မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 13 mei 2011

ဂီရိဒေသကျေးရွာတချို့ကချင်သို့ပြောင်းရွှေ့

ခင်ဦးသာ Friday, 13 May 2011 10:52
ရခိုင်ပြည်နယ်အတွင်းဂီရိဆိုင်ကလုန်းဒဏ်ခံခဲ့ရသောမင်းပြားနှင့်ပေါက်တောမြို့နယ်များရှိကျေးရွာတချို့သည် ကချင်ပြည် နယ်ဘက်သို့ ရွာလုံးကျွတ် ပြောင်းရွှေ့သွားကြောင်း ဒေသခံ နိုင်ငံရေးပါတီများ က ပြောသည်။
                      ဂီရိဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်စဉ်ကအပျက်အစီးတချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ-AP)
“မိသားစုလိုက်တွေကိုသဘောင်္နဲ့ရောကားတွေနဲ့ပါခေါ်ဆောင်နေတာနေ့တိုင်းလိုတွေ့နေရတယ်၊ ကျနော်တို့ကလည်းသူတို့စားဝတ်နေရေးဖန်တီးမပေးနိုင်တော့စိတ်မသက်မသာနဲ့ဘဲကြည့်နေရတယ်”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၏ပေါက်တောမြို့နယ်မှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က ဧရာဝတီကို ပြောသည်။
ဦးတက်ထွန်းအောင်ကဆက်လက်ပြီး“ဒီကိစ္စတွေကိုကျနော်ကိုယ်တိုင်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြဆွေးနွေးထားပေမယ့်အခုထိတော့ဘာမှထူးခြားလာတာမတွေ့ရသေးပါဘူး”ဟုလည်း ပြောဆိုသည်။
ပေါက်တောမြို့နယ်မှငပြီတက်၊ပုဏ္ဏားကြီး၊ချောင်းစောက်၊သစ်ပုတ်စသည့်ကျေးရွာများမှ အိမ်ထောင်စုများသည်ယင်းသို့ပြောင်းရွှေ့နေကြသည်မှာပြီးခဲ့သည့်ဧပြီလထဲမှစပြီးယခုရက်ပိုင်းတွင် ပိုမိုများလာနေကြောင်း၎င်းကဆိုသည်။
၂၀၁၀ပြည့်နှစ်အောက်တိုဘာ၂၂ရက်တွင်တိုက်ခတ်ခဲ့သောဂီရိဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒေသခံများ၏လယ်မြေများ၊စပါးခင်းများ၊ရေလုပ်ငန်းသုံးပစ္စည်းကိရိယာစသည့်အသက်မွေးကြောင်း လုပ်ငန်းများစွာ ဆုံးရှုံးခဲ့ကြရသည်။
ဂီရိဒဏ်ခံခဲ့ရသည်မှာ၆လကျော်သည့်တိုင်၎င်းတို့၏စားဝတ်နေရေးအခက်အခဲ၊နေထိုင်စရာ အိမ်များမရှိသေးခြင်း၊ကူညီကယ်ပေးနေသောအဖွဲ့များမရှိတော့ခြင်းစသည်တို့နှင့်ရင်ဆိုင်နေရချိန် တနိုင်တပိုင်ရေလုပ်ငန်းလည်းလုပ်ကိုင်ခွင့်မရတော့ကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်ပြည်နယ်အစိုးရသစ်သည်သံတွဲ၊ဂွတောင်ကုတ်မှလွဲ၍ရခိုင်ပြည်နယ်၏မြို့နယ်၁၄ ခုရှိမြစ်ချောင်း၊ ပင်လယ်ပြင်ဧရိယာအားလုံးကိုလေလံကွက်ပေါင်း၂၀၀ကျော်ဖန်တီး၍မေလ၈ရက်၊၉ရက်နေ့မှစ၍ လေလံစနစ်ဖြင့်လုပ်ဆောင်လိုက်ခြင်းကြောင့်တနိုင်တပိုင်ဝမ်းစာရှာဖွေလုပ်ကိုင်စရာမရှိတော့၍ ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပြ သည်။
“အခုလိုရွာလုံးကျွတ်ပြောင်းရွှေ့သွားရတဲ့ကိစ္စဟာအဲဒီဒေသအတွက်ရောရခိုင်ပြည်သူလူထုအတွက်ပါ အန္တရာယ်ကြီးမားပါတယ်၊ဒီကိစ္စကိုကျနော်တို့အနေနဲ့စာရင်းပြုစုနေပါတယ်၊နောက်ထပ်ဒီလိုမျိုးမဖြစ်ဖို့ အတွက်လုပ်ဆောင်သွားဖို့ပါ”ဟု RNDPပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကဧရာဝတီကိုပြောသည်။
၎င်းကဆက်လက်၍“အဓိကကတော့လေလံစနစ်ကြောင့်ဖြစ်ပါတယ်၊တနိုင်တပိုင်ဝမ်းစာရှာသူတွေအတွက် ဘုံငါးဖမ်းကွက်တွေဆောင်ရွက်ပေးဖို့အတွက်ပြည်နယ်အစိုးရကိုတောင်းဆိုထားပါတယ်”ဟုလည်း ဆက်ပြောသည်။
မင်းပြားမြို့နယ်၏ခတောက်ချောင်းကျေးရွာအုပ်စုနှင့်အလယ်ကျွန်း၊သင်္ကန်းနားကျေးရွာတို့မှအိမ်ထောင်စု တရာကျော်သည်လည်းမေလ၄ရက်နေ့တွင်ကားများဖြင့်ကချင်ပြည်နယ်သို့ ပြောင်းရွှေ့သွားကြောင်းသိရသည်။
ပြောင်းရွှေ့သွားသော ရခိုင်ပြည်သူများသည် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့်တနိုင်းဒေသတို့ရှိ ယုဇန ဦးဌေးမြင့် ပိုင်ဆိုင် သော ပီလောပီနံစိုက်ခင်းများ၊ ရာဘာစိုက်ခင်းများ၌ နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်ရန် ဖြစ်ကြောင်းသိရသည်။
“ပွဲစားတွေကနေမက်လုံးတွေပေးတယ်၊တနေ့လုပ်အားခ၅၀၀၀ကျပ်ရမယ်၊နေစရာတွေ ပေးမယ်ဆိုတာမျိုးတွေနဲ့ စည်းရုံး ခေါ်တာမျိုးတွေ့နေရတယ်၊ ကျနော်တို့ကလည်း ဒီကိစ္စတွေကို အသေးစိတ် စုံစမ်းနေဆဲပါ”ဟု RNDP ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“ဂီရိဒုက္ခသည်တချို့ပြောတာတော့သူများကူညီမယ့်ဟာကိုစောင့်မျှော်နေရတာထက်စာရင် ကိုယ်တိုင်ရှာဖွေစားသောက်ချင်လို့ပြောင်းတာပါဆိုပြီးပြောကြတယ်၊ဒီတော့တားရခက်တယ်”ဟု ၎င်းကဆက်ပြောသည်။
ယခုကိစ္စသည်ဒေသဆိုင်ရာအာဏာပိုင်များ၊သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်၍ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်မည့်နည်းလမ်းရှာဖွေဖန်တီးပေးခြင်း၊ရေလုပ်သားများရေလုပ်ငန်းလုပ်နိုင်ရန် ဆောင်ရွက်ပေးခြင်းများပြုလုပ်သင့်ကြောင်းရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီခေါင်းဆောင် ဦးအေးသာအောင် ကလည်း ပြောဆိုသည်။
ပညာရေး၊စီးပွားရေး၊ကျန်းမာရေးစသည့်အကြောင်းများကြောင့် ပြည်ပနိုင်ငံများနှင့်တခြားနေရာ ဒေသများ၌ အခြေချနေထိုင်သူသန်းချီ၍ရခိုင်ပြည်နယ်ကိုစွန့်ခွာနေကြကြောင်း၊ရခိုင်ပြည်နယ်၌ရခိုင်လူဦးရေ နည်းပါးလာကာ ပြည်ပနိုင်ငံသားများ ဦးရေ တိုးပွားလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
“ဂီရိကြောင့်လယ်တွေအားလုံးကလုံးဝပျက်စီးသွားတော့ပြန်ပြီးလုပ်စားမရတော့ဘူး၊ငါးဖမ်းသူတွေမှာလဲ ငါးဖမ်းစရာပစ္စည်းတွေ မရှိတော့တဲ့အပြင်လေလံပေးလိုက်တော့ဖမ်းမယ့်နေရာမရှိတော့ဘူးပေါ့”ဟု ပေါက်တောမြို့နယ်ပုဏ္ဏားကြီးရွာမှရေလုပ်သား တဦးက ရှင်းပြသည်။
“သူများတွေပြောင်းရွှေ့သွားကြပေမယ့်ကျနော်ကတော့လုံးဝမပြောင်းဘူး၊ကျနော့်မှာလှေမရှိရင်လည်းပဲ သူများလှေနဲ့အငှားလိုက်စားမယ်”ဟု ထိုရေလုပ်သားက ဆိုသည်။
ယင်းသို့ပြောင်းရွှေ့မှုများနှင့်ပတ်သက်၍ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏၀န်ကြီးတချို့ကိုဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

Geen opmerkingen: