူဆတာပဲ။ဘာဖြစ်လို့ဆိုတော့ ရုပ်မြင်သံကြားကဖြန့်ချိနိုင်လို့ရှိရင်ပိုကောင်းမယ်။ဒါပေမဲ့ရုပ်မြင်သံကြားထုတ်လွှင့်တဲ့စရိတ်က ကြီးတယ်လေ။ဈေးကြီးတယ်ဆိုတော့တော်ရုံတန်ရုံလည်းအစိုးရကမလုပ်ရင်တော့ကျနော်တို့လည်း မလုပ်နိုင်ဘူး။ ဒါ အစိုးရကတော့ တော်တော်များများလုပ်နေပါပြီ။ဒါပေမဲ့တကယ်လူကြည့်တဲ့ အချိန်မှာတော့ မလာသေးဘူး” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောဆိုသည်။



အထက်ပေါင်းလောင်းကြောင့်လူ၈ထောင်ရွှေ့ပြောင်းရမည်

ကျော်ခ အင်္ဂါနေ့၊ မေလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၀ မိနစ် . 
ချင်းမိုင်(မဇ္ဈိမ)။ ။ဆွစ်ဇာလန်နှင့်ဗြိတိသျှဆောက်လုပ်ရေးကုမ္ပဏီများပါဝင်ဆောက်လုပ်ပေးနေသော ရှမ်းပြည်နယ်ရှိရေအားလျှပ်စစ်စီမံကိန်းအတွက်ရေကာတာဆောက်လုပ်သည့်လုပ်ငန်းကြောင့်လူ၈ ထောင်ခန့်ကိုအဓမ္မရွှေ့ပြောင်းခံရမည်ဟုကယန်းအမျိုးသားလူ့အခွင့်အရေးအဖွဲ့ကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်အတွင်းရှိပေါင်းလောင်းမြစ်ပေါ်တွင်တည်ဆောက်နေသော အထက်ပေါင်းလောင်းဆည်စီမံကိန်းအတွင်းကျရောက်သောကျေးရွာပေါင်း၂၃ရွာမှလူဦးရေ၇၉၉၈ဦးမှာ နေရာသစ်များ ရှာဖွေနေကြရသည်ဟုထိုင်းနိုင်ငံတွင် ပြုလုပ်သောKayanNewGenerationYouthအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ပြောသည်။

                                       အထက်ပေါင်းလောင်းဆည်စီမံကိန်းလုပ်ငန်းခွင်မြင်ကွင်း(Photo::KNGY)
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ရာပြည့်ကကျေးရွာလူကြီးများကို အောက်တိုဘာလနောက်ဆုံးထား ပြောင်းရွှေ့ရန် ပြောကြားထားသည်ဟုKNGYကဆိုသည်။
“ပြောင်းရမယ့်နေရာတွေကိုလည်းကိုယ်တိုင်ရှာပြီးပြောင်းခိုင်းတယ်” ဟုအဖွဲ့မှမူမိုးလေးကမဇ္ဈိမကိုပြောသည်။
“နောက်ထပ်ပြောင်းရွှေ့ရမယ့်နေရာကလည်းတောင်ကြောတွေပဲ ရှိတယ်။မြေပြန့်ကိုပြောင်းမယ်ဆိုရင်လည်း ရေအောက်မှာ ရှိနေတယ်ဆိုတော့ဒေသခံတွေအနေနဲ့က ဘယ်လိုလုပ်ကြရမှန်း မသိဘူးဖြစ်နေကြတယ်” ဟု သူက ဆက်ပြောသည်။
ရေအားလျှပ်စစ်၁၄ဝမဂ္ဂါဝပ်ထုတ်လုပ်မည့်ရေကာတာတည်ဆောက်မှုကိုAfColencoကုမ္ပဏီက တည်ဆောက်ရေး အင်ဂျင်နီယာဒီဇိုင်းနှင့်တည်ဆောက်ရေးလုပ်ငန်းများကိုကြီးကြပ်လျက်ရှိသည်။ ထို့အပြင် အင်္ဂလန်မှမိသားစုပိုင်မလ်ကွန်ဒွန်စတန်ကုမ္ပဏီMalcomDunstanAssociatesနှင့်တရုတ်နိုင်ငံမှ ယူနန်အကြီးစားစက်ပစ္စည်းများပြည်ပတင်ပို့ရေးကုမ္ပဏီYunanMachineryandExportCompanyတို့ ပါဝင် ခလုပ်ကိုင်နေကြသည်။
မလ်ကွန် ဒွန်စတန်ကို အင်္ဂလန်ရှိ ဘားမားကင်မ်ပိန်း (ယူကေ) အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်နေသော
မြန်မာအစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထောက်ပံ့ကူညီနေသော အဖွဲ့အဖြစ် ၂ဝဝ၈ ခုနှစ်တွင် နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့သည်။
                             အထက်ပေါင်းလောင်းဆည်စီမံကိန်းလုပ်ငန်းခွင်တည်ရှိရာမြေပုံ(Photo::KNGY)
”ဥရောပကလာသည်ဖြစ်စေ၊အာရှကလာသည်ဖြစ်စေမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ သင့်လျော်တဲ့စံသတ်မှတ်နှုန်းများကိုပစ်ပယ်လုပ်ဆောင်နေကြတာကိုပြသနေပါတယ်”ဟု မမူမိုးလေးက ပြောသည်။
မလ်ကွန်ဒွန်စတန်သည် ရဲရွာဆည်တည်ဆောက်ခဲ့သူပြီး၊လက်ရှိတွင် အထက်ပေါင်းလောင်းနှင့် တာဆန်း
ရေကာတာတည်ဆောက်ရေးတို့လုပ်ကိုင်လျက်ရှိသည်။ဒေသခံများမှာမိမိအစီအစဉ်ဖြင့် ရွှေ့ပြောင်းရမှာဖြစ်ပြီးတအိမ်ထောင်လျှင်ကျပ်၅သောင်းသာပေးမည်ဟု အာဏာပိုင်များက ပြောသည်။
သူတို့သည် နနွင်းကို အဓိကစိုက်ပျိုးကြပြီး ငရုပ်သီး၊ နွေစပါး၊ မိုးစပါး၊ မြေပဲ၊ လိမ္မော်၊ ငှက်ပျောနှင့် လက်ဖက် စသည်များလည်း စိုက်ပျိုးကြသည်။
၂ဝဝ၄ ခုနှစ်မှစ၍ တည်ဆောက်နေသော အမြင့် ၁ဝ၃ မီတာရှိ ရေကာတာစီမံကိန်းသည် ၂ဝ၁၂ ခုနှစ်တွင် ပြီးဆုံးရန် လျာထားထားသည်။ ဆည်တည်ဆောက်ပြီးလျှင် အကြမ်းမျဉ်း ဘောလုံးကွင်းပေါင်း ၁၁၄ဝဝ နီးပါး အကျယ်ရှိ စိုက်ပျိုးမြေ ၆၁ စတုရန်း ကီလိုမီတာမှာ ရေမြုပ်ကုန်မည်ဟု ကယန်းလူငယ်အဖွဲ့က ပြောသည်။
ထွက်ရှိသောလျှပ်စစ်ကိုမူစီမံကိန်း၏အနောက်မြောက်ဘက်၅ဝကီလိုမီတာအကွာရှိ အစိုးရရုံးစိုက်ရာနေပြည်တော်သို့ ပေးပို့မှာဖြစ်သည်။
ယခုအဖြစ်အပျက်များနှင့်ပတ်သက်၍ရွေးကောက်ပွဲကာလတွင်အဆိုပါကျေးရွာများကမဲပေးခဲ့ကြသော ကျားဖြူခေါ်ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီနှင့်ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်ပါတီထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။
                                        အထက်ပေါင်းလောင်းဆည်စီမံကိန်းလုပ်ငန်းခွင်မြင်ကွင်း(Photo::KNGY)
စီမံကိန်းကအဓမ္မရွှေ့ပြောင်းခိုင်းသလို၆ဝ၆ခြေမြန်တပ်ရင်းအတွက်နေရာထိုင်ခင်းများဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်းတို့တွင် ဒေသခံများကို ပေါ်တာဆွဲအသုံးပြုကြသေးသလို တအိမ်ထောင်လျှင် လစဉ်ကြေး
ကျပ် ၁ဝဝဝ ကောက်ခံသေးသည်ဟု KNGY ၏ အစီရင်ခံစာတွင် ပါရှိသည်။
မြန်မာနိုင်ငံမြစ်ကြောင်းများဆိုင်ရာကွန်ယက်အဖွဲ့BurmaRiversNetworkခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက“နိုင်ငံမှာထုတ်တဲ့ရေအားလျှပ်စစ်အများစုပေါ့နော်။စစ်တပ်နေရာရယ်၊စစ်တပ်နဲ့ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေနေရာရယ်ပဲအများစုအသုံးပြုတယ်။ရေကာတာစီမံကိန်းအနီးမှာရှိတဲ့မြို့ပဲဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ်အများစုကလျှပ်စစ်ဓာတ်အားမရဘူး။လျှပ်စစ်ရပေမယ့်လည်းမီးရဖို့ကတနေ့လာရင်၃ ရက်ပျက်တယ်ဆိုတဲ့ အခြေအနေ အမြဲတမ်း ရှိနေတယ်” ဟု ပြောသည်။
သမ္မတသစ်၏ပထမဆုံးမိန့်ခွန်းတွင်လည်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အကျယ်တဝင့်ပြောကြားသွားပြီး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ ထိန်းညှိဆောင်ရွက်မည်ဟု ပါရှိသည်။







maandag 30 mei 2011

အရှင်ဂမ္ဘီရအစာငတ်ခံဆန္ဒပြ

လင်းသန့် Monday, 30 May 2011 18:29
.စစ်ကိုင်းတိုင်းကလေးမြို့အကျဉ်းထောင်တွင်ထောင်ဒဏ်နှစ်ရှည်ကျခံနေရသော၂၀၀၇ခုနှစ်စက်တင်ဘာ သံဃာ့လှုပ်ရှားမှုဦးဆောင်ဆရာတော်တပါးဖြစ်သည့်အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့သည်အကျဉ်းသားအခွင့်အရေးများအတွက်မေလ၂၇ ရက်နေ့မှ စတင်ပြီးအစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။
၁၉၉၉ခုဇူလိုင်လတွင်ရိုက်ကူးထားသောအရှင်ဂမ္ဘီရနှင့်မိသားစု။(၀ဲမှယာ)အရှင်ဂမ္ဘီရအမ၊မယ်တော်ဒေါ်ရေး၊ အကို ကိုအောင်ကျော်ကျော်နှင့်အမည်မသိသံဃာတော်တပါး၊အရှင်ဂမ္ဘီရ(ယာစွန်)(ဓာတ်ပုံ-မိုးမခ)
ထိုဆန္ဒပြသည့်နေ့တွင်အရှင်ဂမ္ဘီရ၏နှမဖြစ်သူမခင်သူဌေးသည်ကလေးမြို့အကျဉ်းထောင်သို့ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ်ထောင်ဝင်စာတွေ့ခွင့်မရခဲ့ကြောင်း၊သို့သော်ပါဆယ်ပေးခွင့်ရခဲ့သော်လည်း ပစ္စည်းလက်ခံသည့်အကြောင်းကြားစာ၌အရှင်မ္ဘီရ၏လက်မှတ်မဟုတ်ဘဲအမည်သာရေးထားပြီးမိသားစုမှ ပေးလိုက်သောစာအုပ်များကိုသာယူထားလိုက်ကြောင်း၊အခြားအစားအစာများကိုလက်မခံလိုက်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဧရာဝတီ ကို ပြောသည်။
“SB(ရဲသတင်းတပ်ဖွဲ့)တွေလည်းအဲဒီနေ့ကဦးပဉ္ဇင်းတို့အစာငတ်ခံဆန္ဒပြတာကိုသတင်းလာယူတယ်။ထောင် ၀န်ထမ်းကထောင်ဝင်စာပိတ်ထားတယ်လို့ပြောလိုက်တယ်။ဦးပဉ္ဇင်းတို့အတွက်အရမ်းစိုးရိမ်တယ်”ဟု ၄င်းက ဆက်လက် ပြောဆိုသည်။
လူချင်းထောင်ဝင်စာတွေ့ခွင့်မရခဲ့သည့်အတွက်အရှင်ဂမ္ဘီရနင့်အတူအစာငတ်ခံ ဆန္ဒပြနေသူများနှင့်ပတ်သက်ပြီး အရေ အတွက်၊ အမည်နာမများကို မသိခဲ့ရဟု ဆိုသည်။
အရှင်ဂမ္ဘီရထံသို့လွန်ခဲ့သည့်လဆန်းကထောင်ဝင်စာနောက်ဆုံးတွေ့ခွင့်ရခဲ့စဉ်ထောင်ဝန်ထမ်းတဦးမှတဆင့် စာတစောင်မခင်သူဌေးကိုတရားဝင်ပေးခဲ့သည်။အဆိုပါစာမှာအရှင်ဂမ္ဘီရအပါအ၀င်ကလေး အကျဉ်းထောင်အတွင်းရှိအခြားသောနိုင်ငံရေးအကျဉ်းသားများကသမ္မတသစ်ဦးသိန်းစိန်ထံလိပ်မူပြီး နိုင်ငံရေးအကျဉ်းသားများ၏ဆုံးရှုံးနစ်နာနေသောအစားအသောက်ကောင်းမွန်စွာရရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာရရေးအပါအ၀င်အကျဉ်းသားအခွင့်အရေးများကို တောင်းဆိုထားခြင်းဖြစ်သည်။
အဆိုပါစာကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ အာဆီယံ လူ့အခွင့် အရေး ကော်မတီ၊ အာရှ လူ့အခွင့်အရေး ကော်မရှင် များထံ မိတ္တူ ပို့ပေးရန်လည်း အရှင်ဂမ္ဘီရနှင့် နိုင်ငံရေး အကျဉ်းသား တချို့၏ စာတွင် ဖော်ပြထားကြောင်း သိရသည်။
ကလေး အကျဉ်းထောင်ရှိ အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် တောင်းဆိုထားသော အကျဉ်းသားအခွင့်အရေးများကိုလိုက်လျောရန်အစိုးရအာဏာပိုင်များကမည်သို့မျှ အကြောင်းကြားခြင်းမရှိလာသည့်အတွက်နောက်ဆုံး အစာငတ်ခံဆန္ဒပြ ခြင်းဖြစ်နိုင်သည်ဟု မခင်သူဌေးက ရှင်းပြသည်။
အရှင်ဂမ္ဘီရ(ဘွဲ့အမည်ရင်း ဦးစန္ဒောဘာသ-လူအမည် ညီညီလွင်)သည် သက်တော်၃၁နှစ်ရှိပြီဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ၄ ရက်နေ့တွင်ဖခင်ဖြစ်သူ ဦးမင်းလွင်(ပေါက်မြို့နယ်NLD၏တသီးပုဂ္ဂလ အမတ်လောင်း)နှင့်အတူ မန္တလေး တိုင်း၊ စဥ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့်ဆက်သွယ်မှုအပါအ၀င်ပုဒ်မ၁၃ ခုတို့ဖြင့်ထောင်ဒဏ်၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်းခံခဲ့ရသည်။
အရှင်ဂမ္ဘီရနှင့်အတူ အစ်ကိုအပါအ၀င် မိသားစုဝင်များပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယခုထိ အကျဉ်းထောင် အသီးသီးတွင် မိသားစုဝင် ၅ ဦးဆက်လက်ရှိနေသေးကြောင်း ဒေါ်ရေး က ပြောသည်။
“ဦးပဉ္ဇင်းအတွက် အမေ အရမ်း စိုးရိမ်နေတယ်”ဟု ၄င်းက ဆက်ပြောသည်။
ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် အဓမ္မ သင်္ကန်းချွတ်၍ လူဝတ်လဲကာအကျဉ်းချခံထားကြရသောနိုင်ငံရေးအကျဉ်းသားသံဃာတော်၂၂၅ ပါးသည် ထောင်ဒဏ်နှစ်ရှည် ကျခံနေရကြောင်း
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းတွင်ဖော်ပြ ထားသည်။
မြန်မာနိုင်ငံသမိုင်းတွင်အင်္ဂလိပ်ကိုလိုနီလက်အောက်ကျရောက်နေစဉ်အင်္ဂလိပ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခံ ရသောသံဃာ့အာဇာနည်ဆရာတော်ဦးဝိစာရသည်အင်္ဂလိပ်အစိုးရထံ သင်္ကန်းပြန်လည်ဝတ်ဆင်ခွင့် အပါအ၀င်အကျဉ်းသား အခွင့်အရေးများအတွက် အစာငတ်ခံဆန္ဒပြကာ ရက်ပေါင်း ၁၆၆ ရက်မြောက်နေ့ ၁၉၂၉ခုနှစ်စက်တင်ဘာ လ၁၉ ရက်နေ့ သက်တော် ၄၁ နှစ်တွင် ရန်ကုန် ထောင်ကြီးထဲတွင် ပျံလွန်တော်မှုခဲ့ရသည်။
မကြာသေးခင်ရက်ပိုင်းများက အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကလည်း အကျဉ်းထောင် လက်စွဲဥပဒေပါ အကျဉ်းသားရပိုင်ခွင့်များနှင့်ပတ်သက်ပြီးတောင်းဆိုမှုများ မရခဲ့၍ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးနှင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၃ ဦး၊ အခြားအကျဉ်းသူ ၄ ဦးတို့သည် မေလ ၁၈ ရက်နေ့မှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများထဲမှ ၇ ဦးကို စစ်ခွေးတိုက်ပို့ပြီး အရေးယူ လူစုခွဲမှုလုပ်ခဲ့ပြီးနောက် တချို့ကို ထောင်အာဏာပိုင်များက ခေါ်ယူဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ခွေးတိုက်မှ ပြန်လည် ခေါ်ထုတ်ကာ အင်းစိန်ထောင် အမှတ် ၅ အဆောင်ဝင်းအတွင်းရှိ တိုက် ၁ သို့ ပို့ဆောင်လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။
သို့သော်မေလ၂၇ရက်နေ့တွင်နေပြည်တော်မှအထူးစုံစမ်းရေး ကော်မရှင်အဖွဲ့တဖွဲ့ ရောက်လာပြီး ၄င်းတို့၏ တောင်းဆိုချက်များနှင့်ပတ်သက်ပြီးဆွေးနွေးကြရာ အကျဉ်းသားအခွင့်အရေးအဆိုင်ရာ အချက်ငယ် ၅ ချက်ကိုလိုက်လျောခဲ့သော်လည်းအဓိကကျသောတောင်းဆိုချက်ကိုလိုက်လျောမှုမရှိကြောင်း၊ အဆိုပါအချက်မှာ နိုင်ငံရေး အကျဉ်းသားများအနေဖြင့်အခြားအကျဉ်းသားများကဲ့သို့ အကျဉ်းထောင်လက်စွဲ ဥပဒေ ပါ ရပိုင်ခွင့်အရ“လျှော့ရက်ခံစားခွင့်”ကို အာဏာပိုင်များက မည်သို့မှ မတုံ့ပြန်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ နောက်ဆုံးသိရတဲ့ အခြေအနေကတော့ ၂၈ ရက်နေ့ကတည်းက ထောင်ဝင်စာပိတ်လိုက်တယ်။ နေပြည်တော်ကSBညွှန်မှူးအဆင့်ရှိသူအပါအ၀င် စုံစမ်းရေးအဖွဲ့ တဖွဲ့ အစာငတ်ခံဆန္ဒပြတဲ့ ၅ ဆောင်ဝန်းထဲက ၁ တိုက်ကို လာ တွေ့တယ်။
လျှော့ရက်ခံစားခွင့်ကိုဘာမှ မတုံ့ပြန်ဘူးလို့ သိရတယ်၊ အဲဒီမှာတင် လာတွေ့တဲ့သူတွေကို သံပြိုင် အော်ဟစ် ဆန္ဒပြတော့အားလုံးကို တိုက်ပိတ်လိုက်တယ် ကြားတယ်”ဟု အဆိုပါ အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူက ဆက်ပြော သည်။
အကျဉ်းထောင်တွင်းယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများကအစာငတ်ခံဆန္ဒပြခြင်းသည် သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာအမိန့်ထွက်ပေါ်ပြီးနောက်မကျေမနပ်ဖြစ်ရာက စတင်ခဲ့ခြင်းဖြစ်သည်။
“သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကိုမကျေနပ်တာကစခဲ့တာပဲ။အဲဒီအမိန့်ထဲမှာ ပုံမှန်ရရှိခံစားရသည့်လျှော့ရက်အပြင်လျှော့ရက်၁နှစ်ထပ်မံလျှော့ပေါ့တယ်ဆိုတဲ့စကားရပ်ပါတယ်။ အခုဟာက လွတ်လဲမလွတ်၊ ငြိမ်းလည်းမငြိမ်း၊ချမ်းလည်းမချမ်းသာတဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ဖြစ်နေတယ်။ သေဒဏ်တွေကိုတသက်တကျွန်းပြောင်းလိုက်တာတော့ကောင်းပါတယ်။အမှန်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မှသာလျှင် လွတ်ငြိမ်းချမ်းသာခွင့်အစစ်ဖြစ်မှာ”ဟု ဒေါ်ရေးက ပြော သည်။
ယခုကဲ့သို့ အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများကလည်း ကလေးမြို့အကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခြင်း၊ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြခြင်းများသည် အကျဉ်းသားရပိုင်ခွင့်များအတွက် ယခုရက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်နေရာ ကုလသမဂ္ဂ နှင့် လူ့ အခွင့်အရေးအဖွဲ့များက အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင်လားရှိုးအကျဉ်းထောင်တွင်ထောင်ဒဏ်၆၅နှစ်ကျခံနေရသော၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းဇေယျာ၏မိခင်ဖြစ်သူ အသက်၇၉ နှစ်အရွယ်ဒေါ်ချစ်ဖွား သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကမာဝက် နေအိမ်တွင် ကွယ်လွန်သွားခဲ့ရာ မိခင်၏ နောက်ဆုံးဂါရ၀ပြုခွင့်ကို ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် မိသားစုဝင်များက အာဏာပိုင်များထံ ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တဦးက ပြောသည်။
ဒေါ်ချစ်ဖွား၏ ဈာပနအခမ်းအနားကိုယမန်နေ့မေလ၂၉ ရက်နေ့က ကမာဝက် သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းဇေယျာ ၏ ဇနီးဖြစ်သူ မချိုသာလျှင် ခင်ပွန်းဖြစ်သူကိုယ်စား နောက်ဆုံးဂါရ၀ပြုခဲ့ရသည်ဟု သိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဆက်လက် ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများသည် ၄င်းတို့၏ ရပိုင်ခွင့်များဆုံးရှုံးနေကြောင်း AAPP ၏ ကြေညာချက်များတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ခြင်းမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း AAPP ၏ ဆောင်ပုဒ်တွင် အလေးအနက်ဖော်ပြထားသည်။
မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးရှိနိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးခြွင်းချက်မရှိ လွတ်မြောက်ရေးလက်မှတ်ထိုးလှုပ်ရှားမှုအရှိန်ရလာပြီးယခုအခါလက်မှတ်ပေါင်း ၁ သိန်းကျော်ရရှိနေပြီဖြစ်ကြောင်း၊ ယနေ့ နေ့လယ်၂ နာရီတွင် သမ္မတ ဦးသိန်စိန်ထံသို့ စာတိုက်မှတဆင့် တောင်းဆိုလက်မှတ်ပေါင်း ၂ သောင်းကျော် တတိယအသုတ် ပေးပို့မည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။

ဒီပဲယင်း ၈ နှစ်ပြည့်ပြီ

လင်းသန့် Monday, 30 May 2011 20:01
.လွန်ခဲ့သည့်၈နှစ်ကဖြစ်ပွားခဲ့သည့်ဒီပဲယင်းဒေသအကြမ်းဖက်မှုတွင်သေဆုံးသွားသူများအားရည်စူးသည့် ဆွမ်းကပ် အမျှပေးဝေခြင်းကို ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက မန္တလေးမြို့တွင် ယနေ့ ပြုလုပ်ကြသည်။
ချမ်းအေးသာဇံမြို့နယ်အနောက်ခေမကန်ကျောင်းတိုက်၊သူဌေးကျောင်းတွင်ကုသိုလ်ပြုခဲ့ကြကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က ဧရာဝတီကို ပြောသည်။
“ဒီနေ့ကဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးပထမဆုံးလုပ်တဲ့ဒီပဲယင်း၈နှစ်မြောက်နှစ်ပတ်လည်နေ့လည်း ဖြစ်တယ်။မနက်၇နာရီကသံဃာတော်ဆွမ်းကပ်ပြီးနေ့လယ်ပိုင်းမှာဒီပဲယင်းအောက်မေ့ဖွယ်အခမ်းအနား တခုကို လုပ်ခဲ့တယ်”ဟုဦးသိန်းတန်ကရှင်းပြသည်။
ဒီပဲယင်းလုပ်ကြံမှုမျက်မြင်သက်သေများဖြစ်ကြသောစစ်ကိုင်းတိုင်းမှ ဦးကျော်အေး၊ မန္တလေးတိုင်းမှ ဦးလှမြင့် တို့ကတွေ့ကြုံခဲ့ရသည်များကိုပြန်လည်ပြောပြကြသည်ဟုသိရသည်။ထိုစဉ်ကသေဆုံးသွားသူတို့၏ မိသားစုဝင်များလည်း ယနေ့ ကျရောက်သည့် နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်သည်ဟု ဆိုသည်။
“မိသားစုတွေကိုအခုအားပေးနှစ်သိမ့်စကားတွေပြောကြတယ်။ထောက်ပံ့တဲ့ အနေနဲ့ တမိသားစုကို ၂၀၀၀၀ (ကျပ်) စီ ပေးအပ်ခဲ့တယ်” ဟု မန္တလေးတိုင်း NLD မှ ကိုမျိုးနိုင်က ဧရာဝတီကို ပြောသည်။
ဒီပဲယင်းအဖြစ်အပျက်တွင်သေဆုံးသူပေါင်း ၈၀ကျော်ရှိမည်ဟုခန့်မှန်းထားသော်လည်းစာရင်းအတိအကျ ကောက်ယူရေးအတွက်ခက်ခဲနေကြောင်း၊ယခင်စစ်အစိုးရကလည်းဒီပဲယင်းဖြစ်ရပ်ကိုဖော်ထုတ် စုံစမ်းမှုများ မလုပ်ခဲ့ကြောင်း၊လက်ရှိအာဏာပိုင်တို့လက်ထက်တွင်လွတ်လပ်သောစုံစမ်းမှုများလုပ်သင့်ကြောင်း ကိုမျိုးနိုင်က ပြောသည်။
အကြမ်းဖက်ခံရသူများ၊ သေဆုံးသွားသူတို့၏ မိသားစုများကို နစ်နာကြေး ပေးပြီး အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မပေါ်စေရေးအတွက် ယခု အစိုးရသစ်က လုပ်ဆောင်သင့်ကြောင်း ကိုမျိုးနိုင်က ဆက်ပြောသည်။
ယနေ့ပြုလုပ်သည့်၈နှစ်မြောက်အစီအစဉ်သို့ ဦးနိုင်းနိုင်း၊ဒေါက်တာဒေါ်မေ၀င်းမြင့်၊ဒေါ်ခင်ဌေးကြွယ်၊ ကိုမျိုးညွန့်၊မဖြူဖြူသင်းစသည့်ရန်ကုန်မှNLDခေါင်းဆောင်များ၊လူငယ်ခေါင်းဆောင်များ တက်ရောက်ကြောင်း၊ NLD၏ စစ်ကိုင်းတိုင်း စည်းရုံးရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ် ဖြစ်သောကြောင့် တက်ရောက်လာသူ ၁၅၀ ခန့် ရှိကြောင်း သိရသည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က NLD ခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့၏ ယာဉ်တန်း ဒီပဲယင်းမြို့နယ်၊ ကျည်ရွာသို့ ရောက်ရှိစဉ် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး စောင့်ဆိုင်းနေသည့် လူ ၅၀၀၀ ခန့်က ၀ိုင်းဝန်း တိုက်ခိုက်ကြသည်။
ထိုလုပ်ကြံမှုမှအသက်မသေဘဲလွတ်မြောက်သွားသောNLDခေါင်းဆောင်၂ဦးသည်နှစ်အတန်ကြာ ထိန်းသိမ်းခံလိုက်ရသည်။
ယမန်နှစ်က ပြန်လည် လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်သည် နယ်သို့ ခရီး ထွက်မည် ဟူသော သတင်းကြောင့် ဒီပဲယင်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမျိုးနှင့် ထပ်မံ ကြုံတွေ့မည်ကို အများက စိုးရိမ်နေကြသည်။
“နယ်ထွက်တယ်ဆိုတာနိုင်ငံရေးအရလူထုနဲ့တိုက်ရိုက်ထိတွေ့တာဖြစ်တယ်။ဒါပေမယ့်ဒီပဲယင်း အိပ်မက်ဆိုးကအခုထိမက်နေဆဲ၊ဒေါ်အောင်ဆန်းစုကြည်အတွက်အသက်အန္တရာယ်ကိုကျမတို့ စိုးရိမ်နေဆဲပဲ” ဟု ယနေ့ နှစ်လည် အစီအစဉ်သို့ တက်ရောက်သော မန္တလေးသူတဦးက ပြောသည်။

ကချင်လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား

သန်းထိုက်ဦး Monday, 30 May 2011 18:57
.ကချင်ပြည်နယ်အရှေ့တောင်ဘက်မန်စီမြို့နယ်အတွင်းရှိကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း၂၇ ထိန်းချုပ်ထားသောဒေသတွင်၎င်းတပ်ဖွဲ့ဝင်များကိုစစ်အင်အားတိုးချဲ့၍စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားသည်။
ပြီးခဲ့သည့်တပတ်သောကြာနေ့ကအစိုးရ၏ခြေလျင်တပ်ရင်း(ခလရ)၁၀၅တပ်ဖွဲ့ဝင်များနှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီ ကို ပြောသည်။
KIAတပ်ဖွဲ့ဝင်များသည်စစ်အစိုးရတပ်များတည်ရှိသည့်နေရာအနီး တ၀ိုက်တွင်နေရာယူထားပြီး စစ်ရေးအရ အသင့်ပြင်ဆင်ထားသည်ဟု၎င်းကဆိုသည်။
 အစိုးရတပ်ဖွဲ့ဝင်များက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်အင်အား တိုးချဲ့ခြင်းမရှိဘဲ KIAထိန်းချုပ်နယ်မြေ အတွင်းရှိ ရှ ဒန် ကျေးရွာ တွင် လှုပ်ရှားနေကြောင်း သိရသည်။
“သူတို့အခုနေနေတဲ့ရွာကအတွင်းပိုင်းတော်တော်လေးကျသွားပြီးကျနော်တို့လုံခြုံရေးစီမံချက်လုပ်ထားတဲ့ အတွင်းပိုင်းကိုရောက်နေတယ်၊အဲဒီတော့သူတို့တောထဲကိုဟိုဝင် ဒီဝင် လုပ်ရင်တော့မဖြစ်သင့်တာတွေ ဖြစ်တော့မှာပဲ”ဟု ဦးလနန်ကဆက်ပြောသည်။
အစိုးရတပ်များ လှုပ်ရှားနေသည့် ကျေးရွာတွင် ဒေသခံများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာ ဆွေမျိုးနှင့် မိတ်ဆွေများထံ တိမ်းရှောင်နေကြောင်းလည်း သိရသည်။
ဦးလနန်၏အဆိုအရအစိုးရတပ်ကရွာသား၂ဦးကိုဖမ်းဆီးထားကြောင်းပြောဆိုသော်လည်း သီးခြားအတည်မပြု နိုင်ပေ။
KIAတွင်စစ်အင်အားတသောင်းဝန်းကျင်ရှိပြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်မြောက်ပိုင်းတွင်စခန်းချထား ကြောင်း သိရသည်။
၁၉၉၄ခုနှစ်မှစတင်ပြီးKIAသည်စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့သည်။သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနယ်ခြားစောင့်တပ်များအဖြစ်အသွင်ပြောင်းရေးအစီအစဉ်ကို KIAက လက်မခံသဖြင့်အစိုးရနှင့်ဆက်ဆံရေးပျက်ပြားလျက်ရှိသည်။နှစ်ဘက်စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။
KIAကို“သောင်းကျန်းသူ”အဖွဲ့ဟုအစိုးရပိုင်သတင်းစာများတွင်မကြာခဏသုံးနှုန်းဖော်ပြသည်အထိနှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။
ပြီးခဲ့သည့် တပတ် သောကြာနေ့ကတရုတ် နိုင်ငံတော်ကောင်စီဝင်MengJianzhuနှင့် မြန်မာ ပြည်ထဲရေး ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့တွေ့ဆုံခဲ့ပြီးနယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကို တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးများမီဒီယာလုပ်ငန်းတွင်လည်းဝင်ပါမည်

စည်သူ Monday, 30 May 2011 14:04
.အစိုးရနှင့်နီးစပ်သောစီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်ယခင်အမှတ်(၁)စက်မှုဝန်ကြီးဟောင်းဦးအောင် သောင်း၏သားIGEလုပ်ငန်းစုပိုင်ရှင် ဦးနေအောင်သည် ဂျာနယ် ထုတ်ဝေရန်အတွက် ပြင်ဆင်မှုများပြုလုပ် နေကြောင်း သိရသည်။
ဦးနေအောင်ကMyanmarWallStreetဟုအမည်ပေး၍စီးပွားရေးသတင်းများကိုဦးစားပေးထုတ်ဝေရန် စီစဉ်နေကြောင်းရန်ကုန်မြို့ရှိမီဒီယာအသိုင်းအ၀ိုင်းကပြောသည်။
ရန်ကုန်မြို့တွင်ယမန်နှစ်ရွေးကောက်ပွဲကာလအတွင်းကတွေ့ရသောဂျာနယ်အရောင်းဆိုင်တခု(ဓာတ်ပုံ-AP)
“အခုလတ်တလောမှာတော့လက်ရှိမီဒီယာလောကကဂျာနယ်လစ်တချို့ကိုချဉ်းကပ်ပြီးခေါ်နေတယ်။ လက်ရှိလုပ်နေတဲ့လစာထက်နှစ်ဆ၊သုံးဆပိုပေးပြီးခေါ်မယ်လို့ကြားတယ်။မီဒီယာလောကမှာ အင်နဲ့အားနဲ့ရင်းနှီးမြှပ်နှံမယ်လို့လည်း ကြားတယ်”ဟုဂျာနယ်အယ်ဒီတာတဦးကဆိုသည်။
ဦးတေဇ၏ထူးစီးပွားရေးလုပ်ငန်းစုသည်လည်းမီဒီယာလုပ်ငန်းလုပ်ကိုင်ရန်အစီစဉ်ရှိကြောင်းနှင့်ထုတ်ဝေမည့်ဂျာနယ်၏အမည်နှင့်မည်သည့်အကြောင်းအရာအားဦးစားပေးလုပ်ကိုင်သွားမည်ကိုမူ မသိရှိရသေးကြောင်း ကြားသိရသည်။
ထူးစီးပွားရေးလုပ်ငန်းစုမှတာဝန်ရှိသူတဦးက၎င်းတို့အနေဖြင့်လတ်တလောတွင်မီဒီယာလုပ်ငန်း လုပ်ကိုင်ရန် အစီအစဉ်မရှိသေး ကြောင်း ငြင်းဆိုထားသည်။
ပြည်တွင်းရှိစီးပွားရေးပညာရှင်တဦးကိုအယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ရန်IGEကကမ်းလှမ်းထားပြီး ထူးအနေဖြင့်မူပြည်တွင်းဂျာနယ်များတွင်လက်ရှိလုပ်ကိုင်နေသူများထဲမှသုံးဦးကိုအယ်ဒီတာချုပ်၊ ဒု အယ်ဒီတာချုပ်နှင့်တာဝန်ခံအယ်ဒီတာများလုပ်ကိုင်ရန်ကမ်းလှမ်းထားသည်ဟုနီးစပ်သူ တဦးက ပြောသည်။
“IGEကကမ်းလှမ်းထားတာတွေပဲရှိသေးတယ်။ထူးကပြည်တွင်းကဂျာနယ်လစ်တချို့ခေါ်ထားတယ်။ ရှေ့လထဲမှာအယ်ဒီတာချုပ်၊ဒုအယ်ဒီတာချုပ်နဲ့တာဝန်ခံအယ်ဒီတာလုပ်မယ့်သူတွေက သူတို့သက်ဆိုင်ရာဂျာနယ်တွေကထွက်ခွင့်ရရင်လုပ်ငန်းစကြမယ်လို့သိရပါတယ်”ဟု ကမ်းလှမ်းထားသူများနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက ကမ်းလှမ်းခံထားရသူများ၏ အမည်နှင့် အသေးစိတ် အစီအစဉ်များကို ပြောကြားရန် ငြင်းဆန်ခဲ့ပြီး မည်သည့်အချိန်တွင် ထုတ်ဝေမည်ကိုလည်း မသိရှိရသေးကြောင်း ပြောဆိုသည်။
“သူတို့ကနေ့စဉ်ထုတ်အထိဖြစ်ဖို့ရည်မှန်းထားတယ်လို့ပြောတယ်။မန္တလေးနဲ့နေပြည်တော်မှာလည်း ရုံးခွဲတွေဖွင့်ဖို့ရှိတယ် လို့ လည်း ကြားရတယ်”ဟု အထက်ပါ ကမ်းလှမ်းထားသူများနှင့် နီးစပ်သူက ဆိုသည်။
ဦးနေအောင်သည်အောင်ရည်ဖြိုး၊IGE၊MRT၊ယူနိုက်တက်အမရစသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊သစ်ထုတ်လုပ်ခြင်း၊ဟိုတယ်လုပ်ငန်း၊ဘဏ်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင်အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနသို့မဟာဓာတ်အားလိုင်းများတွင် အသုံးပြုသည့် အကြီးစားလျှပ်စစ် ကြိုးခွေများ တင်သွင်းရေး လုပ်ငန်းများလည်း လုပ်ကိုင်သည်။
မကြာသေးမီကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းများကို စီမံကိန်းဧရိယာသို့ အရောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို IGE က လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။
ဦးတေဇသည်စွမ်းအင်နှင့်လောင်စာဆီလုပ်ငန်း၊ဘဏ်လုပ်ငန်း၊လေကြောင်းလိုင်း၊တယ်လီဖုန်းနှင့် ဖုန်းကတ် အပါအ၀င်ဆက်သွယ်ရေးလုပ်ငန်း၊ဆောက်လုပ်ရေး၊အပန်းဖြေဥယျာဉ်စသည့်မြန်မာပြည်တွင်းရှိအဓိက စီးပွားရေးလုပ်ငန်းကြီးများစွာကိုလုပ်ကိုင်နေပြီးကျပ်သိန်းထောင်ချီအကုန်အကျခံ၍ရန်ကုန်ယူနိုက်တက် အမည်ရှိဘောလုံးအသင်းတသင်းကိုလည်းတည်ထောင်ထားသူဖြစ်သည်။၎င်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူဟု လူသိများသည်။
ထိုသို့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များမီဒီယာလောက၀င်ရောက်လာခြင်းသည်စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ထက်အခြားရည်ရွယ်ချက်များရှိနိုင်ကြောင်းမီဒီယာအသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိကြသည်။
“ဒီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့အကျိုးအမြတ်ကအများကြီးရှိတယ်လေ။ဂျာနယ်လောကရဲ့အမြတ်ဆိုတာ သိပ်မရှိဘူး။ ဒီလောကထဲကို ၀င်လာတာဟာ စဉ်းစားစရာပါပဲ”ဟု အယ်ဒီတာတဦးက ပြောသည်။
လက်ရှိလစာထက်နှစ်ဆ၊သုံးဆပေးမည်ဟုကမ်းလှမ်းသော်လည်းကမ်းလှမ်းခံရသူဂျာနယ်လစ်အများစုက စိတ်ဝင်စားမှုနည်းပါးသည်ဟု သိရသည်။
“ပြီးခဲ့တဲ့တပတ်လောက်ကထူးကခေါ်ထားတဲ့ဂျာနယ်လစ်တဦးကကျနော့်ကိုကမ်းလှမ်းလာပါတယ်။လက်ရှိလစာထက် အနည်းဆုံးနှစ်ဆဒါမှမဟုတ်သုံးဆပေးမယ်ပြောတယ်။သူတို့ရဲ့မူဝါဒကိုမသိရတာရယ်။သူတို့လုပ်နေတဲ့ ကျောက်တူးလုပ်ငန်းကြောင့်ပတ်ဝန်းကျင်ပျက်စီးတာတွေ၊စီးပွားရေးလောကကိုလက်ဝါးကြီးအုပ်ထားတာတွေကိုရေးလို့ရေရှည်မှာအကျိုးစီးပွားထိပ်တိုက်တွေ့ရနိုင်တာတွေ ရှိလာမယ်။ ဒါကြောင့် ကမ်းလှမ်းလာတဲ့ငွေကြေးပမာဏကိုမက်ပေမယ့်ရေရှည်ကိုကြည့်ပြီးငြင်းလိုက်ပါတယ်။ တခြားဂျာနယ်လစ်တွေလည်း ငွေတခုတည်းကြည့်ပြီးလက်မခံဖို့ ရေရှည်စဉ်းစားဖို့ တိုက်တွန်းပါတယ်”ဟု ထူးမှ ကမ်းလှမ်းခြင်း ခံရသည့် ဂျာနယ် သတင်းထောက်တဦးက ပြောကြားသည်။
လက်ရှိတွင်အစိုးရနှင့်နီးစပ်သူများဖြစ်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်ဖြစ်သည့်ဒေါက်တာတင်ထွန်းဦးသည်မြန်မာတိုင်းမ်ဂျာနယ်အယ်ဒီတာချုပ်နှင့်၎င်းပိုင် စွယ်စုံမီဒီယာမှသုတစွယ်စုံမဂ္ဂဇင်း၊ပြည်မြန်မာဂျာနယ်၊သတင်းလွှာဂျာနယ်များကိုထုတ်ဝေနေပြီးဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ၏ သား ဦးဇော်မင်းအေးက Messangerဂျာနယ်ကို လည်းကောင်း၊န၀တ ခေတ်အတွင်းရေးမှူး(၃)ဗိုလ်ချုပ်ဝင်းမြင့်မိသားစုဝင်များကပေါ်ပြူလာ ဂျာနယ် ကို လည်းကောင်း စသည်ဖြင့် ထုတ်ဝေလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ပေါင်း ၁၇၀ ကျော် ရှိကြောင်း မီဒီယာ အသိုင်းအ၀ိုင်း၏ ခန့်မှန်းချက်အရ သိရ သည်။

NLDလူငယ်ထောင်တွင်းဆန္ဒပြမည်

ဖနိဒါ တနင်္လာနေ့၊မေလ၃၀ရက်၂၀၁၁ခုနှစ်၂၀နာရီ၃၈မိနစ် . 
ချင်းမိုင်(မဇ္စျိမ)။ ။အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအပါအဝင်တောင်းဆိုချက်၃ချက်ဖြင့်မေ၃ဝ ရက်မှစ၍အစာငတ်ခံဆန္ဒပြသွားမည်ဟုစစ်ကိုင်းတိုင်းခန္တီးထောင်တွင်အကျဉ်းကျနေသည့် ဘိုကလေးမြို့နယ်NLDလူငယ်ကိုနေဝင်းစိုးကပြောဆိုကြောင်းမကြာသေးခင်ကယင်းထောင်မှ ပြန်လွတ်လာသည့် ပါတီတူလူငယ် ကိုစိုင်းမင်းသိန်းက ပြောသည်။
တောင်းဆိုချက် ၄ ချက်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရန်
ဖော်ဆောင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တန်းတူညီတူ နွေးဆွေးညှိနှိုင်းရေးတို့ ဖြစ်သည်။
ပြန်ပြောပြသူ ၃ဝ နှစ်အရွယ် ကိုစိုင်းမင်းသိန်းသည် တိုက်ကြီးမြို့နယ်NLDလူငယ်တဦးဖြစ်ကာ လောင်စာဆီ ကျဆင်းရေးအတွက်၂ဝဝ၇ခုနှစ်ထဲတွင်ရန်ကုန်၌လမ်းလျှောက်ဆန္ဒပြသဖြင့်နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ၅ဝ၅(ခ)အပါအဝင်အခြားပုဒ်မများဖြင့်ထောင်ဒဏ်၎နှစ်ခွဲကျခံရမှ မကြာသေးခင်က သမ္မတဦးသိန်းစိန်၏လျှော့ပေါ့ပြစ်ဒဏ်ဖြင့် ပြန်လွတ်လာခဲ့သည်။
“ဒီနေ့ဒီပဲယင်းနေ့မှစပြီးတော့အစာငတ်ခံဆန္ဒပြမယ်လို့ကျနော့်ကိုကြိုပြီးပြောပြလိုက်တာခင်ဗျ။ပထမတချက်က စစ်မှန်တဲ့အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ဒုတိယအချက်ကအမျိုးသားပြန်လည်ရင့်ကြားစေမှု
ဖော်ဆောင်ရေး၊တတိယအချက်ကပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လက်နက်ချခြင်း၊အလင်းဝင်ခြင်းမျိုးမဟုတ်ဘဲနဲ့တန်းတူညီတူဆက်စပ် ညှိနှိုင်းဖော်ဆောင်ရေးဆိုတဲ့အချက်၃ချက်အတွက်တောင်းဆိုထားတယ်ခင်ဗျ”ဟု ကိုစိုင်းမင်းသိန်းက မဇ္စျိမကို ပြောသည်။
နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ကုကသကဂ္ဂနှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများကိုခန္တီးထောင်သို့ လာရောက်ရန် အကျဉ်းကျခံ အသက်၂၇ နှစ်အရွယ် ကိုနေဝင်းစိုးကဖိတ်ခေါ်ကြောင်းပါ သူက ပြောပြသည်။
ခန္တီးထောင်တွင်နိုင်ငံရေးအကျဉ်းသား၁၆ ဦးရှိရာ၎ဦးမှာကျန်းမာရေးအရအရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်နေပြီး၊လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုတွင် ဦးဆောင်ခဲ့သူ ရန်ကုန်အခြေစိုက် MDC ခေါ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ဝင် ကိုထင်ကျော်ကို လိပ်ခေါင်းရောဂါ ခံစားနေရသည်ဟု ကိုစိုင်းမင်းသိန်းက ဆိုသည်။
ခန္တီးထောင်တွင်ဦးပါကာလ(ခ)ဇော်မျိုးနိုင်၊ကိုသန့်ဇော်မြင့်၊ကိုမျိုးမြင့်ဝေ၊ကိုဝင်းမြင့်မောင်ခေါ်ပဲပြုတ်၊ ဦးမောင်မောင်စိန်၊ကိုနေဝင်းစိုး၊ကိုထင်ကျော်၊ကိုတင်ထူးအောင်၊ကိုထင်အောင်၊ကိုကျော်မိုးဦး၊ ကိုခင်မောင်ချိုခေါ်ကိုဖိုးတုတ်၊ဦးငြိမ်းမောင်၊ဦးညီပု(မုံရွာ)၊သားဖြစ်သူကိုကျော်ကြီး၊လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် မထားထားသက် စသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေသေးသည်။
မစုစုနွေးသည်မကြာခဏဆိုသလိုနှလုံးရောဂါဝေဒနာခံစားနေရသဖြင့်မိသားစုနှင့်နီးစပ်သည့် အကျဉ်းထောင်သို့ပြောင်းရွှေ့စေလိုကြောင်း ကိုစိုင်းမင်းသိန်းက ပြောသည်။
ခန္တီးထောင်သည်မြို့နှင့်၃မိုင်ခန့်အကွာတွင်ရှိပြီးမိုးရာသီတွင်ကုန်းလမ်းခရီးနှင့်သွားလာရ ခက်ခဲသောကြောင့်ရေလမ်းကြောင်းမှစက်လှေဖြင့် သွားလာရကာ အရေးပေါ် ဆေးကုသမှု လိုအပ်လာပါက အချိန်မီ မကုသနိုင်သဖြင့် သေဆုံးသွားသည့် သာမန်အကျဉ်းသားများလည်း ရှိသည်ဟု ဆိုသည်။





တရုတ်အချောင်သမားဝါဒနှင့်နားလည်ရခက်တဲ့မြန်မာပြည်

ဂျိုးဇက်ဘောလ် တနင်္လာနေ့၊ မေလ ၃၀ရက်၂၀၁၁ခုနှစ်၁၄နာရီ၅၀မိနစ် .
မြန်မာပြည်နှင့်စပ်လျဉ်း၍တရုတ်နိုင်ငံ၏အပြုအမူသည်နှစ်ပေါင်းများစွာပင်အငြင်းပွါးဖွယ်ဖြစ်နေခဲ့သည်။
မြန်မာအစိုးရနှင့်ပြုလုပ်သောတရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးမှန်သမျှကိုမြန်မာအစိုးရ၏ အတိုက်အခံတို့ကအမြဲလိုပင်မြန်မာနိုင်ငံ၏အာဏာရအဝန်းအဝိုင်းကိုသာကြွယ်ဝချမ်းသာစေသည်၊ လူ့အခွင့်ရေးချိုးဖောက်မှုများကိုသာဖြစ်ပေါ်စေသည်၊တိုင်းပြည်အဝှမ်းအခြေအနေများကို ပို၍သာဆိုးလာစေသည်ဟုပြစ်တင်ဝေဖန်ခဲ့သည်။ယခုမြန်မာသမ္မတဦးသိန်းစိန်တရုတ်ပြည်ခရီးစဉ် အပြီးတွင်လည်းမြန်မာဘလော့များနှင့်သတင်းများကိုကြည့်လိုက်ပါကလူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်နေသာအစိုးရများကိုထောက်ခံအားပေးနေသည်၊ပီကင်းသည်မြန်မာနိုင်ငံကို၂၁ရာစု ကိုလိုနီသဖွယ်ဆက်ဆံနေသည်ဟုပြစ်တင်ဝေဖန်ထားကြသည်ကိုသာတွေ့ရသည်။
မည်သို့ပင်ဖြစ်စေတရုတ်၏မူဝါဒသည်သဘောတူသည်ဖြစ်စေ၊မတူသည်ဖြစ်စေတသမတ်တည်းသာ ရှိသည်ကိုတွေ့ရမည်ဖြစ်သည်။မြန်မာနှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့များ၏ဆွေးနွေးပွဲတွင်ပါဝင်သည့် အစည်းအဝေးအစီအစဉ်တရပ်မှာတရုတ်ရေတပ်သင်္ဘောများမြန်မာဆိပ်ကမ်းများတွင် အထူးအခွင့်အရေးတရပ်ရရှိရေးပင်ဖြစ်သည်။ပီကင်းသည်ယခုလည်းအိန္ဒိယသမုဒ္ဒရာဒေသတဝှမ်း အထူးသဖြင့်ပါကစ္စတန်နှင့်သီရိလင်္ကာတို့တွင်အလားတူဆိပ်ကမ်းအခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးရေးကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။ထို့ပြင် လစ်ဗျားဆူပူအုံကြွမှုများအတွင်းတရုတ်ရေတပ်ဖွဲ့လှုပ်ရှားလာမှုကလည်းအနောက်နိုင်ငံများအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။တရုတ်သည်သူတို့နိုင်ငံ၏အကျိုးစီးပွါးများကိုကာကွယ်ရာ တိုင်းပြည်တွင်းမှကယ်ထုတ်ရာတွင်၎င်းမြောက်အာဖရိကနိုင်ငံသို့မိမိရေတပ်ဖွဲ့ကိုတခါမျှမကြုံဖူးသည့် အနေအထားဖြင့် စေလွှတ်ခဲ့သည်။
အိန္ဒိယသမုဒ္ဒရာဒေသတဝှမ်းတွင်ရေနက်ဆိပ်ကမ်းအဆောက်အအုံများအထူးတလည်လိုက်လံ တည်ဆောက်နေခြင်းမှာတရုတ်၏စွမ်းအင်အရင်းအမြစ်များလိုအပ်နေခြင်းနှင့်ဆက်စပ်နေသည်။ ဒါ့ကြောင့်ပင်ပီကင်းသည်စွမ်းအင်အရင်းအမြစ်ကြွယ်ဝသော်လည်းဖွံ့ဖြိုးမှုနည်းပါးသောသို့မဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံများကိုအမြဲတစေပစ်မှတ်ထားဆက်ဆံရေးထူထောင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။တရုတ်၏ ဆက်ဆံပုံသဘောထားကိုလည်းအဆိုပါနိုင်ငံများကအမြဲတစေကြိုဆိုခဲ့ကြသည်။
မြန်မာနိုင်ငံသည်လက်တွေ့အရတရုတ်၏ကိုလိုနီတခုဖြစ်သွားလိမ့်မည်ဟုလိုသည်ထက်ပို၍ခြောက်လှန့် ပြောဆိုနေသည့်အချိန်တွင်ပီကင်းအဘို့ကွဲပြဲနေသောမြန်မာနိုင်ငံတွင်နှစ်နိုင်ငံအကျိုးတူစာချုပ်များ အစီအစဉ်များပြုလုပ်ရာတွင်သူတို့လိုချင်သည့်စည်းကမ်းချက်များလိုလားချက်များကိုတဘက်သတ် သသာစီးလိုသလိုရယူနိုင်စွမ်းရှိနေစေပါသည်။ သူတို့နှင့်လုပ်သော ကုန်သွယ်ရေးလုပ်ငန်းများနှင့် သူတို့ပေးအပ်သော အကူအညီ အထောက်အပံ့များကို စိုးရိမ်ဖွယ် လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဆက်စပ် မထားသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် တရုတ်နိုင်ငံ အတွက်လည်း စီးပွါးရေးနှင့် စွမ်းအင် အကျိုးစီးပွါးများကို အခြေခိုင်အောင် လုပ်နိုင်လေသည်။ တဘက် ကုန်သွယ်ဖက်နိုင်ငံ အစိုးရအဖို့လည်း အင်မတန် လိုအပ်နေသော ဘဏ္ဍာရေးနှင့် နိုင်ငံရေးသြဇာကို ရရှိပြီးဖြစ်စေကာ နိုင်ငံတွင်း အာဏာခိုင်မြဲအောင်လည်း တည်ဆောက်ပြီး ဖြစ်စေသည်။


သို့သော်အိန္ဒိယသမုဒ္ဒရာဝန်းကျင်တလျှောက်မငြိမ်မသက် ဖြစ်နေသောနိုင်ငံများအတွင်းမြန်မာနိုင်ငံထက် ပို၍ ပီကင်း၏တက်ကြွပြင်းထန်သောနိုင်ငံခြားရေးမူဝါဒကြောင့်အန္တရာယ်ရှိသောနိုင်ငံကိုရှာဖွေရန်မှာမူ မလွယ်ကူပါ။လွန်ခဲ့သောနှစ်နိုဝင်ဘာလကရွေးကောက်ပွဲများကျင်းပခဲ့ပြီးယခုနှစ်အစောပိုင်းက ပါလီမန်သစ်ကို ခေါ်ယူကျင်းပခဲ့ကာပေါ်ထွက်လာသည့်အစိုးရသစ်ကို ပထမဆုံး လက်ခံကြိုဆိုသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင် ဖြစ်သည်။
အဆင့်မြင့်နိုင်ငံရေးကိုယ်စားလှယ်အဖွဲ့ကိုတရုတ်နိုင်ငံကမြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ
မြန်မာနိုင်ငံ၏ဆိပ်ကမ်းများ၊သဘာဝသံယံဇာတများသည်တရုတ်နိုင်ငံအဘို့မျက်စိကျစရာချည်း ဖြစ်နေသည်။
မြန်မာ့နိုင်ငံရေးလောကအတွင်းနက်နက်ရှိုင်းရှိုင်းကွဲပြားနေမှုကပီကင်းအဘို့သူလိုချင်သော သဘောတူညီချက်များ ရယူရာတွင် တဘက်သတ် အသာစီး ရနေစေသည်။
အသစ်ဖွဲ့စည်းလိုက်သောသမ္မတဦးသိန်းစိန်၏အစိုးရသစ်အဘို့တရုတ်နိုင်ငံ၏အရေးပါထင်ရှားသော အခန်းကဏ္ဍကို အသိအမှတ် ပြုလိုက်ပုံရသည်။ ဦးသိန်းစိန်သည် တရုတ် နိုင်ငံသို့ ကြာသပတေးနေ့က
ရောက်ရှိလာခဲ့သည်။အိမ်နီးချင်းနိုင်ငံကြီးထံပထမဆုံးနှစ်နိုင်ငံအကျိုးတူတရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏အရွယ်အစားနှင့်အထူးသဖြင့်ဒေသတွင်းသြဇာ အရှိန်အဝါကြောင့် နိုင်ငံတွင်း နိုင်ငံရေးစနစ်များနှင့် ခေါင်းဆောင်မှုတို့ မည်မျှပင် ပြောင်းလဲသည်ဖြစ်စေ
မြန်မာ့နိုင်ငံခြားရေးမူဝါဒချမှတ်ရာတွင်အမြဲတမ်းအရေးပါသောအခန်းကဏ္ဍကပါဝင်နေခဲ့သည်။ နေပြည်တော်နှင့်ပီကင်းဆက်ဆံရေးမှာအမြဲချောမွေ့နေသည်ချည်းလည်းမဟုတ်ပါ။လက်ရှိနေပြည်တော် ခေါင်းဆောင်များသည်လွန်ခဲ့သောရာစုနှစ်များတလျှောက်ယခင်မြန်မာအစိုးရများနှင့်ပဒေသရာဇ် အစိုးရများကဲ့သို့ တရုတ် အကျိုးစီးပွါးအပေါ် အမြဲပျပ်ဝပ် ခစားနေရသည်ဟု အထင်ခံလိုစိတ် မရှိတော့ပါ။
ဤသို့ဆိုလျှင်အဘယ်ကြောင့်တရုတ်နှင့်ဆက်ဆံရာတွင်ညီငယ်လေးသဖွယ်အောက်ကျို့ ဆက်ဆံနေပါသလဲဟုမေးခွန်းထုတ်စရာဖြစ်နေသည်။ရိုးရိုးလေးပြောရလျှင်မလုပ်လျှင်မဖြစ်လို့ဟုဘဲ ပြောရပါမည်။၂ဝ၁၂ခုနှစ်တနှစ်ထဲအတွက်တရုတ်နိုင်ငံသည်အမေရိကန်ဒေါ်လာ၁၂ဘီလျံတန်ဘိုးရှိ နိုင်ငံတွင်းတိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာချုပ်များကိုလက်မှတ်ရေးထိုးခဲ့သည်။ထိုပမာဏသည် တနှစ်လျှင်အမေရိကန်ဒေါ်လာ၁.၃ဘီလျံသာဝင်ငွေရှိသည့်အစိုးရတရပ်အဘို့အလွန်များပြားသော ပမာဏဖြစ်သည်။နိုင်ငံရေးဗဟိုချက်မ၌လက်ရှိအလုံးစုံကွဲလွဲနေမှုသည်မြန်မာခေါင်းဆောင်များ အပေါ်သို့သာကျရောက်လာသည်။နိင်ငံရေးအရကြာမြင့်စွာကွဲလွဲနေမှုကြောင့်ပီကင်းအဘို့နေပြည်တော်နှင့် ဆက်ဆံရာတွင်နိုင်ငံ၏ထင်ရှားသိသာသောအင်အားကြီးမားမှုကိုပြကာမိမိ၏ကျယ်ပြန့်သောနိုင်ငံရေးမူဝါဒ ရည်မှန်းချက်များ ရယူရာတွင် မရအရ ရယူနိုင် စွမ်းကိုရရှိစေခဲ့သည်။
တိုင်းပြည်ရှိစစ်ခေါင်းဆောင်များ၏ကြီးကြီးမားမားလွှမ်းမိုးချုပ်ကိုင်မှုကိုခံထားရသောမြန်မာအစိုးရသည် ပြည်တွင်းလုံခြုံရေးကိုနိုင်ငံတကာလုံခြုံရေးထက်ပို၍အလေးထားစဉ်းစားမှုကိုဆက်လက်ပြုလုပ်ဆဲပင် ဖြစ်သည်။လွန်ခဲ့သောဆယ်စုနှစ်၂ခုအတွင်းအိမ်နီးချင်းနိုင်ငံများနှင့်စစ်ရေးစွမ်းရည်ကွာဟမှုကို ကျဉ်းမြောင်းစေရန်သာမြန်မာစစ်တပ်သို့မဟုတ်မြန်မာ့တပ်မတော်ကပြုလုပ်ခဲ့ခြင်းကြောင့် အခြားအချက်များဖြစ်သောနိုင်ငံတကာလုံခြုံရေးကိစ္စများမှာလျော့နည်းမှေးမှိန်ခဲ့ရသည်။အမျိုးသား လုံခြုံရေးဆိုသည်မှာစစ်တပ်ဖြန့်ချက်ချထားမှု၏တခုတည်းသောလုပ်ငန်းတာဝန်တရပ်မဟုတ်ပါ။ အမျိုးသားလုံခြုံရေးနှင့်အတူအခြားအရေးပါသောအချက်များဖြစ်သည့်လူမှုရေး၊စီးပွါးရေးနှင့် လူသားလုံခြုံရေးကိစ္စများကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ရမည်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေတရုတ်မြန်မာဆက်ဆံရေးတွင်မညီမမျှဖြစ်နေသည့်အချက်ကမြန်မာစစ်တပ်နှင့် လက်ရှိအရပ်သားများကိုဗန်းပြထားသောအစိုးရအကြားဆုံးဖြတ်ချက်ချမှတ်ရေးဖြစ်စဉ်များကို လွှမ်းမိုးသက်ရောက်စေသည်သာမဟုတ်ပါ။မြန်မာ့အတိုက်အခံများ၏တကိုယ်တော်အထီးကျန် မူဝါဒများကလည်းနိုင်ငံအများအပြား၏နိုင်ငံခြားရေးမူဝါဒများချမှတ်ရာတွင်ရောင်ပြန်ဟပ် ဖော်ပြနေသည်ကိုလည်းထည့်သွင်းစဉ်းစားရမည်သာဖြစ်ပါသည်။ပြည်တွင်းနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ၏လက်ဦးမှုရှိရှိထိတွေ့ဆက်ဆံရေးမူဝါဒများကိုအတိုက်အခံများ၏အကျီုးစီးပွါးကို ထိခိုက်စေသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ယင်းတို့ကို မြှင့်တင်လုပ်ဆောင်ဘို့ လိုပါသည်။ ယင်းသို့ လုပ်ဆောင်ရာတွင်သာမန်တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ဘို့တင်မဟုတ်၊သဘောတရားရေးအရ ကွဲပြားနေမှုများ ရင်ကြားစေ့ရေး အတွက်ကိုလည်း ရှေ့တန်းတင်၍ကြိုးပမ်းဘို့ ရည်မှန်းချက် ထားရှိရပါမည်။ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်၏အသစ်ချမှတ်လိုက်သောသဘောထား ရပ်တည်ချက်ကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကထောက်ခံလိုက်ခြင်းမှာ အားရှိစရာ ဖြစ်ပါသည်။
သို့သော်နိုဘယ်ဆုရှင်အနေဖြင့်မြန်မာနိုင်ငံ၏အာဏာရများထံဝင်ထွက်ပြောဆိုပေးနိုင်သူများကိုအလားတူ စိတ်ဓါတ်အရပို၍ပင်ပျော့ပျော့ပျောင်းပျောင်း၏ပြောဘို့လိုပါသေးသည်။သို့သော်ထိုသို့ ပျော့ပျော့ပျောင်းပျောင်းပြောသည်ဆိုခြင်းမှာ အတိုက်အခံများ၏ ရေရှည် ရည်မှန်းချက်များအတွက် ပို၍ပင် အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။
မြန်မာနိုင်ငံသည် လက်တွေ့အရ တရုတ်၏ ကိုလိုနီတခု ဖြစ်သွားလိမ့်မည်ဟု လိုသည်ထက်ပို၍ ခြောက်လှန့်
ပြောဆိုနေသည့်အချိန်တွင်ပီကင်းအဘို့ကွဲပြဲနေသောမြန်မာနိုင်ငံတွင်နှစ်နိုင်ငံအကျိုးတူစာချုပ်များ အစီအစဉ်များပြုလုပ်ရာတွင်သူတို့လိုချင်သည့်စည်းကမ်းချက်များလိုလားချက်များကိုတဘက်သတ် အသာစီးလိုသလို ရယူနိုင်စွမ်း ရှိနေစေပါသည်။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးအရပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်နိုင်ဘို့ လိုသေးသော မြန်မာနိုင်ငံအဘို့ တရုတ်နှင့် ဆက်ဆံရာတွင် ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးရေး ရည်မှန်းချက်များအပြင် မြန်မာနိုင်ငံသားများ၏ အခွင့်အရေး ကာကွယ် မြှင့်တင်ပေးရေး ကိုလည်း ထည့်သွင်း စဉ်းစားလုပ်ဆောင်နိုင်စွမ်း ရှိစေရပါမည်။
တိုတိုပြောရလျှင်မြန်မာနိုင်ငံအဘို့ကိုယ့်ပြည်တွင်းအခြေအနေကိုနိုင်နင်းအောင်အရင်လုပ်ရပါဦးမည်။ ထိုအချိန် မရောက်မချင်း တရုတ်နိုင်ငံအနေနှင့် မိမိနိုင်ငံမိမိနိုင်ငံသားအကျိုးစီးပွါးများကိုသာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တဘက်သတ် အမြတ်ထုတ်ခွင့် ရရှိနေစေဦးမည် ဖြစ်သည်။
ထိုအကျိုးစီးပွါးဆိုသည်များမှာလည်းမြန်မာနိုင်ငံသားများ၏အကျိုးစီးပွါးအတွက်မဟုတ်သည်မှာ သေချာလှပါသည်။ထိုအချက်သည်မြန်မာခေါင်းဆောင်များအဘို့ဖန်တီးမှုရှိစွာရှေ့တန်းတင် စုပေါင်းအဖြေရှာရမည့်ကိစ္စ ဖြစ်ပါသည်။









zaterdag 28 mei 2011

အစိုးရကျောင်းတချို့လာဘ်ယူနေဆဲ

ယုယမိုး Saturday, 28 May2011 20:19
.ကျောင်းအပ်ရာသီကာလအစိုးရကျောင်းများတွင်သတ်မှတ်နှုန်းထားထက်ပို၍အလှူငွေကောက်ခံခြင်းများ မပြုလုပ်ရန်ညွှန်ကြားထားသော်လည်းအခြေခံပညာကျောင်းအချို့တွင်လာဘ်ယူမှုများရှိနေဆဲဖြစ်သည် ဟုသိရသည်။
မကြာသေးမီကရန်ကုန်တိုင်းဒေသကြီအတွင်းရှိအထင်ကရကျောင်းများဖြစ်သောအထက(၂)မင်္ဂလာဒုံ၊ အထက(၁)ဒဂုံ၊အထက(၂)ကမာရွတ်၊အထက(၂)လသာ၊အထက(၂)ဗဟန်း၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း(TTC)အစရှိသည့်ကျောင်း၁၉ကျောင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဉာဏ်ထွန်းဦးက ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့သည်။
ခေါ်ယူသတိပေးခြင်းခံခဲ့ရသည့်ကျောင်းများကရန်ပုံငွေ၊အလှူငွေကြေးများကောက်ခံခြင်းမရှိသော်လည်း အဆိုပါနာမည်ရကျောင်းများသို့ဝင်ခွင့်ရရှိစေရန်လာဘ်ပေးနေရမှုများရှိနေသည်ဟုပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)မှ ကျေင်းသားမိဘ တစ်ဦးဖြစ်သူ မမျိုးမျိုးက ဧရာဝတီကိုပြောသည်။
“ကျောင်းဝင်ခွင့်ရဖို့ကသက်ဆိုင်ရာပညာရေးဌာနကပါမောက္ခတွေ၊စစ်တပ်ကရာထူးကြီးအရာရှိတွေရဲ့ လက်မှတ်တွေပါမှဖြစ်တာပါ၊သူတို့လက်မှတ်တွေရဖို့အတွက်ကြားထဲကပွဲစားတွေကို လိုင်းကြေးသဘောမျိုးပေးရပါတယ်ဒီနှစ်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း(TTC)ကျောင်းဝင်ခွင့် ရဖို့ကျောင်းသားသစ်ဝင်ကြေးကကျပ်၁၀သိန်းကနေ၁၅ သိန်းကြားရှိပါတယ်”ဟု သူကဆိုသည်။
ရန်ကုန်မြို့၏နာမည်ရကျောင်းများဖြစ်သည့်ဒဂုံ(၁)နှင့်အထက(၂)ကမာရွတ်(စိန်အော်ဂတ်စတင်း) ကျောင်းများ၏ကျောင်းသားသစ်ဝင်ကြေးမှာလည်းကျပ်နှစ်သိန်းမှသုံးသိန်းကြားရှိသည်ဟု ကမာရွတ်မြို့နယ်မှအဋ္ဌမတန်းတတ်ရောက်မည့်ကျောင်းသားမိခင်တစ်ဦးကပြောပြခဲ့သည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့များကို မေလ၂၅ရက်မှ ၃၁ရက်အတွင်း တစ်နိုင်လုံးရှိ အခြေခံပညာကျောင်း တွင်ပြုလုပ်ရမည်ဟု ပညာရေး ၀န်ကြီးဌာနက ညွှန်ကြားထားသည်။
ရန်ကုန်မြို့၏အထင်ကရကျောင်းများတွင်သာမကအခြားမြို့နယ်ရှိကျောင်းများတွင်လည်းဝင်ခွင့်ရရှိစေရန် ကျောင်းအုပ်ကြီးများအားလာဘ်ပေးရမှုများရှိနေပြီးကျောင်းအပ်ရာသီမရောက်ခင်ကပင် ကျောင်းအပ်လက်ခံကာအမြတ်ထုတ်လျက်ရှိသည်ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှကျောင်းသားမိဘတစ်ဦး ကဆိုသည်။
“အထက၃ဒဂုံမြို့သစ်မြောက်ပိုင်းကကျောင်းအုပ်ကြီးတစ်ဦးဆိုရင်ကျောင်းအပ်ရာသီဖြစ်တဲ့မေလ၂၅ ရက်နေ့မတိုင်ခင်ကတည်းကကျောင်းအပ်လက်ခံတာတွေလုပ်နေပါတယ်သူနဲ့ခင်မင်ရင်းနှီးတဲ့သူတွေ အဆက်အသွယ်နဲ့လာတဲ့သူတွေဆိုရင်အလှူငွေအဖြစ်သုံးသောင်းကျပ်ကောက်ခံပြီး အဆက်အသွယ်ကောင်းမရှိတဲ့ကျောင်းသားကျောင်းသူတွေဆိုငါးသောင်းပေးရပါတယ်အချို့ ပိုက်ဆံတတ်နိုင်သူတွေကိုဆိုတစ်သိန်းနဲ့အထက်ကောက်ခံပြီးအကျိုးအမြတ်ထုတ်နေပါတယ်” ဟုပြောပြသည်။
အဆိုပါကျောင်းအုပ်ကြီးသည်မိဘများကိုသာမကကျောင်းရှိဆရာ၊ဆရာမများအပေါ်တွင်လည်း လာဘ်စားမှုများရှိနေသည်ဟုသူကဆိုသည်။
“အတန်းကောင်းကောင်းလိုချင်ရင်ဆရာမတွေဆီကနေကျပ်တစ်သိန်းကနေတစ်သိန်းခွဲအထိတောင်းပါတယ်၊ မပေးနိုင်တဲ့ဆရာ၊ဆရာမတွေကိုအတန်းပိုင်ရာထူးမပေးပါဘူး၊သူ့ကိုလာဘ်ပေးပြီးတော့မျက်နှာရအောင် လုပ်တဲ့သူတွေကိုပဲအတန်းပိုင်တို့၊အတန်းမှူးရာထူးတို့ပေးပါတယ်” ဟု၎င်းကပြောသည်။
အဆိုပါကျောင်းသည် ဒဂုံမြို့သစ် မြောက်ပိုင်း ဘုရင့်နောင်လမ်းမကြီး(ကျောင်းလမ်း)တွင်တည်ရှိပြီး ၃၅ရပ်ကွက်နှင့် ၃၆ရပ်ကွက် အကြားတည်ရှိသည်။
မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဇံမြို့နယ်ရှိမြို့နယ်ပညာရေးမှူးတစ်ဦးသည်ယခုလ၂၄ရျက်နေ့က ကျောင်းအပ်နှံရေးနေ့ရန်ပုံငွေအဖြစ်ငွေကျပ်တစ်သောင်း၊နှစ်သောင်းစသည်ဖြင့်မိဘများထံမှ ခွဲတမ်းဖြင့် ကောက်ခံရန်ချမ်းအေးသာဇံမြို့နယ်ရှိကျောင်းအုပ်ကြီးများအားညွှန်ကြားထားသောကြောင့် ကျောင်းအပ်နှံရန်ပင် အဆင်မပြေသည့် မိဘများမှာ အခက်အခဲတွေ့နေရသည် ဟု မန္တလေးမြို့ အထက(၁၄)မှ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီကိုပြောသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများ အကြား ယင်းကဲ့သို့ လာဘ်ပေး လာဘ်ယူမှုများဖြစ်ပေါ်နေခြင်းသည်အစိုးရ၏ပညာရေးဌာနအတွက်ဘတ်ဂျက်ချထားပေးမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မှ ကျောင်းအုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။
အစိုးရသစ်လက်ထက်တွင်ဝန်ကြီးဌာနပေါင်း၃၁ခုရှိပြီးအခြားဝန်ကြီးဌာနများနှင့်စာလျှင်ပညာရေးဝန်ကြီးဌာနသည် လာဘ်စားမှုအနည်းဆုံး ဌာန တစ်ခုဖြစ်သည်ဟုလေ့လာသုံးသပ်သူများက ဆိုသည်။
အစိုးရ၏၀န်ကြီးဌာနများသို့ချထားပေးသောဘတ်ဂျတ်တန်ဖိုးများအရကာကွယ်ရေးဝန်ကြီးဌာနသည် ၂၁.၁၃ ရာခိုင်နှုန်း ဖြင့်အများဆုံး ရရှိကာပညာရေးဝန်ကြီးဌာနသည်၎.၉၇ ရာခိုင်နှုန်းခန့်သာ ရရှိသည်ကို ဧရာဝတီကရရှိထားသော၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ၁၁ရက်နေ့ကထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော် ပြန်တမ်းအရ သိရသည်။
ယခုပညာသင်နှစ်မှစတင်၍ကျောင်းနေအရွယ်ကလေးတိုင်းအခြေခံပညာသင်ယူနိုင်စေရန် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ငါးသန်းကျော်အတွက်ငွေကျပ်သန်း ၂၄၀၀တန်ဖိုးရှိ ကျောင်းသုံး စာအုပ်များ အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေး ပြောကြားချက်ကို မေလ ၂၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းပေါင်းလေးသောင်းရှစ်ရာ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူဦးရေ ရှစ်သန်းကျော် ရှိကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကရင်နယ်ခြားစောင့်တပ်အတွင်းပုန်ကန်မှုဖြစ်

စောရန်နိုင် Saturday, 28 May 2011 18:59
.ဒုဗိုလ်မှူးကြီးပိုဘီဦးဆောင်သည့်ကရင်ပြည်နယ်မြိုင်ကြီးငူအခြေစိုက်ကရင်နယ်ခြားစောင့်တပ်ရင်း၁၀၁၂ သည်မြိုင်ကြီးငူဒေသကိုထိန်းချုပ်၍ပုန်ကန်မှုပြုလုပ်နေကြောင်းသိရသည်။
၂၀၁၀သြဂုတ်လအတွင်းကကရင်ပြည်နယ်မြိုင်ကြီးငူဒေသ၌နယ်ခြားစောင့်တပ်စတင်ဖွဲ့စည်းစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ပိုဘီ၏တပ်သည်ဗိုလ်ချုပ်ကျော်သန်းအပါအ၀င်နယ်ခြားစောင့်အရာရှိ၇ဦးကိုပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင်မြိုင်ကြီးငူမှမယ်သဝေါအထိဒုဗိုလ်မှူးကြီးပိုဘီ၏တပ်များချထားကြောင်း၊ယင်းပိုဘီ၏တပ် အင်အားမှာ၅၀၀ခန့်ရှိကြောင်းတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းကပြောသည်။
မြိုင်ကြီးငူတွင်ရှိသည့်နယ်ခြားစောင့်တပ်ရင်း၁၀၁၁ကလည်းပိုဘီအဖွဲ့နှင့်ပူးပေါင်းလိုက်ပြီးတခြားသော ကရင်နယ်ခြားစောင့်တပ်များကမူပူးပေါင်းခြင်းမရှိသေးကြောင်း၊ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့်DKBAတပ်မဟာ၅မှအင်အား၁၀၀ခန့်သွားရောက်ပူးပေါင်းကြောင်းသိရသည်။
“ပိုဘီအဖွဲ့ကအစိုးရဖွဲ့ပေးထားတဲ့ကရင်နယ်ခြားစောင့်တပ်အကြံပေးအရာရှိ၇ဦးကိုမကြိုက်လို့တဲ့၊အဲဒီ၇ ယောက်ကိုဖမ်းမယ်တဲ့”ဟုကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ၇မှဗိုလ်မှူးချူပ်ဂျော်နီက ပြောသည်။
၎င်းအကြံပေးအရာရှိ၇ဦးတွင်ဗိုလ်ချုပ်ကျော်သန်း၊ဗိုလ်ချစ်သူ၊ဗိုလ်ဖားနွီးတို့ပါဝင်ကြောင်းသိရသည်။
ပိုဘီတပ်ဖွဲ့သည်ပြီးခဲ့သည့်မေလ၂၄ရက်နေ့ကဗိုလ်ချုပ်ကျော်သန်းကိုဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊၎င်းတို့အဖွဲ့ကနယ်ခြားစောင့်တပ်အဖြစ်ဆက်လက်မလုပ်လိုကြောင်းနီးစပ်သူများက ဆိုသည်။
DKBAနှင့်နီးစပ်သူတဦးဖြစ်သည့်စောထီးမူးကလည်း“သူတို့လူကြီးကိုမကျေနပ်လို့တဲ့၊သူတို့ကို ခိုင်းစားတယ်လို့ခံစားရတာကြောင့်တဲ့၊အခုကြားတာကနယ်ခြားစောင့်ဖြစ်လာတဲ့DKBAကိုအစိုးရက သိပ်မယုံတော့ဘူး၊သူတို့လက်နက်ကိုသိမ်းမယ်လို့ကြားတယ်၊သူတို့ကလည်းအဲဒါကိုအဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင်KNUကိုအကူအညီတောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။
“နယ်ခြားစောင့်တပ်ကိုဆက်မလုပ်နိုင်တော့လို့သူတို့ခေါင်းဆောင်ကိုပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှဒုဗိုလ်မှူးကြီးစောဖောဒိုကလည်းပြောဆိုသည်။
မြိုင်ကြီးငူတွင်ပြီးခဲ့သည့်အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အစိုးရဘက်အရာရှိတချို့ကရင်နယ်ခြားစောင့်တပ်အရာရှိများနှင့်လာရောက်တွေ့ဆုံနေပြီးအစိုးရက အနုနည်းနှင့်မဖြေရှင်းနိုင်ပါကကြီးမားသည့်တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းလေ့လာသုံးသပ်သူများက ပြောဆိုသည်။
ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။
DKBAသည်နအဖစစ်အစိုးရကမ်းလှမ်းသည့်နယ်ခြားစောင့်တပ်အဖြစ်ယမန်နှစ်သြဂုတ်လ၁၈ရက်နေ့မှ စတင်အသွင်ပြောင်းခဲ့ပြီးလက်ရှိတွင်တပ်ရင်း၁၀ရင်းရှိရာအင်အား၂၀၀၀၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ၂၀၀ကျော် ရှိကြောင်း DKBAနှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။
ဗိုလ်မှူးကြီးစောလားပွယ်ဦးဆောင်သည့်DKBAတပ်ဖွဲ့သည်နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံဘဲ ရွေးကောက်ပွဲကျင်းပနေသည့်၂၀၁၀နိုဝင်ဘာ၇ရက်နှင့်၈ရက်နေ့များမှစတင်၍ကရင်ပြည်နယ်အတွင်းရှိ နအဖတပ်များကိုတိုက်ပွဲများဆင်နွှဲနေခဲ့သည်။
၁၉၉၄ခုနှစ်တွင်DKBAသည်KNUမှခွဲထွက်၍ယခင်စစ်အစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ဇေယျာသော်၏ သူရဲကောင်း

ဖနိဒါ စနေနေ့၊မေလ၂၈ရက်၂၀၁၁ခုနှစ်၁၉နာရီ၅၅မိနစ်.
ဟစ်ပ်ဟော့ပ်အဆိုတော်တူပက်ရှာကူးTupacShakurသည်၁၉၉၆ခုနှစ်၌အမေရိကန်တွင် လူဆိုးဂိုဏ်းအချင်းချင်းပစ်ခတ်ရာမှသေနတ်ထိမှန်သေဆုံးခဲ့သည်။ယင်းသည် မျှော်လင့်ချက်ကင်းမဲ့နေသည့် လူမည်းလမ်းသူရဲဂိုဏ်းများ၏တကယ့်သရုပ်မှန်နှင့်သူလိုငွေကြယ်ပွင့်တို့အကြားပဋိပက္ခတနည်းအားဖြင့် အာဖရိကန်နွယ်ဖွားအမေရိကန်လူမျိုးအဆိုတော်ကျင်လည်ရာငရဲဘုံ၏အစိတ်အပိုင်းတရပ်လည်း ဖြစ်သည်။
ရှာကူးသေဆုံးစဉ်ကဇေယျာသော်မှာ၁၅နှစ်သားသာရှိသေးသည်။သို့သော်ထိုအမေရိကန်ရက်ပါနှင့်သူ၏ ဟစ်ပ်ဟော့ပ်ဂီတအမျိုးအစားသည်ကမ္ဘာ့တဖက်ခြမ်းရန်ကုန်မြို့ရှိလမ်းမများပေါ်တွင် ကျင်လည်ကျက်စားနေသောမြန်မာလူငယ်လေးအပေါ်လည်းကြီးမားစွာသြဇာသက်ရောက်ခဲ့သည်။
ယခုတော့သူတို့တွင်လည်းရက်ပ်ဂီတကြွပ်ဆတ်ဆတ်စာသားထောင်စသည်တို့ လူမည့်ရက်အဆိုတော်လိုပင် တပေါင်းတစည်းတည်း တည်ရှိနေပြီဖြစ်သည်။
လူငယ်နိုင်ငံရေးအဖွဲ့အစည်းတခုတွင်ပါဝင်မှု၊နိုင်ငံခြားငွေကြေးကိုင်ဆောင်မှုတို့ဖြင့်ထောင်ဒဏ်၆နှစ် ချမှတ်ခံခဲ့ရပြီး၊၂နှစ်ခွဲခန့်ထောင်ထဲနေခဲ့ရပြီးနောက်မေလ၁၇ရက်နေ့တွင်သူလွတ်လာခဲ့ကာလွတ်လပ်မှုကို ပျော်ရွှင်မြူးတူးစွာခံစားနေခဲ့သည်။သူ့သူရဲကောင်းရှာကူးကလိင်မှုကိစ္စဖြင့်ထောင်ကျခဲ့သော်လည်းသူကမူ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကမြင့်မြတ်သည့်အရေးတော်ပုံဟုယုံကြည်ကြသည့်စစ်အစိုးရ၏ အုပ်စိုးပိုင်ခွင့်ကိုစိန်ခေါ်မှုဖြင့်ထောင်ဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။
ဇေယျာသော်သည်ထောင်မှလွတ်လာပြီးနောက်သူ့မိသားစုနှင့်ပြန်လည်ဆုံဆည်းခဲ့သည်။သူသည် မြန်မာအစိုးရ၏`လွတ်ငြိမ်းချမ်းသာခွင့်´ဟုခေါ်ဆိုသောအမိန့်ဖြင့်လွတ်မြောက်လာခြင်းဖြစ်သည်။ အမှန်စင်စစ်မှုအဆိုပါအကျဉ်းသား၁၄၆၀၀သည်သူတို့ပြစ်ဒဏ်များမှတနှစ်သာလျှော့ပေါ့သက်သာခွင့် ရခဲ့ကြသည်။
လွန်ခဲ့သောဆယ်စုနှစ်တခုကျော်သူရက်ပ်သီချင်းများစဆိုစဉ်၊လူငယ်များ၏မကျေမနပ်သံစဉ်များကို ဖွဲ့ဆိုသီကျူးနေစဉ်ဤအသက်၃၀အရွယ်ရှိအဆိုတော်သည်တနေ့တွင်သူလည်းနိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ယုံကြည်ချက်ကြောင့်အကျဥ်းချခံရသူများဆိုသည့်စာရင်းတွင်သူလည်းပါဝင်လာလိမ့်မည်ဟုသူမသိခဲ့ပေ။
အားလုံးသည်အပြစ်မဲ့စွာဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်သည်။`ကျနော့်အိပ်မက်တွေထဲကတခုကအဆိုတော် ဖြစ်ချင်တာပဲ´ဟုဇေယျာသော်ကမဇ္ဈိမကိုပြောသည်။`ကျနော်ငယ်ငယ်တုန်းကအဖေကကျနော့်ကို စန္ဒရားသင်ခိုင်းတယ်။ကျနော်လည်းသူငယ်ချင်းတွေနဲ့အတူစိတ်မပါ့တပါနဲ့တီးနေရတာပဲ။နောက်တော့ တဖြည်းဖြည်းနဲ့မတီးဖြစ်တော့ဘူး´ဟုသူကပြောသည်။သို့သော်ကဗျာနှင့်အနုပညာလိုပင်ဂီတကို သူစွဲသွားခဲ့ပြီဖြစ်သည်။
ဆယ်ကျော်သက်အရွယ်ကတည်းကဟစ်ပ်ဟော့ပ်ဂီတ၏`ဖမ်းစား´ခြင်းကိုခံခဲ့ရသည်ဟုသူကပြောသည်။ သူရသမျှမုန့်ဖိုးလေးကိုသီချင်းအယ်လ်ဘမ်များ၊နိုင်ငံခြားဂီတ အယ်လ်ဘမ်များ ၀ယ်ယူရာတွင် သုံးစွဲခဲ့သည်။ `စာသားတွေကို နားမလည်ပေမယ့် ဒီ အယ်လ်ဘမ်တွေကို ကျနော်ကြိုက်တယ်´ဟု သူက ပြောသည်။
ထိုအထဲမှအယ်လ်ဘမ်တခုကိုသူသဘောကျသွားသည်။ထိုအယ်လ်ဘမ်တွင်သီချင်းကိုဆိုထားခြင်း မဟုတ်ဘဲရွတ်နေခြင်းသာဖြစ်သည်။`ဒီလိုဂီတအမျိုးအစားကိုကျနော်အရမ်းခိုက်သွားတယ်။ဒါနဲ့ သူငယ်ချင်းတွေကိုမေးကြည့်တော့ဒါရက်ပ်အမျိုးအစားလို့ပြောကြတယ်။ဒါနဲ့ပဲကျနော် ရက်ပ်အယ်လ်ဘမ်တွေထုတ်ဖြစ်သွားတာပဲ။တခြားရက်ပ်အယ်လ်ဘမ်တွေကိုလည်း နားထောင်ဖြစ်သေးတယ်။ကျနော်မှတ်မိသလောက်NiggazWithAttitudeနဲ့ Dr.Dreရဲ့ TheChronicတို့ကို နားထောင်ဖြစ်ပါတယ်။ဒီအယ်လ်ဘမ်တွေနားထောင်ပြီးကျနော်လည်းရက်ပ်ဂီတအကြောင်း နားလည်သွားပါတယ်´ဟုသူကပြောသည်။
ဇေယျာသော်ရှင်းပြသည့်အတိုင်းဆိုလျှင်သူ့ဟစ်ပ်ဟော့ပ်ဂီတသည်အာဖရိကနွယ်ဖွားအမေရိကန်လူမျိုး အသိုင်းအ၀ိုင်း၏၁၉၇၉ခုနှစ်ကာလကဂီတကိုအခြေခံပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။`နီဂရိုး´ဆိုသည့် စကားလုံးကစော်ကားသလိုဖြစ်နေသဖြင့်သူတို့ကသူတို့ကိုယ်သူတို့`နစ်ဂါ´ဟုခေါ်ကြသည်ဟုသူက ပြောသည်။သူတို့ကိုနှိမ်ချစော်ကားသလိုဖြစ်နေသည့်စကားလုံးကိုသူတို့အသိုင်းအ၀ိုင်းကိုရည်ညွှန်းသည့် စကားလုံးအဖြစ် ပြောင်းလဲခဲ့ကြသည်။
`ဟစ်ပ်ဟော့ပ်ဂီတဟာသူတို့အပေါ်လူမျိုးရေးအရခွဲခြားနှိမ်ချတာကိုဒေါသထွက်နေတဲ့လူမည်းလူငယ်တွေရဲ့ ဒေါသကအခြေခံပေါ်ထွက်လာတာပဲ။ဟစ်ပ်ဟော့ပ်ဂီတရဲ့အနှစ်သာရကအဖိနှိပ်ခံတွေရဲ့ခံစားချက်တွေကို ဖော်ထုတ်တာပဲ။စေတနာပါတဲ့သဘောထားကြောင့်ဟစ်ပ်ဟော့ပ်ဂီတရဲ့အရည်အသွေးဟာ တောက်ပြောင်လာတယ်လို့ကျနော်ထင်ပါတယ်´ဟုသူကပြောသည်။
ရက်ပ်၊ဟစ်ပ်ဟော့ပ်ဟုအပြန်အလှန်အမျိုးမျိုးခေါ်နေကြသောဂီတသည်မြန်မာနိုင်ငံတွင်အစောပိုင်းက ပေါ်ပင်ဂီတအဖြစ်သာပေါ်လာခဲ့ပြီး၊လူငယ်များနှစ်သက်စွဲလမ်းလာကြသောဂ်ီတအမျိုးအစားလည်း ဖြစ်သည်။ အထူး ရေပန်းစားလာခဲ့သည်မှာ ၁၉၉၂-၉၃ ခုနှစ်တွင် ဖြစ်သည်ဟု သူက ပြောသည်။
`အဲဒီနှစ်တွေမှာလူငယ်တွေကမနက်ပိုင်းမှာဟစ်ပ်ဟော့ပ်သီချင်းတွေဖွင့်ပြီးဘရိတ်ဒန့်စ်ကကြတယ်။ တချို့ကတော့ဟစ်ပ်ဟော့ပ်ဂီတကပျင်းစရာကောင်းတယ်ဆိုပြီးတခြားဂီတအမျိုးအစားတွေကို ပြောင်းလဲသွားကြတယ်။ဒါပေမဲ့ကျနော်တို့ကတော့ဟစ်ပ်ဟော့ပ်အမျိုးအစားဂီတကိုပဲစွဲစွဲမြဲမြဲ ဆက်လုပ်ခဲ့ကြတယ်။ဒါပေမဲ့အဲဒီအချိန်တုန်းကတော့ဟစ်ပ်ဟော့ပ်ဂီတရယ်လို့မသိဘူး။ရက်ပ်ဂီတလို့ပဲ သိနေတာ။ကျနော့်သူငယ်ချင်းတချို့ကတော့ဟဲဗီးရော့ခ်နဲ့ဟဲဗီးမက်တဲလ်အမျိုးအစားတွေဘက်ကို လိုင်းပြောင်းသွားကြတယ်။ကျနော်တို့ကတော့ရက်ပ်ဂီတကိုပဲစွဲစွဲမြဲမြဲဆက်လုပ်နေခဲ့ကြတယ်။ ရက်ပ်ဂီတတွေကို နားထောင်ရင်း ရက်ပ်သီချင်းတွေစပ်ဖို့ အာရရုံရလာခဲ့တယ်´ဟုသူကပြောသည်။
                                                                                      ဇေယျာသော်(ဓာတ်ပုံ-ဖေ့စ်ဘွတ်ခ်)
လူမည်းရက်ပါနှင့်ရုပ်ရှင်မင်းသားတူးပက်ရှာကူးကိုကြည့်ပြီးဇေယျာသော်ရက်ပ်ဂီတအတွက်ဈာန်ဝင်သွားခဲ့သည်။ရှာကူးကဓာတ်ပြားချပ်ေ ၇၅သန်းကျော်ရောင်းချခဲ့ရသူဖြစ်သည်။သူအမှတ်တရ တင်ထားသည့်ဝဘ်ဆိုဒ်တွင်သူ့ကိုကဗျာဆရာ၊တဲ့တိုးဘွင်းဘွင်းပြောတတ်သူ၊ဥပက္ခာပြုခံထားရသူ အမေရိကန်ဆင်းရဲသားများဘက်မှအရေးဆိုတိုက်ပွဲဝင်သူတဦးအဖြစ်ရေးသားဖော်ပြထားသည်။ ဇေယျာသော်မှာလည်းကဗျာဓာတ်ခံနှင့်ဆက်ဆံရေးပြေပြစ်ချောမွေ့သူဟူသည့်အရည်အချင်းရှိသည်။ သို့သော်ရှာကူးကဲ့သို့လူဆိုးဂိုဏ်းများနှင့်သေနတ်ချင်းယှဉ်ပစ်ခြင်း၊ပုလိပ်များနှင့်လိုက်တမ်းပြေးတမ်း ကစားခြင်း၊ညဥ့်နက်နက်ကားနှင့်ဝင်လာသေနတ်နှင့်ပစ်သွားခြင်းဆိုသည်များကိုသူမလုပ်ခဲ့ပေ။ ဤအချက်များကြောင့်ပင် အထင်ကရ အမေရိကန် ရက်ပါတဦး အသက်ဆုံးရှုံးခဲ့ရသည်။
ဇေယျာသော်သည်၂၀၀၀ခုနှစ်နှောင်ပိုင်းတွင်အနဂ္ဂ၊ဟိန်းဇော်၊ယန်ယန်ချမ်းတို့နှင့်ပေါင်းပြီးမြန်မာပြည်၏ ပထမဆုံးဟစ်ပ်ဟော့ပ်တေးဂီတအဖွဲ့ဖြစ်သည့်အက်ဆစ်ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ထိုနှစ်တွင်ပင် ပထမဆုံးအယ်လ်ဘမ်ဖြစ်သည့်စတင်ခြင်းကိုထုတ်ဝေခဲ့သည်။မြန်မာဂီတဝေဖန်သူများ၏အပြောအရ ပေါက်သွားသောအခွေလည်းဖြစ်သည်။အရောင်းရဆုံးသီချင်းခွေစာရင်းတွင်၂လကျော်ခန့်နံပါတ်၁နေရာ ချိတ်နိုင်ခဲ့သည်။
အက်ဆစ်အဖွဲ့လည်းတကယ်ပင်ပေါက်သွားခဲ့သည်။သူကရန်ကုန်ရှိအခြားရော့ခ်နှင့်ပေါ့ပ်အဖွဲ့များနှင့်မတူ တမူကွဲပြားနေသည်။အပေါ်ယံကြည့်လျှင်တော့လူမည်းရက်ပ်ဂီတသမားများလိုဘောင်းဘီပွ၊ တီရှပ်ပွပွကြီးတွေဝတ်၊ခေါင်းပေါ်တွင် ဘေ့စ်ဘောလ်ဦးထုပ်ဆောင်းထား၊ နေကာမျက်မှန် တပ်ထားသည်ကို တွေ့ရမည်။ အနောက်တိုင်း သတင်းစာများကမူ သူတို့ရက်ပ်ဂီတသည် စာသားအနေဖြင့် ဘာမှ မထူးခြား၊ သာမန်မျှသာ ဖြစ်ပါသည်ဟု ပြောဆိုဝေဖန်ကြသော်လည်း မြန်မာပြည်တွင်တော့ မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခတို့ကို မလွှဲမရှောင်သာ ရေးဖွဲ့စပ်ဆိုလာကြရသည်။
သည်တော့လည်းအဝေဖန်မခံနိုင်သည့်စစ်အစိုးရကြောင့် ဂီတသမားများလည်း အန္တရာယ်ရှိလာတော့သည်။ အက်ဆစ်အဖွဲ့က ပရိသတ်အများကြီးကို ဖမ်းစားနိုင်ခဲ့သည်။ သည်လိုနှင့် နောက်ထပ် ဟစ်ပ်ဟော့ပ်အဖွဲ့များ ဟစ်ပ်ဟော့ပ်ဂီတသမားများ ပေါ်ထွက်လာခဲ့ပြီး သူတို့ကို ဟစ်ပ်ဟော့ပ် ပထမမျိုးဆက်ဟု ခေါ်ကြသည်။
`ကျနော်ကအဆိုတော်။ဒီတော့ကျနော့်ပရိသတ်နဲ့ထိတွေ့နေရတာပဲ။သူတို့ခံစားနေရတာတွေ သူတို့နာနာကျင်ကျင်ခံစားနေရတာတွေကိုလည်းသိလာရတာပေါ့။ဒါနဲ့သူတို့အတွက်ကျနော်ဘာများ လုပ်ပေးနိုင်မလဲလို့စဉ်းစားကြည့်တယ်။ဒီလိုနဲ့နိုင်ငံရေးထဲမှာကျနော်တတ်နိုင်သလောက်ဝင်လုပ်ခဲ့တာပဲ´ဟု သူက ပြောသည်။
ထိုမြန်မာရက်ပါလေးသည် သူ့ပရိသတ်ထံ အရောက်သွားနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ `ကျနော်တို့လူငယ်တွေဟာတရားမျှတမှုအတွက်တောင်းဆိုတိုက်ပွဲဝင်တဲ့နေရာမှာ ဦးဆောင်ပါဝင်သင့်တယ်။ ကျနော်ကတော့တရားမျှတမှုမရှိတာကိုမျက်နှာလွှဲခဲပစ်လုပ်နိုင်လောက်အောင်အသည်းမမာဘူး။ဒါနဲ့ပဲ ကျနော်နိုင်ငံရေးထဲရောက်လာခဲ့တာပဘဲ။ကျနော်ကိုယ်တိုင်လည်းမြန်မာပြည်သားတယောက်ဖြစ်နေတော့ သူတို့ခံစားချက်တွေ၊ သူတို့နာကျင်မှုတွေကို အတော်ကြာကြာ စဉ်းစားခံစားနေမိတယ်။ ဒါပေမဲ့ နိုင်ငံရေးထဲ ပါဝင်လုပ်ကိုင်ဖို့ကျတော့ အတော်အချိန်ယူ စဉ်းစားရသေးတယ်။ ငါ တကယ်စွန့်လွှတ်နိုင်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးနေရသေးတယ်´။
လူရွှင်တော်ဇာဂနာလုပ်ကိုင်နေသည့်HIVပိုးရှိ မိဘမဲ့ကလေးများအတွက်လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ကုသိုလ်ဖြစ်အဖွဲ့အစည်းတခုအတွက်ဇေယျာသော်သည်ကဗျာဆရာစောဝေ၊အောင်ဝေးတို့နှင့်အတူတွဲကာ ရံပုံငွေရှာဖွေပေးခဲ့သည်။အခြားရက်ပ်ပါတဦးဖြစ်သည့်ငဲငဲနှင့်အတူအဆိုပါကလေးများကိုအင်္ဂလိပ်စာ သွားသင်ပေးခဲ့သည်။ လူရွှင်တော်ဇာဂနာသည် ယခုအခါ ထောင်ဒဏ်ကျခံနေရသည်။
ဆူညံစွာအော်ဟစ်အားပေးနေသည့်ပရိသတ်ကြီးကိုထိန်းထားရင်းဇေယျာသော်အဖို့ဓားသွားပေါ် လမ်းလျှောက်နေရသလိုဖြစ်နေသည်။သူ့သီချင်းစာသားများဆင်ဆာမှလွတ်ပါ့မလားဟုပူပန်နေရသည်။ သို့သော် သူလွတ်ခဲ့ပါသည်။
ထိုသို့သောအားဖြင့်စစ်အစိုးရကိုသံဃာတော်များဦးဆောင်ကာလမ်းမများပေါ်ထွက်ဆန္ဒပြခဲ့ကြသည့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကာလ ရောက်လာသည်။
သူသည်ဂီတပွဲများ၊သီချင်းများမှတဆင့်ပြည်သူလူထုနှင့်ဆက်စပ်မိခဲ့သည်ဟုလူငယ်ရက်ပါ ငွေကြယ်ပွင့်လေးကပြောသည်။သို့သော်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဆိုသည့် မြန်မာစစ်အစိုးရကလူထုဆန္ဒပြပွဲများ၊လူထု၏မျှော်လင့်တမ်းတချက်များကိုရက်စက်စွာ ချေမှုန်းလိုက်သောအခါ စင်တင်ဂီတပွဲများတွင် တေးသီချင်း သီဆိုနေရုံမျှဖြင့် မရတော့ပါ။
အခြားတက်ကြွလှုပ်ရှားသူ၃ဦးနှင့်အတူGenerationWave(GW)ဆိုသည့်အဖွဲ့ကိုဇေယျာသော်သည်၂၀၀၇ ခုနှစ်အောက်တိုဘာလအတွင်းဖွဲ့စည်းထူထောင်ခဲ့သည်။အပြောင်းအလဲအတွက်လှုံ့ဆော်စည်းရုံးသည့် လူငယ်လှုပ်ရှားမှုလေးတခုဖြစ်သည်။ကားများတွင်CNGစတစ်ကာများ ကပ်သည့်လှုပ်ရှားမှုကို စတင်စည်းရုံးလှုံ့ဆော်ခဲ့သည်။ ခပ်ထေ့ထေ့ ပြောဆိုစည်းရုံးသည့် လှုပ်ရှားမှုတခုဖြစ်သည်။ သာမန်အားဖြင့် CNGဆိုသည်မှာဖိသိပ်ထားသောသဘာဝဓာတ်ငွေ့ဟုအဓိပ္ပာယ်ရသော်လည်းသူတို့ဆိုလိုသည်မှာမူ အစိုးရသစ် အပြောင်းအလဲChangeNewGovernment ဟူ၍ ဖြစ်သည်။
ထိုအပြောင်းအလဲတိုက်ပွဲအတွက်ရမ်ဘိုကိုလည်းသူတို့လှုပ်ရှားမှုထဲဆွဲသွင်းခဲ့သည်။ရမ်ဘို၎ အပါအ၀င် စစ်အစိုးရ ဆန့်ကျင်ရေး ဇာတ်ကားများကို ကူးယူဖြန့်ချိခဲ့သည်။ ဤ ရမ်ဘို၎ ဇာတ်ကားကို၂၀၀၈ ခုနှစ် ဇန်န၀ါရီလအတွင်း ရုံတင်ခဲ့ပြီး၊မင်းသားစတားလုံးကကရင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ်ကို လိုက်လံတိုက်ခိုက်ပုံများရိုက်ကူးထားသည်။မြန်မာအာဏာပိုင်များကမူမြန်မာစစ်သားများကို ရက်စက်ကြမ်းကြုတ်သောလူသတ်သမားများ၊မုဒိမ်းကောင်များအဖြစ်ပုံဖော်ရိုက်ကူးထားသည့် ထိုဇာတ်ကားအားပြသခွင့်မပြုဘဲပိတ်ပင်ခဲ့သည်။ထိုဇာတ်ကားသည်ကရင်များအကြားတွင်အထူး လူကြိုက်များခဲ့သည်။`ဘာမှမရဘဲနေရတာထက်စာရင်တခုခုရအောင်တိုက်ရင်းသေမယ်´ဆိုသည့် စကားကို အလွန်ခိုက်သွားခဲ့ကြသည်။
မြန်မာတပ်မတော်သားများကိုရမ်ဘိုကသဲသဲမဲမဲပစ်ခတ်နှိမ်နင်းပုံမှာနောက်ဆုံးကောက်ရိုးတမျှင် ဖြစ်နိုင်သည်။ထိုကားမှောင်ခိုခိုးကူးခွေများဖြန့်ချိပြီးသိပ်မကြာခင်ပင်ဇေယျာသော်လည်း ရန်ကုန်မြို့ စားသောက်ဆိုင်တဆိုင်အတွင်း၂၀၀၈ခုနှစ်မတ်လ၁၂ရက်နေ့တွင်ဖမ်းဆီးခံခဲ့ရသည်။ပွဲပြီးသွားပါပြီ။ ဘူးပေါ်သလို ပေါ်သွားပါပြီ။သူကပွင့်လင်းစွာထုတ်မပြောသော်လည်းနိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကမူ စစ်ကြောရေးကာလအတွင်း သူရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။
သူ့ကို စီရင်ချက်မချမီလေးတွင်`ကျနော်စိတ်မကောင်းဘူး။စိတ်မကောင်းတာကကျနော့်ကိုထောင်ချလို့ မဟုတ်ဘူး။ဒီအကြောင်းတွေကိုစဉ်းစားမိရင်တိုင်းပြည်နဲ့လူထုရဲ့အနာဂတ်ကိုတွေးမိပြီး စိတ်မကောင်းဖြစ်တာ´ ဟုသတင်းထောက်များကို ပြောခဲ့သည်ဟု သတင်းများကဆိုသည်။
`ကိုယ်မကြိုက်တာကိုကန့်ကွက်ပယ်ချရဲတဲ့စိတ်ကိုမွေးကြပါ။မှန်တာကိုပွင့်ပွင့်လင်းလင်း မထောက်ခံရဲရင်တောင်မှမှားနေတာကိုမထောက်ခံကြပါနဲ့´ဟုလူထုထံအမှာစကားကို သတင်းထောက်များမှတဆင့် သူပြောကြားခဲ့သည်။
သူ့ကိုထိုနှစ်နိုဝင်ဘာ၂၀ရက်နေ့တွင်ဥပဒေအမှတ်၆-၈၈ဖြစ်သောအသင်းအဖွဲ့ဥပဒေ၊နိုင်ငံခြားငွေ ဥပဒေပုဒ်မ၂၄(၁)တို့ဖြင့်တရားစွဲတင်ခဲ့သည်။ထောင်ဒဏ်၆နှစ်အပြစ်ပေးခဲ့သည်။နောင်တွင် အဆိုပါထောင်ဒဏ်ကို၎နှစ်သို့လျှော့ချခဲ့သည်။သူနှင့်အတူအဖမ်းခံရသောအက်ဆစ်အဖွဲ့သား ယန်ယန်ချမ်းလည်း ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
ထောင်တွင်းအကျဉ်းသားဘ၀ကကြမ်းတမ်းသည်။သူ့လိုဂီတဖြင့်ကြီးပြင်းလာသောလူငယ်အဆိုတော် တဦးအနေဖြင့်သီချင်းနားမထောင်ရဆိုသည့်တားမြစ်ပိတ်ပင်ချက်သည် အလွန်ပြင်းထန်ကြမ်းတမ်းလှသည်။ `ကျနော်တို့ကနိုင်ငံရေးအကျဉ်းသားဆိုတော့အထူးဆောင်မှာနေရတယ်။တခြားအကျဉ်းသားတွေTV ကြည့်လို့ရပေမယ့်ကျနော်တို့ကမကြည့်ရဘူး´။
သို့သော်ထိုဂီတသမားလေးကိုတိတ်တိတ်နေခိုင်း၍မူမရပါ။`ကျနော်ကတော့ကိုယ်ကြိုက်တဲ့သီချင်းတွေကို ဆိုတာပဲ။ထောင်ထဲမှာကျနော်ပြန်သုံးသပ်တာတွေလုပ်တယ်။ဘယ်သီချင်းကိုငါတကယ်ကြိုက်တာလဲ။ ဘယ်သီချင်းကိုငါအလွတ်ရလဲ။ဘယ်သီချင်းစာသားကိုငါတကယ်နားလည်သလဲဆိုတာတွေပေါ့´ဟုသူက မဇ္ဈိမကို ပြောသည်။
ဇေယျာသော်ကထောင်တွင်းတွင်အချိန်ကိုအကျိုးရှိစွာအသုံးချသည်။`ထောင်ထဲနေရတာ ကောင်းတာလည်းရှိတယ်၊ဆိုးတာလည်းရှိတယ်။ကျနော်ကအချက်၃ချက်ပါတဲ့တောင်းဆိုမှုကို လုပ်ချင်တယ်။အကျဉ်းထောင်အရာရှိတွေကိုကျနော်ကပွင့်ပွင့်လင်းလင်းဆက်ဆံပါလို့ပြောတယ်။ အကျဉ်းသားတွေကိုအပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံပါ။ ဖြစ်လာတာတွေကိုလည်းတာဝန်ယူပါလို့ ကျနော် သူတို့ကိုပြောခဲ့တယ်။ဒီတောင်းဆိုချက်တွေကိုအကျဉ်းထောင်အာဏာပိုင်တွေက ဖြည့်ဆီးပေးနိုင်ခဲ့မယ်ဆိုရင် အကျဉ်းထောင်အခြေအနေဟာ အခုထက်စာရင် အများကြီး ပိုကောင်းလာမှာပဲ´ ဟု သူက ပြောသည်။
ဒီနေ့တော့မြန်မာရက်ပါလူငယ်လေးလွတ်လာပါပြီ။သို့သော်သူ့အတွေးများကတော့အကျဉ်းထောင် သံတိုင်များနောက်တွင်ကျန်ရစ်ခဲ့သောသူနှင့်ဘ၀တူနိုင်ငံရေးအကျဉ်းသားများထံရောက်နေသည်။ သူတို့ကျခံနေရသော ပြစ်ဒဏ်များကတော့ မကုန်ဆုံးသေးပေ။







maandag 23 mei 2011

ကိုယ့်အားကိုယ်ကိုးမှရမည်ဟုဒေါ်စုပြော

ဂျင်အင်ဒရူး တနင်္လာနေ့၊မေလ၂၃ရက်၂၀၁၁ခုနှစ်၂၁နာရီ၄၉မိနစ် . 
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာအတိုက်အခံများအနေဖြင့်အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)နှင့် အိန္ဒိယနိုင်ငံတို့မှထောက်ခံမှုရရန်သိပ်မျှော်လင့်၍မဖြစ်ကြောင်းနှင့်ဒီမိုကရေစီရရန်ကိုယ့်အား ကိုယ်ကိုးမှဖြစ်မည်ဟုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဂျာမန်ရုပ်သံ သတင်းဌာနတခုကို ပြောကြားလိုက်သည်။
‘‘နောက်ဆုံးတော့ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတာကျမတို့သိလာကြပါပြီ။ဒါလည်းမကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်ကဂျာမန်ကမ္ဘာတလွှားအစီအစဉ်ဖြစ်သောDeutscheWelleက HertieSchoolofGovernanceနှင့်ပူးတွဲထုတ်လွှင့်သည့် SundaytoAsiaတွင်ပြောကြားခဲ့သည်။
ဒီမိုကရေစီခေါင်းဆောင်သည်အဆိုပါစားပွဲဝိုင်းဆွေးနွေးပွဲ၌ပါဝင်ဆွေးနွေးခဲ့ပြီး၊မြန်မာ့အနာဂတ်အရေးကို ပြောကြားခဲ့ကြသည်။၎င်းအစီအစဉ်ကိုရန်ကုန်မြို့ရှိလျှို့ဝှက်နေရာတနေရာတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကိုလိုနီခေတ်ကတည်းကအဆက်အဆံများခဲ့သောအိန္ဒိယနိုင်ငံ၏ စိတ်ပျက်ဖွယ်ကောင်းလှသော သဘောထား´ကြောင့်အထူးတလည်ဝမ်းနည်းရကြောင်းသူကပြောကြားခဲ့သည်။ ဤအရှေ့တောင်အာရှနိုင်ငံတွင်တရုတ်၏သြဇာအာဏာကြီးထွားလာခြင်းကိုသတိထားမိသည့်အတွက် မြန်မာအာဏာပိုင်များနှင့်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန်အိန္ဒိယအစိုးရကကြိုးစားခဲ့သည်ဟုဆိုသည်။ သူတို့၏မြန်မာနိုင်ငံရှိမဟာဗျူဟာနှင့်စီးပွားရေးအကျိုးစီးပွားများကိုကာကွယ်ရမည်ဖြစ်ပြီး၊ ဒီမိုကရေစီရေးတိုက်ပွဲမှာမြန်မာပြည်သူများသာပြုလုပ်ရမည်ဖြစ်သည်ဟုနယူးဒေလီရှိအစိုးရက အလေးထား ပြောကြားခဲ့သည်။
အာဆီယံနှင့်ပတ်သက်၍မူဒေါ်အောင်ဆန်းစုကြည်ကသူတို့အနေဖြင့်အာဖရိကနိုင်ငံများကပြဿနာများကို မည်သို့မည်ပုံ ဖြေရှင်းကြသည်ကို လေ့လာနိုင်ကြကြောင်းနှင့်အာဆီယံ၏ပြဿနာတရပ်မှာ မစွက်ဖက်ရေးမူဝါဒကို ကိုင်စွဲထားခြင်းဖြစ်ပြီးယင်းသည်အာဖရိကနိုင်ငံများနှင့်ကွာခြားကြောင်း ပြောကြားသွားသည်။ ၅၃ နိုင်ငံပါအာဖရိကသမဂ္ဂသည်အဖွဲ့ဝင်နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကိုစိတ်ဝင်တစားတက်ကြွစွာ ဆောင်ရွက်ကြပြီးအချို့သောအကျပ်အတည်းဖြစ်ပွားနေသောနိုင်ငံများတွင်ငြိမ်းချမ်းရေးတပ်ဖွဲ့များ ထားရှိပေးသည်။
နိုင်ငံတကာထောက်ခံမှုကင်းမဲ့ခြင်းနှင့်နိုင်ငံတကာအကူအညီများပေးအပ်ရာတွင်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းအတွက်လည်းသူက၀မ်းပန်းတနည်းပြောကြားခဲ့သည်။မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် ဥရောပသမဂ္ဂသည် အလွန်မညီမညွတ်´ဖြစ်ကြကြောင်းလည်းသူကပြောသည်။
မြန်မာပြည်သူများသည်ပြင်းထန်စွာဆင်ဆာဖြတ်တောက်နေသည့်အကြားမှအာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသောအရေးအခင်းများကိုစိတ်ဝင်တစားလေ့လာစောင့်ကြည့်လျက်ရှိကြကြောင်းပါ သူက ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။အီဂျစ်၊လစ်ဗျား၊ ဆီးရီးယား၊တူနီးရှား၊ယီမင်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော `အာရပ်နွေဦး´ဆန္ဒပြပွဲများကမြန်မာပြည်ပမီဒီယာများကိုမေးခွန်းများစွာထွက်ပေါ်လာစေခဲ့ကာ၊ မြန်မာနိုင်ငံတွင်လည်းစစ်အစိုးရကိုဆန့်ကျင်သည့်၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမျိုးတကျော့ပြန် ဖြစ်နိုင်မဖြစ်နိုင်မေးခွန်းများထုတ်လာကြကြောင်းနှင့်အကဲခတ်များကမူရန်ကုန်အခြေအနေသည် ကိုင်ရိုလမ်းမများပေါ်တွင်ဖြစ်ပွားနေသောအခြေအနေများနှင့်လွန်စွာကွာခြားကြောင်းပြောဆိုနေကြသည်။
မြန်မာပြည်လူငယ်ထုကြားတွင်နိုင်ငံရေးစိတ်ဝင်စားမှုတိုးပွားလာသည့်အတွက် အားတက်မိကြောင်းဖြင့်လည်းဒေါ်အောင်ဆန်းစုကြည်ကပြောသည်။‘‘ဒါ ..ကျမ နေအိမ်အထိန်းသိမ်းခံနေက လွတ်လာပြီးကတည်းကမြင်ခဲ့ရတဲ့အလွန်ကြီးမားတဲ့အပြောင်းအလဲတွေထဲကတခုပါပဲ’’ဟု သူက ပြောသည်။
‘‘လူငယ်တွေဟာနိုင်ငံရေးကိုအရမ်းစိတ်ဝင်စားလာကြတယ်။သူတို့ဟာမချင့်မရဲဖြစ်လာကြပြီး အပြောင်းအလဲဆိုတာကိုယ့်ဘာသာလုပ်မှ ဖြစ်မယ်ဆိုတာ သိလာကြလို့ပဲ’’။
‘‘မြန်မာနိုင်ငံကလူငယ်တွေဟာလုပ်တတ်အောင်လုပ်မှဖြစ်တော့မယ်လို့ဆုံးဖြတ်ခဲ့ကြပြီ။လူငယ်တွေဟာ အလွန့်ကို ပိုပြီးကိုယ့်အားကိုယ်ကိုးလာကြတယ်’’
သို့သော်နေရာအနှံ့အကြောက်တရားစိုးမိုးနေခြင်းကြောင့်မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုတွင် အဟန့်အတား ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် လိုအပ်လျက်ရှိကြောင်း သူက ပြောသည်။ ဥပဒေစိုးမိုးမှုရှိပါက အပြောင်းအလဲအတွက် ကြိုတင်စည်းကမ်းချက်ဖြစ်သော တိုင်းပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာမည်ဟုပါ သူက ပြောသည်။