မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 mei 2011

အရှင်ဂမ္ဘီရအစာငတ်ခံဆန္ဒပြ

လင်းသန့် Monday, 30 May 2011 18:29
.စစ်ကိုင်းတိုင်းကလေးမြို့အကျဉ်းထောင်တွင်ထောင်ဒဏ်နှစ်ရှည်ကျခံနေရသော၂၀၀၇ခုနှစ်စက်တင်ဘာ သံဃာ့လှုပ်ရှားမှုဦးဆောင်ဆရာတော်တပါးဖြစ်သည့်အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့သည်အကျဉ်းသားအခွင့်အရေးများအတွက်မေလ၂၇ ရက်နေ့မှ စတင်ပြီးအစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။
၁၉၉၉ခုဇူလိုင်လတွင်ရိုက်ကူးထားသောအရှင်ဂမ္ဘီရနှင့်မိသားစု။(၀ဲမှယာ)အရှင်ဂမ္ဘီရအမ၊မယ်တော်ဒေါ်ရေး၊ အကို ကိုအောင်ကျော်ကျော်နှင့်အမည်မသိသံဃာတော်တပါး၊အရှင်ဂမ္ဘီရ(ယာစွန်)(ဓာတ်ပုံ-မိုးမခ)
ထိုဆန္ဒပြသည့်နေ့တွင်အရှင်ဂမ္ဘီရ၏နှမဖြစ်သူမခင်သူဌေးသည်ကလေးမြို့အကျဉ်းထောင်သို့ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ်ထောင်ဝင်စာတွေ့ခွင့်မရခဲ့ကြောင်း၊သို့သော်ပါဆယ်ပေးခွင့်ရခဲ့သော်လည်း ပစ္စည်းလက်ခံသည့်အကြောင်းကြားစာ၌အရှင်မ္ဘီရ၏လက်မှတ်မဟုတ်ဘဲအမည်သာရေးထားပြီးမိသားစုမှ ပေးလိုက်သောစာအုပ်များကိုသာယူထားလိုက်ကြောင်း၊အခြားအစားအစာများကိုလက်မခံလိုက်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဧရာဝတီ ကို ပြောသည်။
“SB(ရဲသတင်းတပ်ဖွဲ့)တွေလည်းအဲဒီနေ့ကဦးပဉ္ဇင်းတို့အစာငတ်ခံဆန္ဒပြတာကိုသတင်းလာယူတယ်။ထောင် ၀န်ထမ်းကထောင်ဝင်စာပိတ်ထားတယ်လို့ပြောလိုက်တယ်။ဦးပဉ္ဇင်းတို့အတွက်အရမ်းစိုးရိမ်တယ်”ဟု ၄င်းက ဆက်လက် ပြောဆိုသည်။
လူချင်းထောင်ဝင်စာတွေ့ခွင့်မရခဲ့သည့်အတွက်အရှင်ဂမ္ဘီရနင့်အတူအစာငတ်ခံ ဆန္ဒပြနေသူများနှင့်ပတ်သက်ပြီး အရေ အတွက်၊ အမည်နာမများကို မသိခဲ့ရဟု ဆိုသည်။
အရှင်ဂမ္ဘီရထံသို့လွန်ခဲ့သည့်လဆန်းကထောင်ဝင်စာနောက်ဆုံးတွေ့ခွင့်ရခဲ့စဉ်ထောင်ဝန်ထမ်းတဦးမှတဆင့် စာတစောင်မခင်သူဌေးကိုတရားဝင်ပေးခဲ့သည်။အဆိုပါစာမှာအရှင်ဂမ္ဘီရအပါအ၀င်ကလေး အကျဉ်းထောင်အတွင်းရှိအခြားသောနိုင်ငံရေးအကျဉ်းသားများကသမ္မတသစ်ဦးသိန်းစိန်ထံလိပ်မူပြီး နိုင်ငံရေးအကျဉ်းသားများ၏ဆုံးရှုံးနစ်နာနေသောအစားအသောက်ကောင်းမွန်စွာရရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာရရေးအပါအ၀င်အကျဉ်းသားအခွင့်အရေးများကို တောင်းဆိုထားခြင်းဖြစ်သည်။
အဆိုပါစာကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ အာဆီယံ လူ့အခွင့် အရေး ကော်မတီ၊ အာရှ လူ့အခွင့်အရေး ကော်မရှင် များထံ မိတ္တူ ပို့ပေးရန်လည်း အရှင်ဂမ္ဘီရနှင့် နိုင်ငံရေး အကျဉ်းသား တချို့၏ စာတွင် ဖော်ပြထားကြောင်း သိရသည်။
ကလေး အကျဉ်းထောင်ရှိ အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် တောင်းဆိုထားသော အကျဉ်းသားအခွင့်အရေးများကိုလိုက်လျောရန်အစိုးရအာဏာပိုင်များကမည်သို့မျှ အကြောင်းကြားခြင်းမရှိလာသည့်အတွက်နောက်ဆုံး အစာငတ်ခံဆန္ဒပြ ခြင်းဖြစ်နိုင်သည်ဟု မခင်သူဌေးက ရှင်းပြသည်။
အရှင်ဂမ္ဘီရ(ဘွဲ့အမည်ရင်း ဦးစန္ဒောဘာသ-လူအမည် ညီညီလွင်)သည် သက်တော်၃၁နှစ်ရှိပြီဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ၄ ရက်နေ့တွင်ဖခင်ဖြစ်သူ ဦးမင်းလွင်(ပေါက်မြို့နယ်NLD၏တသီးပုဂ္ဂလ အမတ်လောင်း)နှင့်အတူ မန္တလေး တိုင်း၊ စဥ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့်ဆက်သွယ်မှုအပါအ၀င်ပုဒ်မ၁၃ ခုတို့ဖြင့်ထောင်ဒဏ်၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်းခံခဲ့ရသည်။
အရှင်ဂမ္ဘီရနှင့်အတူ အစ်ကိုအပါအ၀င် မိသားစုဝင်များပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယခုထိ အကျဉ်းထောင် အသီးသီးတွင် မိသားစုဝင် ၅ ဦးဆက်လက်ရှိနေသေးကြောင်း ဒေါ်ရေး က ပြောသည်။
“ဦးပဉ္ဇင်းအတွက် အမေ အရမ်း စိုးရိမ်နေတယ်”ဟု ၄င်းက ဆက်ပြောသည်။
ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် အဓမ္မ သင်္ကန်းချွတ်၍ လူဝတ်လဲကာအကျဉ်းချခံထားကြရသောနိုင်ငံရေးအကျဉ်းသားသံဃာတော်၂၂၅ ပါးသည် ထောင်ဒဏ်နှစ်ရှည် ကျခံနေရကြောင်း
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းတွင်ဖော်ပြ ထားသည်။
မြန်မာနိုင်ငံသမိုင်းတွင်အင်္ဂလိပ်ကိုလိုနီလက်အောက်ကျရောက်နေစဉ်အင်္ဂလိပ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခံ ရသောသံဃာ့အာဇာနည်ဆရာတော်ဦးဝိစာရသည်အင်္ဂလိပ်အစိုးရထံ သင်္ကန်းပြန်လည်ဝတ်ဆင်ခွင့် အပါအ၀င်အကျဉ်းသား အခွင့်အရေးများအတွက် အစာငတ်ခံဆန္ဒပြကာ ရက်ပေါင်း ၁၆၆ ရက်မြောက်နေ့ ၁၉၂၉ခုနှစ်စက်တင်ဘာ လ၁၉ ရက်နေ့ သက်တော် ၄၁ နှစ်တွင် ရန်ကုန် ထောင်ကြီးထဲတွင် ပျံလွန်တော်မှုခဲ့ရသည်။
မကြာသေးခင်ရက်ပိုင်းများက အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကလည်း အကျဉ်းထောင် လက်စွဲဥပဒေပါ အကျဉ်းသားရပိုင်ခွင့်များနှင့်ပတ်သက်ပြီးတောင်းဆိုမှုများ မရခဲ့၍ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးနှင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၃ ဦး၊ အခြားအကျဉ်းသူ ၄ ဦးတို့သည် မေလ ၁၈ ရက်နေ့မှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများထဲမှ ၇ ဦးကို စစ်ခွေးတိုက်ပို့ပြီး အရေးယူ လူစုခွဲမှုလုပ်ခဲ့ပြီးနောက် တချို့ကို ထောင်အာဏာပိုင်များက ခေါ်ယူဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ခွေးတိုက်မှ ပြန်လည် ခေါ်ထုတ်ကာ အင်းစိန်ထောင် အမှတ် ၅ အဆောင်ဝင်းအတွင်းရှိ တိုက် ၁ သို့ ပို့ဆောင်လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။
သို့သော်မေလ၂၇ရက်နေ့တွင်နေပြည်တော်မှအထူးစုံစမ်းရေး ကော်မရှင်အဖွဲ့တဖွဲ့ ရောက်လာပြီး ၄င်းတို့၏ တောင်းဆိုချက်များနှင့်ပတ်သက်ပြီးဆွေးနွေးကြရာ အကျဉ်းသားအခွင့်အရေးအဆိုင်ရာ အချက်ငယ် ၅ ချက်ကိုလိုက်လျောခဲ့သော်လည်းအဓိကကျသောတောင်းဆိုချက်ကိုလိုက်လျောမှုမရှိကြောင်း၊ အဆိုပါအချက်မှာ နိုင်ငံရေး အကျဉ်းသားများအနေဖြင့်အခြားအကျဉ်းသားများကဲ့သို့ အကျဉ်းထောင်လက်စွဲ ဥပဒေ ပါ ရပိုင်ခွင့်အရ“လျှော့ရက်ခံစားခွင့်”ကို အာဏာပိုင်များက မည်သို့မှ မတုံ့ပြန်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ နောက်ဆုံးသိရတဲ့ အခြေအနေကတော့ ၂၈ ရက်နေ့ကတည်းက ထောင်ဝင်စာပိတ်လိုက်တယ်။ နေပြည်တော်ကSBညွှန်မှူးအဆင့်ရှိသူအပါအ၀င် စုံစမ်းရေးအဖွဲ့ တဖွဲ့ အစာငတ်ခံဆန္ဒပြတဲ့ ၅ ဆောင်ဝန်းထဲက ၁ တိုက်ကို လာ တွေ့တယ်။
လျှော့ရက်ခံစားခွင့်ကိုဘာမှ မတုံ့ပြန်ဘူးလို့ သိရတယ်၊ အဲဒီမှာတင် လာတွေ့တဲ့သူတွေကို သံပြိုင် အော်ဟစ် ဆန္ဒပြတော့အားလုံးကို တိုက်ပိတ်လိုက်တယ် ကြားတယ်”ဟု အဆိုပါ အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူက ဆက်ပြော သည်။
အကျဉ်းထောင်တွင်းယခုကဲ့သို့နိုင်ငံရေးအကျဉ်းသားများကအစာငတ်ခံဆန္ဒပြခြင်းသည် သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာအမိန့်ထွက်ပေါ်ပြီးနောက်မကျေမနပ်ဖြစ်ရာက စတင်ခဲ့ခြင်းဖြစ်သည်။
“သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကိုမကျေနပ်တာကစခဲ့တာပဲ။အဲဒီအမိန့်ထဲမှာ ပုံမှန်ရရှိခံစားရသည့်လျှော့ရက်အပြင်လျှော့ရက်၁နှစ်ထပ်မံလျှော့ပေါ့တယ်ဆိုတဲ့စကားရပ်ပါတယ်။ အခုဟာက လွတ်လဲမလွတ်၊ ငြိမ်းလည်းမငြိမ်း၊ချမ်းလည်းမချမ်းသာတဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ဖြစ်နေတယ်။ သေဒဏ်တွေကိုတသက်တကျွန်းပြောင်းလိုက်တာတော့ကောင်းပါတယ်။အမှန်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မှသာလျှင် လွတ်ငြိမ်းချမ်းသာခွင့်အစစ်ဖြစ်မှာ”ဟု ဒေါ်ရေးက ပြော သည်။
ယခုကဲ့သို့ အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများကလည်း ကလေးမြို့အကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခြင်း၊ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြခြင်းများသည် အကျဉ်းသားရပိုင်ခွင့်များအတွက် ယခုရက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်နေရာ ကုလသမဂ္ဂ နှင့် လူ့ အခွင့်အရေးအဖွဲ့များက အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင်လားရှိုးအကျဉ်းထောင်တွင်ထောင်ဒဏ်၆၅နှစ်ကျခံနေရသော၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းဇေယျာ၏မိခင်ဖြစ်သူ အသက်၇၉ နှစ်အရွယ်ဒေါ်ချစ်ဖွား သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကမာဝက် နေအိမ်တွင် ကွယ်လွန်သွားခဲ့ရာ မိခင်၏ နောက်ဆုံးဂါရ၀ပြုခွင့်ကို ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် မိသားစုဝင်များက အာဏာပိုင်များထံ ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တဦးက ပြောသည်။
ဒေါ်ချစ်ဖွား၏ ဈာပနအခမ်းအနားကိုယမန်နေ့မေလ၂၉ ရက်နေ့က ကမာဝက် သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းဇေယျာ ၏ ဇနီးဖြစ်သူ မချိုသာလျှင် ခင်ပွန်းဖြစ်သူကိုယ်စား နောက်ဆုံးဂါရ၀ပြုခဲ့ရသည်ဟု သိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဆက်လက် ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများသည် ၄င်းတို့၏ ရပိုင်ခွင့်များဆုံးရှုံးနေကြောင်း AAPP ၏ ကြေညာချက်များတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ခြင်းမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း AAPP ၏ ဆောင်ပုဒ်တွင် အလေးအနက်ဖော်ပြထားသည်။
မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးရှိနိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးခြွင်းချက်မရှိ လွတ်မြောက်ရေးလက်မှတ်ထိုးလှုပ်ရှားမှုအရှိန်ရလာပြီးယခုအခါလက်မှတ်ပေါင်း ၁ သိန်းကျော်ရရှိနေပြီဖြစ်ကြောင်း၊ ယနေ့ နေ့လယ်၂ နာရီတွင် သမ္မတ ဦးသိန်စိန်ထံသို့ စာတိုက်မှတဆင့် တောင်းဆိုလက်မှတ်ပေါင်း ၂ သောင်းကျော် တတိယအသုတ် ပေးပို့မည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။

Geen opmerkingen: