မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 28 mei 2011

ကရင်နယ်ခြားစောင့်တပ်အတွင်းပုန်ကန်မှုဖြစ်

စောရန်နိုင် Saturday, 28 May 2011 18:59
.ဒုဗိုလ်မှူးကြီးပိုဘီဦးဆောင်သည့်ကရင်ပြည်နယ်မြိုင်ကြီးငူအခြေစိုက်ကရင်နယ်ခြားစောင့်တပ်ရင်း၁၀၁၂ သည်မြိုင်ကြီးငူဒေသကိုထိန်းချုပ်၍ပုန်ကန်မှုပြုလုပ်နေကြောင်းသိရသည်။
၂၀၁၀သြဂုတ်လအတွင်းကကရင်ပြည်နယ်မြိုင်ကြီးငူဒေသ၌နယ်ခြားစောင့်တပ်စတင်ဖွဲ့စည်းစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ပိုဘီ၏တပ်သည်ဗိုလ်ချုပ်ကျော်သန်းအပါအ၀င်နယ်ခြားစောင့်အရာရှိ၇ဦးကိုပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင်မြိုင်ကြီးငူမှမယ်သဝေါအထိဒုဗိုလ်မှူးကြီးပိုဘီ၏တပ်များချထားကြောင်း၊ယင်းပိုဘီ၏တပ် အင်အားမှာ၅၀၀ခန့်ရှိကြောင်းတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းကပြောသည်။
မြိုင်ကြီးငူတွင်ရှိသည့်နယ်ခြားစောင့်တပ်ရင်း၁၀၁၁ကလည်းပိုဘီအဖွဲ့နှင့်ပူးပေါင်းလိုက်ပြီးတခြားသော ကရင်နယ်ခြားစောင့်တပ်များကမူပူးပေါင်းခြင်းမရှိသေးကြောင်း၊ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့်DKBAတပ်မဟာ၅မှအင်အား၁၀၀ခန့်သွားရောက်ပူးပေါင်းကြောင်းသိရသည်။
“ပိုဘီအဖွဲ့ကအစိုးရဖွဲ့ပေးထားတဲ့ကရင်နယ်ခြားစောင့်တပ်အကြံပေးအရာရှိ၇ဦးကိုမကြိုက်လို့တဲ့၊အဲဒီ၇ ယောက်ကိုဖမ်းမယ်တဲ့”ဟုကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ၇မှဗိုလ်မှူးချူပ်ဂျော်နီက ပြောသည်။
၎င်းအကြံပေးအရာရှိ၇ဦးတွင်ဗိုလ်ချုပ်ကျော်သန်း၊ဗိုလ်ချစ်သူ၊ဗိုလ်ဖားနွီးတို့ပါဝင်ကြောင်းသိရသည်။
ပိုဘီတပ်ဖွဲ့သည်ပြီးခဲ့သည့်မေလ၂၄ရက်နေ့ကဗိုလ်ချုပ်ကျော်သန်းကိုဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊၎င်းတို့အဖွဲ့ကနယ်ခြားစောင့်တပ်အဖြစ်ဆက်လက်မလုပ်လိုကြောင်းနီးစပ်သူများက ဆိုသည်။
DKBAနှင့်နီးစပ်သူတဦးဖြစ်သည့်စောထီးမူးကလည်း“သူတို့လူကြီးကိုမကျေနပ်လို့တဲ့၊သူတို့ကို ခိုင်းစားတယ်လို့ခံစားရတာကြောင့်တဲ့၊အခုကြားတာကနယ်ခြားစောင့်ဖြစ်လာတဲ့DKBAကိုအစိုးရက သိပ်မယုံတော့ဘူး၊သူတို့လက်နက်ကိုသိမ်းမယ်လို့ကြားတယ်၊သူတို့ကလည်းအဲဒါကိုအဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင်KNUကိုအကူအညီတောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။
“နယ်ခြားစောင့်တပ်ကိုဆက်မလုပ်နိုင်တော့လို့သူတို့ခေါင်းဆောင်ကိုပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှဒုဗိုလ်မှူးကြီးစောဖောဒိုကလည်းပြောဆိုသည်။
မြိုင်ကြီးငူတွင်ပြီးခဲ့သည့်အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အစိုးရဘက်အရာရှိတချို့ကရင်နယ်ခြားစောင့်တပ်အရာရှိများနှင့်လာရောက်တွေ့ဆုံနေပြီးအစိုးရက အနုနည်းနှင့်မဖြေရှင်းနိုင်ပါကကြီးမားသည့်တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းလေ့လာသုံးသပ်သူများက ပြောဆိုသည်။
ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။
DKBAသည်နအဖစစ်အစိုးရကမ်းလှမ်းသည့်နယ်ခြားစောင့်တပ်အဖြစ်ယမန်နှစ်သြဂုတ်လ၁၈ရက်နေ့မှ စတင်အသွင်ပြောင်းခဲ့ပြီးလက်ရှိတွင်တပ်ရင်း၁၀ရင်းရှိရာအင်အား၂၀၀၀၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ၂၀၀ကျော် ရှိကြောင်း DKBAနှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။
ဗိုလ်မှူးကြီးစောလားပွယ်ဦးဆောင်သည့်DKBAတပ်ဖွဲ့သည်နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံဘဲ ရွေးကောက်ပွဲကျင်းပနေသည့်၂၀၁၀နိုဝင်ဘာ၇ရက်နှင့်၈ရက်နေ့များမှစတင်၍ကရင်ပြည်နယ်အတွင်းရှိ နအဖတပ်များကိုတိုက်ပွဲများဆင်နွှဲနေခဲ့သည်။
၁၉၉၄ခုနှစ်တွင်DKBAသည်KNUမှခွဲထွက်၍ယခင်စစ်အစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

Geen opmerkingen: