မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 21 mei 2011

ဟိုတယ်အတွက်သိမ်းယူသည့်ကိုင်းခြံမြေများပြန်ရရန်တိုင်ကြား

ဟိန်းသူ Saturday, 21 May 2011 23:07
.ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသရှိခေါင်တိုင်ရွာမှကိုင်းခြံမြေများအသိမ်းခံခဲ့ရသည့် ရွာသားများက၎င်းတို့ကိုင်းမြေများပြန်လည်ရရှိရန်သက်ဆိုင်ရာအာဏာပိုင်များထံတိုင်ကြားကြောင်း သိရသည်။
အင်းလေးကန်အတွင်းဟူပင်ဟိုတယ်ကဆောက်လုပ်ထားသည့်တည်းခိုနားနေဆောင်ဘန်ဂလိုများကို တွေ့ရစဉ်(ဓာတ်ပုံ-tripadvisor.com)
ခေါင်တိုင်ရွာသား၅၀ခန့်ထံမှဟူပင်ဟိုတယ်က၂၀၀၇ခုနှစ်တွင်ကိုင်းခြံမြေဧက၁၈ဧကခန့်ကို သိမ်းဆည်းခဲ့ခြင်းနှင့်ပတ်သက်ပြီးမြေပိုင်ရှင်ခေါင်တိုင်ရွာသား၁၄ဦးလက်မှတ်ထိုးကာမေလ၁၇ရက်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံတိုင်ခဲ့ခြင်းဖြစ်သည်ဟုယင်းအမှုအားလိုက်လံဆောင်ရွက်ပေးနေသူ ကိုချစ်ဦးမောင်ဆိုသူကပြောသည်။
ထိုတိုင်ကြားစာကိုဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ပြည်နယ်ဝန်ကြီးချုပ်၊အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)စသည်တို့အပြင်စုစုပေါင်း၁၈ဌာသို့မိတ္တူပေးပို့ထားသည်ဟုလည်း၎င်းက ဆိုသည်။
ပြည်နယ်အာဏာပိုင်များထံသွားရောက်တိုင်တန်းသည့်နေ့တွင်အင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်ကဦးဆောင်တိုင်တန်းသူတချို့နှင့်လိုက်လံဆောင်ရွက်ပေးနေသူများအားလက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။
“အင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်ကကျနော်တို့ကိုတွေ့ခွင့်ပေးတယ်။ဟိုတယ်လုပ်ငန်းရှင်နဲ့ ညှိနှိုင်းပေးပါ့မယ်လို့ကတိတော့ပေးသွားပါတယ်။ဘယ်တော့ညှိနှိုင်းပေးပါ့မယ်ဆိုတဲ့ရက်ချိန်းကိုတော့ မပေးပါဘူး။ဘယ်လိုညှိနှိုင်းပေးမယ်လို့လဲပြောမသွားဘူး”ဟုကိုချစ်ဦးမောင်ကပြောပြသည်။
ဟူပင်ဟိုတယ်မှာ၂၀၀၇ခုနှစ်ကတည်းကယင်းကိုင်းခြံမြေများကိုသိမ်းဆည်းထားသော်လည်းထိုအချိန်က မည်သည့်နေရာတိုင်ကြားရမည်ကိုမသိဘဲဖြစ်ခဲ့ရသည့်အတွက်ယခုအချိန်မှ တိုင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါရွာသား၅၀အနက်ကိုင်းခြံမြေအတွက်နှစ်စဉ်အခွန်အခပြေစာများလက်ဝယ်ရှိသူတချို့ကဦးဆောင် စုပေါင်းကာတိုင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
မြေတိုင်းဦးစီးဌာနနှင့်လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှညောင်ရွှေမြို့၌စိုက်ပျိုးလုပ်ကိုင်နေသော ကိုင်းခြံမြေများကိုတရားဝင်အမည်ပေါက်လုပ်ကိုင်နိုင်ရန်၁၉၉၄ခုနှစ်ကတည်းကပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။
လက်ရှိအချိန်တွင်ထိုဒေသ၌မြေတဧကလျှင်ကျပ်သိန်း၁၀၀၀န်းကျင်ခန့်ပေါက်ဈေးရှိနေကြောင်း ကိုချစ်ဦးမောင်ကပြောသည်။
သို့သော်ကိုင်းခြံမြေများပြန်လည်စိုက်ပျိုးခွင့်ရရှိရန်အတွက်သာအဓိကမျှော်လင့်ချက်ထားကြောင်း မြေသိမ်းခံရသည့် ရွာသား တဦးက ပြောပြသည်။
“အရင်တုန်းကအာလူးစိုက်တာပါ။ကိုင်းမြေအသိမ်းခံလိုက်ရပြီးတဲ့နောက်ပိုင်းမရပ်တည်နိုင်တော့လို့ကျနော့်သမီး ကျောင်းထွက်လိုက်ရတယ်။အဲဒီအချိန်က၈တန်းကျောင်းသူပါ”ဟု ၎င်းကဆိုသည်။
ကိုင်းခြံမြေများအသိမ်းခံလိုက်ရသည့်ရွာသားများမှာနောက်ပိုင်းတွင်အခြားမြေပိုင်ရှင်များထံသို့ သွားရောက်ကာအလုပ်လုပ်ကြ ရကြောင်း သိရသည်။
ယခုကိုင်းခြံမြေသိမ်းမှုနှင့်ပတ်သက်၍အင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်ဆီဆက်သွယ်ရာရုံးဝန်ထမ်းမှခရီးထွက်နေကြောင်းပြန်လည်ဖြေကြားခဲ့ပြီးဟူပင်ဟိုတယ်သို့ဆက်သွယ်မေးမြန်းရာတွင်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
ဟူပင်ဟိုတယ်သည်အင်းလေးခေါင်တိုင်အပြင်ညောင်ရွှေမြို့ပေါ်တွင်လည်းဆောက်လုပ်ထားပြီးပိုင်ရှင်မှာ ယခင်နအဖခေတ်စစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သည့် တရုတ်လူမျိုးဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။



Geen opmerkingen: